ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းကို တလကျော်အတွင်း ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြည်နယ် အစိုးရက ပြောသည်။
ယင်းသို့ ထိန်းချုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်သော စည်းကမ်းများကို မလိုက်နာသည့် Mask မတပ်ဘဲ အပြင်ထွက်သူ တချို့အား ဒဏ်ငွေဆောင်စေခြင်း၊ ဝန်ခံကတိများ ထိုးခိုင်းစေခြင်းတို့ ပြုလုပ်ခဲ့သည့်အတွက် လက်ရှိတွင် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့် က ပြောသည်။
၎င်းက “အခုလို ထိန်းချုပ်ခါစတုန်းကတော့ Mask မတပ်တာတွေလည်း ရှိခဲ့တယ်။ အဲဒီ ကိစ္စမှာလည်း အရေးယူတာတော့ မဟုတ်ဘူး။ ဝန်ခံကတိတွေ၊ ထိုက်သင့်တဲ့ ဒဏ်ကြေးတွေ ဆောင်ခိုင်းစေခဲ့တာလည်း ရှိခဲ့တယ်။ ဒါပေမယ့် အခုတော့ တော် တော်များများ ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရပြီ” ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်တွင် စစ်တွေမြို့ဘဏ်ဝန်ထမ်း အမျိုးသမီးတဦး၌ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရာမှ ကူးစက်နှုန်း မြန်သည့် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း စတင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် စစ်တွေမြို့တွင် ပိုးတွေ့ လူနာများလည်း နေ့စဉ် ကူးစက်မှု များပြားလာခဲ့ပြီး ထိုမှတဆင့် မြောက်ဦး၊ ကျောက်ဖြူ စသည့် ရခိုင်ပြည်နယ် မြို့နယ်များ၌ပါ ပိုးတွေ့ လူနာ ဆက်တိုက် ထောင်ကျော်အထိ တိုးလာခဲ့သည့်အတွက် စိုးရိမ်ရသည့် အနေ အထား ဖြစ်ခဲ့သည်။
အစိုးရ အနေဖြင့် စစ်တွေမြို့မှ တခြားမြို့နယ်များကို ကူးစက်မှု မရှိစေရေးအတွက် ထိန်းချုပ်ရန် စစ်တွေမှ နေ့စဉ်ပြေး ဆွဲနေသော ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း လမ်းခရီးစဉ်များကို ပိတ်ထားခဲ့ရသည်။ တမြို့နယ်နှင့် တမြို့သို့ ကူးလူး သွားလာမှုကို ချက်ချင်း တားမြစ်ခဲ့ရသည်။
ယင်းသို့ ပိုးတွေ့သူများပြားလာမှုကြောင့် လူနာများကို ကုသနိုင်ရန် ရခိုင် မြို့နယ်တိုင်း၌ Quarantine စင်တာများကို ဆေးရုံအပါဝင်၊ စာသင်ကျောင်း တို့တွင် ပြင်ဆင်ခဲ့ရသည်။
စစ်တွေတွင် ဆေးကုသရန်အတွက် တက္ကသိုလ်၊ ဆေးရုံ၊ စာသင်ကျောင်းသည့် အဆောက်အအုံတို့တွင် ကြိုတင် ပြင်ဆင် ထားခဲ့သော်လည်း လက်တလော၌ ပိုးတွေ့ လူနာလျော့ကျလာသည့်အတွက် တိုင်းရင်းဆေးရုံနှင့် စစ်တွေပြည်သူ့ ဆေးရုံ ကြီးတို့တွင်သာ ကုသပေးရကြောင်း ဦးဝင်းမြင့်က ဆက်ပြောသည်။
