အကယ်၍ ငြိမ်းချမ်းစွာ ဆောင်ရွက်ရသော နည်းလမ်းများ ပျက်ပြားသွားပါက အင်အားသုံး၍ ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းခြင်းက ၎င်း၏ အခွင့်အရေးဖြစ်သည် ဆိုသောစကားကို တရုတ်နိုင်ငံက မည်သည့်အချိန်တွင်မျှ စွန့်လွှတ်ခဲ့ခြင်း မရှိပါ။ ထို့ကြောင့်ပင် ၂ ဖက်လုံးမှ စစ်တပ်များက စစ်ပွဲသည် အလှမ်းဝေးသည့် အသွင်ရှိနေသည့်တိုင် ၎င်းအတွက် ပြင်ဆင်ထားနေခဲ့ကြရသည်။
လတ်တလောတွင် တရုတ်နိုင်ငံက ပြုလုပ်ခဲ့သည့် ရေတပ် စစ်ရေးလေ့ကျင့်မှုများက စိုးရိမ်ဖွယ်ရာ သတိပေးချက် ဖြစ်စေခဲ့သည်။ ထို့ပြင် ထိုင်ဝမ်အပေါ်ထားရှိသော အမေရိကန်၏ မူဝါဒအပါအဝင် ကဏ္ဍအများအပြား၌ တရုတ်နှင့် အမေရိကန်ကြား ဆက်ဆံရေးများ ပိုမိုဆိုးရွားလာသည့် အချိန်လည်း ဖြစ်နေသည်။
ထိုင်ဝမ်က လွတ်လပ်သော နိုင်ငံတခုအဖြစ် ရပ်တည်နေသည့်တိုင် ထိုင်ဝမ်သည် ၎င်း၏ပိုင်နက်မှ အစိတ်အပိုင်းဖြစ်သည်ဟု တရုတ်က အခိုင်အမာ ပြောဆိုနေသော နူးညံ့သိမ်မွေ့သော လက်ရှိအနေအထားက ခပ်လှုပ်လှုပ် ဖြစ်လာနေသည်။ တရုတ် အစိုးရ၏ တရားဝင်အာဘော် ဖြစ်သော Global Times သတင်းစာ၏ အဆိုအရ “ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ဖြစ်နိုင်ချေက သိသိသာသာ ကျဆင်းနေသည်။”
ညှာညှာတာတာပြောရမည် ဆိုလျှင် စစ်ပွဲ နှုတ်ခမ်းဝသို့ ရောက်လုနီးနီး ရှိနေပြီဟု ဆိုလိုခြင်းတော့ မဟုတ်ပါ။
ညှာညှာတာတာပြောရမည် ဆိုလျှင် စစ်ပွဲ နှုတ်ခမ်းဝသို့ ရောက်လုနီးနီး ရှိနေပြီဟု ဆိုလိုခြင်းတော့ မဟုတ်ပါ။
သြဂုတ်လ ၂၈ ရက်နေ့တွင် ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်းက ထိုင်ဝမ် လေတပ်၏ အမေရိကန်လုပ် F-16 တိုက်လေယာဉ်များ ပြုပြင် ထိန်းသိမ်းရေး အဆောက်အဦ ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။ သူ၏မိန့်ခွန်းတွင် “တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ဖို့ ကျမတို့ရဲ့ ခိုင်မာတဲ့ဆန္ဒကို ကမာ္ဘက တွေ့မြင်စေလိုပါတယ်”ဟု ဆိုင်းအင်ဝမ်းက ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ ကမ်းရိုးတန်းတလျှောက်တွင်လည်း တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက် ပြုလုပ်နေခဲ့သည်။ မကြာသေးမီရက်များအတွင်းမှာပင် ပင်လယ်ရေကြောင်း ဆိုင်ရာ ကွဲပြားခြားနားသော ဧရိယာ ၃ ခုကို လွှမ်းခြုံ၍ ပြုလုပ်ခဲ့သည့် လေ့ကျင့်မှုများထဲတွင် ထိုင်ဝမ်ရေလက်ကြားအတွင်းမှ တကယ့်တိုက်ပွဲအတိုင်း ပြုလုပ် ခဲ့သော လေ့ကျင့်ခန်းများ ပါဝင်နေခဲ့သည်။ ထိုင်ဝမ်ကျွန်း၏ မြောက်ဘက်နှင့် တောင်ဘက်စွန်း ၂ ခု လုံးတွင် ဖြစ်သည်။ တရုတ်မီဒီယာက “ထင်ရှားရှင်းလင်း၍ ယခင်မရှိဖူးသေးသော ထိုးစစ်ကြီး” နှင့် စစ်ရေးလေ့ကျင့်မှုတို့ ၂ မျိုးလုံး ပါဝင်ရန် ရည်ရွယ်ထားသည့် စစ်ရေးလေ့ကျင့်မှုတခု အဖြစ် ယခုလ အစောပိုင်းတွင် ဖော်ပြခဲ့သည်။
သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း အလားတူ သတင်းစကားများ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သံသယရှိစရာ မလိုသည့် တရုတ်တိုက်လေယာဉ်များက တရားဝင် သတ်မှတ်ထားခြင်း မရှိသော လေကြောင်းနယ်နိမိတ် ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော် ပျံသန်းခဲ့ကြသည်။
စစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်ကို ၎င်း၏ အချုပ်အခြာအာဏာ အောက်သို့ ပြန်လည်ပို့ဆောင်ခြင်း တာဝန်အပေါ် တရုတ်နိုင်ငံက မည်မျှ အလေးအနက်ထားကြောင်း ထိုင်ဝမ်နှင့် အမေရိကန်တို့အား သတိပေးရန် ရည်ရွယ်ခဲ့သည့် အသွင်ရှိပါသည်။ ထိုနည်းတူ တရုတ်၏ လျင်မြန်စွာ တိုးတက်လာသော စစ်ရေးစွမ်းရည်ကို ထုတ်ကြွားခြင်းလည်း ဖြစ်ပုံရသည်။
သြဂုတ်လ ၂၆ ရက်တွင်လည်း “လေယာဉ်တင်သင်္ဘော ဖျက်သူ” ဟု အမည်ပြောင် ပေးထားသော ကမာ္ဘ့ပထမဆုံး သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်ကို တရုတ်က ပစ်လွှတ်ခဲ့သည်ဟု သိရသည်။ တရုတ် စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်သည့် နေရာအပေါ်သို့ အမေရိကန် သူလျှိုလေယာဉ်တစင်းက ကျူးကျော် ဝင်ရောက်ခဲ့ပြီး အမေရိကန်လေယာဉ်တင် သင်္ဘောများ ပင်လယ်ပြင်သို့ လာရောက်နေသည်ဟု တရုတ်နိုင်ငံက ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ထိုသို့ ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
စစ်ရေးစွမ်းရည်ကို ထုတ်ဖော်ကြွားဝါခြင်းသည် ၎င်း၏ ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ ပိုမိုမောက်မာသော ချဉ်းကပ်မှု၏ အစိတ်အပိုင်းတခုအဖြစ် မမြင်ဘဲနေရန် ခက်ခဲပါသည်။
စစ်ရေးစွမ်းရည်ကို ထုတ်ဖော်ကြွားဝါခြင်းသည် ၎င်း၏ ဒေသတွင်းတွင် တရုတ်န်ိုင်ငံ၏ ပိုမိုမောက်မာသော ချဉ်းကပ်မှု၏ အစိတ်အပိုင်းတခုအဖြစ် မမြင်ဘဲနေရန် ခက်ခဲပါသည်။
ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် တခုလုံး သို့မဟုတ် အစိတ်အပိုင်းအတွက် အငြင်းပွားနေရသော ရေပြင်အတွင်း ၎င်း၏ စစ်ရေးတည်ရှိမှုကို တရုတ်က တဖြည်းဖြည်း တိုးချဲ့နေသည့် တောင်တရုတ်ပင်လယ် ကိစ္စတွင် ထင်ရှားခဲ့ပြီး ဖြစ်သည်။
တောင်တရုတ် ပင်လယ်မှ တရုတ်၏ တောင်းဆိုမှုများကို ၂၀၁၆ ခုနှစ်တွင် နိုင်ငံတကာ ခုံရုံးတခုကလည်းကောင်း ပြီးခဲ့သည့် လအတွင်းကပင် အမေရိကန်ကလည်းကောင်း ပယ်ချခဲ့ပြီး ဖြစ်သည်။
မြောက်ဘက်၌လည်း တရုတ်နိုင်ငံ၏ အရှေ့ဘက်ကမ်းခြေ အပြင်ဘက်မှ ဂျပန်နိုင်ငံက မကြာသေးမီလများအတွင်း တရုတ်နိုင်ငံသည် ဂျပန်အုပ်ချုပ်မှုအောက်ရှိ လူသူမရှိသော စန်ကာကု Senkaku (ဒိုင်အိုယု Diaoyu အဖြစ် တရုတ်ပြည်နိုင်ငံတွင် သိကြသည်) ကျွန်းငယ်များ၏ ထိန်းချုပ်မှုကို သိမ်းပိုက်ရန် “အားသွန်ခွန်စိုက်” လုပ်ဆောင်နေခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ဟောင်ကောင်တွင် တရုတ်၏ ညှာတာမှုကင်းသော ချဉ်းကပ်မှုက ထိုင်ဝမ်အတွက် သတင်းစကား တခုလည်း ဖြစ်သည်။ ဇွန်လကုန်တွင် အာဏာ စတင် သက်ရောက်လာသော အမျိုးသားလုံခြုံရေးဥပဒေ တခုက “တနိုင်ငံ စနစ် ၂မျိုး” အစီ အစဉ်အရ ၂၀၄၇ ခုနှစ် အထိ ကတိပြုထားသော ဟောင်ကောင်၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို အဆုံးသတ်လိုက်သည်။ (ပျက်ပြားသွားခဲ့သည့်) အဆိုပါသဘော တူညီချက်သည် တရုတ်နိုင်ငံက ထိုင်ဝမ်သို့ ၁၉၈၁ ခုနှစ် ကတည်းက ကမ်းလှမ်း ထားခဲ့သော ပုံစံကို ပြုပြင် မွမ်းမံထားခြင်း ဖြစ်သည်။ ဟောင်ကောင်သည် ထိုင်ဝမ်အတွက် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းခြင်း အကျိုးကျေးဇူးများ၏ ကြော်ငြာအနေဖြင့် အသုံးတော်ခံလိမ့်မည်ဟု တရုတ်က မျှော်လင့်ခဲ့ပုံရသည်။
ယနေ့အချိန်တွင်မူ ဟောင်ကောင်က ကြော်ငြာထက်စာလျှင် ကြောက်မက်ဖွယ် သတိပေးချက် တခုနှင့် ပို၍ တူနေသည်။ ၎င်းသည် ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံ၏ စိတ်ရှည်စွာ ချဉ်းကပ်မှု ကျဆုံးခဲ့ပြီဟု ယူဆနိုင်သော စိုးရိမ်ပူပန်စရာ အကြောင်းတခုလည်း ဖြစ်သည်။ နောက်ထပ် စိုးရိမ်စရာ တခုမှာ ထိုင်ဝမ်၏ တရားဝင်မှုနှင့် လွတ်လပ်ရေးကို ကြေငြာရန် အမေရိကန်က အားပေးခြင်းအားဖြင့် ထိုင်ဝမ်နှင့် ပတ်သက်၍ ရပ်တည်ချက်ကို ပြောင်းလဲလိမ့်မည်ဟု တရုတ်က ယူဆခြင်း ဖြစ်သည်။ စစ်ပွဲတခုဆီသို့ ဦးတည်သွားခြင်း ဖြစ်လိမ့်မည်ဟု တရုတ်နိုင်ငံက အမြဲပြောခဲ့သော အခြေအနေလည်း ဖြစ်သည်။
