ဆောင်းပါး

အစိုးရ လယ်ယာဖွံ့ဖြိုးရေး ဆောင်ရွက်ချက် တောင်သူအတွက် ထိရောက်ရန်လို

Want create site? Find Free WordPress Themes and plugins.

၂၀၂၀ ပြည့်နှစ်သည် တကမ္ဘာလုံးကို ကိုဗစ် ကပ်ရောဂါ အပါအဝင် တောမီးလောင်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်းနှင့် သီးနှံ စိုက်ခင်းများကို ကန္တာရကျိုင်းကောင် ကျရောက်မှု ကဲ့သို့ သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့ခဲ့ရသည်။

သဘာဝ ကပ်ဘေးများနှင့် ရောဂါဆိုးကြာင့် နိုင်ငံတကာတွင် စီးပွားရေး ကျဆင်းမှုကို အကြီးအကျယ် ရင်ဆိုင်နေရပြီး ကုန်ထုတ်လုပ်မှုများ ကျဆင်းသွားသလို စိုက်ပျိုးထုတ်လုပ်မှုများပါ ကျဆင်းသွားစေခဲ့ခြင်းကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဈေး ကွက်တွင် လိုအပ်ချက်များ ဖြစ်ပေါ်လာစေသည်။

ထိုသို့ ကိုဗစ်ကပ်ရောဂါကာလ အတွင်းတွင် နိုင်ငံတကာ စားနပ်ရိက္ခာ ဈေးကွက်၌ လိုအပ်ချက်ရှိလာမှုက စိုက်ပျိုးရေး နိုင်ငံ တခု ဖြစ်သည့် မြန်မာနိုင်ငံကို ကမ္ဘာ့ဈေးကွက် လိုအပ်ချက်အတွက် ဖြည့်ဆည်းနိုင်ရန် အခွင့်အရေး ပေးလာခဲ့သည်။

မြန်မာ့ဆန်နှင့် ဆန်ကွဲကို ကိုဗစ်ကာလအတွင်း၌ ဒေသတွင်း အာဆီယံ နိုင်ငံတချို့ အပါအဝင် ကမ္ဘာ့နိုင်ငံများက အစိုးရ အချင်းချင်းနှင့် လည်းကောင်း၊ ကုမ္ပဏီ အချင်းချင်းဖြင့် လည်းကောင်း ကမ်းလှမ်းဝယ်ယူမှုများ မြင့်တက်ခဲ့သည်။

ယခုဘဏ္ဍာနှစ် ၁၀ လကျော် ကာလ (၂၀၁၉ အောက်တိုဘာမှ၂၀၂၀ သြဂုတ်) အတွင်း၌ပင် မြန်မာ့ဆန်နှင့် ဆန်ကွဲ ပြည်ပ တင်ပို့မှုသည် မက်ဒရစ် တန်ချိန်၂ ဒသမ ၄ သန်းကျော် အမေရိကန်ဒေါ်လာ သန်း ၇၃၀ ကျော် အထိ တင်ပို့ထား နိုင်ခဲ့ သည်။

ယင်းပမာဏမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ယခုဘဏ္ဍာနှစ်အတွက် မျှော်မှန်းထားသည့် ဆန် ပြည်ပတင်ပို့ ပမာဏကို စီးပွားရေးလုပ်ငန်းများ နှေးကွေးနေရသည့် ကာလအတွင်းမှာပင် ပြည့်မီအောင် တင်ပို့ထားနိုင် ခဲ့ခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေး လုပ်ငန်းကဏ္ဍ အားလုံးလိုလိုသည် ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိရန် အချိန် အတိုင်းအတာ ယူရမည်ဖြစ်ကြောင့် ကိုဗစ်အလွန်ကာလများတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် စီးပွားရေး အခွင့် အလမ်းကောင်းများ ဖော်ဆောင်နိုင်မည့် အခွင့်အရေးများ ရှိကြောင်း စီးပွားရေး ပညာရှင်များ က မှတ်ချက် ပြုကြသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖန်တီးပေးနိုင်ရန်ရေးအတွက် အာရုံစိုက်လာခဲ့သည်။