၎င်းက “အခုဆိုရင် ဆေးရုံက ဆင်းတဲ့ လူနာတွေလည်း တော်တော်များလာနေပြီး။ ပိုးတွေ့သူတွေလည်း နည်းပါးလာတယ်။ မပါသလောက်တောင် ဖြစ်နေပြီ။ ဒါကြောင့်မို့လို့ ရခိုင်မှာ ကိုဗစ်ကို ကာကွယ်ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရတယ်” ဟု ဆို သည်။
လူစုလူဝေး မဖြစ်စေရေးအတွက် စစ်တွေမြို့မဈေးကြီးကို နေရာပြောင်းလဲခြင်း၊ ဈေးရောင်းချခွင့်ကိုလည်း နံနက် ၆ နာရီမှ ၉ နာရီအထိသာ ရောင်းချခွင့်ပြုခဲ့သည်။ ထို့ပြင် မလိုအပ်ဘဲ အပြင်သို့ မထွက်ကြရန် မြို့တွင်း လှည့်လည် ဆော်သြခြင်း၊ ပိုးတွေ့ လူနာရှိသည့် ရပ်ကွက်များကို Lockdown ချခြင်းများ၊ မဖြစ်မနေ အပြင်သို့ ထွက်ရမည်ဆိုပါက ရပ်ကွက် အုပ်ချုပ် ရေးမှူး လက်မှတ်ပါသော ကတ်ပြားများဖြင့် သွားခွင့်ပြုခဲ့သည်။
ထို့အတူ ကျောက်ဖြူမြို့နယ်အတွင်း ကမ်းစပ်တွင် လမ်းလျှောက်ခြင်း၊ ဘောလုံးကစားခြင်း၊ အရက်သေစာ သောက်သုံး ခြင်းများကိုလည်း တားမြစ်ထားပြီး ထိုအချက်များကို ဖောက်ဖျက်ပါက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၃၀) ပုဒ်မခွဲ(က) အရ အောက်တိုဘာလ ၉ ရက်မှစ၍ ထောင်ဒဏ်ဖြင့် အပြစ်ပေး အရေးယူမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီက ထုတ်ပြန်ထားသည်။
ယင်းပြင် သြဂုတ်လ၂၁ ရက်မှ စပြီး စစ်တွေမြို့နယ်ရှိ ပြည်သူများအား Stay at Home နေထိုင်ကြရန်နှင့် ည ၉ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။
လက်ရှိ အချိန်အထိ ရခိုင်တပြည်နယ်လုံးကို Stay at Home နေထိုင်ကြရန် ညွှန်ကြားထားပြီး စစ်တွေမြို့ပေါ်တွင် Quarantine စင်တာ ၁၇ ခု ထားရှိထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှုန်း လတ်တလာ၌ လျော့ကျသွားသော်လည်း လုံးဝကင်းစင်သွားခြင်းမျိုး မဟုတ်ဘဲ ပိုးတွေ့ သူများ ရှိနေသည်ကို တွေ့နေရသေးကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဗဟိုကော်မတီ အဖွဲ့ဝင် ဦးထွန်းအောင်ကျော်က “အရင်ကထက်တော့ ပိုးတွေ့လူနာ တွေတော့ လျော့ကျသွားတယ်။ သို့သော် လုံးဝကင်းစင်တဲ့ အထိတော့ မရှိသေးဘူးပေါ့။ ဟို တရက်နေ့က ထုတ်ပြန်တဲ့ စာရင်းထဲမှာလည်း ရခိုင်မှာ ရောဂါပိုးတွေ့တဲ့ သူတွေကတော့ ရှိနေတုန်းပါ ” ဟု ဆိုသည်။
ယင်းပြင် ရခိုင်တွင် ကိုဗစ်ပိုးကူးစက်နှုန်းမှာ လုံးဝ ကင်းစင်သွားခြင်းမျိုး မဟုတ်သေးသည့်အတွက် စောင့်ကြည့်ရမည့် အနေ အထား ရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ဆိုသည်။
၎င်းက “ကိုဗစ်ကို ထိန်းချုပ်နိုင်တာတော့ အမှန်မှာတော့ မဟုတ်သေးဘူး။ ဆေးစစ်တာတွေ မရှိလို့ မတွေ့တာ။ အနံ့မရတဲ့ သူတွေလည်း ရှိနေသေးတယ်။ စိုးရိမ်ရသေးတဲ့ အခြေအနေ ရှိသေးတယ်” ဟု ပြောဆိုသည်။
