၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရန် ၂၉ ရက်လိုတော့သည် ဖြစ်သော်လည်း ရခိုင်မြောက်ပိုင်းရှိ မြို့နယ်များတွင် တိုက်ပွဲများ ကြောင့် ဒေသခံကျေးရွာသားမှာ ဘေးလွတ်ရာ ရှောင်နေကြရသလို COVID-19 အန္တရာယ်ကလည်း ခြိမ်းခြောက် လျက်ရှိရာ ရွေးကောက်ပွဲက ရခိုင်ပြည်သူများအား ဆွဲဆောင်နိုင်သေးရဲ့လား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ယခုရက်ပိုင်း ရသေ့တောင်မြို့နယ်ရှိ ရွာသား ၃၀၀၀ ကျော်မှာ စစ်ဘေးဒဏ်ကြောင့် အိုးအိမ်များ စွန့်ခွာပြီး စစ်တွေမြို့ပေါ်နှင့် တခြား မြို့နယ်များသို့ ထွက်ပြေး ခိုလှုံနေကြရသည်ဖြစ်ရာ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲ ထက် အသက်ရှင်သန်နေထိုင်ရေးကို ဦးစားပေးနေရသည့် အခြေအနေပင် ဖြစ်သည်။
“အိမ်လည်း မပြန်နိုင်ဘူး။ ဒုက္ခဆင်းရဲကြီးဘဝကို ရောက်နေတဲ့ အချိန် လူတွေက ဘယ်လို ရွေးကောက်ပွဲကို စိတ်ဝင်စားဖို့ ရပါတော့မလဲ။ ကိုယ့်ဒေသမှာ ပြိုင်မယ့် ကိုယ်စားလှယ်က ဘယ်သူဘယ်ဝါဆိုလည်း မသိကြဘူး။ လေ့လာကြတာလည်း မရှိဘူး။ အဲဒီဘက်ကို အာရုံလည်း မရောက်ကြ တော့ဘူး” ဟု ရသေ့တောင်မြို့နယ် ရေပိုက်ဆုံ ဘုန်းတော်ကြီးကျောင်း တွင် စစ်ရှောင်နေသူ ရွှေလောင်းတင်ကျေးရွာသား ကိုအောင်နိုင်က ပြောသည်။
စစ်ရေး ပဋိပက္ခကြောင့် ရသေ့တောင်မြို့နယ်အတွင်းက ကျောက်တန်းတိုက်နယ် အပါအဝင် ကျေးရွာပေါင်း ၅၀ ကျော်သည် လူသူကင်းမဲ့ပြီး လူမနေထိုင်သော အရပ်ဒေသတခု ဖြစ်သွားခဲ့ရသည်။
ရသေ့တောင်မဲဆန္ဒနယ်မှ အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ အခုအခြေအနေက စစ်ယန္တရား ထဲမှာ အားလုံးက လည်ပတ်နေရတယ်။ စစ်ကြောင်း ထွက်လာတယ်။ လက်နက်ကြီး ပစ်တယ်။ အဲဒီလို အသံတွေ ကြားနေရတော့ အများ ပြောသလို ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အလားအလာ နည်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်အစပ် ကုလားတန် မြစ်ကမ်း ဘေးအနီးရှိ မုန့်သန်းပြင်ကျေးရွာမှ စစ်ဘေးရှောင်ပြီး ကျောက်တော်မြို့ပေါ်သို့ ဝင်ရောက်ခိုလှုံနေသူ ဦးကျော်စိန်ကလည်း ဝမ်းရေးအတွက် ပူပန်နေရ သည့် အတွက် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ကိုပင် မသိရှိကြောင်း ပြောသည်။
ဦးကျော်စိန်က “ရွာလည်း မရှိတော့ဘူး။ အိမ်လည်း ပြာဖြစ်သွားပြီး၊ လူလည်း ထွက်ပြေး နေရတာဆိုတော့ ရွေးကောက်ပွဲ ကို ကျနော်တို့ စိတ်ဝင်စားဖို့ အချိန်မရတော့ဘူူး။ မဲစာရင်းဘယ်မှာ ပါတယ်ဆိုလည်း ဒီကလူတွေ တယောက်မှ မသိကြ ဘူး။ ရွေးကောက်ပွဲ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောသံဆိုသံလည်း ကျနော်တို့ မကြားဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် ( AA ) တို့ ရက်ပေါင်း၄၀ ကျော်ကြာ အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော မီးဝ တိုက်ပွဲကြားတွင် ကျောက်တော်မြို့နယ်နှင့် ပလက်ဝ မြို့နယ်အစပ် ကုလားတန်မြစ်ကမ်း အရှေ့ကမ်းနှင့် အနောက်ဘက် ကမ်း တလျှောက်ရှိ ရွာပေါင်း ၃၀ ကျော်မှာ မီးလောင် ပျက်စီးသွားခဲ့သည်။