အမေရိကန်က ထိုင်ဝမ်နှင့် ဆက်ဆံရေးကို မြှင့်တင်နေသည်ဟု ယူဆရသော မည်သည့် အရိပ်အယောင်ကိုမဆို တရုတ်နိုင်ငံက အလွန်အကဲဆတ်သည်။
အမေရိကန်က ထိုင်ဝမ်နှင့် ဆက်ဆံရေးကို မြှင့်တင်နေသည်ဟု ယူဆရသော မည်သည့် အရိပ်အယောင်ကိုမဆို တရုတ်နိုင်ငံက အလွန်အကဲဆတ်သည်။
ဥပမာအားဖြင့် ထိုင်ဝမ် အစိုးရနှင့် တရားဝင်ဆက်သွယ်မှုများ ထားရှိခြင်း ဖြစ်သည်။ အထူးသဖြင့် ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲတွင် ထိုင်ဝမ် သမ္မတ ဆိုင်းအင်ဝမ်းက ဂုဏ်ပြုရန် ဖုန်းခေါ်ဆိုခြင်းကို လက်ခံ စကားပြောခဲ့ခြင်းအားဖြင့် တရုတ်အစိုးရကို ဒေါသ ဖြစ်စေခဲ့သော ဒေါ်နယ်ထရမ့်၏ သမ္မတ သက်တမ်း အတွင်းတွင် ဖြစ်သည်။ ပြီးခဲ့သည့် လများ အတွင်းမှာပင် ဒေါ်နယ်ထရမ့်၏ အစိုးရ အဖွဲ့ဝင်တဦး ဖြစ်သည့် ကျန်းမာရေး ဝန်ကြီး အဲလက်စ်အဇာ Alex Azar က ထိုင်ဝမ်သို့ သွားရောက်၍ ထိုင်ဝမ် သမ္မတ ဆိုင်းအင်ဝမ်းနှင့် တွေ့ဆုံခဲ့ခြင်းက ကြီးမားသည့် စစ်ရေးပြင်ဆင်မှုနှင့် ဂျက်တိုက်လေယာဉ်များ ကျူးကျော် ဝင်ရောက်မှုကို လှုံ့ဆော်ပေးခဲ့ကြောင်း ထင်ရှားသည်။
တရုတ်၏ အမြင်မှဆိုလျှင် ပို၍ စိုးရိမ်ပူပန်စရာ ရှိသည်မှာ အစိုးရက ထိုင်ဝမ်ကို ကာကွယ်ရေးအတွက် ပိုမို ရှင်းလင်း ပြတ်သားသော ကတိကဝတ် တခုပေးရန် အမေရိကန်မှ နိုင်ငံရေးသမားအချို့ နှင့် အစိုးရ အရာရှိဟောင်းများ ထံမှ တောင်းဆိုမှု များဖြစ်သည်။
ယခုအချိန်တွင် ထိုသို့ အကာအကွယ်ပေးရေးကို ၁၉၇၉ ခုနှစ်တွင် ပြဌာန်းခဲ့သော ဥပဒေတခုဖြင့်သာ သတ်မှတ်ထားသည်။ ထိုဥပဒေအရ “ငြိမ်းချမ်းသော နည်းလမ်းများဖြင့် မဟုတ်ဘဲ သပိတ်မှောက်ခြင်း သို့မဟုတ် ကုန်သွယ်ရေး ပိတ်ပင်တားမြစ်ခြင်း အပါအဝင် ထိုင်ဝမ်၏အနာဂတ်ကို ဆုံးဖြတ်ရန် အားထုတ်ခြင်း မှန်သမျှသည် အနောက်ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုခြိမ်းခြောက်ခြင်း ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအတွက် အလေးအနက် စိုးရိမ်စရာ ဖြစ်သည်”။ ထိုသို့ မရေမရာ သတ်မှတ်ထားခြင်းသည် နားဝင်ကောင်းသော စကားလုံးလှလှဖြင့် “ဗျူဟာ မြောက်စွာ စကားလုံး ၂ ခွ ပြောဆိုထားခြင်း” သာဖြစ်သည်။
