ဆောင်းပါး

အစိုးရ က သတင်းမီဒီယာကို ကျပ်သိန်း ၃၀၀ ပေးတာ ချွေးသိပ်တာလား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် ပြည်ထောင်စု အစိုးရက လက်ရှိ ဖြစ်ပွားနေသည့် ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ COVID –19 ကာလအတွင်း ထောက်ပံ့ငွေအဖြစ် ကျပ်သိန်း ၃၀၀ ကို သတင်း မီဒီယာသမားများအတွက် စက်တင်ဘာလ ၃၀ ရက်က ထောက်ပံ့ ကူညီခဲ့သည်။

ထိုသို့ ငွေးကြေး ထောက်ပံ့ခြင်းမှာ သတင်း မီဒီယာလောက တခုတည်းတော့ မဟုတ်ပေ။ ပြန်ကြားရေး ဝန်ကြီးဌာန ဦး ဆောင်၍ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေနှင့် သတင်းမီဒီယာ နယ်ပယ်မှ တာဝန်ရှိသူများနှင့် စက်တင်ဘာလ၂၉ ရက်တွင် အွန်လိုင်း အစည်းအဝေး ပြုလုပ်ပြီးနောက် နယ်ပယ်တခုလျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် နယ်ပယ် ၅ ခုအတွက် ကျပ်သိန်း ၁၅၀၀ ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ တွဲဖက် အတွင်းရေးမှူး ဦးမြင့်ကျော်က “ဒါက ကိုဗစ်ကာလမှာ ကူညီဖို့အတွက် စီမံဘဏ္ဍာ ဌာနကို သူတို့ (ပြန်ကြားရေး) က ဘတ်ဂျက် တင်ပြတော့ စီမံဘဏ္ဍာက ပြန်ချပေးလို့ ကူညီတဲ့ သဘောပါ။ ပေးတာတော့ မီဒီယာအဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ သတင်းထောက်တွေ တဦးချင်းစီ အတွက်ပါ။ တိုင်းပြည်အနေနဲ့ ပရော်ဖက်ရှင်နယ် နယ်ပယ်တွေကို ထောက်ပံ့တာပါ” ဟု ဧရာဝတီကို ပြောသည်။

ယခုလို ငွေကြေး ထောက်ပံ့မှုက၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်က စတင် တာဝန်ယူခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ သက်တမ်း ၅ နှစ်နီးပါးကာလတွင် သတင်း မီဒီယာသမားများကို အစိုးရက ပထမဆုံးအကြိမ် ငွေကြေးတိုက်ရိုက် ထောက်ပံ့ခြင်း ဖြစ်သည်။

အခုက အစိုးရအနေနဲ့ မီဒီယာဆိုတာ ဘာမှ အရေးမကြီးဘူးလို့ ခံယူတဲ့သဘော ဖြစ်နေတယ်။ မီဒီယာတွေကို လွတ်လပ်စွာ သတင်းယူခွင့်ပေးဖို့က လုံးဝကို လိုအပ်ပါတယ်

အစိုးရ ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ကို ကိုဗစ်ကာလအတွင်း ငွေကြေးအကူအညီ လိုအပ်နေသည့် သတင်းထောက်ဦးရေ ၁၀၀၀ ကို တဦးလျှင် ၃ သောင်းကျပ်နှုန်း ထောက်ပံ့ရန် သတင်းမီဒီယာ အဖွဲ့အစည်းများ ဖြစ်သည့် မြန်မာဂျာနယ် လစ်ကွန် ရက် (MJN)၊ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း (MJA)၊ မြန်မာဂျာနယ်လစ် သမဂ္ဂ (MJU)၊ အမျိုးသမီး သတင်းစာ ဆရာများ အသင်း(MWJS)၊ အထက် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းနှင့် BNI တို့က သဘောတူညီထားသည်။

ယခု ရက်ပိုင်းအတွင်းမှာပင် ငွေကြေးအကူအညီ လိုအပ်နေသည့် မြန်မာပြည် အနှံ့အပြားမှ သတင်းထောက်များထံ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ရန် ပြင်ဆင်နေကြောင်း သတင်းမီဒီယာ အဖွဲ့အစည်းများထံက သိရသည်။