အစိုးရ၏ ကိုဗစ် ၁၉ ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) တွင် လယ်ယာ စိုက်ပျိုး မွေးမြူရေး လုပ် ငန်းများအတွက် Action plan ၄ ခု ပါဝင်ပြီး ၂ ခုကိုမူ ကိုဗစ်ကာလအတွင်းတွင် အကောင်အထည် ဖော်သွားမည် ဖြစ် သည်။

အဆိုပါ အစီအစဉ်များအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကျပ် ၉၂ ဒသမ ၆၁ ဘီလီယံ အထိ ငွေကြေး သုံးစွဲပြီး ဆောင်ရွက်မည်လည်း ဖြစ်သည်။

မျိုးစေ့ထုတ် လုပ်ငန်းများတွင် ကန်ထရိုက် လယ်ယာစနစ်နှင့် တိုးမြှင့်ဆောင်ရွက်ခြင်း၊ ဝင်ငွေရရှိရေး အပိုင်းတွင် စိုက်ပျိုး ရေး၊ ရေရရှိရေးတို့၌ လူအင်အားသုံး လုပ်ဆောင်ခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေး အပိုင်းဖြစ်သည့် (လမ်းခင်းခြင်း၊ တံတား ဆောက်ခြင်း) စသည့် လုပ်ငန်းများအပြင် လယ်ယာသုံးစက်ကရိယာ ဖြန့်ဖြူးရေး အစီအစဉ်များ ဖြစ်သည်။

ယင်းသို့ အစီအစဉ်များရှိသော်လည်း မြန်မာ့လယ်ယာစိုက်ပျိုးကဏ္ဍ ဖွံ့ဖြိုးရေးတိုးတက်လာစေရန် အစိုးရ အနေဖြင့် အမှန် တကယ် ထိရောက်သည့် အစီအစဉ်များ လိုအပ်နေသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး လယ်သမားဘဝ ဖွံ့ဖြိုးရေး အသင်း၏ ဥက္ကဋ္ဌ ဦးသိန်းအောင်က ထောက်ပြပြောဆိုသည်။

လယ်သမားများ အနေဖြင့် အစိုးရသတ်မှတ်ထားသည့် စပါးအခြေခံဈေးနှုန်းအတိုင်း ရောင်းချခွင့်မရခြင်း၊ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းအတွက် ၁ရာသီစာ ချေးငွေသာ ရသဖြင့် အရင်းအနှီးများအတွက် စိန်ခေါ်များ ကြုံတွေ့ရနေရခြင်း၊ လယ်ယာမြေဥပဒေများ ပြင်ဆင်ထားပြီးဖြစ်သော်လည်း လယ်မြေပေါ်တွင် အခြားစိုက်ပျိုး မွေးမြူ ရေးလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေခြင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ခွင့်ပြုချက်များ တင်ပြရာ၌ အစိုးရဌာနများတွင် ကြိုးနီစနစ်များ ကျန်ရှိနေသဖြင့် အခက်အခဲများတွေ့ရခြင်း၊ လယ်ယာမြေ များကို လယ်သမားများကိုယ်တိုင် လွတ်လွတ်လပ်လပ် စီမံခန့်ခွဲပြီး စိုက်ပျိုးနိုင်းခြင်း စသည့် အခက်အခဲ ရှိကြောင်း သူက ဆိုသည်။

ဧရာဝတီတိုင်းမှ လယ်သမားကြီးတဦး(အောင်ကျော်ထက်၊ ဧရာဝတီ)

၎င်းက “ဆန်တန်ချိန် ၂ သန်း မဟုတ်ဘူး၊ ၃ သန်း၊ ၄ သန်း တင်ပို့နိုင်နေဦးမယ် ဆိုရင်တောင် ကျနော်တို့ တောင်သူတွေ ရဲ့ဘဝက ဖွံ့ဖြိုးလာမလား။ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်တဲ့ လုပ်ငန်းဟာ ဒီနေ့ ကမ္ဘာ့ ဆန်ဈေးကွက်နဲ့ပဲ ကြည့်ကြည့် မြန်မာ့ဆန် ဈေးကွက်နဲ့ပဲ ကြည့်ကြည့် အမြတ်များတဲ့ ဝင်ငွေကောင်းတဲ့ ထုတ်ကုန် မဟုတ်ဘူး” ဟု ပြောဆိုသည်။

