မြန်မာနိုင်ငံ မြေပုံမှာ ဧရိယာနယ်နမိတ် အကျဉ်းဆုံး၊ လူဦးရေ ၃ သိန်းကျော်သာရှိပြီး တိုင်းဒေသကြီး/ပြည်နယ်တွေ အကြား လူဦးရေ အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ် (ကရင်နီပြည်နယ်)ဟာ မကြာခင် ကျင်းပတော့မယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အထူး လေ့လာစောင့်ကြည့်ရမယ့် ပြည်နယ်တခု ဖြစ်နေပါတယ်။
ဗိုလ်ချုပ်ကြေးရုပ် ပြဿနာကစလို့ ပြည်နယ်ဝန်ကြီးချုပ် ဖြုတ်ချခံရတဲ့ ကိစ္စအဆုံး လူအများက စိတ်ဝင်တစား စောင့်ကြည့် ခံရတဲ့ ကယားပြည်နယ်မှာ ၂၀၁၅ နဲ့ မတူညီတဲ့ အခင်းအကျင်း အသစ်တွေကြောင့် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာ နိုင်သလဲဆိုပြီး စောင့်ကြည့်ရမှာပါပဲ။
ကယားပြည်နယ် ရွေးကောက်ပွဲ အခင်းအကျင်း
ကယားပြည်နယ်မှာ ခရိုင် ၂ ခု၊ မြို့နယ်ပေါင်း ၇ ခု ရှိပြီး ရွေးကောက်ပွဲ အခင်းအကျင်းအရ ပြည်သူ့လွှတ်တော်အတွက် မဲ ဆန္ဒနယ် ၇ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၁၄ နေရာနဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ၁ နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် ၃၄ နေရာ ရှိပါတယ်။
ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၁၃ ခု ရှိပြီး တသီးပုဂ္ဂလ ၁၃ ဦး အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ရှိပါတယ်။
နိုင်ငံရေးပါတီ ၁၃ ခုအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည် သူ့ကောင်းကျိုးဆောင်ပါတီ (UBP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(နှင်းဆီ)(UDP)၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ ၅ ခုတို့ဟာ မဲဆန္ဒနယ်အပြည့် ဝင်ပြိုင်ကြမှာပါ။
အခုလို ယှဉ်ပြိုင်ခြင်းကြောင့် ဒေသခံ တိုင်းရင်းသားလူထု၊ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အားပေးမှုကို ပိုမိုရရှိမှာ ဖြစ်သလို ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်လည်း တစုံတရာ အထောက်အပံ့ ဖြစ်စေမယ်လို့ နှစ်ဖက်ပါတီခေါင်းဆောင်တွေက ယုံကြည်ထားပါတယ်။
ကျန်ပါတီ ၈ ခုကတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)၊ ကယန်းအမျိုးသားပါတီ(KNP)၊ တိုင်းရင်းသား စည်း လုံးညီညွတ်ရေးပါတီ(NUP)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DPN)၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ် သမားပြည်သူ့ပါတီ(PPMFW)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ကရင်အမျိုးသားပါတီနဲ့ ပအိုးဝ် အမျိုး သားအဖွဲ့ချုပ်(PNO)တို့ပဲ ဖြစ်ပါတယ်။
ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နောက်ဆုံးရရှိထားတဲ့ စာရင်းအရ ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ်ရှိ မဲပေးနိုင်သူဦးရေ ၂၀၇,၀၀၀ ကျော်ရှိတဲ့အတွက် ၂၀၁၅ ထက် မဲပေးနိုင်သူဦးရေကလည်း ၂၉,၀၀၀ ကျော် တိုးလာပါတယ်။
အခင်းအကျင်းအသစ်နဲ့ တိုက်စစ်ဖွင့်လာတဲ့ KySDP, KNP