NLD အစိုးရအနေဖြင့် သတင်း မီဒီယာလောကကို ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်ချိန်ကျမှ ငွေကြေးထောက်ပံ့ခြင်းအပေါ် သံသယဝင်နေသည့် သတင်းထောက်များ ရှိနေသလို၊ အစိုးရသက်တမ်း ကုန်ဆုံးခါနီးအချိန်တွင် မီဒီယာလောကကို ငွေ ကျပ်သိန်း ၃၀၀ ဖြင့် နှစ်သိမ့်သည် ဟု ယူဆသည့် သတင်းသမား အမြောက်အများလည်း ရှိနေသည်။

မော်ကွန်း မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဇေယျာလှိုင် က “မြန်မာငွေ ၃ သောင်းဆိုတာက ထမင်းစားမယ်ဆို ဘယ်နှရက် စားလို့ရမလဲ။ သတင်းစာဆရာတွေ တောင့်တနေတာက ငွေကြေး အထောက်အပံ့ မဟုတ်ဘူး။ လွတ်လပ်တဲ့ သတင်းရယူခွင့်၊ လွတ်လပ်စွာ သတင်းရေးသားတင်ပြခွင့်၊ နောက် တခုက မီဒီယာတိုက် အားလုံး တန်းတူညီမျှ သတင်းရယူခွင့်ပါ။ အခုက ငွေလေး ၃ သောင်းနဲ့ နှစ်သိမ့်တဲ့ အနေအထားလို့ပဲ မြင်ပါတယ်” ဟု ပြောသည်။

သြဂုတ်လ ၁၆ ရက်က ပြန်လည် စတင်ခဲ့သည့် ကိုဗစ်ရောဂါ ဒုတိယလှိုင်းကို ထိန်းချုပ်ရန်အတွက် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ရန်ကုန်တိုင်း၌ ၂၁ မြို့နယ်၊ မန္တလေးတိုင်းတွင် ၃ မြို့နယ်၊ မွန်ပြည်နယ်တွင်၂ မြို့နယ်၊ ပဲခူးတိုင်းတွင် ၃ မြို့နယ်နှင့် ဧရာဝတီတိုင်းတွင် ၃ မြို့နယ်၊ စုစုပေါင်းမြို့နယ် ၃၂ ခုတို့တွင် ပြည်သူများ အိမ်ထဲ၌သာ နေထိုင်ရန် Stay at Home အမိန့်များ ကြေညာထားသည်။

Stay at Home အမိန့် ထုတ်ပြန်ရာတွင် အစိုးရဝန်ထမ်း၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်း ဆောင်သူများကို အမိန့်မှ ကင်းလွတ်ခွင့် ပေးခဲ့သော်လည်း ပြည်သူလူထုအတွက် အရေးကြီး သတင်းများ ထုတ်လုပ်တင် ဆက်ပေးနေသည့် သတင်းမီဒီယာ သမားများကို ကင်းလွတ်ခွင့်မပြုဘဲ အပြင် မထွက်ရန် ကန့်သတ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်က မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်ရောဂါ ပထမလှိုင်းကာလတွင် Stay at Home အမိန့်ထုတ်ပြန်ရာ၌ သတင်း မီဒီယာများကို ကင်းလွတ်ခွင့် ပေးခဲ့သော်လည်း ကိုဗစ် ဒုတိယလှိုင်းတွင် သတင်းသမားများပါ နေအိမ်၌သာ နေထိုင်ရန် အစိုးရက ကန့်သတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ပုဂ္ဂလိက သတင်း မီဒီယာသမားများမှာ ကိုဗစ်ရောဂါဆိုင်ရာနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းများ အပါအဝင် အများပြည်သူ သိသင့်သော သတင်းများ၊ ဓာတ်ပုံများ၊ ရုပ်သံသတင်းများ ရယူရန် အခက်အခဲများစွာ ကြုံတွေ့နေရသည်။

မြန်မာဂျာနယ်လစ် ကွန်ရက်၊ အထွေထွေ အတွင်းရေးမှူး ဦးနိုင်မင်းဝေက “Stay at Home သတ်မှတ်တဲ့ အထဲမှာ မီဒီယာတွေက ကင်းလွတ်ခွင့် ပိုပြီး ရသင့်ပါတယ်။ ဒါက ပိုက်ဆံ သိန်း ၃၀၀ ပေး တာထက် ပိုပြီး အဓိပ္ပာယ် ရှိမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ကို ရင်ဆိုင်နေရတဲ့ ကာလ မှာ ပညာပေးမှု အပါအဝင် လူတွေရဲ့စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်တာက မီဒီယာပဲ လုပ်ပေးနိုင်ပါတယ်။ လွတ်လပ်စွာ သတင်းယူခွင့်ဟာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ရှိနေရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ ကူးစက်မှု အခြေအနေအရ သတင်းမီဒီယာသမားများသည်လည်း Silent Carrier (တိတ်တဆိတ် ရောဂါပိုး သယ် ဆောင်သူ) ဖြစ်နိုင်သည့်အတွက် ကန့်သတ်ရခြင်းဖြစ်ပြီး သတင်းမီဒီယာများအနေဖြင့် ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက် များကို လိုက်နာပေးရန် မေတ္တာရပ်ခံပါကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ပြောဆိုသည်။.

