ကျောင်းများတွင် အဓိက ဘာသာရပ်များကို မွန်ဂို ဘာသာစကား အစား မန်ဒရင်း တရုတ်ဘာသာစကားဖြင့် သင်ကြားရန် လိုအပ်ကြောင်း အစိုးရက စတင် သတ်မှတ်လိုက်သည့် အတွက် စက်တင်ဘာလအစောပိုင်းတွင် ဆရာများ၊ ကျောင်းသားများနှင့် မိဘများက တရုတ်နိုင်ငံရှိ အတွင်းမွန်ဂိုလီးယား Inner Mongolia တွင် ကြုံတောင့်ကြုံခဲဖြစ်သည့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
ကျောင်းသားများ အနေဖြင့် တရုတ်ဘာသာသင်တန်းများကို တတန်းစော၍ စတင် သင် ကြားရလိမ့်မည် ဖြစ်ပြီး စာပေနှင့် ဘာသာစကား၊ ကျင့်ဝတ်နှင့် ဥပဒေ၊ သမိုင်း သင်ခန်းစာများတွင် တရုတ်ဘာသာဖြင့် ရေးသားထားသော ပြဌာန်းစာအုပ် အသစ်များကို အသုံးပြုကြရမည် ဖြစ်သည်။
ရုတ်တရက်ပြောင်းလဲမှုများက သူတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုကို ယိုယွင်းပျက်စီးစေမည်ကို စိုးရိမ်သည့် ထောင်ပေါင်း များစွာသော မွန်ဂိုလူမျိုးများက ဘာသာစကား ၂ မျိုးသုံး အစီအစဉ်အသစ်များကို ဆန့်ကျင်သည့် အွန်လိုင်းမှ တောင်းဆိုမှုများတွင် ပါဝင် လက်မှတ်ထိုးခဲ့ကြသည်။ ကျောင်းသားများက အတန်းထဲမှ ထွက်သွားခဲ့ကြသည်။ မိဘများက ကလေးများကို ကျောင်းမှ ခေါ်ထုတ်သွားခဲ့ကြသည်။ ဆန္ဒပြသူများက အစိုးရအဆောက်အဦးများနှင့် ကျောင်းများ အပြင်ဘက်တွင် မွန်ဂိုအက္ခရာဖြင့်ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်စွဲ ဆန္ဒပြခဲ့ကြသည်။
တုန့်ပြန်သည့် အနေဖြင့် အာဏာပိုင်များက ထောင်နှင့် ချီသော ဆန္ဒပြသူများနှင့် တောင်းဆိုချက် လက်မှတ်ထိုးသူများကို ဖမ်းဆီးခဲ့ပြီး လက်နက်ကိုင်အပြည့်အဝ တပ်ဆင်ထားသော အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို ဆန္ဒပြသည့် နေရာများသို့ စေလွှတ်ခဲ့သည်။ အကယ်၍ မိဘများက သူတို့၏ ကလေးများကို ကျောင်းပြင်တွင် ဆက်လက်ထားရှိမည်ဆိုပါက သူတို့၏ အလုပ်များ၊ အစိုးရထောက်ပံ့ကြေးများနှင့် ဘဏ်ချေးငွေများ ရရှိနိုင်ခွင့်တို့ကို ဆုံးရှုံးရလိမ့်မည်ဟု အာဏာပိုင်များက မှတ်ချက်ပြုခဲ့သည်။ အထက်တန်းကျောင်းသားများလည်း ကျောင်းမှ ထုတ်ပယ်ခံရမည် ဖြစ်ပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲများ ဝင်ရောက် ဖြေဆိုခြင်းကိုလည်း တားမြစ်သွားမည် ဖြစ်သည်။