ထိုရွာပေါင်း ၃၀ ကျော်မှ ဒေသခံ သောင်းချီ ပစ္စည်းဥစ္စာ ဆုံးရှုံးပြီး မြို့နယ် အသီးသီး သို့ ပျံ့ကျဲသွားပြီ ဖြစ်သည့်အတွက် ၎င်းတို့အတွက် မဲစာရင်းပြုစုနိုင်သည့် အခြေအနေ မရှိတော့သလို ရွေးကောက်ပွဲအပေါ် အာရုံစူးစိုက်ပြီး မဲပေးပိုင်ခွင့် မဆုံး ရှုံးရအောင် ကာယကံရှင်တို့ ကိုယ်တိုင် ကြိုးစား အားထုတ်ပြီး မဲထွက်ပေးရန် ဆိုသည်မှာလည်း လက်တွေ့တွင် မလွယ်ကူ တော့ချေ။
ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင် အနေဖြင့် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန် ကြေငြာ ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြီးခဲ့သော ဇူလိုင် ၂၅ ရက်မှစတင်ကာ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတို့တွင် မဲစာရင်းများ ကပ်ထားခဲ့သော်လည်း ဒေသခံ ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲကို စိတ်ဝင် စားမှု အားနည်းပြီး မဲစာရင်း လာကြည့် သူ နည်းပါးကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဦးခိုင်ကောင်းစံက “ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရခိုင် ပြည်သူတွေကတော့ စိတ်ဝင်စားမှု မရှိကြဘူး။ စစ်ဘေးနဲ့ ကိုဗစ်ဘေးကြောင့် ဒုက္ခရောက်တာလည်း ပါတယ်။ နောက်တ ခုက အစိုးရနဲ့ နိုင်ငံရေး ပါတီတွေအပေါ်လည်း အယုံအကြည် မရှိကြတော့ဘူး။ မဲနိုင်ရင်လည်း ဘာမှ လုပ်လို့ မရဘူး ဆိုပြီး အဲဒီလို အမြင်မျိုးတွေက ရှိနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီ ၁၃ ပါတီနှင့် တသီးပုဂ္ဂလ အဖြစ် အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ ပြည်နယ်လွှတ်တော်တို့တွင် ကိုယ်စားလှယ်လောင်း ၃၈၅ ဦးဝင် ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာ တင်ထားကြောင်းလည်း သိရသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲရုံပေါင်း ၂၅၉၀ ကျော် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဆန္ဒမဲ ပေးခွင့်ရှိသူ ၁၆၄၀၀၀၀ ကျော်ရှိကြောင်းလည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က ကြေငြာ ထားပြီးသော်လည်း စစ်ဘေးနှင့် ကိုဗစ် ၁၉ ရောဂါ ကပ်ဘေးတို့ကြောင့် မြောက်ပိုင်းမြို့နယ်များရှိ ပြည်သူအများစုမှာ စစ်ဘေးသင့်နေသဖြင့် ရွေးကောက်ပွဲထက် မိမိအသက်ရှင် ရပ်တည်ရေးအတွက်ကိုသာ လုံးပန်းနေကြရသည်။