ထိုသို့ ဈေးကွက် တွက်ချေမကိုက်သည့် ဆန်စပါး တမျိုးတည်းကိုသာ အစိုးရက ဦးစားပေးပြီး ပြည်ပ တင်ပို့မှု တိုးတက်ရေး ကိုသာ လုပ်ဆောင်နေသရွေ့ အောက်ခြေ တောင်သူ လယ်ယာသမားဘဝများနှင့် လယ်ယာစိုက်ပျိုး ကဏ္ဍသည် ဖွံ့ဖြိုး တိုးတက်လာရန် မလွယ်ကူကြောင်း ဦးသိန်းအောင် ဆိုသည်။

အခြားရာသီပေါ်သီးနှံများနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်မည် ဆိုပါက အစိုးရအနေဖြင့် ငွေကြေး အရင်း အနှီးထောက်ပံ့မှု နည်းပါးပြီး ဆန်စပါးကိုသာ ဦးစားပေးနေခြင်းက တောင်သူလယ်သမားများ၏ ဘဝကို တိုးတက် စေမှုအစား အကြွေးနွံ့ထဲသို့သာ တွန်းပို့နေလျက်ရှိကြောင်း ထောက်ပြသည်။

ယင်းပြင် စပါးပေါ်ချိန် စပါးဈေးက အမြဲတစေ ကျဆင်းနေခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်ရသော အရင်းအနှီးပင် ပြန်မရရှိခြင်းက တောင်သူလယ်သမားများ အကြွေး သံသရာကြားထဲတွင် ရှိနေစေသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်ကာ တောင်သူ လယ်သမားများ၏ အကျိုးစီးပွား ကာကွယ်ပေးရေး အတွက်ဟု ဆိုကာ အစိုးရက မိုးစပါးနှင့် နွေစပါး ပေါ်ခံနီးအချိန်များတွင် အခြေခံ ရည်ညွှန်း စပါးဈေးနှုန်း ထုတ်ပြန်ပေးသည်။

ထိုသို့ ဈေးနှုန်း သတ်မှတ်ထားသော်လည်း ပြီးခဲ့သည့်နှစ်များက စပါးဈေးနှုန်းများ ကျဆင်းခဲ့ချိန်၌ အစိုးရက ဝယ်ယူပေး ခြင်း မရှိခဲ့သလို ဈေးလျှော့သည့်အတွက် မည်ကဲ့သို့သော လုပ်ဆောင်မှုများ ရှိမည်ကို သေချာစွာ သတ်မှတ် ဖော်ပြထား ခြင်းလည်း မရှိခဲ့ပေ။

ဧရာဝတီတိုင်း မအူပင်မြို့ မြင်းခြံစုကျေးရွာနေ လယ်သမား ဦးလှမြင့်က “တို့ လယ်သမားတွေဆီမှာ စပါးတွေ လှိုင်လှိုင် ပေါ်ပြီဆိုရင် ဟိုက ကုန်သည်က ဈေးချတယ်။ လယ်သမားကလည်း ဒီဘက်မှာ ပိုက်ဆံဆွဲပြီး လုပ်ထားရတာ ဖြစ်တဲ့အ တွက် ဒီဘက်ကလည်း အချိန်တန်သည့်အတွက် တောင်းတယ်။

လယ်သမားတွေမှာ ဒီအချိန် မရောင်းရင် အဆင်မပြေ ဆိုတာ ကုန်သည်ပွဲစားများက သိနေတယ်လေ” ဟု ၎င်းတို့ နှစ်စဉ်နီးပါး ကြုံတွေ့ရသည့် ဈေးကွက်အခြေအနေကို ပြောပြ သည်။

ဦးလှမြင့်သည် လယ်ယာ လုပ်ငန်းကို နှစ်ပေါင်း ၃၀ ကျော် ကြာလုပ်ကိုင်နေသော အသက် ၅၀ ကျော်အရွယ်ရှိ လယ် သမားတဦး ဖြစ်သည်။
၎င်းက ဆက်လက်၍ “ဦးတို့ လယ်သမားတွေ လက်ထဲမှာ စပါးတွေ မရှိတော့ဘူးဆိုရင် စပါးဈေးက ပြန်တက်ပြီ။ ဒီလယ် သမား လောကမှာ အဲဒီပြဿနာပဲ” ဟု ပြောဆိုသည်။