မွန်ဂိုများက ပညာရေးအစီအစဉ်ကို မဆန့်ကျင်ကြောင်း ကတိပြုလက်မှတ် ထိုးရန် ရဲအဖွဲ့က အိမ်တိုင်ရာရောက် လိုက်၍ ဖိအားပေးခဲ့သည်။ Los Angeles Times ၏အဆိုအရ လိုက်နာခြင်း မရှိသူများကို သူတို့က ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့ ၏ စောင့်ကြပ်ကြည့်မှု အောက်တွင် ထားရှိခဲ့သည်။ ပြည်သူ့လုံခြုံရေးဗျူရိုက ဆန္ဒပြသူများ၏ အမည်များနှင့် ရုပ်ပုံများကို ထုတ်ပြန်ခဲ့ပြီး သူတို့ကို ထောင်ဒဏ် ၅ နှစ် အထိ ကျခံရနိုင်သည့် စွဲချက်တခု ဖြစ်သော “လှုံဆော်ခြင်း၊ နှောက်ယှက်ဖျက်ဆီးခြင်း အားဖြင့် အများပြည်သူနှင့်ဆိုင်သော အမိန့်အာဏာများကို ပျက်ပြားစေမှု” ဖြင့် စွပ်စွဲ အရေးယူထားသည်။
မွန်ဂိုလူမျိုးများ မှတ်လောက်သားလောက် ဖြစ်စေရန် ရန်လိုသော ကြိုးပမ်းမှုက ဇင်ကျန်း Xinjiang ပြည်နယ်ရှိ ဝီဂါ Uighurs လူမျိုးများနှင့် တိဘက်တွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) က ပြုမူခဲ့သည့် ပုံစံနှင့် ဆင်တူနေသည်။
မွန်ဂိုလူမျိုးများ မှတ်လောက်သားလောက် ဖြစ်စေရန် ရန်လိုသော ကြိုးပမ်းမှုက ဇင်ကျန်း Xinjiang ပြည်နယ်ရှိ ဝီဂါ Uighurs လူမျိုးများနှင့် တိဘက်တွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) က ပြုမူခဲ့သည့် ပုံစံနှင့် ဆင်တူနေသည်။
ဇင်ကျန်း ပြည်နယ်တွင် CCP က ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း သူတို့၏ လူနည်းစု ဘာသာစကား ပညာရေးကို မန်ဒရင်း ဘာသာဖြင့် အစားထိုးခဲ့သည်။
တိဗက်နှင့် ဇင်ကျန်း တို့မှာ မတည်ငြိမ်သေးသော၊ မနာခံတတ်သော ဒေသများအဖြစ် ကာလရှည်စွာ သတ်မှတ်ထားခြင်း ခံခဲ့သော်လည်း မွန်ဂိုလူမျိုးများမှာမူ ဒေသတွင်းတွင် အရေအတွက် တိုးပွားလာနေသော ဟန် တရုတ်လူမျိုးများနှင့်အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်နေကြသော“ စံပြလူနည်းစု” အဖြစ် မြင်ခဲ့ကြသည်။
ဝီဂါ ယဉ်ကျေးမှုနှင့် ဘာသာစကားကို နှိပ်ကွပ်ခြင်းသည် နိုင်ငံတကာမှ လေ့လာသူများက လူမျိုးတုံးသုတ်သင်ခြင်းဟု ခေါ်ဆိုသည့် အခြေအနေအထိ ရောက်ရှိ သွားခဲ့သည်။ တရုတ်အစိုးရက ဝီဂါလူမျိုး တသန်းကျော်ကို ပညာပေးရေး စခန်းများသို့ ပို့ဆောင်ခဲ့ပြီး အဓမ္မ အလုပ်စေခိုင်းခြင်းနှင့် အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချစေခြင်း၊ အတင်းအဓမ္မ သားကြော ဖြတ်ခိုင်းခြင်းနှင့် မိမိ၏ရင်သွေးကိုပင် သတ်ဖြတ်အောင်ပြုလုပ်ခြင်း များမှ တဆင့် လူဦးရေ လျှော့ချရေး အစီအစဉ် တခုကို အကောင်အထည် ဖော်ခဲ့သည်။
CCP က ယခုအခါတွင် ဇင်ကျန်း၌ တွေ့မြင်ရသည့် နည်းဗျူဟာ အများအပြား ကို တိဘက်တွင် ပထမဆုံး အသုံးပြုခဲ့သည်။ ဇင်ကျန်းမှ ဖိနှိပ်မှုများကို ကြီးကြပ်ရသည့် ဇင်ကျန်း ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး Chen Quanguo သည် ယခင်က တိဘက်မှ ပါတီအတွင်းရေးမှူးဖြစ်သည်။
