၁၉၆၀ ခုနှစ်နောက်ပိုင်း ပထမဆုံးပါတီစုံရွေးကောက်ပွဲဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပြုလုပ် ပေးခဲ့သူကတော့ တပါတီအာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းထံက အာဏာလွှဲပြောင်းယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်ပဲဖြစ်ပါတယ်။
နဝတအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်သွားမယ်လို့ အာဏာမသိမ်းခင်က ပြောခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ရွေးကောက်ပွဲအနိုင်ရအစိုးရကို အာဏာအပ်ပြီးရင် စစ်တန်းလျားပြန်မယ်၊ မူလတာဝန်တွေဆီပြန်သွားမယ်လို့ တိုင်းပြည်ကို တင်ပြမေတ္တာရပ်ခံချက်မိန့်ခွန်း၊ တပ်မတော်နေ့မိန့်ခွန်းတွေကနေ မကြာမကြာ မြန်မာသိ ကမာ္ဘသိပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ဟာ နိုင်ငံတော်အား ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ပုဒ်မ ၁၀ (ခ)နဲ့ ရွေးကောက်ပွဲမစခင် ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်မှာပဲ နေအိမ်အကျယ်ချုပ် ကျခဲ့ပါတယ်။ နဝတက ဦးစီးကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို လုံး၀ တက်ရောက်မှာမဟုတ်ကြောင်း၊ ပြည်သူလူထုတရပ်လုံးအနေနဲ့လည်း စစ်အစိုးရရဲ့မတရားအမိန့်ဆိုးများကို ဆန့်ကျင်တဲ့အနေနဲ့နေအိမ်အတွင်းမှာပဲ အာဇာနည်ခေါင်းဆောင်တွေကို ဂါရ၀ပြုကြဖို့ တိုက်တွန်းပြီး နောက်တရက်မှာဖြစ်ပါတယ်။
ပါတီပေါင်း ၉၃ ပါတီယှဉ်ပြိုင်ခဲ့တဲ့ ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့ အထွေထွေရွေးကောက်ပွဲကြီးမှာ ဒီချုပ်ပါတီဟာ မဲဆန္ဒနယ်မြေ ၄၄၇ နေရာမှာ ၃၉၂ နေရာနဲ့ ရာခိုင်နှုန်း ၉၀ ကျော် တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပါတယ်။ မဆလပါတီကနေ အသွင်ပြောင်းလာတဲ့ တစညပါတီကတော့ ၁၀ နေရာသာ အနိုင်ရရှိခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ခေါ်ပေးဖို့၊ နဝတအစိုးရနဲ့တွေ့ဆုံဆွေးနွေဖို့၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ပါဝင်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ဂန္ဒီညီလာခံကြီးမှာပဲ ချမှတ်ခဲ့ပါတယ်။
ရွေးကောက်ပွဲအနိုင်ရဒီချုပ်ပါတီဟာ ရှေ့ဆက်လုပ်ဆောင်ရမယ့် နိုင်ငံရေးလုပ်ငန်းများနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးတွေ့ဆုံဖို့၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃ နှင့်အညီ လွှတ်တော်ဖွဲ့စည်းမှုဆိုင်ရာ အစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ စတဲ့အချက်တွေပါတဲ့ စာနှစ်စောင်ကို ဇွန်လမှ တကြိမ်၊ ဇူလိုင်လမှာ တကြိမ် ဗိုလ်ချုပ်မှူးကြီးစောမောင်ဆီပေးပို့ခဲ့ပေမယ့် တုံ့ပြန်မှုမရခဲ့ပါဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲအပြီး ၂ လအကြာ ဇူလိုင် ၂၈-၂၉ ရက်နေ့တွေမှာ အနိုင်ရ ဒီချုပ်ကိုယ်စားလှယ်တွေ၊ ဒီချုပ်တာဝန်ရှိအဖွဲ့ဝင်တွေ စုစုပေါင်း ၅၀၀ ကျော်တက်ရောက်ပြီး ပြည်သူလူထု ၁ သောင်းကျော်ဝန်းရံအားပေးခဲ့တဲ့ ဗိုလ်အောင်ကျော်လမ်းက ဂန္ဒီခန်းမမှာ ပြုလုပ်ခဲ့တဲ့ “ဂန္ဒီညီလာခံကြီး” ကနေ စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးဖို့ အတွက် နဝတ စစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲအတည်ပြုပြီး တိုင်းပြည်အာဏာကို လွှဲပြောင်းရယူနိုင်ဖို့ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ခေါ်ပေးဖို့၊ နဝတအစိုးရနဲ့တွေ့ဆုံဆွေးနွေဖို့၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ပါဝင်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ဂန္ဒီညီလာခံကြီးမှာပဲ ချမှတ်ခဲ့ပါတယ်။
ညီလာခံကြီး မကျင်းပမီ တရက်အလို ဇူလိုင် ၂၇ ရက်နေ့မှာ နဝတအစိုးရ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့်က ကိုယ့်သဘောနှင့်ကိုယ် လွှတ်တော်ခေါ်ခွင့်မရှိ၊ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အာဏာလွှဲပြောင်းရယူရေး၊ အစိုးရဖွဲ့စည်းရေးလုပ်ငန်းမရှိ၊ လုပ်ခဲ့ပါက ပြတ်ပြတ်သားသားအရေးယူမယ်လို့ပါဝင်တဲ့ ကြေညာချက် ၁ / ၉၀ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ဂန္ဒီညီလာခံကြီးမှာ ဒီချုပ်ဟာ တခါတည်း အစိုးရဖွဲ့စည်းဖို့ကြေညာမှာ စိုးရိမ်ပြီး ထုတ်ပြန်တာလို့ သုံးသပ်မှုတွေရှိခဲ့ပါတယ်။
မကြာခင်မှာပဲ ဗိုလ်ချုပ်ခင်ညွန့်ဟာ “ပြည်သူ့လွှတ်တော်ကို ခေါ်မပေးနိုင်၊ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်မပေးနိုင်၊ မဆွေးနွေးနိုင်၊ ၁/၉၀ ကို ထောက်ခံလက်မှတ်ထိုးရမည်၊ မလိုက်နာပါက ဖြိုခွင်းပစ်မည်” ဆိုတဲ့ စာမျက်နှာ ၁၃ မျက်နှာပါ စာတစောင်ကို NLD သဘာပတိဦးကြည်မောင်သို့ ပေးပို့ခဲ့ပါတယ်။ ဒီ့နောက်ပိုင်းမှာ ဒီချုပ်အနိုင်ရကိုယ်စားလှယ်တွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့လို့ လွှတ်တော်တက်နေရမယ့် ကိုယ်စားလှယ်တွေဟာ ထောင်သွင်းအကျဉ်းချခံရ၊ ပြည်ပြေးဘ၀တွေ ရောက်ကုန်ကြပါတယ်။
ဒီကာလမှာပဲ သန်းခေါင်ကျော်အထိ အလုပ်လုပ်၊ နိုင်ငံရေး စစ်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုဝေဒနာတွေ ခံစားလာရပုံပေါ်တဲ့ အသက် ၆၄ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ကျန်းမာရေးဟာ တစတစ ထိခိုက်လာခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ၊ ကျန်းမာရေးအခြေအနေတွေကို နဝတအစိုုးရ၏ ဒုတိယခေါင်းဆောင်ဗိုလ်ချုပ်ကြီးသန်းရွှေဆီ နေ့စဉ်တင်ပြခဲ့ပါတယ်လို့ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့်ဟာ သူရဲ့ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိမှာ ဖော်ပြခဲ့ပါတယ်။
၁၉၉၂ ခုနှစ် ဧပြီ ၂၃ ရက်နေ့မှာတော့ ကျန်မာရေးအခြေအနေအရ အနားမယူလျှင်မဖြစ်တော့လို့ အနားပေးလိုက်ကြောင်းကြေညာချက်ကို ဦးသန်းရွှေလက်မှတ်နဲ့ ထုတ်ပြန်ခဲ့ရာကစလို့ ၁၉၉၀ အထွေထွေရွေးကောက်ပွဲပြီးရင် အနားယူတော့မယ်လို့ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ တကယ်ပဲ အနားယူလိုက်ရပါတော့တယ်။