ကိုဗစ်ရောဂါ ကာကွယ် တားဆီးသည့် ကာလအတွင်း သာမန် လက်လုပ်လက်စားများမှာ စားဝတ်နေရေး အခက်ခဲများ ရှိနေကြသည်။
ယခင်က တနေ့ ဝင်ငွေနှင့် တနေ့စာကို အဆင်ပြေသော်လည်း ယခုအချိန်တွင် ပြည်သူများမှာ အပြင်ကို မထွက်ကြသည့် အတွက် ဝင်ငွေ လျော့ကျသွားကြောင်း စစ်တွေ အနှေးယာဉ်မောင်းများက ဆိုသည်။
ဆိုက်ကားနင်းသူ ဦးကျော်လှက “ဒီအတိုင်းသာ ဆက်သွားနေရင် စားဝတ်နေရေးအတွက် ရင်လေးရတယ်” ဟု ဆို သည်။
ကိုဗစ်ရောဂါပိုး ကူးစက်နှုန်း မြန်နေသည့်အတွက် ရခိုင်တွင် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ကုန်သွယ်မှု လုပ်ငန်းများ ပုံမှန်ထက် ထက်ဝက်ခန့် ကျဆင်းသွားကြောင်း ကုန်သွယ်ရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။
ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက “ကုန်ကားတွေက ရန် ကုန် အထွက်၊ စစ်တွေကအပြန် ကားတွေဟာလည်း ဆေးစစ်ချက်တွေကြောင့် နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်နေတာ။ ဒါကြောင့် ရခိုင်ဘက်မှာ ကုန်သွယ်မှု အခြေအနေကတော့ လုံးလုံး ကျဆင်းသွားတာ” ဟု ပြောသည်။
ကုန်သွယ်မှု ကျဆင်းသော်လည်း အကန့်အသတ်ဖြင့် ကုန်သွယ်မှု ရှိနေသည့် ကုန်စည် ပြတ်လပ်မှု မရှိသေးကြောင်းနှင့် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မျိုး မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။
ကုန်စည်များ မပြတ်တောက်စေရေးအတွက် အစိုးရအနေဖြင့် ကုန်ကားမောင်းသူများကို ကိုဗစ်စည်းကမ်းအတိုင်း ဆေး စစ်ချက် စာရွက်စာတမ်းများဖြင့် သွားလာခွင့်ပြုထားသော်လည်း ရခိုင်ပြည်နယ်တွင်း ဆေးစစ်ချက်ယူရာတွင် အဆင်မပြေ မှုများ ရှိနေသည်။
ဆက်လက်ပြီး ဦးတင်အောင်ဦးက “ကားဆရာနဲ့ပါတဲ့ ယာဉ်မောင်းအကူကို ဆေးစစ်ပြီးကြောင်း ထောက်ခံချက်ကို လုပ်ပေး နိုင်မှ အဆင်ပြေမှာ။ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာတော့ လုပ်ပေးနေတယ်လို့ သိရတယ်။ ဒါပေမယ့် ကျနော်တို့ ရခိုင် ဘက်ကိုတော့ အဲဒီ စစ်ဆေးတဲ့ စက်တွေ ရောက်ဖို့အတွက်က လေကြောင်းလိုင်းလည်း မရှိသေးဘူးဆို ခက်ခဲနေတာပေါ့” ဟု ရှင်းပြသည်။
ရခိုင် ကားသမားများ အနေဖြင့် လက်ရှိတွင် ယင်းသို့ ကုန်ကားသမားများမှာ ကိုဗစ်ရောဂါ ဆေးစစ်ချက်ယူပြီးမှ စစ်တွေ အပြင် ပြည်မဘက်သို့ သွားခွင့်ရကြသည်။
ရွှေပြည်သစ် ကုန်ကားဂိတ် ကိုယ်စားလှယ်တဦးက “ကုန်စည်ပို့ဆောင်ရေး အပိုင်းမှာတော့ ကုန်ကားသမားတွေ အခက် အခဲတွေကတော့ Swab ယူရတာ။ တနေ့မှ ဆေးစစ်တာက လူ ၁၀၀ ကိုပဲ စစ်တာလေ။ ကုန်ကားတွေ အများကြီး ရှိတယ်။ အခုတောင် စစ်တွေမှာ အစစ်ခံမယ့်လူ ၁၅၀ ကျော်တယ်။ ဒီက လူတွေက ဆေးစစ်ချက် အဖြေရပြီးတော့ အမြန်ဆုံး လိုချင် တယ်” ဟု ဆိုသည်။
