ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် တရားမဝင် ကာစီနိုလောင်းကစားမှုများ လုပ်ဆောင်ခံသည်ဟု စွပ်စွဲခံရသည့် တရုတ်ရင်းနှီးမြှုပ်နှံသူများက ဆောင်ရွက်နေသော ကရင်ပြည်နယ် ထိုင်းနယ်စပ်မှ အငြင်းပွားဖွယ် မြို့သစ်စီမံကိန်းနှင့်ပတ်သက်သည့် မသမာမှုများကို စုံစမ်းစစ်ဆေးရန် မြန်မာအစိုးရ၏ လုပ်ဆောင်မှုများကို ထောက်ခံကြောင်း ရန်ကုန်ရှိ တရုတ်သံရုံးက သြဂုတ်လတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဒေသအခေါ် တရုတ်မြို့သစ်ဟု သိကြသည့် မြဝတီမြို့နယ် ရွှေကုက္ကိုကျေးရွာရှိ ထိုမြို့သစ်စီမံကိန်းသည် အမေရိကန် ဒေါ်လာ ၁၅ ဘီလျံ (ကျပ် ၁၉.၄၅ ထရီလျံ) ကုန်ကျမည့် ယခင် ကရင်လက်နက်ကိုင်အဖွဲ့ DKBA မှ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် စစ်တပ်ကျောထောက်နောက်ခံပြု ကရင်နယ်ခြားစောင့်တပ်နှင့် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော ယထိုက် နိုင်ငံတကာဟိုးလ်ဒင် အုပ်စု (IHG) အကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်ဟု သတင်းများက ဆိုသည်။
ထိုစီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မြေယာသိမ်းယူခြင်း၊ တည်ဆောက်ရေးလုပ်ငန်း အတိုင်းအတာအပေါ် ရှုပ်ထွေးမှုများ၊ တရုတ်ငွေကြေးများ စီးဝင်နေခြင်း၊ သံသယဖြစ်ဖွယ် တရားမဝင်လုပ်ငန်းများနှင့် ကာစီနိုလုပ်ငန်းကြောင့် လူမှုထိခိုက်မှုအပေါ် ဒေသခံများ၏ စိုးရိမ်မှုများကြောင့် ဝေဖန်ခံနေရသည်။
ထိုတရုတ်ရင်းနှီးမြှုပ်နှံသူများ၏ မြို့သစ်စီမံကိန်းမှ တရားမဝင်လုပ်ဆောင်မှုများကို စုံစမ်းစစ်ဆေးရန် ခုံရုံးတခုကို မြန်မာအစိုးရက ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။ သို့သော် ထိုခုံရုံးသည်လည်း ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းများ ရပ်တန့်နေဖွယ်ရှိပြီး မည်သည့်အရေးယူမှုကိုမျှ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။
ယထိုက် IHG မှ အလုပ်များသော သူဌေးကြီးများ
တဖက်တွင် ယထိုက် IHG ၏ စီမံခန့်ခွဲသူများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့မှုများရှိသော်လည်း ၎င်းတို့၏ လောင်းကစားလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြသည်။ မကြာသေးမီက ထိုင်းနှင့် တရုတ်နိုင်ငံသားများကို တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းနယ်ခြားစောင့်ရဲက ဖမ်းဆီးခဲ့သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်လာပြီးနောက် ထိုင်းနိုင်ငံက နယ်စပ်လုံခြုံရေးတိုးမြှင့်ထားစဉ် ဖမ်းမိခြင်းဖြစ်သည်။
