လွန်ခဲ့တဲ့ ၆ နှစ်က အသားအရည် ဖြူဖြူဝင်းဝင်း၊ ကိုယ်ဟန်သွယ်သွယ်၊ မျက်ခုံးမျက်လုံး ကောင်းကောင်းနဲ့ မျက်တောင်တွေ စင်းကော့လို့ မိန်းမလှစာရင်းထဲ ပါခဲ့တဲ့ မခိုင်ခိုင်ဟာ အခုတော့ ပိန်ချုံးချိနဲ့ကာ အသားအရည်လည်း ညစ်နွမ်းပြီး အခြားလူ ၁ ယောက်လို ဖြစ်နေပါတယ်။
မခိုင်ခိုင်ဟာ အရင်က သိပ်လှလို့ အမျိုးသားတိုင်းက စိတ်ဝင်စား၊ သဘောကျကြတယ်လို့တောင် ဒေသခံအချို့က ပြောကြပါတယ်။
အခုတော့ ချေးအထပ်ထပ်နဲ့ မဲညစ်ဟောင်းနွမ်းနေတဲ့ စောင် ၁ ထည်နဲ့ အဝတ်အစား ၂ စုံကို ရစ်ပတ်ထုတ်၊ လက်မှာ ပိုက်ထားတဲ့ မခိုင်ခိုင် ၁ ယောက် မိုးလင်းလာတာနဲ့ ပထမဆုံး သူလုပ်မယ့် အလုပ်က ဆေးဖိုး ပိုက်ဆံရှာဖို့ပါ။
ဆေးမရရင် မခံစားနိုင်လောက်အောင် ကိုက်ခဲတာကြောင့် တနေ့တာ ဆေးဖိုးကိုတော့ မရရအောင် သူရှာရပါတယ်။
“မခံနိုင်ဘူး။ အခုတောင် ထုံဆေး၊ ပရာစီတမော သောက်ထားရတာ”လို့ ပြောရင်း သူ့လက်နှစ်ဖက်ကလည်း ကုတ်ဖဲ့နေပါတယ်။
မခိုင်ခိုင်ရှာနေတဲ့ ဆေးက အကိုက်အခဲပျောက်ဆေး ဒါမှမဟုတ် နာတာရှည်ရောဂါအတွက် ဝယ်သောက်ရမယ့် ဆေး မဟုတ်ပါဘူး။ ယင်းကန်တာကို ဖြေဖျောက်ဖို့ အကြောထဲ ထိုးသွင်းရမယ့် ဘိန်းဖြူမှုန့်ပါ။
မခိုင်ခိုင်က ရခိုင်ပြည်နယ် မြေပုံမြို့ဇာတိ ရခိုင်သူ ၁ ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၆ နှစ်က မိသားစုနဲ့ စကားများ ရန်ဖြစ်လို့ ကလေးနှစ်ယောက်ကို ပစ်ထားပြီး အိမ်ပေါ်က ဆင်းလာရင်း ပိုက်ဆံရှာဖို့ ကချင်ပြည်နယ် ဖားကန့်ကို ရောက်လာတာပါ။
ဖားကန့်ရောက်တော့ ယောင်္ကျားသားတွေနဲ့ တိုးဝှေ့ ကျောက်ရှာ၊ ကျောက်မတွေ့တော့ ခေါင်းရွက်ဗျက်ထိုး ဟင်းရွက်စိမ်း ရောင်းရင်း ပတ်ဝန်းကျင် အပေါင်းအသင်း အဆွယ်ကောင်းလို့ မူးယစ်ဆေး အနည်းငယ် စမ်းသုံးရာကနေ ဆေးစွဲပြီး လမ်းဘေးမှာ အခြေအနေမဲ့နေတဲ့ ဆေးသမားဘဝကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
“ဒီမှာ ဂျလေဘီဖြစ်နေတာ။ ဟိုသွားဒီသွားနဲ့ ဘာမှလည်းမလုပ်နိုင်၊ အလုပ်လည်းမရှိဘူး။ ဘယ်သူမှလည်း ကျမတို့ကို အလုပ်မခန့်ဘူး။ ဒီလိုနဲ့ ယောင်္ကျားတွေရ မူးယစ်ဆေးဝါးစွဲနေတာ”လို့ ပြောရင်း အိမ်ကို သတိရကြောင်း စကားတွေ ပလုံးပထွေးနဲ့ ဆက်ပြောနေပါတယ်။
မှေးစင်းနေတဲ့ သူ့မျက်လုံးအစုံကို ဖွင့်ရင်း စကားတွေ ပြောရင်းဆိုရင်းနဲ့ပဲ ဒီတနေ့စာ ဆေးဖိုးရဖို့ ကျောက်တိုကျောက်စတွေ ရှာရောင်းရဦးမယ်ဆိုပြီး မခိုင်ခိုင်က သူသယ်လာတဲ့ အဝတ် ၂ စုံကို ပိုက်၊ သူ့ခြုံစောင်ကြီးကို လက်တဖက်က ဆွဲပြီး ထွက်သွားပါတော့တယ်။
မခိုင်ခိုင်ဟာ ဖားကန့်မှာတော့ ကျောက်ရှာရင်း ဆေးစွဲလို့ ဘဝပျက်နေသူများစွာထဲက တဦးပါ။
ဖားကန့်အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ နိုင်ငံအနှံ့ကနေ ဖားကန့်ကို ရေမဆေးကျောက်လာရှာသူ ၂ သိန်းခန့်ရှိပြီး အများစုက မူးယစ်ဆေး သုံးစွဲကြသူတွေပါ။
ဖားကန့်မြို့နယ် ကုသရေးဦးစီးဌာနရဲ့ စာရင်းဇယားအရ မူးယစ်ဆေးစွဲနေတာကို ဖြတ်ဖို့အတွက် အစိုးရရဲ့ စင်တာ ၅ ခုမှာ နေ့စဉ် မက်သဒုံး လာသောက်နေသူဦးရေ ၂၇၀၀ ကျော် ရှိပါတယ်။
ဆေးလာမဖြတ်ပဲ မခိုင်ခိုင်လို မြေစာပုံတွေမှာ ကျောက်ရှာလိုက်၊ ရတဲ့ ငွေအနည်းအကျဉ်းကို ဆေးဝယ်သုံးလိုက်၊ ပိုက်ဆံ ရှာမရတဲ့ ရက်တွေကျရင် ဆေးသမားကုန်းလို့ ဒေသက ခေါ်ကြတဲ့ မြေစာပုံတွေပေါ်မှာ ဈေးပေါပေါရတဲ့ ဆေးကို သုံးလိုက် မှိန်းလိုက်နဲ့ လည်ပတ်နေကြတဲ့ ဆေးသမားတွေလည်း ရှိပါတယ်။
အချို့ရေမဆေးသမားတွေကတော့ နေ့နေ့ညည ကျောက်ရှာနိုင်ဖို့အတွက် စိတ်တက်ကြွအောင် မက်သမ်မက်ဖာတမင်းဆေးပြားတွေကို သုံးစွဲကြပါတယ်။
ဖားကန့်မြို့နယ်က ကမာ္ဘမှာ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းတွေ ထွက်တာကြောင့် ကျောက်စိမ်းမြို့တော်လို့ နာမည်ကျော်ကြားပေမယ့် ဒေသတွင်းမှ ဆေးသမားတွေရဲ့ မြို့တော်လို့ ပြောရလောက်အောင် စိတ်ကြွဆေး၊ ဘိန်းဖြူ ၊ ဘိန်းမဲ ပေါပေါသီသီရပါတယ်။
ဘိန်းဖြူ အကြောထဲ တခါထိုးသွင်းဖို့ တခါရှုရှိုက်ဖို့လောက် ပမာဏကို ငွေကျပ် ၂၀၀ ဖိုးကနေ စပြီး ဝယ်ယူနိုင်ကြပါတယ်။
ဆေးစွဲနေတဲ့ ရေမဆေးသမားတွေက မြေစာပုံမှာ ကျောက်ရှာရင်း ဒေသအခေါ် ထမင်းစားကျောက်တွေ ရရင် ၃၀၀၀၊ ၅၀၀၀ ၊ ၁၀၀၀၀ ကျပ် စတဲ့ ဈေးတွေနဲ့ ရောင်းလိုက် ဆေးအရင် ဝယ်သုံး၊ ပြီးမှ ကျန်တဲ့ ငွေကို ထမင်းဝယ်စားကြတာပါ။