၂၀၁၅ ကို သင်ခန်းစာယူရင်း လာမယ့် ရွေးကောက်ပွဲမှာ မဲမပြန့်စေဖို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KysDP)နဲ့ ကယန်းအမျိုးသားပါတီ (KNP) တို့ဟာ မဲဆန္ဒနယ် ၃၄ နေရာကို KySDP က နေရာ ၃၀ နဲ့ KNP က ၄ နေရာ အတူခွဲဝေယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အခုလို ယှဉ်ပြိုင်ခြင်းကြောင့် ဒေသခံ တိုင်းရင်းသားလူထု၊ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အားပေးမှုကို ပိုမိုရရှိမှာ ဖြစ်သလို ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်လည်း တစုံတရာ အထောက်အပံ့ ဖြစ်စေမယ်လို့ နှစ်ဖက်ပါတီခေါင်းဆောင်တွေက ယုံကြည်ထားပါတယ်။
KySDP ဆိုတာ ၂၀၁၅ မှာ ဝင်ပြိုင်ပြီး ရှုံးခဲ့တဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီနဲ့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်) နှစ်ခု ပေါင်းစည်းထားတာဖြစ်ပြီး ယင်းပါတီနှစ်ခုစလုံးကို ၂၀၁၃ မှာ စတင်ဖွဲ့စည်းခဲ့တာပါ။
ပေါင်းစည်းပါတီဖြစ်သွားတဲ့ KySDP အနေနဲ့ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ကယားပြည်နယ်၊ ဖ ရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) မှာ ခူးသဲရယ်က အနိုင်ရရှိထားပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ လည်း ခူးသဲရယ်က ထပ်မံဝင်ရောက် ယှဉ်ပြိုင်အုံးမှာ ဖြစ်ပါတယ်။
၂၀၁၀ မေလမှာ စတင်တည်ထောင်ခဲ့တဲ့ KNP ပါတီကတော့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၆ နေရာ ဝင်ရောက် ယှဉ်ပြိုင်ရာမှာ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာနဲ့ ပြည်နယ်လွှတ်တော် ၁ နေရာ အနိုင် ရရှိခဲ့ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ ဝင်ပြိုင်တဲ့ မဲဆန္ဒနယ် ၁၀ နေရာစလုံး ရှုံးခဲ့ပါတယ်။
KySDP နဲ့ KNP ဟာ မဲဆန္ဒနယ်တွေ ခွဲဝေယှဉ်ပြိုင်ကြရုံသာမက ကိုယ်စားလှယ်လောင်းတွေထဲက ၁၂ ဦး ဟာ ဒေသဖွံ့ ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ ဥပဒေရေးရာ လှုပ်ရှားဆောင်ရွက်နေတဲ့ ပြည်နယ်အခြေစိုက် အရပ်ဖက် အဖွဲ့အစည်း က ခေါင်းဆောင်တွေ ဖြစ်နေပါတယ်။
ကယားပြည်နယ် NLD အောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးစိုးရာဇာဝင်းကလည်း အသေးငယ်ဆုံး ဖြစ်ပေမယ့် စိန်ခေါ်မှုနဲ့ အခက်အခဲတွေ အရှိဆုံး ပြည်နယ်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ထုတ်ဖော် ပြောဆိုထားပါတယ်။
ဒီလို လူထုနဲ့ ရင်းနှီးသားသူတွေကို ရွေးချယ်ယှဉ်ပြိုင်စေခြင်းကြောင့် အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အင်အားသာမက ကရင်နီ လူငယ်ထုရဲ့ ဝန်းရံမှုအားပေးမှုကိုလည်း ရရှိလိုက်ပါတယ်။
KySDP အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က “ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့နေရာမှာ အဓိက လူထုတွေ နဲ့ ထိစပ်တဲ့၊ လူထုနဲ့ ရင်းနှီးပြီးသား ပုဂ္ဂိုလ်တွေ ပါလာတဲ့ အခါကျတော့ ၂၀၁၅ ထက် လူထုက ပါတီကို စိတ်ဝင်စားမှု ပိုရှိလာတယ်။ ပါတီနှစ်ခု မဟာမိတ် လုပ်လိုက်တာကလည်း အဓိက အားသာချက်လို ဖြစ်နေတယ်” လို့ ပြောပါတယ်။
ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေအနေနဲ့ ၂၀၁၅ ထက် ပိုအားကောင်းလာသလို အောင်နိုင်ရေးအတွက် ပြင်ဆင် ထားတဲ့ ဗျူဟာတွေကလည်း စနစ်ပိုကျလာတဲ့အတွက် ဒေသခံလူထုရဲ့ စိတ်ဝင်စားမှု မြင့်တက်လာတယ်လို့ ကယားပြည် နယ်အရေး လေ့လာသူတွေကလည်း သုုံးသပ်ပြောဆိုပါတယ်။