ထိုအဖမ်းခံရသူများက ယထိုက်မြို့သစ်တွင် အလုပ်လုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
အွန်လိုင်းနှင့် သမားရိုးကျ ကာစီနို လုပ်ငန်းများသည် ကရင်ပြည်နယ်တွင် ဆက်လက်လုပ်ကိုင်နေကြောင်း ၎င်းတို့၏ ထွက်ဆိုချက်များအရ သိရသည်။
အမည်ဆိုးဖြင့် ကျော်ကြားပြီး လူ့အခွင့်အရေးချိုးဖေါက်နေသော နယ်ခြားစောင့်တပ်ခေါင်းဆောင် စောချစ်သူက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေသောကြောင့် မြန်မာအစိုးရသည် ထိုလုပ်ငန်းများ၏ အသေးစိတ်များကို သိရှိရန်ကြိုးစားနေရသည်။
ရွှေကုက္ကိုစီမံကိန်းကို မြန်မာအစိုးရသာမက စစ်ဖက်ကပါ သွားရောက် စစ်ဆေးနိုင်ခြင်း မရှိသည်မှာ မှန်ကန်ပါက ထိုလောင်းကစားလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မည်မျှထိခိုက်သည်ကို ထပ်မံပြသလိုက်ခြင်းပင်ဖြစ်သည်။ အစိုးရအနေဖြင့် ထိုနေရာသို့ သွားရောက်နိုင်ခြင်း မရှိသေးကြောင်း မြန်မာအစိုးရပြောခွင့်ရသူ ဦးဇော်ဌေးက ဇူလိုင်လတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အရိပ်အမြွက်ပြောသည်။
အွန်လိုင်းနှင့် သမားရိုးကျ ကာစီနို လုပ်ငန်းများသည် ကရင်ပြည်နယ်တွင် ဆက်လက်လုပ်ကိုင်နေကြောင်း ၎င်းတို့၏ ထွက်ဆိုချက်များအရ သိရသည်။
ယထိုက်ကာစီနိုမှ အလုပ်သမားများကို ထိုင်းနယ်စပ်အာဏာပိုင်များက ဖမ်းဆီးခဲ့သော်လည်း ယထိုက်မှ စီမံခန့်ခွဲသူများသည် ထိုင်းနယ်စပ်ကို အခက်အခဲမရှိ ဖြတ်ကျော်နိုင်ကြဆဲပင်ဖြစ်သည်။ သြဂုတ်လ ၃ ရက်နေ့တွင် ယထိုက် နိုင်ငံတကာ ဟိုးလ်ဒင်းအုပ်စု ဥက္ကဌ ရှီကျိကျန်း (ခ) ရှီလွမ်ကိုင်နှင့် အမှုဆောင်ဒါရိုက်တာ မာဒုံလီတို့ ဘန်ကောက်တွင် ရောက်နေကြသည်။ မာသည် မကြာသေးမီ ရက်သတ္တပတ်များကမှ ရွေကုက္ကို တွင် ရွှေကုက္ကို တည်တံ့ခိုင်မြဲရေး အမည်ရှိ အခမ်းအနားကို သြဇာကြီးမားသော သံဃာတော်များနှင့် တက်ရောက်ခဲ့ပြီးမှ ဘန်ကောက်တွင်ရောက်နေခြင်းဖြစ်သည်။ နှစ်နိုင်ငံအကြား နယ်စပ်ပိတ်ဆို့ပြီး နိုင်ငံအသီးသီးတွင်လည်း ကိုဗစ်-၁၉ ကြောင့် ပိတ်ဆို့မှုများ ပြုလုပ်ထားစဉ်တွင် ဘန်ကောက်သို့ ၎င်းတို့ မည်ကဲ့သို့ တရားဝင် ခရီးသွားလာနေသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဘန်ကောက်တွင် ယထိုက် နိုင်ငံတကာ ဟိုးလ်ဒင် အုပ်စုသည် စည်ကားလှသော ဟွေးကွမ် ရပ်ကွက်တွင် ကြီးမားသော ရုံးချုပ်ဖွင့်ထားပြီး အာဆီယံ ချိကုန်ပါတီ ASEAN Zhigong Party ဥက္ကဋ္ဌ၊ အာဆီယံရှန်ဇီ ရေခြားမြေခြားတရုတ်များ အသင်းချုပ် ASEAN Shaanxi Overseas Chinese Federation ဥက္ကဋ္ဌနှင့် ထိုင်းရှန်ဇီအသင်း Thailand Shaanxi Association ဥက္ကဋ္ဌ ယူဇင်ချီ ဆိုသူကို လက်ခံတွေ့ဆုံသည်။ သူသည် အာဆီယံဆိုင်ရာ တရုတ်၏ ရှန်ဇီပြည်နယ် ကိုယ်စားလှယ်နှင့် ရှီအန်း ပြည်သူ့လုံခြုံရေး ဗျူရို ကြီးကြပ်သူဟူသည့် ရာထူးများအပါအဝင် အခြား ရာထူး ဒါဇင်ပေါင်းများစွာကို ရယူထားသူလည်းဖြစ်သည်။
ထိုင်းတော်ဝင်မိသားစု၊ ထိုင်းသံဃာတော်များနှင့် လေတပ်မှဖြစ်ပုံရသော အဆောင်အယောင်များဖြင့် ဘေးနှစ်ဖက်အပြောင်ညှပ်ထားသည့် ဆံပင်တိုတို၊ အနက်ရောင်နေကာမျက်မှန်နှင့် ထိုင်းဝတ်စုံကို အကျအန ဝတ်ဆင်ထားသော ယူသည် ထိုင်းနိုင်ငံတွင်နေထိုင်သည်မှာ နှစ်ပေါင်း ၃၀ ကြာပြီဟု ဆိုပြီး တရုတ်နိုင်ငံသားဖြစ်ခြင်း၊ သူ၏မျိုးချစ်စိတ်နှင့် တရုတ်ပြည်မကြီးမှ Zhigong ပါတီကို သူ၏ ထောက်ခံမှုများအတွက် ဂုဏ်ယူသူဖြစ်သည်။
Zhigong ပါတီဆိုသည်မှ တရုတ်ကွန်မြူနစ်ပါတီကို ထောက်ခံသော ဒီမိုကရက်တစ်ပါတီ ဆိုသည့် ပါတီများအနက်တခုဖြစ်သည်။ ပြည်ပတွင်မူ Zhigong ပါတီသည် Hongmen နှင့် Tiandihui အပါအဝင် လျှို့ဝှက် တရုတ် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်စပ်နေသည်။ Hongmen နှင့် Tiandihui ရာဇဝတ်ဂိုဏ်းများသည် တရားမဝင်လောင်းကစား၊ ဒစ်ဂျစ်တယ်ငွေကြေးရောင်းဝယ်မှု မှတ်တမ်းနှင့် ဗဟိုဘဏ် အသိအမှတ်မပြုသော ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းများကို လုပ်ကိုင်နေသော ရာဇဝတ်ဂိုဏ်းများဖြစ်သည်။
ထိုတွေ့ဆုံပွဲနောက်ပိုင်းတွင် ယထိုက် ဥက္ကဋ္ဌ ရှီ နှင့် ယူတို့သည် အများပြည်သူသို့ ကြေညာချက်တစောင်ထုတ်ပြန်ပြီး ရွှေကုက္ကိုရှိ ယထိုက်မြို့သစ်စီမံကိန်း အောင်မြင်ရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာသည်။ ကိုဗစ်-၁၉ ကန့်သတ်ချက်များ ရုတ်သိမ်းသည်နှင့် တပြိုင်နက် ရွှေကုက္ကိုသို့ သွားရောက်မည်ဖြစ်ကြောင်း ယူက ပြောသည်။