ယခင်က အမေရိကန် စစ်ဌာနချုပ်မှ အကြီးတန်း အရာရှိတဦး ဖြစ်ပြီး ယခုအခါ ဒေါ်နယ်ထရမ့် အစိုးရ၏ အမျိုးသား ကာကွယ်ရေး မဟာဗျူဟာ ရေးဆွဲသူ တဦး ဖြစ်သော အဲလ်ဘရစ်ချ်ကော်လ်ဘီ Elbridge Colby က ယခုအချိန်သည် “ အင်အား အသုံးပြုရေးမှာ ကျနော်တို့ ဘယ်လိုတုံ့ပြန်သင့်တယ် ဆိုတာနဲ့ ပတ်သက်လို့ ကျန်ရှိနေသေးတဲ့ မရေရာမှုတွေကို အဆုံးသတ်ရမယ့် အချိန် ဖြစ်ပါတယ်” ဟု ဩဂုတ်လ အတွင်းတွင် New York Times သို့ ပြောကြားခဲ့သည်။
ဖလော်ရီဒါမှ ရီပတ် ဘလစ်ကန် ကိုယ်စားလှယ်တဦး ဖြစ်သည့် တက်ဒ်ယိုဟို Ted Yoho ကလည်း စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို အခွင့်အာဏာ ပေးနိုင်ရန် “ထိုင်ဝမ် ကျူးကျော်မှု တားဆီးရေး ဥပဒေ” တခု အတွက် စည်းရုံးလှုံ့ဆော်နေသည်။
အခြားသူများကမူ အမေရိကန်နိုင်ငံက သံတမန်ဆက်ဆံရေးကို ထိုင်ဝမ်မှ တရုတ်နိုင်ငံ ဘက်သို့ ပြောင်းပြီးနောက်ပိုင်း ဆယ်စုနှစ် ၄ ခု ကာလအတွင်း မဟာဗျူဟာကျကျ မရေရာ ပြုလုပ်ခြင်းက အလုပ်ဖြစ်ခဲ့သည်ဟု ဆိုကြသည်။ ထိုအခြေအနေက အမေရိကန်အနေဖြင့် ထိုင်ဝမ်နိုင်ငံသို့ တရုတ်၏ ကျူးကျော်ဝင်ရောက်မှုကို ခွင့်ပြုမည် မဟုတ်ကြောင်း စိတ်ချစေရန် လုံလောက်မှု ပေးခဲ့သည်။ သို့သော်လည်း တရားဝင် လွတ်လပ်ရေး ရရှိရေး စွန့်စားလိုသူများကို လုံလောက်သော ယုံကြည်စိတ်ချမှု မဖြစ်စေခဲ့ပါ။ ယခုအခါ နူးညံ့သိမ်မွေ့သော အဆိုပါ ဟန်ချက်ညီမျှမှုက ခြိမ်းခြောက်မှုအောက်တွင် ရောက်နေသည့် အသွင်ရှိသည်။
တရုတ်နိုင်ငံဘက်ကမူ အကယ်၍ ဒေါ်နယ်ထရမ့်လက်ထက်တွင် မရေရာမှုများကို ဖြေရှင်းနိုင်ပါက ၎င်းတို့၏ သဘောကျဖြစ်လိမ့်မည်ဟု ယုံကြည်ကောင်း ယုံကြည်နေနိုင်ပါသည်။
တရုတ်နိုင်ငံဘက်ကမူ အကယ်၍ ဒေါ်နယ်ထရမ့်လက်ထက်တွင် မရေရာမှုများကို ဖြေရှင်းနိုင်ပါက ၎င်းတို့၏ သဘောကျဖြစ်လိမ့်မည်ဟု ယုံကြည်ကောင်း ယုံကြည်နေနိုင်ပါသည်။
ယခုနှစ်တွင် ထုတ်ဝေခဲ့သော သူ၏ ကိုယ်တွေ့ မှတ်တမ်းစာအုပ်တွင် ဒေါ်နယ်ထရမ့်၏ အစွန့်ပစ်ခံ အမျိုးသားလုံခြုံရေး အကြံပေးများ ထဲမှ တဦးဖြစ်သည့် ဂျွန်ဘော်လ်တန် John Bolton က ထိုင်ဝမ်သည် သူ၏ အလုပ်ရှင်ဟောင်းက ပစ်ချခံရမည့် အမေရိကန်၏ နောက်ထပ် မဟာမိတ် ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားသည်။ ဩဂုတ်လအတွင်းတွင် Global Times မှ ဝေဖန်သုံးသပ်သူတဦးက ပြောသည့်အတိုင်းဆိုလျှင် “အမေရိကန်အတွက် ထိုင်ဝမ်သည် ကုန်သွယ်ရေး စစ်တုရင် နယ်ရုပ်တခုသာ ဖြစ်သည်။” နောက်ဆုံးတွင် ဒေါ်နယ်ထရမ့်က “အမေရိက ပထမ” သာလျှင် အမြဲ ဖြစ်သည်။ ကုန်သွယ်ရေး လိုက်လျောမှုများက သူ့အတွက် မဟာမိတ်ဖွဲ့ခြင်းထက် အမြဲ ပို၍ အရေးကြီးသည် ဟု ထင်ရသည်။
အလွန်ကွဲပြားခြားနားသည့် အကြောင်းများ ရှိနေသည့်တိုင် မဟာဗျူဟာမြောက်စွာ စိတ်ရှည်သည်းခံမှုအတွက် တရုတ်ထံတွင် အကြောင်းများ ရှိနေနိုင်သည်။ ပြန်လည်ပေါင်းစည်းရေး ထိုင်ဝမ်ပြည်သူများ၏ ထောက်ခံမှု ရရှိရန် မျှော်လင့်ချက် မှန်သမျှသည် ကြိုတင်မှန်းဆကြည့်နိုင်သော အနာဂတ်အတွက် မဖြစ်နိုင်သော အိပ်မက်တခု ဖြစ်ကြောင်း တရုတ်နိုင်ငံ သဘောပေါက်ရမည်။
သို့သော်လည်း ဗိုင်းရပ်စ်ပိုး ဝါးမျိုခြင်းကို ခံနေရသော အမေရိကန်၊ စီးပွါးရေးကျဆင်းမှုနှင့် နိုင်ငံရေးဒဏ်ရာများကို ကုသရန် မဖြစ်နိုင်လောက်အောင် ဆိုးရွားသော ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် ထိုင်ဝမ်၏လွတ်လပ်မှုကို ခုခံကာကွယ်ရန် အမေရိကန်က သွေးဖြင့်ရင်း ပါမည်လော။
နှိုင်းယှဉ်ကြည့်လျှင် တရုတ်နိုင်ငံတွင် ရွေးကောက်ပွဲ ရှိမနေဘဲ ကပ်ရောဂါကိုလည်း နှိမ်နင်းပြီးဖြစ်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသို့ ပြန်သွားနေပြီ ဖြစ်သည်။
သို့သော် ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်ရယူရေးသည် အသက် သွေးချွေးများသာမက ဒေသတွင်းနှင့် ကမ္ဘာ့ ပထဝီနိုင်ငံရေး အတွက် တန်ဖိုးကြီးလွန်းသည်။
ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် လတ်တလောတွင် ထိုင်ဝမ် လွတ်လပ်ရေးအတွက် ပြင်းပြသော ဆန္ဒများကို ကြီးမားသော စစ်ရေးအင်အားပြပွဲများဖြင့် ဟန့်တားထိန်းချုပ်ရန်သာ လုပ်ဆောင်နေတော့သည်။
ကိုးကား။ ။ The Economist ၏ China’s war games raise fears for Taiwan’s security
You may also like these stories:
“ရန်လိုသောလုပ်ရပ်များ” ကို ဆန့်ကျင်ဖို့ မဟာမိတ်ဖွဲ့ရန် ထိုင်ဝမ်သမ္မတ တိုက်တွန်း
တရုတ်လေယာဉ်များကို ကြားဖြတ်ဟန့်တားခဲ့သည့် လေယာဉ်မှူးများကို ထိုင်ဝမ်သမ္မတချီးကျူး
ကိုဗစ်ကာလ ကုလသမဂ္ဂ အထွေထွေညီလာခံ တရုတ်နှင့် အမေရိကန် တင်းမာမှုက နေရာယူ