NLD အတွက် စိန်ခေါ်မှု
၂၀၁၅ ရွေးကောက်ပွဲမှာ ကယားပြည်နယ် မဲဆန္ဒနယ် ၃၄ နေရာအနက် လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ၂၆ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)က ၇ နေရာနဲ့ တသီးပုဂ္ဂလ ၁ နေရာ အသီးသီး အနိုင်ရရှိထားပါတယ်။
သို့ပေမယ့် ပြီးခဲ့တဲ့ ၅ နှစ်တာ သက်တမ်းအတွင်း ပြည်နယ်မှာ ရှုပ်ထွေးမှုတွေ၊ မြေယာပြဿနာတွေ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပြည်နယ်အစိုးရအတွင်း မငြိမ်မသက် ဖြစ်မှုတွေကြောင့် လာမယ့် ရွေးကောက်ပွဲဟာ NLD အတွက် စိန်ခေါ်မှု များစွာ ရှိနေပါတယ်။
ကယားပြည်နယ် NLD အောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးစိုးရာဇာဝင်းကလည်း အသေးငယ်ဆုံး ဖြစ်ပေမယ့် စိန်ခေါ်မှုနဲ့ အခက်အခဲတွေ အရှိဆုံး ပြည်နယ်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ထုတ်ဖော် ပြောဆိုထားပါတယ်။
ဒေသခံလူထု ဆန္ဒမပါဘဲ အများပြည်သူပိုင် ပန်းခြံအတွင်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခဲ့တာ၊ မကျေနပ်လို့ ဆန္ဒပြသူတွေ ကို အကြမ်းဖက် ဖြိုခွင်းတာ၊ ဖမ်းဆီးပြီး တရားစွဲဆို ထောင်ချတာတွေက အစပြုလို့ ပြည်နယ် အစိုးရနဲ့ ဒေသခံ လူငယ်ထု အကြား ဆက်ဆံရေး တင်းမာခဲ့ပါတယ်။
ဒေသခံလူငယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်နယ်အစိုးရအကြား မကြာခဏဆိုသလို ပွတ်တိုက်မှုတွေ ဖြစ်ခဲ့ရာ ကနေ ရွေးကောက်ပွဲ နီးလာချိန်မှာတော့ NLD နဲ့ ၎င်းတို့အကြား ပြဒါးတလမ်း သံတလမ်း ဖြစ်သွားကြပြီဆိုတာကို အင်အားပြ ထောက်ခံ လှည့်လည်ပွဲတွေက မီးမောင်းထိုးပြနေပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေကိုသာ ဝန်းရံပေးပြီး မဲထည့်သွားမှာ ဖြစ်တယ်လို့ လွန်ခဲ့တဲ့ ၆ လလောက် ကတည်းက ကရင်နီပြည် လူမျိုးစု လူငယ်ထု တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကနေတဆင့် တရားဝင် ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေ တရားဝင် မဲဆွယ်စည်းရုံးခွင့် ရတဲ့အခါ ကရင်နီလူငယ်ထုဟာ လူထောင်ချီပါဝင်တဲ့ အင်အားပြ ထောက်ခံလှည့်လည်ပွဲတွေနဲ့အတူ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေကိုသာ ဝန်းရံကြောင်း သက်သေပြခဲ့ပါတယ်။
KySDP နဲ့ KNP တို့ အားကောင်းလာရတဲ့ အဓိက အကြောင်းရင်းဟာ ၂၀၁၅ မှာ NLD ကို ထောက်ခံခဲ့ကြတဲ့ လူငယ်၊ ကျောင်းသား အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက KySDP နဲ့ KNP ကို ပြောင်းပြီး ထောက်ခံကြတဲ့ အချက်လည်း ပါဝင်နေပါတယ်။
KySDP နဲ့ KNP ကို ဝန်းရံနေသူတွေနဲ့ ယင်းပါတီနှစ်ခုကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း တချို့ဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတုန်းက NLD အောင်နိုင်ရေးအတွက် အင်တိုက်အားတိုက် ဝန်းရံအားပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။
တချိန်က NLD ကို ဝန်းရံ ထောက်ခံခဲ့သူတွေရဲ့ အင်အားတွေ ၂၀၂၀ မှာ လျော့သွားတဲ့အပြင် ၂၀၁၅ တုန်းက ၃ ပါတီဖြစ်ခဲ့တဲ့ ကယားပါတီတွေ အခုအချိန်မှာ ၁ ပါတီတည်းလို ဖြစ်သွားတာကလည်း NLD အတွက် စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။