နယ်မြေလုံခြုံရေးကြောင့် ရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း ကျေးရွာ အုပ်စု ၁၅ အုပ်စုတွင် မဲစာရင်း များ မကပ်နိုင် သည့်အတွက် မဲပေးခွင့် ဆုံးရှုံးနိုင်သည့် အခြေအနေရှိသလို ရခိုင်မြောက်ပိုင်းမြို့နယ်များ၌ လာမည့် ရွေးကောက်ပွဲ သည် ပင် ကျင်းပနိုင်ခြေ ရှိ ၊ မရှိဆိုသည်ကို ကံသေကံမ မပြောနိုင်ကြဘဲ အားလုံးက စိတ်ဝင်တစား စောင့်ကြည့် နေကြရသည်။
ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ( ခွဲ ) မှအတွင်းရေးမှူး ဦးသူရိန်ထွဋ် ကမူ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ် အတွင်း ၁၇ မြို့နယ်လုံး ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောသည်။
၎င်းက “ကျနော်တို့ကတော့ ၁၇ မြို့နယ်လုံး ကျင်းပဖို့ ပြင်ဆင် ဆောင်ရွက်နေတာပဲ ရှိပါတယ်။ မြို့နယ်အားလုံးမှာ ကျင်းပ နိုင်ခြေ ရှိ၊ မရှိဆိုတဲ့ အဲဒီလိုမျိုး ကိစ္စတွေက ကျနော်တို့ အဆင့်နဲ့ မမှီဘူး။ အကြီးအကဲတွေပဲ သုံးသပ်နိုင်မယ်” ဟု ဧရာဝတီ သို့ပြောသည်။
စစ်ရေးပြင်းထန်မှုအခြေအနေ၊ ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေမှု အခြေအနေများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေ အလွန်နည်းပါးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်း အရုံး(REC) မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကလည်း သုံးသပ်သည်။
ဦးဇော်ဇော်ထွန်းက “ အခြေအနေအားလုံးကတော့ စိုးရိမ်ပူပန်မှု ရှိတယ်။ မဲရုံလုံခြုံရေး၊ မဲဆန္ဒရှင်ပြည်သူတွေရဲ့ လုံခြုံရေး ပြီးတော့ ကိုဗစ်ကာလ ဆိုတော့ မဲထွက်ပေးဖို့လည်း ပြည်သူတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ တော်တော်များများ ရှိနေကြ တယ်။ ဒီအခြေအနေမျိုးမှာ ကျင်းပမယ်ဆိုရင်လည်း မြို့နယ် ၁ ခုမှာ မဲဆန္ဒနယ် ၃ ခု လောက်ရှိရင် ၁ ခုလောက် ပဲ ကျင်းပနိုင်မယ်လို့ သုံးသပ်မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကိုရိုနာဗိုင်းရပ်ကူးစက်မှု မြင့်မားနေသည့်အတွက် ရခိုင်တပြည်နယ်လုံးအား အစိုးရက Stay at Home နေထိုင်ရန် ညွန်ကြားထားသော်လည်း လက်ရှိအချိန်အထိ ရခိုင်ကျေးရွာများ ရွာလုံးကျွတ်မီးရှို့ခံရခြင်း၊ လက်နက်ကြီး ကျ၍ သေကြေ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိနေသည်။
ပြီးခဲ့သော ၂၀၁၈ ခုနှစ်ကနေ တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့၏ နှစ်ဖက်တိုက်ပွဲကြောင့် အရပ်သားသေဆုံးသူ ၂၈၀ ကျော်၊ ထိခိုက်ဒဏ်ရာရသူ လူပေါင်း ၆၀၀ ကျော်ရှိပြီး မြို့နယ်အသီးသီးတွင် စစ်ဘေးရှောင်လူဦးရေ ၂၂၀၀၀၀ ထိ တိုးလာနေကြောင်းလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး ( REC ) ၏ စာရင်းအရ သိရသည်။
ထိုသို့သော အခြေအနေတွင် ရခိုင်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပေါက်တော စသည့် မြို့နယ်များမှ လူများကိုယ်တိုင် ပါတီနိုင်ငံရေး အပေါ် အယုံအကြည် ကင်းမဲ့နေပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အလွန်နည်းပါးသည်ကိုလည်း မြေပြင် အခြေအနေတွင် တွေ့မြင်နေရသည်။