လွတ်လပ်တဲ့ မီဒီယာဖြစ်ဖို့ဆိုရင် သတင်းအချက် အလက် ရယူပိုင်ခွင့် ဥပဒေကို သေချာရေးဆွဲပြီး အသက်ဝင်အောင် လုပ်ဖို့ လိုပါတယ်။ အဲဒါက လာမယ့် လွှတ်တော် သက်တမ်း အတွင်းမှာ ဖြစ်လာဖို့ မျှော်လင့်ပါတယ်

ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက “ဒီမူဝါဒကို ချမှတ်တဲ့ လူကြီးတွေ၊ ပညာရှင်တွေက ဒီအခိုက်အတန့်လေး မှာ ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်း နေလိုက်မယ်ဆိုရင် ထိန်းချုပ်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကိုဗစ်ရောဂါ ကာ ကွယ်ရေးမှာ သတင်း မီဒီယာသမားတွေ ပါဝင် ဆောင်ရွက်ဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း Silent Carrier ဖြစ်နိုင် တယ်။ အဲဒါကိုလည်း သတိထားဖို့ လိုပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်သူအားလုံးနီးပါး တယ်လီဖုန်း အသုံးပြုနေကြပြီး Facebook အသုံးပြုသူ၂၇ သန်းကျော် ရှိနေကြောင်း၊ သတင်းထောက်များအနေဖြင့် စိတ်ဓာတ် မကျဘဲ တယ်လီဖုန်း၊ အင်တာနက်များ အသုံးပြု၍ မိမိတို့ သတင်းကွန်ရက်၊ ခိုင် မာစိတ်ချရသည့် သတင်းရင်းမြစ်များနှင့် ချိတ်ဆက်ကာ သတင်းတု၊ သတင်းမှားများ ချေဖျက်နိုင်ရေး၊ သတင်း စီးဆင်းမှု မပြတ်တောက်စေရေးအတွက် ကြိုးပမ်းပေးစေလိုကြောင်း ၎င်းက တိုက်တွန်း ပြောဆိုသည်။

“အစိုးရပိုင်းနဲ့ ပတ်သက်ရင်လည်း ကျနော်တို့ဘက်က တိုက်တွန်း အားပေးနေပါတယ်။ ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေ မီဒီ ယာသမားများ ဆက်သွယ်လာတဲ့အခါ မဖြစ်မနေဖြေကြားပေးဖို့ တိုက်တွန်းထားပါတယ်။ လိုအပ်တဲ့ အခြေခံအချက် အလက်တွေကို Website တွေ၊ Page တွေမှာ လွှင့်တင်ထားဖို့ မှာကြားထားတာတွေ ရှိနေပါတယ်”ဟု ဦးအောင်လှထွန်းက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် အရေးကြီးကာလ ၂ ခု ဖြစ်သည့် ကမ္ဘာ့ကပ်ရောဂါ COVID– 19 နှင့် ၂၀၂၀ ရွေးကောက်ပွဲ တိုက်ဆိုင် ချိန်၊ သတင်းတု၊ သတင်းမှားများ ထွက်ပေါ်နေချိန်တွင် အစိုးရအနေဖြင့် သတင်းမီဒီယာလုပ်ငန်းများကို Stay at Home အမိန့်အောက်မှ ကင်းလွတ်ခွင့်ပြုပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ လိုက်နာ၍ လွတ်လပ်စွာ သတင်းယူခွင့်ပေးရန် အရေးတကြီး လိုအပ်နေကြောင်း ပြည်တွင်း အခြေစိုက် သတင်းမီဒီယာသမားများက ထောက်ပြ ပြောဆိုကြသည်။