အရပ်ဖက် အဖွဲ့အစည်းကနေ လွှတ်တော်နိုင်ငံရေးထဲ ဝင်ရောက်ဖို့ ကြိုးစားလာသူတွေထဲက တဦးဖြစ်တဲ့ ကိုဒီးဒီ(ခ)စစ်မုန်း က သူများကို အားကိုးနေခြင်းထက် ကိုယ့်ပြည်နယ်အတွက် ကိုယ့်ကိုယ်ကို အားကိုးမှရတော့မယ်ဆိုတဲ့ ယူဆချက်ကြောင့် ရွေးကောက်ပွဲဝင်ရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
သူကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ KySDP ပါတီကနေ ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
သူဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ် စည်းရုံးရေးခရီးစဉ်မှာ လုံခြုံရေးအနေနဲ့ တာဝန်ယူပေးခဲ့သူတွေထဲက တယောက်ဖြစ်ပါတယ်။
၂၀၁၅ တုန်းက ပြည်နယ် ဖွံ့ဖြိုးရေးသော်လည်းကောင်း၊ တိုင်းရင်းသားအရေးသော်လည်းကောင်း လက်ရှိပါတီကြီးက ပိုမို လုပ်ဆောင် ပေးနိုင်မယ်၊ အပြောင်းအလဲတခုကို ဖော်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်း အာဏာရ သွားတဲ့အခါ အထင်နဲ့အမြင် လွဲခဲ့ရသလို ဒေသခံလူထုရဲ့ ဆန္ဒတွေလည်း လျစ်လျူရှုခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။
တချိန်က NLD ကို ဝန်းရံ ထောက်ခံခဲ့သူတွေရဲ့ အင်အားတွေ ၂၀၂၀ မှာ လျော့သွားတဲ့အပြင် ၂၀၁၅ တုန်းက ၃ ပါတီဖြစ်ခဲ့တဲ့ ကယားပါတီတွေ အခုအချိန်မှာ ၁ ပါတီတည်းလို ဖြစ်သွားတာကလည်း NLD အတွက် စိန်ခေါ်မှုတရပ် ဖြစ်ပါတယ်။
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၅ ကယားပြည်နယ် စည်းရုံးရေး ခရီးစဉ်တွေဟာ အောင်နိုင်ရေးအတွက် အရေးပါခဲ့တာဖြစ်လို့ ၂၀၂၀ မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စည်းရုံးရေး မဆင်းနိုင်တဲ့ အချက်ကလည်း ကြီးမားတဲ့ အားလျော့မှုတခု ဖြစ်စေတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
ဒါ့အပြင် NLD ပါတီက ထုတ်ပယ်ခြင်းခံရတဲ့ သူတွေထဲက လက်ရှိ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ပါတီ ဝင်ဟောင်း ၅ ဦးက တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် မိခင်ပါတီဟောင်းနဲ့ ရင်ဆိုင်ကြမယ့် အခြေအနေတွေက လည်း ရှိနေပါသေးတယ်။
အထူးစောင့်ကြည့်ရမယ့် မဲဆန္ဒနယ်တွေ
ကယားပြည်နယ် မြို့နယ် ၇ မြို့နယ်က မဲဆန္ဒနယ်တွေအနက် အထူးသတိပြု စောင့်ကြည့်ရမယ့် စိတ်ဝင်စားစရာ ကောင်း တဲ့ မဲဆန္ဒနယ်မြေ တခုကတော့ ဘောလခဲမြို့နယ် ဖြစ်ပါတယ်။
ကယားပြည်နယ်အတွင်း တပ်နယ်မြေ အများဆုံးရှိရာ မြို့နယ်အဖြစ် သတ်မှတ်ထားခံရတဲ့ ဘောလခဲမြို့နယ်ဟာ ၂၀၁၅ တုန်းက USDP နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးစိုးသိန်းတို့ အနိုင်ရရှိခဲ့တဲ့ မဲဆန္ဒနယ်မြေ ဖြစ်ပါတယ်။
ဦးစိုးသိန်းဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီး တာဝန်ယူခဲ့သူဖြစ်ပြီး သြဇာအာဏာ ရှိလှသူ တဦးဖြစ်ပါတယ်။ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ဦးစိုးသိန်းဟာ မဲပေးခွင့်ရှိသူဦးရေ ၃၁၁၆ ဦး ရှိတဲ့အနက် ၂၂၅၂ ဦး (၉၀.၃၇ ရာခိုင်နှုန်း) မဲ လာပေးခဲ့တဲ့ ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၉) မှာ မဲရုံမဲ ၁၀၀၅၊ ကြိုတင်မဲ ၄၀၁၊ စုစုပေါင်း ခိုင်လုံ မဲ ၁၄၀၆ မဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ထိုစဉ်က NLD က ၄၅၈ မဲ (မဲရုံမဲ ၄၂၄၊ ကြိုတင်မဲ ၃၄)၊ USDP က ၆၆၂ မဲ (မဲရုံမဲ ၅၆၈၊ ကြိုတင်မဲ ၉၄)၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီက ၁၆၈ မဲ (မဲရုံမဲ ၁၅၀၊ ကြိုတင်မဲ ၁၈)နဲ့ရှုံးခဲ့ပြီး NLD ရဲ့ ခိုင်လုံမဲရရှိမှုဟာ တတိယအဆင့်မှာ ရှိနေတာ တွေ့ ရပါတယ်။