မှော်စီစာ မြေစာပုံမှာ နေထိုင်တဲ့ ကိုဇော်ဇော်ထွန်းဆိုရင် ဖားကန့်ကို သူရောက်နေတာ ၁၂ နှစ်ကျော်ပါပြီ။ သူကလည်း ဘိန်းဖြူမှုန့်ကို ခဲပြားပေါ်တင် မီးရှို့ပြီး အငွေ့ရှုရတာကို စွဲနေသူ ၁ ဦးပါ။
ဖားကန့်ဆောင်းက သိပ်အေးတော့ ကျောက်ရှာရင်း နေ့နေ့ညည မပင်မပန်း အလုပ်လုပ်နိုင်ဖို့ စမ်းသုံးကြည့်ရာကနေ ဆေးမရှုရ မနေနိုင်တဲ့အထိ စွဲသွားသူပါလို့ သူ့ကိုယ်သူ ပြောပါတယ်။
အခုလည်း ဆေးမရှုရရင် မျက်ရည်၊ မျက်ဝတ်တွေ ထွက်၊ ချောင်းတွေဆိုးပြီး လမ်းမလျှောက်နိုင်အောင်ကို ပျော့ခွေနေတာကြောင့် မနက်တကြိမ်၊ ညနေတကြိမ် ပုံမှန်ကို ရှုနေရတာလို့ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
“ကျနော့်လက်ထဲ တကျပ်မှ မရှိလည်း ရအောင်ရှာပြီး သုံးရတာပဲ။ နေ့တိုင်းရှာနေရတယ်။ အခုဆို ကျနော့်လက်ထဲ ပိုက်ဆံ ၁၅၀၀ ရှိတာ ဆေးရှုလိုက်ပြီ။ ထမင်းစားဖို့ မကျန်တော့ဘူး။ ထမင်းစားဖို့က အခုသွားရှာရမှာ။ ထမင်းကလည်း ဖြစ်အောင်တော့ ရှာစားရတာပေါ့။ တခါပြင်ကို ၅၀၀ နဲ့ ရောင်းတာ အဲဒါ စားတယ်”လို့ ပြောပြပါတယ်။
ကိုဇော်ဇော်ထွန်းကတော့ မခိုင်ခိုင်လောက် ရုပ်မပျက်၊ လူပုံကိုကြည့်ရင် သာမာန် သန်သန်မာမာ လူလတ်ပိုင်း တယောက်လိုပုံသာ ဖြစ်ပါတယ်။
သူ့အိပ်မက်က ရာတန်ကျောက်တလုံးလောက်ရရင် နေရပ်ရင်း ရခိုင်ပြည်နယ်ကို ပြန်ပြီး သူ့အဖေ၊ အမေနဲ့ အတူပြန်နေဖို့ပါ။
ရခိုင်မှာက အလုပ်အကိုင်လည်း ရှား၊ မိသားစုကလည်း ဆင်းရဲနွမ်းပါးတာကြောင့် ဖားကန့်မှာ ကျောက်အောင်မှပဲ သူအိမ်ကို ပြန်တော့မယ်လို့လည်း ပြောပါတယ်။
ကျောက်လည်း မရ၊ ငွေလည်း မရှိ၊ လက်ဗလာနဲ့ အိမ်ပြန်ဖို့ကိုတော့ ကိုဇော်ဇော်ထွန်းက စိတ်မကူးထားဘူးလို့ ပြောပါတယ်။
“မူးယစ်ဆေးဖြတ်ချင်တဲ့ ဆန္ဒရှိတယ်။အခု ပိုက်ဆံနည်းနည်းရရင်ကို ကျနော်နားတော့မှာ။ ဒီဘဝက မလွယ်ဘူး။ ပြောရရင် ငရဲပဲ”
လက်ရှိမှာတော့ သူက မှော်စီစာ ဆေးသမားကုန်းက သူများအိမ်မှာ ကပ်နေပါတယ်။ အိမ်ဆိုလို့လည်း အခိုင်အမာ သစ်၊ ဝါးနဲ့ ဆောက်ထားတာမျိုး မဟုတ်ပါဘူး။ အစိမ်းရောင် တာလပတ်ကို ဝါးလုံးတွေနဲ့ ထိုးထားတဲ့ ယာယီတဲငယ်လေး ၁ လုံး သာ ဖြစ်ပါတယ်။