မကြာသေးမီကထုတ်ဝေခဲ့သော Eat the Buddha: Life and Death in a Tibetan Town စာအုပ်တွင် ဂျာနယ်လစ်တဦး ဖြစ်သည့် Barbara Demick က Ngaba ရှိ တိဘက်လူမျိုး အသိုင်းအဝိုင်း အကြောင်းကို ဖော်ပြခြင်းအားဖြင့် တိုင်းရင်းသား လူနည်းစုများအပေါ် CCP ၏ သဘောထားကို ရှင်းပြခဲ့သည်။ Ngaba သည် တိဘက် ခုခံကာကွယ်ရေး၏ အချက်အချာဟု ယူဆခြင်းခံရသောကြောင့် အပြင်လူများ သွားရောက်ရန် အခက်ခဲဆုံး နေရာများထဲမှ တခုဖြစ်သည်။ တော်လှန်ပုန်ကန်သော Kirti ဘုန်းတော်ကြီးကျောင်း တည်ရှိရာ ဖြစ်သလို မိမိကိုယ်ကိုမီးရှို့၍ ဆန္ဒပြသည့် တိဘက်လူမျိုးများထဲတွင် ၃ ပုံ ၁ ပုံက Ngaba မှ ဖြစ်သည်။
Ngaba တွင် နေထိုင်သူများ၏ ကိုယ်ရေးကိုယ်တာ အဖြစ်အပျက်များကို ပြောပြထားပြီး စာအုပ်က တိဘက်နှင့် CCP ၏ ဆက်ဆံရေးနှင့် ယနေ့ တည်ရှိနေသော မတည်ငြိမ်မှုများနှင့် မယုံကြည်မှုများ၏ အရင်းအမြစ်ကို ခြေရာကောက်ပြထားသည်။ ဥက္ကဌ မော်စီတုန်း၏ တပ်နီတော်က တရုတ်ပြည်တွင်းစစ်ကာလက အမျိုးသားရေးဝါဒီများ၏ လက်မှ လွတ်မြောက်ရန် ဆုတ်ခွါထွက်ပြေးသည့် ၁၉၃၄ ခုနှစ် ခရီးရှည်ချီတက်ပွဲအတွင်း Ngaba ဆီ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ကြသည်။ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆ်ိုင်ရသည့်အခါ သူတို့က ဘုန်းတော်ကြီးကျောင်းများကို လုယက် ခဲ့ကြသည်။ ဂျုံမှုန့်နှင့် ထောပတ်တို့ဖြင့် ပြုလုပ်ထားသော ဘာသာရေး ရုပ်ပွားတော်များကို စားပစ်ခဲ့ကြသည်။ ၎င်းမှာ တိဘက်လူမျိုးများအတွက် ဗုဒ္ဓကို စားပစ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
အာဏာရပြီးသောအခါ CCP က ၁၉၅၀ ခုနှစ်တွင် တိဘက်ကို အလွယ်တကူပင် သိမ်းပိုက်ခဲ့ပြီး တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထူထောင်ခဲ့သည်။ တိဘက်ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုကို လေးစားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ထိုကတိများသည် မော်စီတုန်း၏ ဆိုးရွားလှသည့် မြေယာပြန်လည်ခွဲဝေချထားရေးနှင့် ပြည်သူ့ရန်သူအဖြစ် ပြစ်တင်ရှုတ်ချ သုတ်သင်မှုများ စတင်ခဲ့ခြင်း၊ မဟာခုန်ပျံကျော်လွှားမှုနှင့် ယဉ်ကျေးမှုတော်လှန်ရေးတို့ ကြောင့် ဖြစ်ရသည့် ကြီးမားသော အငတ်ဘေးတို့ကြောင့် လျှင်မြန်စွာပင် ပျက်စီးခဲ့ရသည်။
ထိုကတိများသည် မော်စီတုန်း၏ ဆိုးရွားလှသည့် မြေယာပြန်လည်ခွဲဝေချထားရေးနှင့် ပြည်သူ့ရန်သူအဖြစ် ပြစ်တင်ရှုတ်ချ သုတ်သင်မှုများ စတင်ခဲ့ခြင်း၊ မဟာခုန်ပျံကျော်လွှားမှုနှင့် ယဉ်ကျေးမှုတော်လှန်ရေးတို့ ကြောင့် ဖြစ်ရသည့် ကြီးမားသော အငတ်ဘေးတို့ကြောင့် လျှင်မြန်စွာပင် ပျက်စီးခဲ့ရသည်။