အစိုးရ၏ ထုတ်ပြန်ချက်အရ အခြေခံ စပါးဈေးနှုန်းကို အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိသော ၄၆ ပေါင် စပါးတင်း ၁၀၀ လျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ဝယ်ယူပေးရမည် ဖြစ်သော်လည်း လယ်သမားများက ကုန်သည်များကို ရောင်းချရာတွင် ပေါင် ၅၀ သတ်မှတ်ပြီး ရောင်းချပေးနေရကြောင်း လယ်သမားများက ပြောဆိုကြသည်။

ထိုသို့ စပါး ၁ တင်းလျှင် ပေါင် အပိုပေးရသည့်အပြင် သတ်မှတ် အခြေခံ စပါးဈေးနှုန်းပင် မရရှိခြင်းကြောင့် လယ်သမား များကို ပို၍ အကျပ်ရိုက်စေလျက် ရှိသည်။ စပါးတင်း ၁၀၀ ရောင်းရဈေးသည် ကျပ် ၅ သိန်းနှင့် ကျပ် ၅ သိန်းအောက်သာ ရရှိ ကြခြင်းကြောင့် စိုက်ပျိုးစရိတ်သာသာ ရရှိကြလျက် ရှိသည်။

လက်ရှိတွင် စိုက်ပျိုးစရိတ်အနေနှင့် လယ် ၁ ဧကလျှင် ပျမ်းမျှ ကျပ် ၃ သိန်း ခန့် ကုန်ကျစရိတ် ရှိကြောင်း လယ်သမားများ ထံမှ သိရသည်။

လက်ရှိ အခြေအနေများအရ အစိုးရက စပါးဈေးနှုန်း သတ်မှတ်သည် ဖြစ်စေ၊ မသတ်မှတ်သည် ဖြစ်စေ လယ်သမားများ အတွက် အမှန်တကယ် အကျိုးသက်ရောက်မှု နည်းလျက် ရှိကြောင်း လယ်သမားက ဆိုသည်။

ဧရာဝတီတိုင်း မအူပင်မြို့ အလန်းတောင်စု ကျေးရွာမှ လယ်သမား ဦးဝင်းမြင့်က “ဒီကိစ္စက အစိုးရ ကိုယ်တိုင် ဝင်လုပ်ပေး မှ ရမှာ ကုန်သည်ပွဲစား၊ ဒီလူတွေ လုပ်ရလို့ကတော့ ကျနော်တို့ အဆင်မပြေနိုင်ဘူး။ ဒီပေါင် ပိုပေးရတဲ့ ပြဿနာက ငွေရေး ကြေးရေးကို ကျနော်တို့ ငွေနဲ့ ကျနော်တို့ မလုပ်နိုင်တဲ့အတွက် ဖြစ်ရတာ” ဟု ပြောသည်။

အစိုးရအနေဖြင့် လယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေအဖြစ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တဆင့် ထုတ်ချေးပေး လျက်ရှိပြီး ယခုအစိုးရ လက်ထက်တွင် တောင်သူတဦးချင်း မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မူရင်းကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်သို့ အပေါင်အဖြစ် ပေးအပ်၍ တောင်သူ တဦးချင်းက ကိုယ်တိုင် အာမခံ သည့် စနစ်ဖြင့် ၁ ဧကလျှင် ကျပ် ၁ သိန်းနှုန်းနှင့် ထုတ်ပေးလျက် ရှိသည်။

သို့သော်လည်း ထိုအစိုးရစိုက်ပျိုးစရိတ်ချေးငွေကို ချေးယူကြပြီး စပါးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းမှုများဖြစ်ပေါ် ကာ အမြဲ အရှုံးပေါ်ကြသည့်အတွက် ပြန်မဆပ်နိုင်သည့် လယ်သမားများမှာ ထုနဲ့ဒေး ဖြစ်သည်။

လယ်သမားဘဝ ဖွံ့ဖြိုးရေး အသင်း၏ ဥက္ကဋ္ဌ ဦးသိန်းအောင်က “လယ် ၁၀ ဧကအောက် တောင်သူ အားလုံး ဆန်စပါးကို အဓိက ဇောင်းပေးပြီး လုပ်နေသ၍ ကာလပတ်လုံး ဒီလူတွေရဲ့ ဝင်ငွေသည် ၁ ဧကမှာ ၁ သိန်း မြတ်ခဲ့သော် ၁၀ ဧက ၁၀ သိန်း မြတ်ရုံနဲ့ ဒီလူတွေရဲ့ မိသားစုဘဝ ဘယ်လို နည်းနဲ့မှ မဖွံ့ဖြိုးနိုင်ဘူး” ဟု ထောက်ပြ ပြောဆိုသည်။

