တရုတ်နိုင်ငံက စီးပွားရေးသြဇာကို တိုးချဲ့လျက်ရှိသော တောင်အာရှမှ ပေါ်ထွက်လာနိုင်ဖွယ် မဟာမိတ်တနိုင်ငံ ဖြစ်လာစေရန် မျှော်လင့်နေသောကြောင့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဘင်္ဂလားဒေ့ရှ်ကို ၎င်း၏ စစ်လက်နက် ပစ္စည်းများကို ပိုမို ဝယ်ယူရန် အမေရိကန်ပြည်ထောင်စုက သွေးဆောင်ခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper စက်တင်ဘာလအစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ထံ ဖုန်းဆက်၍ ၂၀၃၀ ခုနှစ်မတိုင်မီ ၎င်း၏ ဘင်္ဂလားဒေ့ရှ် စစ်တပ်ကို ခေတ်မီအောင် ပြုလုပ်ရေးတွင် အကူအညီပေးရန် အဆိုပြုခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ကာကွယ်ရေး ဝန်ကြီးဌာနကို ကြီးကြပ်ရသူလည်း ဖြစ်သည်။
“အပြန်အလှန်အကျိုးစီးပွား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမှီအခိုကင်းစွာ လုပ်ဆောင်မှုတို့အပေါ် အပြည့်အ၀ လေးစားမှု ထားရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကျမတို့ရဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက ပိုမို နက်ရှိုင်း စေဖို့ ကျမတို့ မျှော်လင့်နေပါတယ်”
Apache ရဟတ်ယာဉ်နှင့် ဒုံးကျည်များကဲ့သို့ စစ်ရေးဆိုင်ရာ အဆင့်မြင့် ပစ္စည်းများ ရောင်းချမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် နှစ်က ၂ နိုင်ငံ ဆွေးနွေးခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ လက်ထောက်ဝန်ကြီး Laura Stone က အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ကွန်ဂရက်သို့ တရားဝင် အကြောင်းကြားခြင်း မရှိသေးကြောင်း ပြောကြားခဲ့သောကြောင့် သဘောတူညီချက်က ဖြစ်လာဖွယ်ရှိသည်ဟု ယုံကြည်ရသည်။ မည်သည့်သဘောတူညီမှုကမဆို ယခုအခါ ဈေးနှုန်းချိုသာသော ကာကွယ်ရေးပစ္စည်း ကိရိယာများ အများဆုံးထောက်ပံ့ပေးနေသော တရုတ်နိုင်ငံကို စိတ်ပျက်စေလိမ့်မည် ဖြစ်သည်။
“အပြန်အလှန်အကျိုးစီးပွား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမှီအခိုကင်းစွာ လုပ်ဆောင်မှုတို့အပေါ် အပြည့်အ၀ လေးစားမှု ထားရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကျမတို့ရဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက ပိုမို နက်ရှိုင်း စေဖို့ ကျမတို့ မျှော်လင့်နေပါတယ်”ဟု Laura Stone က မကြာသေးမီက Nikkei Asian Review ၏ မေးခွန်းများကို အီးမေးလ်မှတဆင့် ဖြေကြားခဲ့သည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာ၊ ဘူတန်နှင့် မော်လ်ဒိုက်နိုင်ငံများနှင့်ဆိုင်သည့် တောင်အာဖရိကနှင့် တောင်အာရှရေးရာရုံးကို ကြီးကြပ်ရသော Laura Stone က “ကာကွယ်ရေးပစ္စည်း ရောင်းဝယ်မှုနဲ့ စပ်လျဉ်းလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ရေရှည်မိတ်ဖက် ဆောင်ရွက်ဖို့ ကျမတို့က အဆင်သင့် ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။
![](https://burma.irrawaddy.com/wp-content/uploads/2020/10/uy-2.jpg)