ရခိုင်တွင် သြဂုတ်လ ၁၆ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ ကိုဗစ်ပိုး ကူးစက်ခံရသူ ဦးရေ ၁၇၉၇ ယောက် ရှိနေသည်။ ယင်းအထဲမှ ရောဂါပိုးကင်းစင်ပြီး ဆေးရုံမှ ဆင်းခွင့်ရသူ ၁၄၀၀ ဦး ရှိကာ၊ လက်ရှိ ဆေးကုသမှု ခံယူနေရသူ ၃၉၇ ဦးနှင့် သေဆုံးသူ ၇ ဦးရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်း ပိုင် ထံက သိရသည်။
ကိုဗစ်ပိုးတွေ့လူနာ များလာသည်နှင့်အမျှ သေဆုံးသူများကိုလည်း တွေ့လာရသည်။ ယနေ့အချိန်ထိ ကိုဗစ်ကြောင့် ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၇ ဦး အထိ ရှိသည်။ ၎င်းတို့မှာ စစ်တွေမြို့မှ ၅ ဦး၊ ပေါက်တောမြို့မှ ၁ ဦးနှင့် ကျောက်တော် မှ ၁ ဦးတို့ ဖြစ်သည်။
စစ်တွေမြို့ဆေးရုံကြီးတွင် စက်တင်ဘာလ၂၃ ရက်က အသက် ၇၁ နှစ်အရွယ် ကိုဗစ်ပိုးတွေ့ လူနာတဦး သေဆုံးသွားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်က စက်တင်ဘာလ ၁၈ ရက်ကလည်း အောက်တိုဘလ ၅ ရက်ကလည်း သေဆုံးမှုများရှိခဲ့သည်။
သေဆုံးသူတို့မှာ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ စသည့် ရောဂါအခံရှိသူများဖြစ်ကြပြီး အောက်ဆီဂျင်ပေးကာ အထူး ကြပ်မတ် ကုသနေရာမှ ရောဂါပြင်းထန်သည့်အတွက် သေဆုံးသွားခြင်း ဖြစ်သည်။
အလားတူ ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်က အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတဦးနှင့် ပေါက်တောမြို့နယ်တွင် အောက်တိုဘာလ ၂ ရက်က အသက် ၃၂ နှစ်အရွယ် အမျိုးသား တဦးမှာ ဖျားနာခြင်း၊ အသက်ရှု ကြပ်ခြင်း တို့ကြောင့် သေဆုံးသွားခဲ့သည်။
သေဆုံးသူ အများစုမှာ သက်ကြီးပိုင်း အရွယ်များ ဖြစ်ကြပြီး မူလကတည်းက ရောဂါအခံ ရှိသူများ ဖြစ်ကြသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံရမှုကြောင့် သေဆုံးသူများ ရှိလာနေသည့်အတွက် သေဆုံးသူအရေအတွက် ထပ် မတိုးစေရေး ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို မပေါ့ဆဘဲ လိုက်နာရန် လိုအပ်ကြောင်းကို စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က တိုက်တွန်းထားသည်။
You may also like these stories:
စစ်တွေတွင် ကိုဗစ်ဖြင့် ကျေးလက် လမ်းဦးစီးဌာန ညွန်မှူး ၁ ဦး သေဆုံး
ရောဂါကူးစက်မှုက များလာတယ်၊ ရောဂါ ပြင်းထန်မှုတော့ နည်းတယ်
မောင်တောမြို့နယ်သို့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ၂ ဦး တရားမဝင် ထပ်ရောက်လာ