၎င်းက ဆက်လက်၍ “စပါးပိုထွက်ရေး ဆန်စပါးစိုက်ပျိုးရေး ဆိုတဲ့ ခေါင်းစဉ် အောက်မှာပဲ သွားနေရင် ဒါဟာ လွဲချော်နေ မှာကြီးပဲ” ဟု ဆိုသည်။

အစိုးရအနေဖြင့် အမြတ်နည်းပြီး တွက်ချေ မကိုက်သော ဆန်စပါးကိုသာ တိုးတက်အောင် လုပ်ဆောင်နေသကဲ့သို့ အခြား အမြတ်များနိုင်သော သီးနှံများနှင့် ဈေးကွက် လိုအပ်ချက်ရှိနေသော သီးနှံများကိုပါ ပူးတွဲ စိုက်ပျိုးနိုင်ရန် ကူညီထောက်ပံ့ ပေးသင့်ကြောင်း ၎င်းက အကြံပြုသည်။

ယင်းပြင် အစိုးရ၏ နှစ်လတ်၊ နှစ်ရှည် ချေးငွေများသည် လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် လိုအပ်သော စက်ပစ္စည်း ကိရိယာများ ဝယ်ယူရေးအတွက်သာ မဟုတ်ဘဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်နိုင်မည့် ချေးငွေများ အဖြစ် ပြောင်းလဲပေးသင့်ကြောင်း လယ်သမားများက ဆိုကြသည်။

အဆိုပါ အရစ်ကျ စနစ်ဖြင့် နှစ်ရှည် ချေးငွေများသည် စက်ပစ္စည်း ရောင်းချသည့် ကုမ္ပဏီများအတွက်သာ အကျိုးဖြစ်သွား စေခဲ့ပြီး လယ်သမားများအတွက်မှာမူ အကြွေးထပ်တိုးရသည့် အခြေအနေပင်ရှိကြောင်း ဧရာဝတီတိုင်း မအူပင်မြို့ အလန်း အုန်းပင်စု ကျေးရွာနေ လယ်သမား ဦးစိုးနိုင်က ပြောသည်။

၎င်းက “နိုင်ငံတော်က ထုတ်ပေးတဲ့ ငွေကြေးနဲ့က ကျနော်တို့ မလုံလောက်ဘူး။ အဲဒီတော့ ငွေရှင်တွေက ထုတ်ရတယ်။ စပါးပေါ်တာနဲ့ ဘယ်ဈေးပဲ ဖြစ်နေဖြစ်နေ ရောင်းပြီးတော့ သူတို့ကို ပြန်ဆပ်ရတယ်။ အချိန်မီ ပြန်မဆပ်နိုင်ရင် သူတို့က နောက်နှစ်ရင်းဖို့ ငွေထပ် မထုတ်ပေးတော့မှာလေ” ဟု ဆိုသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကာလအတွင်း၌ စီးပွားရေးလုပ်ငန်း အများအပြား အပေါ် ရိုက်ခတ်မှု ကြီးမားခဲ့သော်လည်း မြန်မာ့ လယ်ယာ စိုက်ပျိုးကဏ္ဍသည် ထိခိုက်မှု နည်းပါးခဲ့ခြင်းကြောင့် တောင်သူလယ်သမားများအပေါ် သက်သာစေခဲ့သည်။

အစိုးရ၏ စီးပွားရေး လုပ်ငန်းအပေါ် ကုစားရေး အစီအစဉ်များ ဖြစ်သည့် တောင်သူများ၏ ချေးငွေများအပေါ် အတိုးနှုန်း လျှော့ချပေးခြင်း၊ မျိုးထုတ်တောင်သူများကို ၁ ဧကလျှင် ချေးငွေ ၁ သိန်း ထုတ်ချေးပေးခြင်း၊ Cash for work ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းများက တောင်သူလယ်သမားများအပေါ် အထောက်အကူ များစွာ ဖြစ်ပေါ်စေခဲ့ကြောင်း လယ်သမား များက ဆိုကြသည်။