ယူသည် သူကိုယ်တိုင်လည်း အရှေ့တောင်အာရှတလွှား လောင်းကစားစီမံကိန်းများကို အကြီးအကျယ်လုပ်ကိုင်နေသူဖြစ်သည်။ ၂၀၁၉ ခုနှစ်အောက်တိုဘာလက သူ၏ ထိုင်းရှန်ဇီး အသင်းသည် ကမ္ဘောဒီးယားနိုင်ငံတွင် Sihanoukville Holiday Manor and Entertainment Complex အပမ်းဖြေစခန်းနှင့် ဖျော်ဖြေရေးလုပ်ငန်းကို စတင်ကြော်ငြာပြီး ထိုလုပ်ငန်းတွင် ဖျော်ဖြေရေးနှင့် လောင်းကစားလုပ်ငန်းအတွက် စီးပွားလုပ်ငန်းမြေနေရာ ၉၀၀၀၀ စတုရန်းမီတာ ပါဝင်သည်။
အခြားသောပို့စ် ဒါဇင်ပေါင်းများစွာကလည်း ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ် ကာစီနိုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်အားပေးကြပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ထိုသို့သော ရင်းနှီးမြှုပ်နှံမှုများကို လွန်စွာ အားပေးသည်ဟု ဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းလောင်းကစားခြင်းကို အဆုံးသတ်လိုက်သည့် အမိန့်ကို ဝန်ကြီးချုပ်က သြဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့စေကာမူ ထိုသို့ ကြော်ငြာနေခြင်းဖြစ်သည်။
တရုတ်မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှု မြှင့်တင်ရေးအသင်းနှင့် ပတ်သက်မှု
နောက်နှစ်ပတ်ကြာသောအခါ ယူကို တရုတ်မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှု မြှင့်တင်ရေး အသင်း (CMECD) ၏ ဂုဏ်ထူးဆောင်နာယကအဖြစ် ကြေညာသည်။
၂၀၁၉ ခုနှစ်မေလက CMECD ကို မြန်မာအစိုးရ အရာရှိ အများအပြားတက်ရောက်သည့် တောက်ပြောင်သော အခမ်းအနားတခုတွင် တရားဝင် စတင်တည်ထောင်သည်။ နှစ်နိုင်ငံအကြား စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွင် အဓိကအခန်းမှပါဝင်ရေးအတွက် ထိုအဖွဲ့အစည်းကို ဝန်ကြီးဌာန အများအပြားက ထောက်ခံသည်ဟု ဆိုသည်။
ထိုအဖွဲ့ကို တည်ထောင်ချိန်သည် ရန်ကုန်တွင် ပထမဆုံး တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ထိုအဖွဲ့ကို တည်ထောင်ချိန်သည် ရန်ကုန်တွင် ပထမဆုံး တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
CMECD ကို တည်ထောင်သူ လီဖူချွမ်း Li Fuquan သည် ၂၀၁၉ ခုနှစ်က ကျင်းပသည့် ထိုအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ထိပ်တန်းအစိုးရအရာရှိများသို့ လက်ဆောင်များပေးအပ်သည်။ နေပြည်တော်တွင် ၂၀၁၉ ခုနှစ် ဇွန်လက ကျင်းပသည့် အခမ်းအနားတွင်မူ သူသည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွဲလျက် ဓာတ်ပုံရိုက်နိုင်အောင်ပင် စီစဉ်နိုင်ခဲ့သည်။