ထိုကာလများတွင် ဟန်တရုတ်လူမျိုးများလည်း ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရသော်လည်း နှိပ်စက်မှုများက ပိုမိုစောစီးစွာ စတင်ခဲ့ပြီး ပိုမို၍လည်း ရှည်ကြာခဲ့သဖြင့် တိဘက်လူမျိုးများက ပို၍ ဆိုးရွားပြင်းထန်စွာ ခံစားခဲ့ရသည်ဟု Barbara Demick က ဆိုသည်။ ၁၉၆၆ ခုနှစ်တွင် စတင်သည့် ယဉ်ကျေးမှုတော်လှန်ရေး မတိုင်မီ နှစ်ပေါင်းများစွာအတွင်းတွင် အာဏာပိုင်များက Ngaba တဝိုက်ရှိ ဘုန်းတော်ကြီးကျောင်းများကို ဖျက်ဆီးခြင်း သို့မဟုတ် အခြားရည်ရွယ်ချက်အတွက် ပြန်လည်အသုံးပြုစေခြင်း တို့အားဖြင့် လူအများစုက CCP ကို ဆန့်ကျင်လာစေခဲ့ပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာတရားက သူတို့ဘဝများ၏ ဗဟိုချက် ဖြစ်သောကြောင့်ဖြစ်သည်။ ၁၉၅၀ နှင့် ၆၀ နှစ်များ အတွင်း တိဘက် ၃၀၀၀၀၀ ခန့် အသတ်ခံခဲ့ရသည်။ မအောင်မြင်သော လူထုအုံကြွမှုတခုအပြီး ၁၉၅၉ ခုနှစ်တွင် ဒလိုင်းလားမားနှင့် တိဘက်လူမျိုး အမြောက်အမြား အိန္ဒိယသို့ ထွက်ပြေးခဲ့ကြရသည်။
၁၉၇၆ ခုနှစ်တွင် မော်စီတုန်း ကွယ်လွန်ခဲ့ပြီးနောက် တရုတ်အစိုးရက ဟန်တရုတ်လူမျိုးများ တိဘက်သို့ ပြောင်းရွှေ့ နေထိုင်ရေး မက်လုံးများပေးခဲ့သည်။ သူတို့က တိဘက်အရေအတွက်ထက် ကျော်လွန်သွားသည်အထိ ဖြစ်သည်။ ၁၉၉၀ နှစ်များအတွင်း ချမှတ်ခဲ့သော မူဝါဒသစ်တခု အရ ဒလိုင်းလားမားအပေါ် ချစ်ခင် ကြည်ညိုမှုကို ပြသခြင်း အပါအဝင် တိဗက် ယဉ်ကျေးမှုနှင့် ဘာသာရေး ဆိုင်ရာ ကဏ္ဍများက ရာဇဝတ်မှု မြောက်စေခဲ့သည်။
CCP အာဏာပိုင်များက မျိုးချစ်ပညာရေးကို သင်ကြားပေးရန် ဘုန်းတော်ကြီး ကျောင်းများသို့ ဝင်ရောက်လာခဲ့ကြပြီး အသက် ၁၈ နှစ်အောက် ယောက်ျားလေးများ သာသနာ့ဘောင် မဝင်ရန် တားမြစ်ခဲ့သည်။ Kirti ဘုန်းတော်ကြီး ကျောင်းတွင် သူတို့၏ စည်းမျဉ်းစည်းကမ်းများက ပိုမို တင်းကြပ်လာသည်နှင့် အမျှ ဘုန်းတော်ကြီးများက ပြန်လည်တွန်းလှန်လာကြသည်။ တရုတ်နိုင်ငံက အိုလံပစ်ပွဲတော်အတွက် ပြင်ဆင်နေသည့် ၂၀၀၈ ခုနှစ်တွင် ၁၉၅၉ လူထုအုံကြွမှုနှစ်ပတ်လည်နေ့ ဖြစ်သော မတ်လ ၁၀ ရက်နေ့ Lhasa မြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတခု စတင်ခဲ့သည်။ အာဏာပိုင်များက ခေါင်းဆောင်များကို လျင်မြန်စွာ ဖမ်းဆီးခဲ့ခြင်းက တိဘက်တခွင်တွင် ဆန္ဒပြပွဲများ ပိုမို ပေါ်ပေါက်လာစေခဲ့သည်။