ကိုဇော်ဇော်ထွန်းက “မူးယစ်ဆေးဖြတ်ချင်တဲ့ ဆန္ဒရှိတယ်။အခု ပိုက်ဆံနည်းနည်းရရင်ကို ကျနော်နားတော့မှာ။ ဒီဘဝက မလွယ်ဘူး။ ပြောရရင် ငရဲပဲ” လို့လည်း ပြောပါတယ်။
မူးယစ်နွံထဲ နစ်ပြီး ငွေလည်း များများရှာမရတဲ့ သူ့အဖြစ်ကို သူ တွေးကြည့်ရင် ကျိန်စာမိနေသလိုတောင် ထင်မိတယ်လို့ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
သူက “နတ်ကြီးတာကို ကျနော် အယုံအကြည်ရှိတယ်။ မူးယစ်ဆေးကိုတောင် ကျိန်စာတခု သက်ရောက်နေတယ်လို့ ပြောကြတယ်။ ကျနော်ဆို တအားဖြတ်ချင်တယ်။ ရခိုင်ပြန်ပြီး ဖြတ်လိုက်တာ ရတယ်။ ဒီနယ်ကို ပြန်ရောက်တာနဲ့ ဒီနေ့ ရောက် ဒီနေ့ပြန်ချတာပဲ။ မှော်ထဲပြန်စရောက်တာနဲ့ ပြန်ရှုတာပဲ။ ငါလုံးဝမရှုတော့ဘူး သန္နိဌာန်ချတာလည်း မရဘူး”လို့ ပြောပါတယ်။
ဖားကန့်မှာ ထွက်တဲ့ ကျောက်စိမ်းသယံဇာတတွေကို စစ်အစိုးရခေါင်းဆောင်ဟောင်းတွေနဲ့ အပေါင်းအပါ ကုမ္ပဏီတွေက ၁၉၉၄ ခုနှစ်ကနေ စလို့ တူးဖော်ကြတာကြောင့် ဖားကန့်ဟာ တောတောင်တွေ ပျောက်ပြီး ပေထောင်ချီနက်တဲ့ မြေတွင်း အကျယ်ကြီးတွေဖြစ်သွားပြီးပါပြီ။
လောဘဇောတိုက်ပြီး တောင်တွေဖြို၊ မြေတွေ ပေထောင်ချီနက်အောင်တူး၊ တူးလိုက်ပြီး ကျောက်စိမ်းရှာလို့ ကုန်တဲ့ မြေစာပုံတွေမှာ ရေမဆေးသမားတွေက တတ်ရှာကြရင်း မိုးတွင်းဆို မြေပြိုလို့ ရာချီ သေကြတာကို သယံဇာတရဲ့ ကျိန်စာ လို့ သဘာဝပတ်ဝန်းကျင်လှုပ်ရှားကြသူတွေက ပြောဆိုကြပါတယ်။
ကိုဇော်ဇော်ထွန်းတို့ ဆေးသမားတွေကတော့ မူးယစ်ဆေးဟာလည်း ကျိန်စာတခုလို့ ယုံကြည်နေကြပုံပါပဲ။
ဖားကန့်မှာ ရေမဆေးရှာသူတွေရဲ့ ဘဝဟာ မလွယ်ကူကြပါဘူး။ ရေမဆေးသမားတွေဟာ မတူညီတဲ့ နေရပ်ဒေသ အသီးသီးက လာကြပေမယ့် သူတို့အားလုံးက မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေ ရှာမရ၊ အလုပ်အကိုင်မရှိလို့ သူဌေးဖြစ်ဖို့ အိပ်မက်နဲ့ ရည်မှန်းချက် တူကြသူတွေပါ။
အချိန်မရွေး ပြိုကျပြီး အရှင်လတ်လတ် မြေမြှုပ်ခံရနိုင်တဲ့ မြေစာပုံတွေမှာ ကျောက်ရှာရင်း ကံကောင်းလို့ သိန်းရာထောင်ချီ ကျောက်ရှာတွေ့သွားပြီး အိမ်ပြန်သွားကြသူတွေက လက်ချိုးရေလို့ ရတဲ့ အနည်းစုလေးပါ။