ဘင်္ဂလားဒေ့ရှ်က ၁၉၉၀ နှစ်များကတည်းက အမေရိကန်မှ လက်နက်များ ပိုမိုဝယ်ယူနေခဲ့ပြီး ဝယ်ယူမှုများက ၂၀၁၉ ခုနှစ်အထိ ၁၀ နှစ် အတွင်း ဒေါ်လာသန်း ၁၁၀ ဖိုး အထိ ရောက်ရှိခဲ့သည်။ သို့သော်လည်း Stockholm International Peace Research Institute အဆိုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၀ ခုနှစ်မှစ၍ တရုတ်နိုင်ငံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် ဒေါ်လာ ၂.၅၉ ဘီလီယံ သုံးစွဲခဲ့ခြင်းနှင့် စာလျှင် များစွာ နည်းပါးနေခဲ့သည်။
အေးလိနွိုက်စ် ပြည်နယ်တက္ကသိုလ်မှ ထင်ရှားသည့် နိုင်ငံရေးသိပ္ပံပါမောက္ခ တဦးဖြစ်သည့် Ali Riaz က ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် တရုတ် အစိုးရတို့၏ နွေးထွေးသော ဆက်ဆံရေးကြောင့် အမေရိကန်ကာကွယ်ရေး ဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ ကြား ဖုန်းခေါ်သည့် အချိန်ကာလသည် အလွန်အရေးကြီးကြောင်း ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုက ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အဦး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများထက် ကျော်လွန်နေသည်။ COVID-19 ကူးစက်ရောဂါ ပေါ်ပေါက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ကပ်ရောဂါ တုန့်ပြန်ရေး အတွက် မျက်နှာဖုံးများ၊ ဝတ်စုံများကဲ့သို့သော ထောက်ပံ့ရေးပစ္စည်းများနှင့် ရောဂါ တုန့်ပြန်ရေးတွင် အကြံပေးရန် ဆေးဘက်ဆိုင်ရာအဖွဲ့ တခု တို့ကို စေလွှတ် ပေးပို့ခဲ့သည်။ ထို့အပြင် တရုတ် ပုဂ္ဂလိကပိုင် ကုမ္ပဏီ Sinovac Biotech က တီထွင်ထားပြီး တတိယအဆင့် ကာကွယ်ဆေး စမ်းသပ်မှုက တိုးတက်မှု ရနေသည်။
အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အရှေ့မြောက်ပိုင်းမှ Sylhet မြို့ တွင် ဒေါ်လာ ၂၅၀ သန်းတန် လေဆိပ်တည်ဆောက်ရေး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးနောက် တရုတ်အစိုးရက ဘင်္ဂလားဒေ့ရှ်မှ သွင်းကုန်များအပေါ် ကုန်သွယ်ခွန် ၉၇ ရာခိုင်နှုန်း လျှော့ချပေးခဲ့သည်။
ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန္ဒိယနိုင်ငံနှင့် ရေခွဲဝေသုံးစွဲရေးအတွက် သဘောတူညီချက်တခု ရရှိခဲ့ပြီး နောက် Teesta မြစ် စီမံခန့်ခွဲရေးအတွက် တရုတ်နိုင်ငံထံမှ ဒေါ်လာ ၁ ဘီလီယံအထိ ရှိမည့် ချေးငွေကို ရယူရန် ကြိုးစားနေသည်။ ရေခွဲဝေသုံးစွဲရေးတွင် အဓိကအားဖြင့် အိန္ဒိယဘက်ခြမ်းမှ အနောက်ဘန်ဂေါ ပြည်နယ် ၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် နှစ်ပေါင်းများစွာအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ရရှိမှု နည်းပါးခဲ့ရသည်။
“ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ မျှော်လင့်ချက်တွေ ပဋိပက္ခ ဖြစ်ခြင်းကို ဟန်ချက်ညီအောင် ထိန်းရပါလိမ့်မယ်။ တကယ်လို့ အမျိုးသားအကျိုးစီးပွားကိုသာ အဓိက စဉ်းစားမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်က ဒါကို လုပ်နိုင်ပါမယ်”
ဘင်္ဂလားဒေ့ရှ် နိုင်ငံက အိန္ဒိယနှင့် တရုတ်နိုင်ငံကြား ဟန်ချက် ညီမျှမှုကို ရယူထားခဲ့သော်လည်း ယခုအခါ အမေရိကန်ကလည်း တက်ကြွသော ချဉ်းကပ်မှု တခုကို ပြုလုပ်လာခဲ့သည်။
“ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ မျှော်လင့်ချက်တွေ ပဋိပက္ခ ဖြစ်ခြင်းကို ဟန်ချက်ညီအောင် ထိန်းရပါလိမ့်မယ်။ တကယ်လို့ အမျိုးသားအကျိုးစီးပွားကိုသာ အဓိက စဉ်းစားမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်က ဒါကို လုပ်နိုင်ပါမယ်”ဟု Ali Riaz က Nikkei သို့ ပေးပို့သော အီးမေးလ် တစောင်တွင် ပြောသည်။
ကာကွယ်ရေးဆိုင်ရာ သံတမန်ရေးက အမေရိကန် အစိုးရ၏ ကျယ်ပြန့်သော အင်ဒို – ပစိဖိတ် မဟာဗျူဟာ၏ တစိတ်တပိုင်း ဖြစ်သည်။၂၀၁၉ ခုနှစ် ဇွန်လတွင် ကာကွယ်ရေးဌာနက မဟာဗျူဟာနှင့် ပတ်သက်၍ ပထမဆုံး အစီရင်ခံစာ ထုတ်ပြန် ခဲ့ပြီး အဆိုပါ အစီရင်ခံစာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်အာရှမှ သီရိလင်္ကာ၊ နီပေါ၊ မော်လ်ဒိုက်တို့နှင့် အတူ ထွန်းသစ်စ မိတ်ဖက်တခုအဖြစ် အသိအမှတ်ပြုကြောင်း ပြောဆိုထားသည်။
![](https://burma.irrawaddy.com/wp-content/uploads/2020/10/uy-3.jpg)
“ကျမတို့ရဲ့ အင်ဒိုပစိဖိတ်အမြင်က အမေရိကန်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံလိုပဲ အင်ဒိုပစိဖိတ်နိုင်ငံတခု ဖြစ်တယ် ဆိုတဲ့ အပေါ်မှာ အခြေခံပါတယ်” ဟု Laura Stone က Nikkei သို့ပြောကြားခဲ့သည်။ “နိုင်ငံ အားလုံးအတွက် အကျိုးဖြစ်ထွန်းဖို့ တောင်အာရှရဲ့ ရေကြောင်း ဆိုင်ရာနဲ့ ဒေသ လုံခြုံရေး လွတ်လပ်သော၊ ပွင့်လင်းသော၊ ငြိမ်းချမ်းသော၊ ကြွယ်ဝသော အင်ဒိုပစိဖိတ်ဒေသတခု သေချာစေရေးက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် လုံခြုံရေးကို မြှင့်တင်ပေးမယ့် အဲဒီ အားထုတ်မှုတွေကို ကျမတို့ ဦးစားပေးရခြင်း ဖြစ်ပါတယ်။”
ဒေသတွင်း၌ တရုတ်၏သြဇာကြီးထွားလာခြင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံက တရုတ် သမ္မတ ရှီကျင့်ဖျင်၏ အမှတ်တံဆိပ် ဖြစ်သော Belt and Road Initiative (BRI) တွင် ပါဝင်နေခြင်းက အမေရိကန်နိုင်ငံအတွက် ၎င်း၏ အင်ဒိုပစိဖိတ် အစီအစဉ်ကို ပါးပါးနပ်နပ် ဆောင်ရွက်ရန် အရေးကြီးလာစေခဲ့သည်ဟု Ali Riaz က ပြောသည်။ သူက အမေရိကန် အစိုးရ၏ ပညာရှင် အဖွဲ့တခု ဖြစ်သော အတ္တလန္တိတ်ကောင်စီမှ အကြီးတန်း ပညာရှင် တယောက်လည်း ဖြစ်သည်။
အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်တို့က ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့သော နိုင်ငံခြား စစ်ရေးရန်ပုံငွေ ထောက်ပံ့ရေး အစီအစဉ်တခုအရ အကြမ်းဖက်မှု တိုက်ဖျက်ရေး မှသည် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အထိ နယ်ပယ်အသီးသီးတွင် လုံခြုံရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ၂၀၁၈ ခုနှစ်မှ စ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပင်လယ်ရေကြောင်း ဆိုင်ရာ လုံခြုံရေးနှင့် အရေးပါသည့် အခြား စိုးရိမ်ပူပန်မှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းရေးအတွက် ကူညီရန် နောက်ထပ် ဒေါ်လာ သန်း ၆၀ ထုတ်ပေးခဲ့သည်။