“အခုက အစိုးရအနေနဲ့ မီဒီယာဆိုတာ ဘာမှ အရေးမကြီးဘူးလို့ ခံယူတဲ့သဘော ဖြစ်နေတယ်။ ကပ်ရောဂါနဲ့ ရွေးကောက် ပွဲလို အရေးကြီးတဲ့ကာလ ၂ ခု ဆုံနေချိန်မှာ သတင်းတု၊ သတင်းမှား၊ ကောလဟာလတွေ အရမ်းများပါတယ်။ ဒါတွေ ကြောင့် ပိုပြီး ပြဿနာတက်၊ ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့် မီဒီယာတွေကို လွတ်လပ်စွာ သတင်းယူခွင့်ပေးဖို့က လုံးဝကို လိုအပ်ပါတယ်” ဟု 7 Days သတင်းဌာန တာဝန်ခံ အယ်ဒီတာ ကိုအားမာန်က ပြောသည်။

အစိုးရက Stay at Home အမိန့်အောက်မှ သတင်းမီဒီယာများကို ကင်းလွတ်ခွင့် ပေးမည်ဆိုလျှင်လည်း မီဒီယာသမား အားလုံး အပြင်ထွက် သတင်းလိုက်ကြမည် မဟုတ်ဘဲ အပြင်ထွက်ရန် မဖြစ်မနေ လိုအပ်သည့် သတင်းထောက်များသာ ကျန်းမာရေးဌာန ညွှန်ကြားချက်ကို လိုက်နာ၍ အပြင်ထွက် သတင်းလိုက်ကြမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Stay at Home အမိန့်ကြောင့် ပုဂ္ဂလိက သတင်းမီဒီယာသမားများ မှာ အိမ်မှနေ၍ ဖုန်း၊ အင်တာနက်များ အသုံးပြု မေးမြန်းကာ သတင်းများ ထုတ်လုပ် တင်ဆက်နေကြရသည်။ မြေပြင် ကွင်းဆင်း၍ သတင်းယူရသည့် ဓာတ်ပုံနှင့် ရုပ်သံသတင်းထောက်များမှာ အိမ်အပြင်ထွက် မရသဖြင့် သတင်းရယူတင် ဆက်ရန် အခက်အခဲများ ကြုံတွေ့နေရသည်။

“ကျနော်တို့ ရုပ်သံ သတင်းထောက်တွေက အပြင်ထွက် မရတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျနော်တို့က မြေပြင်က တကယ် ဖြစ်နေတဲ့ မြင်ကွင်းတွေ၊ အခြေအနေတွေ ရိုက်ပြဖို့ လိုတယ်။ အခုက အပြင်ထွက်ခွင့် မပေးထားတော့ သတင်း ယူဖို့ ဘာမှကို လုပ်လို့ မရတာ။ တချို့ကျတော့လည်း ဖြစ်ချင်ရာဖြစ် ဆိုပြီး အရဲစွန့် ထွက်ရိုက်နေကြတဲ့ သတင်းယူနေ ကြတဲ့ သတင်းထောက်တွေလည်း ရှိနေတယ်” ဟု ပြည်ပအခြေစိုက် သတင်းဌာနတွင် အလုပ်လုပ်နေသည့် ရန်ကုန်မြို့မှ ရုပ်သံ သတင်းထောက်တဦးက ပြောသည်။

ကမ္ဘာ့သတင်း လွတ်လပ်ခွင့်အဆင့်အတန်းမှာ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်က သမ္မတ ဦးသိန်းစိန်လက်ထက်နဲ့စာရင် တော်တော်ကြီးကို ကျသွားတယ်။ NLD လက်ထက် မီဒီယာလွတ်လပ်ခွင့် အကြောင်းပြောရင် တကယ့်ကို စိတ်ပျက်စရာပါ

ရန်ကုန်တိုင်း ဒေသကြီး၌ အစိုးရခွင့်ပြုထားသူများမှအပ ကျန်လူများ မြို့နယ် ဖြတ်ကျော်သွားလာခွင့် မရှိဘဲ ကန့်သတ် ထားပြီး ထိုသို့ ကန့်သတ်ခံရသူများထဲတွင် ပြည်သူများနှင့်အတူ သတင်းမီဒီယာသမားများလည်း ပါဝင်သည်။

သတင်းသမားများ မြို့နယ် ဖြတ်ကျော် သတင်းယူလျှင် အရေးယူခံရနိုင်သည် ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန် ကြီး ဦးနိုင်ငံလင်းက စက်တင်ဘာ၂၇ ရက်တွင် ပြောဆိုထားသည်။