ကာယကံရှင်ဖြစ်တဲ့ စိုင်းလင်းလင်းဦးကတော့ သူယှဉ်ပြိုင်ရမယ့်သူဟာ နောက်ခံအင်အား တောင့်တင်းသူ တဦးဖြစ်သလို ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲ နှစ်ခုစလုံး USDP လွှမ်းမိုးခဲ့တဲ့ နေရာကို ပြန်တွန်းလှန်ပြီး ထောက်ခံမဲတွေ ယူရမှာဖြစ်လို့ သူ့ အတွက် အတော်လေး စိန်ခေါ်မှုကြီးတယ်လို့ ပြောပါတယ်။
ဦးစိုးသိန်းဟာ လာမယ့် ရွေးကောက်ပွဲမှာလည်း ဘောလခဲကနေပဲ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဒီတခါတော့ တသီးပုဂ္ဂလ အနေနဲ့ မဟုတ်တော့ဘဲ မိခင်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ဦးစိုးသိန်းနဲ့ ယှဉ်ပြိုင်ဖို့အတွက် NLD ပါတီက အသက် ၂၉ နှစ်အရွယ် ဒေသခံ လူငယ်တဦးဖြစ်တဲ့ စိုင်းလင်းလင်းဦးကို ရွေးချယ်ထားပါတယ်။
စိုင်းလင်းလင်းဦးဟာ ဘောလခဲမြို့နယ် NLD အလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်ပြီး ၂၀၁၄ လောက်ကစလို့ ပါတီရဲ့ မြို့နယ် ပြန်ကြားရေးတာဝန်ခံအဖြစ် ယနေ့အချိန်ထိ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
ဒေသအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်) (Kantarawaddy Times) ရဲ့ သတင်းထောက်၊ အယ်ဒီတာဟောင်း တယောက် ဖြစ်သလို နည်းပညာနဲ့ အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်တဲ့ မော်-မြန်မာ ကုမ္ဗဏီ (MAW) ရဲ့ ဥက္ကဋ္ဌ တဦးလည်း ဖြစ်ပါတယ်။
ကာယကံရှင်ဖြစ်တဲ့ စိုင်းလင်းလင်းဦးကတော့ သူယှဉ်ပြိုင်ရမယ့်သူဟာ နောက်ခံအင်အား တောင့်တင်းသူ တဦးဖြစ်သလို ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲ နှစ်ခုစလုံး USDP လွှမ်းမိုးခဲ့တဲ့ နေရာကို ပြန်တွန်းလှန်ပြီး ထောက်ခံမဲတွေ ယူရမှာဖြစ်လို့ သူ့ အတွက် အတော်လေး စိန်ခေါ်မှုကြီးတယ်လို့ ပြောပါတယ်။
အဲဒီအတွက် အများကြီး ပြင်ဆင်ထားသလို မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်လို့လည်း သေချာစနစ်တကျ လုပ်ဆောင်နေ ပြီး သူ့အနေနဲ့ အနိုင်ရရှိဖို့ ၇၅ ရာခိုင်နှုန်း ယုံကြည်ချက် ရှိတယ်လို့ ဆိုပါတယ်။
ဘောလခဲနဲ့ ဖားဆောင်းမြို့နယ် အနောက်ခြမ်းဟာ ဦးစိုးသိန်းနဲ့ USDP ရဲ့အဓိက ခြေကုတ်လို ဖြစ်နေတာကြောင့် NLD အတွက်သာမက ပြည်နယ်အခြေစိုက် တိုင်းရင်သားပါတီတွေ အနေနဲ့လည်း အတော်လေး ရုန်းရမယ့် အနေအထားမျိုး ရှိ တယ်လို့ လွိုင်ကော်အခြေစိုက် Lain နည်းပညာ အထောက်အကူပြုအဖွဲ့က ကိုကျော်ထင်အောင်က သုံးသပ်ပါတယ်။
၂၀၁၅ မှာ ဖားဆောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) မှာ USDP က NLD ကို ၃၄၇ မဲ အသာနဲ့ အနိုင်ရရှိခဲ့ပါ တယ်။ အဲဒီတုန်းက မဲပေးသူဦးရေ ၃၅၅၉ ဦး ရှိပါတယ်။
ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စာရင်းအရ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘောလခဲမြို့နယ်မှာ မဲပေးခွင့်ရှိသူဦးရေ ၈၁၀၇ ဦး ရှိပြီး ဖားဆောင်းမြို့နယ်မှာ မဲပေးခွင့်ရှိသူဦးရေ ၁၄၉၆၄ ဦး ရှိပါတယ်။