ရည်မှန်းချက် မအောင်မြင်ခင်မှာ ဆေးစွဲသွားသူတွေကတော့ ဖားကန့်မှာပဲ သေသူသေ၊ သံသရာလည်သူ လည်နေတာက ပိုများပါတယ်။
ဘိန်းဖြူနဲ့ မူးယစ်ဆေးကလည်း ခပ်ဝေးဝေး သွားရှာစရာကို မလိုပါဘူး။ သူတို့ကျောက်ရှာတဲ့ မြေစာပုံတွေနားမှာပဲ ဘိန်းဖြူ၊ မူးယစ်ဆေးပြား၊ ဘိန်းမဲ ကို ထိုင်ရောင်းတဲ့ သူတွေ ဆီကပဲ အလွယ်တကူဝယ်သုံးနိုင်ကြတာပါ။
ကိုဇော်ဇော်ထွန်းတို့လို ရှုတဲ့ရှိုက်တဲ့သူအတွက်ဆိုရင် တခါသုံးစာ ခဲပြား၊ မခိုင်ခိုင်တို့လို အကြောထဲ ထိုးသွင်းသူတွေ အတွက်ဆိုရင် မိုးရေနဲ့ ဆေးထိုးအပ် စတာတွေက်ို ရောင်းသူတွေဘက်က အလကား ဝန်ဆောင်မှု ပေးနေကြတာပါ။
ဆေးရောင်းသူအချို့ဆိုရင် တခါသုံး ဆေးထိုးအပ်အသစ်ထဲ မိုးရေနဲ့ ဘိန်းဖြူ ရောပြီးသား အဆင်သင့် ထိုးသွင်းရုံကို ဝန်ဆောင်မှုပေးပြီး ရောင်းချနေတာ ဖြစ်ပါတယ်။
ကုဋေမှော်မှာ မူးယစ်ဆေးကို လက်လီရောင်းတဲ့ ကိုကျော်ကျော်က “ဆေးထိုးအပ်နဲ့ မိုးရေက NGO တွေဆီက ရတာ၊ ကျနော်တို့ဒိုင်ဆီမှာ ပစ္စည်း (ဘိန်းဖြူနဲ့ မူးယစ်ဆေး) သွားဝယ်ရင် ကိုယ်ဝယ်သလောက်ကို ပြန်ရောင်းဖို့ ဆေးထိုးအပ်နဲ့ မိုးရေက ခြင်းလိုက် ချပေးထားတာ။ လိုသလောက် ယူလာရုံပဲ”လို့ ပြောပါတယ်။
ဖားကန့်မှာ မူးယစ်ဆေးကို ဒိုင်လုပ်ပြီး လက်လီရောင်းသူတွေကို ဖြန့်တဲ့ ဒိုင်တွေ ၃ ဦးထက် မနည်း ရှိပေမယ့် သွားယူဖူးတာကတော့ ချောင်းဆုံမှာ ခြံဝင်းထဲ သီးသန့်ဆောက်ထားတဲ့ အခန်းတွေထဲမှာ လက်လီသမားတွေကို ရောင်းချပေးတာလို့ သူက ပြောပါတယ်။
အချို့ဒိုင်တွေကတော့ ဆေးလာဝယ်သူကို ခြံဝင်းထဲ အဝင်မခံဘဲ အုတ်နံရံကာထားတဲ့ ခြံထဲမှာ လက်တလျှိုစာ အပေါက် ဖောက်ထားပြီး အထဲကနေ အပြင်ကို အရောင်းအဝယ် လုပ်တာလို့လည်း သူက ပြောပါတယ်။
ဆက်ပြီး ကိုကျော်ကျော်က “ကျနော်ယူတဲ့ ဒိုင်နာမည်တော့ ကျနော်မသိဘူး။ သူတို့ကတော့ ကျကျနန အခန်းဆောက်ပြီး ရောင်းတာ။ ကျနော်ကျတော့ ကျောက်ရှာတာလည်း မရလို့ ငွေလိုလို့ အရောင်းအဝယ်လုပ်တာ။ မူးယစ်ဆေးက ငွေအရမ်း ရှာလို့ လွယ်တယ်”လို့ ဆိုရင်း လက်သန်းအရွယ် ပုလင်းတလုံးစာ ဘိန်းဖြူရောင်းရရင် ငွေ ၅၀၀၀ လောက် သူ့အတွက် မြတ်တယ်လို့လည်း ပြောပါတယ်။