ရသေ့တောင်မြို့ပေါ်တွင် စစ်ရှောင်နေသူ ကျောက်တန်းကျေးရွာသူ မမိုးမိုးက “ ကျမတို့ မဲစာရင်း ဘယ်မှာ ကပ်ထားလဲ၊ ဘယ်မှာ မဲထည့်ရမလဲဆိုတာ အခုချိန်ထိ မသိသေးဘူး။ ထမင်းနပ်မှန်၊ စားသောက်နိုင်ဖို့ကိုပဲ လုံးပန်းနေရတဲ့ အခြေအနေ ဖြစ်နေတယ်။ လယ်လည်း မလုပ်နိုင်ဘူး။ ပစ္စည်းတွေလည်း အကုန် ဖျက်ဆီး ခံလိုက်ရပြီ။ ကိုယ့်အသက်ရှင်ဖို့ တခု က လွဲပြီး ကျန်တာ မစဉ်းစားနိုင်ဘူး ဖြစ်နေတယ်။” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ရေးလှုပ်ရှားမှု မရှိသည့် ရခိုင်တောင်ပိုင်းမြို့နယ်ဖြစ်သည့် သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ နှင့် မာန်အောင် စသည့် မြို့နယ် များတွင်မူ ရွေးကောက်ပွဲအပေါ် ပြီးခဲ့သော ၂၀၁၅ ခုနှစ်ကဲ့သို့ စိတ်ဝင်စားဖွယ်ရာ မတွေ့ရသော်လည်း စိတ်အား ထက်သန် ရာ ပါတီ အလိုက် ထောက်ခံသူများ ရှိသည့် အတွက် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ မဲဆွယ်စည်းရုံးမှုများကို မြင်တွေ့ နေရကြောင်း သံတွဲဒေသခံများက ပြောသည်။
သံတွဲမြို့ခံ မကေဇင်ဦးက “ ဒီမှာက ရွေးကောက်ပွဲထက် ကိုဗစ်ကြောင့် ပြည်သူတွေ စိုးရိမ်မှုတွေ ရှိတယ်။ ပါတီတွေ ကလည်း သူ့အမာခံနဲ့သူ ထောက်ခံကြတာ ရှိတယ်။ အများအားဖြင့် အခုမြင်တွေ့နေရတာကတော့ ရခိုင်ပါတီတွေ တော်တော်များများ လှုပ်ရှားတာကို တွေ့ရတယ်။ ကျန်တဲ့ NLD နဲ့ USDP ကတော့ သူထောက်ခံမှုနဲ့သူ ပုံမှန်ပါပဲ ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်အမျိုးသားပါတီ(ANP)မှ ခေါင်းဆောင်၁ ဦးဖြစ်ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းလည်း ဖြစ်သူ ဦးထွန်းအောင်ကျော်က စစ်ပွဲကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေ နည်းပါး သည့် အခြေအနေကို အများက ထင်ကြေးပေးသလို ၎င်း အနေဖြင့်လည်း ထင်မြင်ယူဆမိကြောင်း ပြောသည်။
“ရွာမီးရှို့ဖျက်ဆီးခံရတယ်။ လူပေါင်းမြောက်များစွာ ထွက်ပြေးနေကြရတယ်။ အလားတူ ရသေ့တောင်မြို့နယ်မှာလည်း စစ်ကြောင်း ဝင်လို့ ပူပူနွေးနွေးပဲ ထွက်ပြေးနေကြရတယ်။ အဲဒါကြောင့် တည်ငြိမ်မှု မရှိဆိုတဲ့ အကြောင်းပြပြီးတော့ ရွေးကောက်ပွဲကို မကျင်းပဘဲ နေနိုင်တယ်ဆိုပြီး အများစု အဲဒီလိုပဲ သုံးသပ်နေတာကို တွေ့တယ်။ ကျနော်တို့ ကိုယ်တိုင်လည်း အဲဒီလိုပဲ ထင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
ယင်းအပြင် ရခိုင်ပြည်သူများ နိုင်ငံရေး ဖြစ်စဉ် အပေါ် ယုံကြည်မှု ကျဆင်းနေသလို ကိုဗစ်ကြောင့် မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ခံထားရသည့်အတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကိုလည်း မဆောင်ရွက်နိုင်ဘဲ ဖြစ်နေကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။