ကယားပြည်နယ်ရဲ့ ရုံးစိုက်ရာမြို့ ဖြစ်သလို မြို့နယ် ၇ မြို့နယ်အနက် မဲပေးခွင့်ရှိသူဦးရေ အများဆုံး (၉၇၀၀၀ ကျော်)ဖြစ်တဲ့ လွိုင်ကော်မြို့နယ်၊ ၂၀၁၇ ကြားဖြတ်မှာ KySDP က အနိုင်ရရှိထားတဲ့ ဖရူဆိုမြို့နယ်၊ မဲဆန္ဒရှင် ၂၀၀၀ ကျော်စီသာ ရှိတဲ့ ရှားတောက မဲဆန္ဒနယ်တွေမှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
“ကယားဝန်ကြီးချုပ်နဲ့ ပတ်သက်လို့ တဖက်မှာလည်း ဒီဟာကို အနိုင်ရတယ်ထင်ပြီး အားရကျေနပ်တဲ့သူ ရှိသလိုပဲ တဖက်မှာလည်း ဒီဟာအပေါ်မှာ စာနာစိတ်ရှိတဲ့ ကယားတိုင်းရင်းသားတွေလည်း အများကြီး ရှိတယ်။ ဒီကိစ္စမှာလည်း ဝန်ကြီးချုပ်က သူ့နယ်မြေမှာ အနိုင်ရအုံးမယ်လို့ ယူဆပါတယ်”
၂၀၁၅ မှာ မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) ကနေ အနိုင်ရရှိပြီး ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဦး အယ်လ်ဖောင်းရှိုဟာ ၂၀၂၀ မှာလည်း အဆိုပါ မဲဆန္ဒနယ်ကနေပဲ ထပ်မံဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်လို့ သူ့အနေနဲ့ ပြန်အနိုင် ရအောင် လုပ်နိုင်မလား ဆိုတာလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ အလားအလာ
ကယားပြည်နယ်မှာ NLD ကင်းစင်နယ်မြေအဖြစ် ထားထားတဲ့ အခြေအနေတရပ်ကနေ ၂၀၁၅ မှာ မဲဆန္ဒနယ် ၂၆ နေရာ အထိ အနိုင်ရရှိဖို့ ပြည်နယ်လူငယ်ထုရဲ့ အင်အားက တနည်းတဖုံ သက်ရောက်ခဲ့သလို ပြောင်းလဲမှုကို လိုလားတဲ့ ပြည် သူတွေရဲ့ ဆန္ဒတွေကလည်း သက်ရောက်မှု ရှိခဲ့ပါတယ်။
အခုအချိန်မှာ အခြေအနေတွေ ပြောင်းလဲသွားပြီလို့ ဆိုနိုင်ပေမယ့် NLD ကို ဝန်းရံတဲ့၊ အားပေးထောက်ခံတဲ့သူတွေ၊ ကယားတိုင်းရင်းသားတွေ အများကြီး ရှိတာကြောင့် ၂၀၂၀ မှာလည်း ဆက်ပြီး နိုင်နေအုံးမယ်လို့ NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ယူဆပါတယ်။
“ကယားဝန်ကြီးချုပ်နဲ့ ပတ်သက်လို့ တဖက်မှာလည်း ဒီဟာကို အနိုင်ရတယ်ထင်ပြီး အားရကျေနပ်တဲ့သူ ရှိသလိုပဲ တဖက်မှာလည်း ဒီဟာအပေါ်မှာ စာနာစိတ်ရှိတဲ့ ကယားတိုင်းရင်းသားတွေလည်း အများကြီး ရှိတယ်။ ဒီကိစ္စမှာလည်း ဝန်ကြီးချုပ်က သူ့နယ်မြေမှာ အနိုင်ရအုံးမယ်လို့ ယူဆပါတယ်” လို့ မုံရွာအောင်ရှင်က ပြောပါတယ်။
ထို့အတူ NLD ထောက်ခံသူတွေကလည်း ကယားပြည်နယ်မှာ အဖွဲ့ချုပ်နိုင်ခဲ့တဲ့ နေရာတွေ ဆက်နိုင်အုံးမယ်လို့ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။
ကိုကျော်ထင်အောင်ကတော့ ပြီးခဲ့တဲ့ သက်တမ်း ၅ နှစ်အတွင်း ပြည်နယ်မှာ ရှုပ်ထွေးမှုတွေ၊ မတည်ငြိမ်မှုတွေ၊ မြေယာပြ ဿနာတွေ၊ ငြိမ်းချမ်းရေးအရ တိုးတက်မှု မရှိတာတွေကြောင့် NLD အနေနဲ့ ၂၀၁၅ တုန်းက အနိုင်ရရှိခဲ့တဲ့ အခင်းအကျင်းမျိုး ပြန်မရနိုင်တော့ဘူးလို့ သုံးသပ်ပါတယ်။
NLD အနေနဲ့ ရခဲ့တဲ့ ၂၆ နေရာအနက် နေရာတချို့ကို လက်လွတ်ဆုံးရှုံးသွားနိုင်တဲ့ အနေအထားရှိပြီး ပိုအားကောင်းလာတဲ့ ပြည်နယ်အခြေစိုက် ပူးပေါင်းပါတီဖြစ်တဲ့ KySDP က NLD ရဲ့ ဆုံးရှုံးသွားတဲ့ နေရာအများစုကို ရယူသွားနိုင်ခြေ ရှိတယ် လို့ ပြောပါတယ်။
“လူငယ်ထုအနေနဲ့ကတော့ တိုင်းရင်းသားပါတီအပေါ်မှာ အာရုံများပါတယ်။ သို့သော်လည်း တကယ်တမ်း ငြိမ်းချမ်းရေးကို ဆက်လက် ဆောင်ရွက်ပေးနိုင်မယ့် ပြည်ခိုင်ဖြိုးကိုကျတော့ လူကြီးပိုင်းတွေအနေနဲ့ ဇောင်းပေးကြတာ များပါတယ်”