“အမေရိကန်က အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲနဲ့ လက်နက်ရောင်းဝယ်မှုဆိုင်ရာမှာ မိတ်ဖက်ပြုမှုကို လိုချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က မဟာဗျူဟာအရ အရေးပါမှု ရှိတယ်”
၂၀၁၆ ခုနှစ် ကတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံက အစိတ်အပိုင်းအဖြစ် ပါဝင်နေခဲ့သော တရုတ်နိုင်ငံ၏ BRI အား တန်ပြန်ရန် အမေရိကန်အစိုးရက အင်ဒိုပစိဖိတ် ရွှေ့ကွက်ကို မာမာထန်ထန် တွန်းအားပေးနေသည်ဟု ဒက္ကာတက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး ပညာ ပါမောက္ခတဦး ဖြစ်သည့် Amena Mohsin ကဆိုသည်။
“အမေရိကန်က အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲနဲ့ လက်နက်ရောင်းဝယ်မှုဆိုင်ရာမှာ မိတ်ဖက်ပြုမှုကို လိုချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က မဟာဗျူဟာအရ အရေးပါမှု ရှိတယ်”ဟု သူက Nikkei သို့ ပြောကြားခဲ့သည်။
ဒက္ကာ အခြေစိုက် ပညာရှင် အဖွဲ့အစည်းတခု ဖြစ်သည့် Bangladesh Enterprise Institute ၏ ဥက္ကဌအဖြစ် ဆောင်ရွက်နေသော အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း M. Humayun Kabir က ထိုသို့ ပြုလုပ်ခြင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခက်ခဲရှုပ်ထွေးသော နေရာတခုသို့ ရောက်စေသည်ဟု ပြောသည်။ “အဲဒါက အမေရိကန် နဲ့ တရုတ် ၂ နိုင်ငံလုံးနဲ့ မိတ်ဆွေ ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ် အတွက် ခက်ခဲပါလိမ့်မယ်” ဟု M. Humayun Kabir က ပြောသည်။
တရားဝင် အချက်အလက်များအရ ၂၀၁၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကုန်သွယ်ရေး ပိုငွေပြမှု ဒေါ်လာ ၇ ဘီလီယံ နီးပါး ရရှိခဲ့သည့် အမေရိကန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တခုတည်းသော ပို့ကုန်အများဆုံး တင်ပို့ရာ နေရာဖြစ်ပြီး လူဦးရေ သန်း ၁၇၀ ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်း၏ အကြီးဆုံး သွင်းကုန် အရင်းအမြစ် ဖြစ်သည့် တရုတ်နှင့် ကုန်သွယ်ရေးတွင်မူ လိုငွေပြမှု ကာလရှည်စွာ ခံစားနေခဲ့ရသည်။
၂၀၁၉ ခုနှစ်တွင် တရုတ်နှင့် ကုန်သွယ်ရေးမှ လိုငွေပြမှုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ ရှိခဲ့သည်။
အေးလိနွိုက်စ် ပြည်နယ်တက္ကသိုလ်မှ Ali Riaz က အကယ်၍ နိုဝင်ဘာလတွင် Joe Biden သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရလျှင် တောင်အာရှအပေါ် ပိုမိုထိတွေ့ ဆက်ဆံမှုနှင့် အတူ အမေရိကန်၏ မူဝါဒ အပြောင်းအလဲတခုကို ကြိုတင် ခန့်မှန်း ခဲ့သည်။ သို့သော် “အဲဒါက တရုတ်ရဲ့ ကြီးထွားလာနေတဲ့ လွှမ်းမိုးမှုနဲ့ ပိုပြီးတော့ လိုက်လျောညီထွေရှိမှာတော့ မဟုတ်ဘူး” ဟု သူက ယုံကြည်ထားသည်။
(Nikkei Asian Review မှ US uses defense diplomacy to woo Bangladesh away from China ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
AAနှင့် ARSAတို့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို အသုံးချနေဟု မြန်မာအစိုးရပြော
မြန်မာနယ်စပ်အနီးတွင် ဘင်္ဂလားဒေ့ရှ်က စစ်အင်အား ထပ်ဖြည့်နေ