“အခုက အပြင်ထွက်ပြီး သတင်းလိုက်ရင်၊ အများပြည်သူ သတင်းသိပိုင်ခွင့်အတွက် လုပ်တယ် ဆိုရင်တောင်မှ သတင်းသမားတွေက တရားမဝင်လုပ်ငန်း လုပ်သလို ဖြစ်နေတယ်။ ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ နိုင်ငံတခုမှာ အပြင်ထွက် သတင်းယူတာ တရားမဝင် လုပ်ငန်း လုပ်တာဆိုတဲ့ အခြေအနေကြီးက မဖြစ်သင့်ပါဘူး။ လူကြား လို့လည်း မကောင်းပါဘူး” ဟု 7 Days သတင်းဌာန တာဝန်ခံ အယ်ဒီတာ ကိုအားမာန်က ဝေဖန်ပြောဆိုသည်။

ပုဂ္ဂလိက သတင်းမီဒီယာ သမားများက Stay at Home အမိန့်ကြောင့် သတင်းယူရန် ခက်ခဲနေသည့် အခြေအနေတွင် နိုင် ငံပိုင် မီဒီယာဖြစ်သည့် MRTV နှင့် ပြန်ကြားရေး ဝန်ထမ်းများကတော့ နိုင်ငံ့ဝန်ထမ်း ဟူသည့် ခေါင်းစဉ်အောက်မှ အပြင် ထွက်၍ သတင်းယူခွင့် ရရှိနေသည်။

“အခုကာလမှာ ရည်ရွယ်ချက် ရှိရှိဖြန့်နေတဲ့ သတင်းတု၊ သတင်းမှားတွေကို ချေဖျက်ဖို့ဆိုရင် မီဒီယာတွေက လွတ်လွတ် လပ်လပ်လုပ်ခွင့် ရနေဖို့ လိုပါတယ်။ အဲဒါကို အစိုးရက ဖြည့်စွက်ဆောင်ရွက်ပေးမယ်ဆိုရင် အတိုင်းထက် အလွန်ပါပဲ။ ဒါက အပြန်အလှန် လေးစားမှုနဲ့ အပြန်အလှန် အသိအမှတ်ပြုမှု ဖြစ်ပါတယ်။ ဒါကြောင့် Stay at Home ကြေညာထားတဲ့ နေရာမှာ တခြားသော ကုမ္ပဏီလုပ်ငန်းတွေ ခွင့်ပြုသလိုပဲ မီဒီယာကို ခွင့်ပြုစေချင်တယ်” ဟု မြန်မာဂျာနယ်လစ် ကွန်ရက် အတွင်းရေးမှူး ဦးနိုင်မင်းဝေက ပြောသည်။

Stay at Home အမိန့်အောက်မှ သတင်းမီဒီယာ သမားများကို ကင်းလွတ်ခွင့်ပေးကာ လွတ်လပ်စွာသတင်း ယူခွင့်ပေးရန် တောင်းဆိုနေသော်လည်း NLD အစိုးရက ကိုဗစ်ရောဂါ ထိန်းချုပ်ရေး အကြောင်းပြု၍ ငြင်းဆန်နေသည့်အပေါ် စိတ်ပျက်ရ ကြောင်း သတင်း မီဒီယာသမားများက ပြောဆိုသည်။

၁၉၈၈ ခုနှစ်က စတင်ခဲ့သည့် အာဏာသိမ်း စစ်အစိုးရဖြစ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရများ လက်ထက်တွင် ပြည်တွင်း သတင်းမီဒီယာ များအား စစ်အစိုးရများက တင်းကြပ်စွာ ပိတ်ပင်ထားသည့်အတွက် အတိုက်အခံ NLD ပါတီမှာ ပြည်ပအခြေစိုက် မြန်မာ နိုင်ငံဆိုင်ရာ သတင်းမီဒီယာများကို အဓိက အားထား၍ ပြောဆိုလှုပ်ရှား ဆောင်ရွက်ခဲ့ရသည်။