ကိုကျော်ကျော်က ပြင်ဦးလွင်ဇာတိသားပါ။ သူကလည်း ပိုက်ဆံများများ ရရင် အိမ်ပြန်ပြီး ရင်းနှီးမြှုပ်နှံဖို့ စီးပွားတခု ထူထောင်ဖို့ ရည်မှန်းချက် ရှိသူတဦး ဖြစ်ပါတယ်။
ဖားကန့်မှာ ဆေးစွဲပြီး ဘဝတွေ ပျက်၊ လမ်းဘေးမှာ သေဆုံးသွားတဲ့ သူတွေကို မြင်ရရင် သူလုပ်တဲ့ ဆေးရောင်းသူ အလုပ်ကို စိတ်မပျက်ဘူးလားလို့ မေးရာမှာတော့ ကိုကျော်ကျော်က “သူတို့က မကောင်းမှန်းသိလျက်၊ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိလျက်နဲ့ သုံးနေကြတာပဲ။ သူတို့သာ ကျနော်တို့ဆီက ဆေးမဝယ်ရလို့ ဆေးမသုံးရရင် နေလို့ ထိုင်လို့ မရဖြစ်ပြီး ပိုခက်ခဲမှာ”လို့ တုန့်ပြန်ပါတယ်။
ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့စဉ်တုန်းက ကိုကျော်ကျော်ထွန်းက ဆေးရောင်းနေတဲ့ အချိန်တော့ မဟုတ်ပါဘူး။
သူက ဖားကန့်မြို့နယ်၊ လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေး (Patjasan) အဖွဲ့က ဖမ်းဆီးတာကို ခံထားရပြီး Patjasan အဖွဲ့ရဲ့ ဆေးဖြတ်စခန်းမှာ လူမှုရေးပြစ်ဒဏ်အဖြစ် လုပ်အားပေး လုပ်နေရတာပါ။
Patjasan အဖွဲ့က ဒေသခံရပ်မိရပ်ဖတွေ လူငယ်တွေနဲ့ ဖွဲ့စည်းထားပြီး ဒေသတွင်း၊ ရပ်ရွာအတွင်းမှာ မူးယစ်ဆေး ရောင်းဝယ်သူတွေ တွေ့ရင် ဖမ်းဆီးပြီး ရဲလက်အပ်တာ၊ မူးယစ်ဆေးသုံးသူတွေကို ဖျောင်းဖျပြီး ဆေးဖြတ်ပေးတာမျိုး တွေကို လုပ်တဲ့ လူထု အခြေပြုအဖွဲ့အစည်းပါ။
Patjasan က တာဝန်ရှိသူတွေကတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးဌာနေတွေက ဆေးသမားတွေကို ဆေးထိုးအပ်၊ မိုးရေ အလကား ဖြန့်ဝေပေးနေတာကို သဘောမတွေ့ပါဘူး။
ဆေးထိုးအပ်နဲ့ မိုးရေကို လိုသလောက် အလွယ်တကူ ရနိုင်တာက ဆေးသမားတွေကို ပိုအားပေးရာ ရောက်တယ်လို့ ပြောဆိုကြပါတယ်။
ဖားကန့်မြို့နယ်၊ကုသရေးဦးစီးဌာနရဲ့ ဌာနမှူး ဒေါက်တာမင်းလွင်က မူးယစ်ဆေးကို အကြောထဲ ထိုးသွင်းကြရာမှာ တခါသုံးအပ်တွေကို မရရင် ဆေးသမားတွေက အပ်တွေကို မျှဝေသုံးစွဲရင်း အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIVရောဂါ တွေ ကူးစက်ကြတာကြောင့် ကူးစက်ရောဂါတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဆေးထိုးအပ် ဖြန့်ဝေ ပေးတာလို့ ရှင်းပြပါတယ်။