Kirti မှ ဘုန်းတော်ကြီးများ ပူးပေါင်းလာခဲ့ပြီး မကြာမီမှာပင် Ngaba တွင် ဒလိုင်းလာမား၏ ဓာတ်ပုံများကို သူတို့ ခေါင်းပေါ်တွင် မြှောက်ကိုင်ထားကြသော လူစုလူဝေးများ ဖြစ်ပွားလာခဲ့သည်။ အကြမ်းဖက်ဖြိုခွဲမှု ပေါ်ပေါက်ခဲ့ပြီးနောက် Kirti မှာ ဝိုင်းရံပိတ်ဆို့ထားခြင်း ခံခဲ့ရသည်။
CCP က တိဘက်လူမျိုးများအား နိုင်ငံကူးလက်မှတ်ရယူခြင်းနှင့် တရုတ်နိုင်ငံမှ ထွက်ခွာခြင်းကို ပိတ်ပင်ခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ်တွင် တရုတ်အစိုးရ၏ ဖိနှိပ်မှုကို ဆန့်ကျင်သည့်အနေဖြင့် Kirti ဘုန်းတော်ကြီးတပါးက ပထမဆုံး မိမိကိုယ်ကိုမီးရှို့ ၍ ဆန္ဒပြခဲ့သည်။ ရဲအဖွဲ့က သူသေဆုံးမှုနှင့် ဆက်နွှယ်မှုရှိသော မည်သူကိုမဆို ဖမ်းဆီးခဲ့သော်လည်း Ngaba နှင့် ပတ်ဝန်းကျင် ဒေသမှ တိဘက်လူမျိုးများက သူတို့ကိုယ်သူတို့ မီးရှို့ ဆန္ဒပြမှုများ စတင်ပြုလုပ်လာခဲ့ကြသည်။
၂၀၁၉ ခုနှစ် ထိ တိဘက်လူမျိုး ၁၅၆ ဦးက ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့ကြပြီး ၎င်းတို့ အနက်မှ ၃ ပုံ ၁ပုံသည် Ngaba သို့မဟုတ် ပတ်ဝန်းကျင် ဒေသများမှ ဖြစ်သည်။
တရုတ်အစိုးရက Ngaba သို အပြင်လူများ ဝင်ရောက်ခြင်းကို တားဆီးထားပြီး မြို့နှင့် ဆက်သွယ်မှုကိုဖြတ်တောက်ကာ သံချပ်ကာကား များ နှင့် ရဲအရာရှိများကို တမြို့လုံးတွင် ချထားခဲ့သည်။ ယခု Xinjiang တွင် တွေ့ရသော အဆင့်မြင့် နည်းပညာသုံး ရဲလုပ်ငန်းများကို သုံးသပ်၍ အာဏာပိုင်များက Ngaba ကို စောင့်ကြည့်ကင်မရာများဖြင့် လွှမ်းခြုံထားကာ အွန်လိုင်းဆက်သွယ်မှုကို အပြည့်အ၀ ထိန်းချုပ်၍ ရဲတပ်ဖွဲ့က မြို့နေလူထုကို ခြေရာခံရန် biometrics နည်းပညာကို အသုံးပြုခဲ့သည်။
အကြောက်တရားက ဧရိယာတခုလုံးကို ဖုံးလွှမ်းထားပြီး အမှားအယွင်း လုပ်ရပ်တခုက ထောင်ကျခြင်း သို့မဟုတ် ပိုဆိုးသော အခြေအနေသို့ ဦးတည်သွားနိုင်သည်။ သူ၏စာအုပ်ကိုရေးရန် Barbara Demick က Ngaba သို့ ခိုးဝင်၍၎င်း၊ တိဘက်၊ အိန္ဒိယနှင့် နီပေါ စသည့် အခြားဒေသများရှိ Ngaba မှ လူများကို တွေ့ဆုံ မေးမြန်း ၍၎င်း ခရီးသွားခဲ့သည်။
ပြီးခဲ့သည့် ၂ နှစ် အတွင်း တရုတ် အစိုးရက တိဘက်အလုပ်သမားများကို စစ်တပ်ပုံစံ လေ့ကျင့်ရေး ဌာနများသို့ အတင်းပို့ခဲ့ပြီး ၎င်းတို့ကို အထည်အလိပ်လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး စသည့် လစာဝင်ငွေ နည်းပါးသော လုပ်ငန်းများတွင် လုပ်ကိုင်ရန် ပြောင်းရွှေ့စေခဲ့သည်။
ပြီးခဲ့သည့် ၂ နှစ် အတွင်း တရုတ် အစိုးရက တိဘက်အလုပ်သမားများကို စစ်တပ်ပုံစံ လေ့ကျင့်ရေး ဌာနများသို့ အတင်းပို့ခဲ့ပြီး ၎င်းတို့ကို အထည်အလိပ်လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး စသည့် လစာဝင်ငွေ နည်းပါးသော လုပ်ငန်းများတွင် လုပ်ကိုင်ရန် ပြောင်းရွှေ့စေခဲ့သည်။