တခြားငွေကြေး အင်အား တောင့်တင်းတဲ့ ဦးရွှေမန်းရဲ့ ပြည်သူ့ကောင်းကျိုးဆောင်ပါတီ (UBP)၊ ညီညွတ်သော ဒီမိုကရက် တစ်ပါတီ(နှင်းဆီ) (UDP)၊ ၂၀၁၅ တုန်းက ခိုင်လုံမဲတချို့ကို ခွဲဝေရယူထားနိုင်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP)တို့ကြောင့်လည်း မဲပြန့်နိုင်တဲ့ အနေအထားမျိုး ရှိနေပါတယ်။
ကယားပြည်နယ်မှာ ၇ နေရာ အနိုင်ရရှိထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့လည်း ၂၀၁၅ တုန်းက ရလဒ်ကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
USDP ပြည်နယ်အတွင်းရေးမှူး ဦးဌေးရယ်က သူ့အနေနဲ့ ဘယ်နှစ်နေရာ အနိုင်ရမယ်လို့ အတိအကျ မခန့်မှန်းနိုင်ပေမယ့် ပြည်ခိုင်ဖြိုးအားကောင်းတဲ့၊ စွမ်းဆောင်ရည်ရှိတဲ့ ပုဂ္ဂိုလ်တဦး (ဦးစိုးသိန်း)လည်း ပါဝင်နေတဲ့ ဘောလခဲမြို့နယ် ကတော့ အားရစရာ အခြေအနေရှိတယ်လို့ ပြောပါတယ်။
ပါတီအနေနဲ့ NLD, KySDP တို့နဲ့ အဓိက ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြည်နယ်လူထုရဲ့ ပါတီအပေါ် ထောက်ခံမှု အခြေအနေ ကို မေးမြန်းကြည့်တဲ့အခါ ၂၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သူက ဆိုပါတယ်။
“လူငယ်ထုအနေနဲ့ကတော့ တိုင်းရင်းသားပါတီအပေါ်မှာ အာရုံများပါတယ်။ သို့သော်လည်း တကယ်တမ်း ငြိမ်းချမ်းရေးကို ဆက်လက် ဆောင်ရွက်ပေးနိုင်မယ့် ပြည်ခိုင်ဖြိုးကိုကျတော့ လူကြီးပိုင်းတွေအနေနဲ့ ဇောင်းပေးကြတာ များပါတယ်” လို့ ဦးဌေးရယ်က ပြောပါတယ်။
ဦးဌေးရယ်အနေနဲ့ ရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
“ကျနော်တို့ဘက်က ပြင်ထားတဲ့ ကိုယ်စားလှယ်ရယ်၊ လူထုရဲ့ အခြေအနေ ဒီတခေါက်မှာ ပါတီကြည့်တာမျိုး မဟုတ်ဘဲ ကိုယ်စားလှယ် တယောက်ချင်းရဲ့ အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်ကို အကဲဖြတ်မှာဖြစ်လို့ ကျနော်တို့ ကိုယ်စားလှယ်လောင်းဘက်မှာ အားသာချက်ရှိတယ်” လို့ ယူဆထားသူကတော့ ကယန်းအမျိုးသားပါတီ (KNP) ဥက္ကဋ္ဌ ခွန်းဘီထူး ဖြစ်ပါတယ်။
နယ်မြေစည်းရုံးရေး ဆင်းတဲ့အခါ ဒေသခံလူထုက တိုင်းရင်းသားပါတီတွေအပေါ် ကြိုဆိုအားပေးမှု ပိုများလာတဲ့အပေါ် အားရကျေနပ်မှု ရှိပေမယ့် ပါတီကြီးတွေနဲ့ ယှဉ်တဲ့အခါမှာတော့ အခက်ခဲ၊ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
“ပြည်သူလူထု အမြင်က ပွင့်လာပြီ။ ဘယ်အစိုးရပဲ တက်တက် သူတို့သဘောဆန္ဒမပါဘဲ လုပ်တဲ့ဟာတွေ၊ ဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ဟာမျိုး၊ လူထုဘက် သိပ်မလှည့်တဲ့ဟာမျိုးတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီကို ပိုအာရုံ စိုက်လာ တာမျိုး တွေ့ရတယ်။ သူတို့ ပိုယုံကြည်တဲ့ဟာကိုပဲ ပိုအားသာလာတာမျိုး တွေ့ရတယ်”
ငွေကြေးတတ်နိုင်တဲ့ ပါတီကြီးတွေအနေနဲ့ အခုအချိန်မှာ ပိုမိုရှေ့တန်းရောက်နေသလို အဓိက ပြိုင်ဖက်ဖြစ်တဲ့ NLD ဆိုရင် လည်း လက်ရှိအာဏာရပါတီ ဖြစ်တာကြောင့် ကိုဗစ်ကာလ အလှူငွေတွေ၊ ပြည်သူတွေကို ထောက်ပံ့ကြေး ပေးတာတွေ ဟာ တဖက်လှည့်နဲ့ မဲဆွယ်စည်းရုံးသလို ဖြစ်နေတဲ့အပေါ်မှာတော့ တရားမျှတမှု မရှိဘူးလို့ ဆိုပါတယ်။