ဆေးသုံးစွဲသူတွေက တခါသုံးဆေးထိုးအပ်တွေကို ဆေးဆိုင်တွေမှာလည်း ဝယ်ယူဖို့ ခက်ခဲတာ၊ အလွယ်တကူ မရနိုင်တဲ့အခါ ဆေးသုံးတာကိုတော့ ရပ်ပစ်လိုက်ကြမှာ မဟုတ်ဘဲ ဆေးထိုးအပ်ကိုပဲ ဝေမျှသုံးကြမှာ ဖြစ်လို့ ရောဂါပိုးတွေ ကူးစက်သွားရင် ဆေးသမားတွေရဲ့နောက်က မိသားစု၊ ဇနီး၊ ခင်ပွန်းတွေကိုလည်း ရောဂါပြန့်ပွား ကူးစက်နိုင်တယ် လို့ ဒေါက်တာမင်းလွင်က ပြောပါတယ်။
“ကျနော်တို့နိုင်ငံမှာ လက်ရှိဖြစ်နေတာက HIV ဆိုရင် မူးယစ်ဆေးဝါး သုံးစွဲတာကနေ အဓိက ကူးတာ။ လွန်ခဲ့တဲ့ ၁၅ နှစ်၊ အနှစ် ၂၀ တုန်းက ကျနော်တို့ပညာပေး လုပ်ငန်းတွေမှာဆိုရင် HIV ဆိုတာ လိင်မှ တဆင့် ကူးစက်လို့ အပျော်အပါး လိုက်စားလို့ဆိုတာတွေရှိခဲ့တယ်။ လူတွေလည်း အသိပညာတိုးလာတော့ အပျော်အပါးလိုက်စားလို့ ကူးတယ်ဆိုတာ နည်းသွားပြီ။ နောက်ပိုင်း ပြန်ဆန်းစစ်ကြည့်တော့ မူးယစ်ဆေးကနေ တဆင့် ကူးတာကနေ များတယ်”လို့လည်း ဒေါက်တာ မင်းလွင်က ပြောပါတယ်။
ဖားကန့်ဟာ ဒီလိုနဲ့ပဲ မူးယစ်ဆေးသံသယရာ လည်နေတာပါ။
ကူးစက်ရောဂါတွေ မကူးဖို့ တားဆီးတဲ့ အနေနဲ့ ဆေးထိုးအပ်၊ မိုးရေတွေလိုသလောက် ရတော့ ဆေးသမားတွေက သူတို့ တခါသုံးပြီးတာနဲ့ ဆေးထိုးအပ်တွေ မိုးရေဘူးခွံတွေကို သူတို့ အသုံးပြုခဲ့တဲ့ နေရာမှာပဲ လွှင့်ပစ်ထားခဲ့ကြပါတယ်။
ဆေးသမားတွေ ပစ်ထားခဲ့တဲ့ အပ်တွေနဲ့ ဘူးခွံတွေကိုတော့ လိုက်စုကောက်ပြီး အပ်ဝေတဲ့ အရပ်ဘက်အဖွဲ့အစည်း ထံကို ပြန်သွားသွင်းတဲ့ သူတွေလည်း ရှိပါတယ်။
သူတို့ကတော့ တပိဿာကို ၃၀၀၀ ကျပ်ရကြပါတယ်။ ဆေးထိုးအပ် အခမဲ့ ဝေတဲ့ အဖွဲ့တွေကတော့ ပြန်လာသွင်းတဲ့ သုံးပြီးသား အပ်တွေကို မီးရှို့ဖျက်ဆီးလိုက်ကြတာပါ။
ဖားကန့်ဟာ ဒီလိုနဲ့ပဲ မူးယစ်ဆေးသံသယရာ လည်နေတာပါ။
သာမာန်အတိုင်း ကြည့်ရင် ဆေးစွဲနေတဲ့ ရေမဆေးသမားတွေ ဆေးသုံးရင်း ဘဝပျက်သွားသူတွေကို လူမှုအသ်ိုင်းအဝိုင်းက ကျဉ်ထားကြ ရှောင်ဖယ်ကြပေမယ့် သူတို့ရဲ့ နောက်မှာတော့ မူးယစ်ဆေးကို စီးပွားဖြစ် ရောင်းဝယ် ဖောက်ကားနေတဲ့ ဒိုင်တွေ ရှိနေပါတယ်။