ဒီလို ကျန်းမာရေး အကြောင်းပြပြီး ဖြုတ်ပစ်ခဲ့ပေမယ့် နောက်ကွယ်မှာ ဦးစောမောင်နဲ့ တခြား စစ်တပ်ခေါင်းဆောင်တွေကြား သဘောထားကွဲလွဲမှုတွေရှိလို့ လက်ဦးမှုရယူပြီး ဘေးဖယ်လိုက်တာလို့ သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။
ဒီလို ကျန်းမာရေး အကြောင်းပြပြီး ဖြုတ်ပစ်ခဲ့ပေမယ့် နောက်ကွယ်မှာ ဦးစောမောင်နဲ့ တခြား စစ်တပ်ခေါင်းဆောင်တွေကြား သဘောထားကွဲလွဲမှုတွေရှိလို့ လက်ဦးမှုရယူပြီး ဘေးဖယ်လိုက်တာလို့ သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။
ဘယ်အကြောင်းအရာပေါ် ကွဲလွဲမှုရှိတယ်ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။
ရာထူးက ဖယ်ရှားခံရပြီးချင်း ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ဇနီးဒေါ်အေးအေးရီဟာ စစ်ရုံးပေါ်တက်လာပြီး သူ လုံး၀ မကျေနပ်ကြောင်း၊ မတရားလုပ်တာ ခံရခြင်းဖြစ်ကြောင်း၊ အမျိုးမျိုးဆူပွက်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းကို သွားပြောမယ်ဆိုပြီး ပြန်ဆင်းသွားတယ်လို့ အဲဒီတုန်းက စစ်ရုံးမှာရှိနေတဲ့ မန္တလေးတိုင်းမှူးဗိုလ်ချုပ်ထွန်းကြည်က သူရဲ့ နှစ် ၅၀ ကျော် ကိုယ်တွေ့များစာအုပ်မှာ ဖော်ပြခဲ့ပါတယ်။
ဒေါ်အေးအေးရီရုံးပေါ်က ဆင်းသွားပြီးနောက် ဗိုလ်ချုပ်မှူးကြီးစောမောင် သေနတ်ကိုင်ပြီး တက်လာရင် ဘယ်လိုလုပ်ကြမလဲဟု တယောက်တပေါက်ပြောကြရာ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီးခင်ညွန့်က “ဘာမှမပူပါနဲ့၊ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့သေနတ်ထဲမှာ ယမ်းနှုတ်ထားသော၊ ယမ်းမပါသော ကျည်ဆံများထည့်ပေးထားကြောင်း၊ ပစ်ရင်လည်း ထွက်မှာမဟုတ်ဘူး” လို့ ဝင်ပြောမှ စိတ်အေးကြရကြောင်း ဗိုလ်ချုပ်ထွန်းကြည်က သူ၏စာအုပ်တွင် ဆက်လက်ဖော်ပြခဲ့ပါတယ်။
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အာဏာမလွှဲပြောင်းနိုင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ ရာထူးက ဖယ်ရှားခံခဲ့ရပြီး ၄ နှစ်အကြာ ၁၉၉၆ ခုနှစ် အသက် ၆၈ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးစောမောင်ထံက အာဏာကို လွှဲပြောင်းယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ အမျိုးသားညီလာခံကိုခေါ်ယူပြီး စစ်တပ်ရဲ့အဆုံးအဖြတ် အခန်းကဏ္ဍတွေပါဝင်တဲ့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ၁၄ နှစ်ကြာ စိတ်တိုင်းကျရေးဆွဲခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ပြန်လည်ပြုလုပ်ပေးခဲ့ပြီး ဒီချုပ်ပါတီဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့တဲ့ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့ပါတယ်။
You may also like these stories:
စစ်တပ်အာဏာသိမ်းတာ နှစ် ၃၂ ပြည့်ပြီ
မြန်မာ့ဒီမိုကရေစီ ခရီးရှည်တွင် ၈၈ စက်တင်ဘာ စွန့်လွတ်မှုများကို မမေ့နိုင်
ကိုဗစ်အရေး ဝန်ပိနေသည့် အစိုးရကို ကူညီချင်တယ်လို့ တပ်မတော် ပြော