မြန်မာ့လယ်ယာ စိုက်ပျိုးကဏ္ဍ မတိုးတက်ရခြင်းသည် ယင်းကဏ္ဍထဲတွင် ပါဝင် ပတ်သက်နေသည့် စိုက်ပျိုး ထုတ်လုပ် သော တောင်သူနှင့် ကုန်သည်များ၏ အကျိုးစီးပွားများသည် ပြောင်းပြန်ဖြစ်ပေါ်နေသည့် အတွက်ကြောင့် ဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဒေါက်တာ ဇော်ဦးက ပြောသည်။

ယင်းသို့ အခြေအနေသည် မြန်မာနိုင်ငံ တနိုင်ငံတည်းတွင် တွေ့ရပြီး အခြားမည့်သည့် စိုက်ပျိုးနိုင်ငံများတွင် တွေ့ရလေ့ မရှိကြောင်း ၎င်းက ပြောဆိုသည်။

ဒေါက်တာဇော်ဦးက “တကယ်က သီးနှံထုတ်လုပ်တဲ့ တောင်သူနဲ့ ကုန်သည်နဲ့က စီးပွားရေး မိတ်ဖက်ဖြစ်ရမှာ၊ လက်ရှိ အနေအထားက တောင်သူနဲ့ ကုန်သည်နဲ့က အကျိုးစီးပွားချင်းက မတူဘူး ဖြစ်နေတယ်” ဟု ဆိုသည်။

စပါးဈေးနှုန်းများ မြင့်တက်နေသည့် ကာလများတွင် ကုန်သည်များသည် တောင်သူများဆီမှ ဈေးကြီးကြီးဖြင့် ပေးဝယ်ရ လေ့ရှိပြီး ပြန်ရောင်းရသည့် ကာလတွင် ဈေးနှုန်းပြန်ကျပါက ကုန်သည်များသည် ရှုံးကြရသည်။ ထိုအခြေအနေတွင် တောင်သူသည် အကျိုးအမြတ် ရှိခဲ့သည်။

ကြက်မွေးမြူရေး ပူးတွဲလုပ်ဆောင်မှုများ(အောင်ကျော်ထက်၊ဧရာဝတီ)

စပါးဈေးနှုန်းကျဆင်းချိန်တွင် တောင်သူများသည် ရောင်းရသည့် အခြေအနေတွင် ကုန်သည်သည် အကျဈေးဖြင့် ဝယ်နိုင် ခဲ့ပြီး ပြန်ရောင်းချိန်တွင် ဈေးနှုန်းပြန်တက်ပါက ကုန်သည် အကျိုးအမြတ် များမည်ဖြစ်သည်။ ထိုအခြေအနေတွင် တောင် သူသည် အရှုံးပေါ်မည် ဖြစ်သည်။

ဒေါက်တာ ဇော်ဦးက “ဒီမှာက ဘယ်လိုဖြစ်နေလဲဆိုရင် ကုန်သည်မြတ်ရင် တောင်သူက ငတ်၊ တောင်သူ မြတ်ရင် ကုန် သည်က ငတ်ရမယ့် သဘောမျိုး ဖြစ်နေတယ်။ ကျနော်တို့က ဘယ်သူ့ဆီက ဘယ်လို အမြတ်ထုတ်မလဲ ဆိုတာပဲ စဉ်းစားနေ ရတော့ ကိုယ့်အချင်းချင်း စုပေါင်းပြီးတော့ တခြားနိုင်ငံတွေနဲ့ ပြိုင်မယ်။ တခြား နိုင်ငံတွေဆီက ရမယ့် အကျိုးအမြတ်ကို ဘယ်လို ယူကြမလဲ ဆိုတာကို စဉ်းစားချိန် မရကြတော့ဘူး ဖြစ်နေတာ” ဟု ပြောဆိုသည်။