ဖားကန့်က ဒေသခံရပ်မိရပ်ဖတွေကတော့ မူးယစ်ဒိုင်တွေကို ရဲတပ်ဖွဲ့တွေက ငွေကြေး အပေးအယူလုပ်ပြီး အကာအကွယ် ပေးထားတယ်လို့တောင် စွပ်စွဲဝေဖန်ကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ဖားကန့်ကို ဧရာဝတီ သတင်းအဖွဲ့ သွားရောက်ပြီး သတင်းပေးပို့မှုတွေ လုပ်ပြီးနောက်ပိုင်း ဒေသခံ ရဲနဲ့ တပ်မတော် လုံခြုံရေးတပ်ဖွဲ့တွေ မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့ နေရာတချို့ကို ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။
ယခုလပိုင်းအတွင်း တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ပြည်နယ်နဲ့တိုင်း ဒေသအသီးသီးမှာလည်း မူးယစ်ဆေး သယ်ဆောင်သူတွေကို ပိုက်စိပ်တိုက် ရှာဖွေပြီး ဖမ်းဆီးတာတွေ ပိုများလာပါတယ်။
တပ်မတော်ကဆိုရင် ရှမ်းပြည်နယ်က ကောင်းခါးပြည်သူ့စစ် တပ်ဖွဲ့ကို မူးယစ်ဆေးကြောင့် လက်နက်ဖြုတ်သိမ်းတာ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ မူးယစ်ဆေးကို လက်ကြီး သယ်ယူရောင်းချတဲ့ သူတွေကို လိုက်ဖမ်းတာမျိုးကို ၂၀၂၀ ခုနှစ်အတွင်း ခပ်စိပ်စိပ် ပြုလုပ်လာပါတယ်။
မူးယစ်ဆေးပေါတယ်လို့ နာမည်ကြီးတဲ့ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းမှာဆိုရင်လည်း ယခု လပိုင်းအတွင်း ကျပ်ဘီလီယံ ရာနဲ့ချီ တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဆက်တိုက် ဖမ်းမိနေတာပါ။
ဒါပေမယ့် ဖားကန့်ရဲ့ မူးယစ်ဆေးသံသယရာကတော့ ပုံမှန်အတိုင်း လည်ပတ်နေကြတုန်းပါပဲ။ အခြားဒေသတွေမှာ မူးယစ်ဆေး ရောင်းသူ၊ သုံးသူတွေက ခိုးကြောင်ခိုးဝှက်နဲ့ ရောင်းရ သုံးရပေမယ့် ဖားကန့်ရဲ့ မြေစာပုံတွေပေါ်မှာတော့ မူးယစ်ဆေးတွေ လွတ်မြောက်နယ်မြေတခုလိုပဲ လွတ်လွတ်လပ်လပ် ရောင်းဝယ်၊ သုံးစွဲနေကြဆဲပဲ ဖြစ်ပါတယ်။
You may also like these stories:
မုဒိမ်းကျင့်ခံရသလိုပဲ ခံစားနေရပါတယ်
ဖားကန့်ဒေသက ၅ နှစ်အတွင်း လူသေဆုံးမှုဖြစ်ရပ်များ
အန္တရာယ်ချောက်ကမ်းပါးပေါ်က ခကျန်ရွာ
ဖားကန့်ဒေသ သယံဇာတ အရှုပ်တော်ပုံ အစိုးရ ကိုင်တွယ်နိုင်မလား