ပြည်ပအခြေစိုက် BBC၊ VOA၊ RFA၊ DVB၊ ဧရာဝတီ၊ မဇ္ဈိမ၊ ခေတ်ပြိုင်၊ မိုးမခ စသည့် မီဒီယာများမှာလည်း NLD ပါတီ၏ ရပ်တည်ချက်၊ မြန်မာ့ပြည်တွင်း နိုင်ငံရေး ဖြစ်စဉ်များအပေါ် ပါတီ၏သဘောထား၊ နိုင်ငံရေး လှုပ်ရှားမှုများ၊ စစ်အစိုးရ၏ ဖမ်းဆီးမှု၊ ဖိနှိပ်မှု ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှု၊ တရားစွဲဆိုမှုများကို စဉ်ဆက်မပြတ် ဖော်ပြ၍ မြန်မာပြည်သူများနှင့် တကမ္ဘာလုံး ထံသို့ သတင်းစကားများ ဖြန့်ဝေပေးခဲ့ကြသည်။

NLD ပါတီ၏ အဖိနှိပ်ခံ သက်တမ်းတလျှောက်လုံးတွင် သတင်း မီဒီယာမှာ အရေးပါသည့် အင်အားစု တခုအဖြစ် တည်ရှိခဲ့ သည်။ ပြည်ပ သတင်းမီဒီယာများက NLD ပါတီ၊ ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ အလေးပေး ဖော်ပြသဖြင့် စစ်အစိုးရက “BBC လိမ်နေသည်”၊ “VOA ညာနေသည်”၊ “RFA ရန်တိုက်ပေးနေသည်”၊ “DVB သွေးထိုးပေးနေသည်”၊ “လေလှိုင်းပေါ်မှ လူသတ်သမားများ မယုံလေနဲ့ သတိထား” ဟူ၍ပင် နိုင်ငံပိုင် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာ နောက်ကျောဖုံးတွင် ထည့်သွင်း ကြေညာခဲ့သည်။

မီဒီယာများနှင့် လက်ပွန်းတတီး ရှိခဲ့သော၊ ထိတွေ့ဆက်ဆံမှု စဉ်ဆက်မပြတ်ရှိခဲ့သော အတိုက်အခံ NLD ပါတီမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ အစိုးရဖွဲ့ချိန်၌ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန် လက်ထက်က အစပျိုး ဆောင်ရွက်ခဲ့သည့် မီဒီယာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ က အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်ပေးရန် သတင်းမီဒီယာ လောကသားများ မျှော်လင့်ခဲ့ကြသည်။

“ကျနော်တို့ မျှော်လင့်ထားတာက ပြည်သူ့အစိုးရ NLD လက်ထက်မှာ မီဒီယာပိုပြီး ပွင့်လင်းလာပြီးတော့ လုပ်လို့ ကိုင်လို့ ကောင်းမယ်လို့ မျှော်လင့်ထားတာက လုံးဝကြီး တက်တက်စင်အောင် လွဲခဲ့ပြီးတော့ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်အဆင့်အတန်းမှာ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်က သမ္မတ ဦးသိန်းစိန်လက်ထက်နဲ့စာရင် တော်တော်ကြီးကို ကျသွားတယ်။ NLD လက်ထက် မီဒီယာလွတ်လပ်ခွင့် အကြောင်းပြောရင် တကယ့်ကို စိတ်ပျက်စရာပါ” ဟု Voice of Myanmar သတင်း ဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းက ပြောသည်။

သတင်း မီဒီယာသမားများက ပြည်သူ့ အခွန်ငွေဖြင့် ထုတ်ဝေနေသည့် နိုင်ငံပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့ကို ဖျက်သိမ်းရန်၊ လိုအပ်ချက်များစွာ ရှိနေသော မြန်မာနိုင်ငံသတင်း မီဒီယာဥပဒေကို ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းပေးရန်၊ သတင်း အချက်အလက် ရယူပိုင်ခွင့် ဥပဒေ (RTI Law) ပြဋ္ဌာန်း ပေးရန်၊ သတင်းမီဒီယာများ တန်းတူ ယှဉ်ပြိုင်ခွင့် ဖော် ဆောင်ပေးရန် NLD အစိုးရကို တင်ပြတောင်းဆိုခဲ့သော်လည်း အစိုးရသက်တမ်း ၅ နှစ်အတွင်း မျက်ကွယ်ပြုထားခဲ့ ကြောင်း သတင်း မီဒီယာသမားများက ပြောဆိုသည်။

လွတ်လပ်တဲ့ မီဒီယာဖြစ်ဖို့ဆိုရင် သတင်းအချက် အလက် ရယူပိုင်ခွင့် ဥပဒေကို သေချာရေးဆွဲပြီး အသက်ဝင်အောင် လုပ်ဖို့ လိုပါတယ်။