၎င်းက“နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ မဟုတ် ဆိုပြီးတော့လည်း အယုံအကြည် မရှိဆိုလည်း တွေ့နေရတယ်။ စိတ်မဝင်စား မှုကို စိတ်ဝင်စားလာအောင် လုပ်ပေးဖို့ကလည်း အခုကိုဗစ်ကြောင့် ပြည်သူတွေကို လှည့်လည် စည်းရုံးခြင်း မလုပ်ရ၊ ကန့်သတ်ချက်တွေ ထွက်လာတော့ လူတယောက်ကို မဲထည့်ချင်အောင် ဟောပြောစည်းရုံးဖို့က ကျနော်တို့မှာ အခွင့် အရေး လုံးဝမရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ဦးထွန်းအောင်ကျော်က “ ပြည်သူတွေအနေနဲ့ နှစ်ပေါင်းများစွာ စစ်အာဏာရှင်အောက်မှာ နေထိုင်ခဲ့ကြပြီး အခုမှ ဘွားခနဲ တွေ့ရတဲ့ မြေစမ်း ခရမ်းပျိုး ဒီမိုကရေစီမှာတော့ ဒီလိုပဲ ရှိမယ်ဆိုတာ ပြည်သူလူထုကို ကျနော်တို့ကတော့ သဘောပေါက်အောင် ပြောပြရမယ်။ ပြည်သူလူထု နားလည် လက်ခံအောင် ရှင်းပြရမယ့် တာဝန်ဟာ နိုင်ငံရေး ပါတီမှာ ပါဝင်တဲ့ State Holder တွေရဲ့ အဓိက တာဝန်ဖြစ်တယ်လို့ ရိုးရိုးသားသားနဲ့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်” ဟု ဧရာဝတီ သို့ပြောသည်။
ရခိုင်အမျိုးသားပါတီ(ANP) မှ နုတ်ထွက်ခွင့် မရသဖြင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်လတ်ကမူ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေကြောင့် ရွေးကောက်ပွဲ အပေါ် ပြည်သူလူထု စိတ်ဝင်စားလာအောင် လုပ်ဆောင်ရန် နည်းလမ်း မရှိတော့သည့် အခြေအနေ ဖြစ်နေကြောင်း ပြောသည်။
ဦးခင်မောင်လတ်က “ ကိုယ့်ရပ်ရွာကို စွန့်ခွာပြီး စားဝတ်နေရေး ဒုက္ခပေါင်း များစွာ ရောက်နေတဲ့ ပြည်သူတွေကို ရွေးကောက်ပွဲကို စိတ်ဝင်စားအောင် စည်းရုံး လုပ်ဆောင်ဖို့ဆိုတာကတော့ မရနိုင်ဘူး။ စိတ်ဝင်စားမှု ရှိလာအောင် လုပ် ဆောင်ဖို့ နည်းလမ်းလည်း မရှိဘူးလို့ ကျနော်ကတော့ အဲဒီလိုပဲ ထင်မြင်မိတယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း ရခိုင်နိုင်ငံရေးပါတီ အချင်းချင်းကြားတွင် ရွေးကောက်ပွဲနီး လာသည်နှင့်အမျှ တဖက်နှင့် တဖက် ထိုးနှက် တိုက်ခိုက်မှုများကို မြင်တွေ့လာရပြီး ရခိုင် မြောက်ပိုင်းမြို့နယ်များတွင် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီတို့ကြား အဓိက ယှဉ်ပြိုင်ကြရမည် ဖြစ်သလို တောင်ပိုင်းမြို့နယ်များတွင်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD ) တို့ကြား အဓိက သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သုံးသပ်မှုများ ကြောင့် လာမည့်ရွေးကောက်ပွဲကို စောင့်ကြည့်ရမည်ပင် ဖြစ်သည်။
You may also like these stories:
မဲဆန္ဒနယ်ပြင်ပ ရောက်နေသူများ လက်ရှိနေရာတွင် ကြိုတင်မဲ ပေးနိုင်
ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုယုံကြည်မှု မြင့်တက်လာဟု PACE စစ်တမ်းကဆို
ရခိုင်တွင် ကြိုတင်မဲပေးသူ ၉ ထောင်ကျော်အနက် တပ်မဲ ၈၀၀၀ ကျော်ရှိ