“ဘာသာရေး၏ မကောင်းသောသြဇာ လွှမ်းမိုးမှု” လျော့ပါးစေရန် တိဘက်လူမျိုးများကို မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေသော ပညာရေးဖော်ဆောင်ရေး အတင်းအကျပ် ဖိအားပေးခဲ့ပြီး တိဘက်လူမျိုးတို့၏ “အားနည်းသော အလုပ်စည်းကမ်းများ ခိုင်မာအားကောင်းရန်” အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့ကျင့်သင်ကြားရန် လိုအပ်ကြောင်း သတ်မှတ်ခဲ့သည်။
တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်းမှ အခြားအစိတ်အပိုင်းများနှင့် တရုတ်နိုင်ငံ အခြားပြည်နယ်များတွင် တည်ရှိသော အလုပ်နေရာများသို့ ချထားခြင်းကို တိဘက်လူမျိုးများက ငြင်းပယ်နိုင်ဖွယ်ရာ မရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက မှတ်ချက်ပြုကြသည်။ တိဗက်ဒေသဆိုင်ရာ အစိုးရ ဝက်ဘ်ဆိုက်၏ အဆိုအရ ၂၀၂၀ ခုနှစ်တွင် ဒေသလူဦးရေ၏ ၁၅ ရာခိုင်နှုန်း ဖြစ်သည့် လူသန်းတဝက်ကျော်ကို လေ့ကျင့်သင်တန်း ပေးခဲ့ကြောင်း သိရသည်။
တိဘက်၊ ဇင်ကျန်းနှင့် အတွင်း မွန်ဂိုးလီးယားတို့၏ ကိုယ်စီ အခြေအနေများက သမိုင်းကြောင်းနှင့် အတိုင်းအတာအရ ကွဲပြားမှုရှိသော်လည်း အစိုးရ၏ မည်သည့် နည်းဖြင့်မဆို ထိန်းချုပ်မည့် သဘောထားနှင့် ၎င်းအပေါ် သဘောထား ကွဲလွဲမှုများကို ဖြိုဖျက်ရန် ခေတ်မီနည်းပညာများအပေါ် မှီခိုမှုတို့က တိုင်းရင်းသား လူနည်းစုများကို ပိုမို၍ တရုတ်ဆန်လာစေရန် ရည်ရွယ်သော ဒုတိယမျိုးဆက်မူဝါဒ၏ အစိတ်အပိုင်းတခုဖြစ်သည်။
“ကျနော်တို့ရဲ့ ဘဝလမ်းကြောင်းက ဖျက်ဆီးခံရပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဘာကျန် သလဲဆိုတော့ မွန်ဂို ဘာသာစကားပဲ ကျန်ပါတော့တယ်။ အဲဒါ မွန်ဂိုလူမျိုးရဲ့ စရိုက်လက္ခဏာ အတွက် တခုတည်းကျန်ခဲ့တဲ့ သင်္ကေတ ဖြစ်ပါတယ်။ ဒါကြောင့် မွန်ဂိုလူမျိုးတွေ နိုးကြားတက်ကြွလာပြီး ဒီမူဝါဒတွေကို ဆန့်ကျင် ဆန္ဒပြနေကြခြင်း ဖြစ်ပါတယ်” ဟု ပြည်ပရောက် မွန်ဂို အဖွဲ့အစည်း တခုဖြစ်သည့် နယူးယောက် အခြေစိုက် Southern Mongolian Human Rights Information Center ၏ ဒါရိုက်တာ Enghebatu Togochog က New York Times သို့ပြောကြားခဲ့သည်။
ကိုးကား။ ။ World magazine ၏ China’s crackdowns: From Tibet to Inner Mongolia
You may also like these stories:
ဟောင်ကောင်တွင် ဆန္ဒပြသူ အများအပြား အဖမ်းခံရ
တရုတ်စစ်ရေးလေ့ကျင့်မှုများက ထိုင်ဝမ်လုံခြုံရေးကို ခြိမ်းခြောက်နေ
တရုတ်က လိုလားသော်လည်း ကရာတူးမြောင်းစီမံကိန်း အလှမ်းဝေးနေဆဲ