“အရေးတကြီး လုပ်ရမှာက သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အာမခံပေးနိုင်မယ့် သတင်းမီဒီယာဥပဒေကို ပြင်ဆင်ပြီး တော့မှ လိုအပ်တဲ့ အချက်တွေ ဖြည့်စွက်ပေးဖို့ ဖြစ်တယ်။ ပြီးတော့ လူထုကို တသက်လုံး ဒုက္ခပေးလာတဲ့ နိုင်ငံပိုင်ဝါဒ ဖြန့်ချိရေး မီဒီယာကို ရပ်ဆိုင်းပစ်ဖို့ ဆိုတဲ့ကိစ္စ။ အဲဒီ၂ ချက်လောက် လုပ်ပေးတယ်ဆိုရင်တောင်မှ မီဒီယာလောက တော် တော်လေး အဆင်ပြေမှာပါ။ အခုက အဲဒီ၂ ခုစလုံး မလုပ်ခဲ့တဲ့အပြင် တရားဝင် Website တွေပါ လိုက်လံ ပိတ်ဆို့တဲ့ အခါ ကျတော့ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့ NLD အစိုးရရဲ့အားနည်းချက်တွေလို့ မြင်ပါတယ်” ဟု မော်ကွန်း မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဇေယျာလှိုင်က သုံးသပ်ပြောဆိုသည်။

NLD အစိုးရက သတင်းမီဒီယာ လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် မီဒီယာလွတ်လပ်ခွင့်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရတို့က သတင်း ဆောင်းပါး၊ သရော်စာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်တန်းခြင်း မပြုလုပ်ဘဲ သတင်း ထောက်များကို သက်ဆိုင်ရာ တရားရုံးများတွင် ဦးတိုက်လျှောက်ထား၍ တရားစွဲဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားချက်အရ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများ ခန့်အပ်ထားသော် လည်း ဌာနအများစုက မီဒီယာများကို ဖြေကြားမှု မရှိခြင်း၊ ပုဂ္ဂလိက မီဒီယာမှာ ဝါဒဖြန့်ချိရေး ယန္တရားဖြစ်သည့် နိုင်ငံပိုင် မီဒီယာနှင့် အခွင့်အရေး တန်းတူမရဘဲ ခွဲခြား ဆက်ဆံခံရခြင်း၊ ပြည်သူ့အခွန်ငွေဖြင့် ထုတ်ဝေနေသည့် နိုင်ငံပိုင် သတင်းစာ များက ကြော်ငြာဈေးကွက်ကို လက်ဝါးကြီးအုပ် ရယူခြင်း စသဖြင့် သတင်းမီဒီယာလောကကို အကြီးအကျယ် ထိခိုက်စေ သည့် အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့သည်။

7 Days သတင်းဌာန တာဝန်ခံ အယ်ဒီတာ ကိုအားမာန်ကလည်း “လွတ်လပ်တဲ့ မီဒီယာဖြစ်ဖို့ဆိုရင် သတင်းအချက် အလက် ရယူပိုင်ခွင့် ဥပဒေကို သေချာရေးဆွဲပြီး အသက်ဝင်အောင် လုပ်ဖို့ လိုပါတယ်။ အဲဒါက လာမယ့် လွှတ်တော် သက်တမ်း အတွင်းမှာ ဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု ပြောဆိုသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် မြန်မာနိုင်ငံအတွက် အရေးကြီးသည့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာမည့် လွှတ်တော်သစ်နှင့် အစိုးရသစ်တို့အနေဖြင့် သတင်းမီဒီယာလောက ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သော ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းပေးရန်နှင့် ဝါဒဖြန့်ချိရေးဌာန ဖြစ်သော ပြန်ကြားရေးဝန်ကြီး ဌာနကို ဖျက်သိမ်းပေးရန် သတင်းမီဒီယာ လောကသားများ မျှော်လင့်နေကြသည်။

You may also like these stories:

သတင်းသိပိုင်ခွင့်အတွက် မီဒီယာလုပ်ငန်းကို ခြွင်းချက်အနေဖြင့် ခွင့်ပြုပေးသင့်

ရန်ကုန် Stay at Home အမိန့်ကြောင့် သတင်းစာ လုပ်ငန်းများ ပုံမှန် လည်ပတ်ဖို့ အခက်ကြုံ

Loading