“ငွေနဲ့လာဆွယ်လိုက်တာ၊ ပစ္စည်းတွေ ထောက်ပံ့ပြီး မဲလာဆွယ်တာမျိုးဆို တချို့လူတွေက လွယ်လွယ်လေးနဲ့ ပါသွားတာ မျိုး ရှိတယ်။ အဲလိုနေရာမျိုးတွေမှာလည်း အခက်အခဲ ရှိပါတယ်။ ဘာလို့ဆို ကျနော်တို့ပါတီ ရန်ပုံငွေက တခြား ပါတီကြီးလို အင်အား မတောင့်တင်းတဲ့အခါကျတော့ ဒါ အခက်အခဲ တခုအနေနဲ့ ရင်ဆိုင်နေရတယ်” လို့ ခူးသဲရယ်က ပြောပါတယ်။
သို့ပေမယ့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ ဖြစ်နေတာရယ်၊ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းတွေ ရယ်ကြောင့် အားသားချက်ရှိနေသလို ဝင်ပြိုင်တဲ့ နေရာအားလုံး အနိုင်ရရှိရေးအတွက်လည်း အကောင်းဆုံး ပြင်ဆင်ထား တာကြောင့် ၅၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိဖို့ မျှော်လင့်ထားတယ်လို့ သူက ဆိုပါတယ်။
ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေအနေနဲ့ ၂၀၂၀ အလွန်မှာ ပြည်နယ်လွှတ်တော်ကို အားကောင်းကောင်းနဲ့ ထိန်းကျောင်းဖို့ ရည်မှန်းချက်ရှိသလို ပြည်ထောင်စု အဆင့်မှာလည်း ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အဆိုတင်တာတွေ၊ မေးမြန်းဆွေးနွေးတာတွေ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
ကရင်နီအမျိုးသမီးအစည်းအရုံး၊ အတွင်းရေးမှူး (၂) မော်ဖရေမြာက ကယားပြည်နယ် ရွေးကောက်ပွဲ အခြေအနေနဲ့ ပတ် သက်လို့ သူတွေ့မြင် ကြားသိရတာတွေကို အခုလို ပြောပြပါတယ်။
“ပြည်သူလူထု အမြင်က ပွင့်လာပြီ။ ဘယ်အစိုးရပဲ တက်တက် သူတို့သဘောဆန္ဒမပါဘဲ လုပ်တဲ့ဟာတွေ၊ ဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ဟာမျိုး၊ လူထုဘက် သိပ်မလှည့်တဲ့ဟာမျိုးတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီကို ပိုအာရုံ စိုက်လာ တာမျိုး တွေ့ရတယ်။ သူတို့ ပိုယုံကြည်တဲ့ဟာကိုပဲ ပိုအားသာလာတာမျိုး တွေ့ရတယ်” လို့ ပြောပါတယ်။
ဒေသအခြေစိုက် အရပ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့လည်း ပြည်နယ်အရေးကို ပိုမိုလုပ်ဆောင်ပေးနိုင်မယ့် တိုင်းရင်းသား ပါတီကို အာရုံစိုက်ပြီး လူအား၊ နည်းပညာအား စသဖြင့် လိုအပ်တဲ့ဘက်ကနေ ဝိုင်းဝန်းပေးတာမျိုးတွေ ရှိတယ်လို့ သူက ဆိုပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အနိုင်ရရှိသွားတဲ့အခါ ပြည်သူကို ပေးထားခဲ့တဲ့ ကတိ၊ ပြည်သူတွေအတွက် လုပ်ပေးရမယ့် မူဝါဒတွေကို တိတိကျကျ လက်တွေ့ အကောင်အထည်ဖော်သွားစေချင်တယ်လို့လည်း သူက တိုက်တွန်းတောင်းဆိုပါတယ်။
ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေရဲ့ မျှော်လင့်ချက်တွေ တကယ်ပဲ အကောင်အထည် ဖော်နိုင်မလား၊ လက်ရှိ အာဏာရပါတီကပဲ အနိုင်ရလဒ်တွေ ပြန်ယူသွားမလား၊ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေရော ရှိလာနိုင်မလား ဆို တာကတော့ ကယားပြည်နယ် မဲဆန္ဒရှင်လူထုရဲ့ အသည်းကြားက မဲတပြားအပေါ် မှီတည်နေတာဖြစ်လို့ ၂၀၂၀ ရွေးကောက်ပွဲ ငွေရောင်ပိတ်ကားပေါ် ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
You may also like these stories:
စစ်ပွဲ၊ ကိုဗစ်နှင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အလားအလာ
မဲဆန္ဒနယ်ပြင်ပ ရောက်နေသူများ လက်ရှိနေရာတွင် ကြိုတင်မဲ ပေးနိုင်
ကိုဗစ်ကြောင့် လာမည့် ရွေးကောက်ပွဲတွင် မဲပေးသူ လျော့နည်းနိုင်ဟုဆို