ထိုအခြေအနေများမှ ရုန်းထွက်ပြီး မိမိပြည်တွင်း လုပ်ငန်းရှင်များ၊ တောင်သူများ နိုင်ငံတကာဈေးကွက်များတွင် ဝင်ဆန့်နိုင် ရေး၊ ယှဉ်ပြိုင်နိုင်ရေးများ ဖန်တီးပေးရန်မှာ အစိုးရ၏ တာဝန်တရပ် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာ့လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာဈေးကွက်များ ပိုမို ရရှိရေးမှာ အမှန် တကယ် လိုအပ်ချက်တခုဖြစ်သလို ပြည်တွင်း တောင်သူများအတွက် ပြဋ္ဌာန်းထားသည် ဥပဒေများကိုလည်း အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လည်း လိုအပ်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် ပြင်ဆင်ထားပြီးဖြစ်သည့် လယ်ယာမြေ ဥပဒေတွင် လယ်မြေများတွင် တခြားရာသီ သီးနှံစိုက်ပျိုးခွင့်များ နှင့် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် ခွင့်ပြုပေးထားပြီး ဖြစ်သော်လည်း မြေပြင်၌ အမှန်တကယ် လိုက်နာကျင့်သုံးနိုင်မှု မရှိသေးခြင်းကလည်း လယ်သမားများ လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် အခက်အခဲများစွာ ဖြစ်ပေါ်စေနေသည်။

ယင်းသို့ အခြားရာသီပေါ် သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ခြင်းမရှိသည့်အတွက် အကျိုးအမြတ် နည်းသည့် ဆန်စပါးကိုသာ တနှစ်ပတ်လုံး စိုက်ပျိုးနေပြီး ဝင်ငွေ နည်းပါးရခြင်း အချက် တခုဖြစ်သည်။

ယင်းပြင်၂၀၁၃ ခုနှစ်ကတည်းက အတည်ပြု ပြဋ္ဌာန်းထားပြီးဖြစ်သည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေတွင် ပါဝင်သော တောင်သူများ လယ်သမားများအတွက် နှစ်ရှည်၊ နှစ်လတ် ချေးငွေ များ ရရှိအောင် ဆောင်ရွက်ပေးရန် နှင့် တောင်သူများ ထုတ်လုပ်သည့် သီးနှံများကို သင့်တင့်မျှတသော အမြတ်စွန်းရှိသည့် သီးနှံဈေးကွက် ဖော်ဆောင်ပေးရန် ဆိုသည့် အချက်များကိုပင် သေချာ အကောင်အထည် မဖော်နိုင်သေးကြောင်း လယ် သမားက ပြောဆိုကြသည်။

လယ်ယာစိုက်ပျိုးကဏ္ဍအတွက် နှစ်ပေါင်းများစွာ ကတည်းက အောင်မြင်မှု မရှိသာ ဆန်စပါးကိုသာ တိုးတက် ထုတ်လုပ် ရေး အဓိက ထားနေမည်ဆိုပါက မြန်မာ့လယ်ယာ စိုက်ပျိုးကဏ္ဍသည် ယခုအတိုင်းပင် ဆက်လက် ရုန်းကန်နေရမည် ဖြစ် ကြောင်း ဦးသိန်းအောင်က ဆိုသည်။

၎င်းက “ဘယ်လိုမှ တွက်ချေ မကိုက်တဲ့ ဒီဆန်စပါးကိုပဲ ပိုရောင်းရရေး၊ များများ ထုတ်ကုန်ရရှိရေးဆိုတဲ့ ခေါင်းစဉ်အောက် ကနေပြီး အဲဒီလို သွားနေသ၍ ကာလပတ်လုံး ကျနော်တို့ လယ်သမားတွေရဲ့ ဘဝက ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်တဲ့ လုပ်ငန်းဟာ အမြတ်မကြမ်းလို့၊ အမြတ်မများလို့ပဲ” ဟု ပြောဆို သည်။

You may also like these stories:

တောင်သူတွေဘဝ လှစေမယ့် ပေါ်လစီတွေ သေချာလုပ်ဖို့ လိုပြီ

အာရှရဲ့ မီးဖိုချောင်ဖြစ်ဖို့ မြန်မာအတွက် အချိန်ရောက်နေပြီလား

ပြည်ပသို့ ဆန်တင်ပို့မှု ကန့်သတ်ချက်များ ဖြေလျှော့ပေး

ကိုယ့်ဆီကထွက်တဲ့ သီးနှံကို သီးနှံ မထွက်တဲ့ နိုင်ငံတွေကို ရောင်းနိုင်ဖို့ ကြိုးစားရမယ်

Did you find apk for android? You can find new Free Android Games and apps.
Loading