CMECD သည် စက်မှုဇုန်များနှင့် စိုက်ခင်းများအပါအဝင် မြန်မာနိုင်ငံတဝှမ်းမှ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းမျာနှင့်ပတ်သက်သည့် အချက်အလက်များကို သိုလှောင်ထားသော စနစ်တခုကို ထိန်းသိမ်းထားသည်။ ထိုစီမံကိန်းများတွင် ပလိပ် စက်မှုဇုန်၊ မန္တလေးတိုင်းမှ သပိတ်ကျင်း စိုက်ပျိုးမွေးမြူရေးဇုန်၊ မြဝတီ မြို့နယ်မှ စီမံကိန်းများအပါအဝင် ကရင်နှင့် ကယားပြည်နယ်မှ စီမံကိန်းများလည်း ပါဝင်သည်။
လွန်ခဲ့သောနှစ်တွင် CMECD သည် ယထိုက်မြို့သစ် စီမံကိန်းကို အထူးစိတ်အားထက်သန်စွာ အားပေးနေသည်မှာ အံ့သြဖွယ် မဟုတ်ပေ။ ထိုအဖွဲ့သည် ရှီ နှင့် ယထိုက် နိုင်ငံတကာ ဟိုးလ်ဒင် အုပ်စုကို အကြိမ်များစွာ ဖိတ်ခေါ်ပြီး WeChat တွင် ထိုလုပ်ငန်း၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအကူအညီများနှင့် ကရင်ပြည်နယ် တိုးတက်ရေးအတွက် အကျိုးဆောင်မှု သတင်းများကို တင်သည်။
ယူကို CMECD ၏ ဂုဏ်ထူးဆောင်နာယကအဖြစ် ခန့်အပ်ခြင်းကြောင့် မေးခွန်းများစွာ ထွက်ပေါ်လာသည်။ ပထမဆုံးမေးခွန်းမှာ မြန်မာနိုင်ငံ အတွေ့အကြုံမရှိသည့် ထိုင်းအခြေစိုက် စီးပွားရေးသမားတဦးကို ထိုရာထူးတွင် မည်သည့်အတွက် ခန့်အပ်ရသနည်း။ ယထိုက် နိုင်ငံတကာ ဟိုးလ်ဒင်း အုပ်စုသည် ထိုရာထူးခန့်အပ်ခြင်းတွင် ပါဝင်ပတ်သက်နေပါသလား။ ယထိုက်မြို့သစ်နှင့်ပတ်သက်သည့် CMECD၊ လီဖူချွမ်းနှင့် ယူရှင်ချီတို့၏ စီမံကိန်းများသည် မည်သည်တို့နည်း။
ယထိုက် နိုင်ငံတကာ ဟိုးလ်ဒင်းအုပ်စု ဖိအားပေးခံရခြင်းကြောင့် CMECD ဂုဏ်ထူးဆောင်နာယကအဖြစ် ယူကို ခန့်အပ်ခြင်းက အရှေ့တောင်အာရှတွင် ယထိုက်၏ ဂုဏ်သတင်းကောင်းကို တည်ဆောက်ရန် ဒေသတလွှားမှ အကျင့်ပျက် အရာရှိများနှင့် ပူးပေါင်းခြင်းဖြင့် ဖြစ်စေ နောက်ဆုံးအားထုတ်မှုဖြစ်သလော။
ထုံးစံအတိုင်း နေမြဲလုပ်မြဲ
သြဂုတ်လက တရုတ်သံရုံးမှ ကြေညာချက်ထွက်လာပြီးနောက် ယာထိုင် နိုင်ငံတကာ ဟိုးလ်ဒင်းအုပ်စုသည် WeChat တွင်ထူးခြားသော ကြေညာချက်တစောင်ထုတ်ပြန်ပြီး စီမံကိန်းနောက်ဆုံးအခြေအနေများကို ဖေါ်ပြသည်။ “ဤစီမံကိန်းသည်တရုတ်အစိုးရ၏ လုပ်ငန်းမဟုတ်သော်လည်း ရပ်ဝန်းနှင့်လမ်းအစီအစဉ် [BRI] ကို အထောက်အကူပြုနေဆဲဖြစ်သည်” ဟု ဖေါ်ပြသည်။ ထိုအချက်မှာ ယခင်က ၎င်းတို့ပြောဆိုခဲသည့် ရွှေကုက္ကိုစီမံကိန်းသည် တရုတ်အစိုးရ၏ ရည်မှန်းချက်ကြီးသော အာရှနှင့်အခြားဒေသများမှ အခြေခံ အဆောက်အအုံစီမံကိန်းကွန်ရက် BRI ၏ တရားဝင် အစိတ်အပိုင်ဖြစ်သည်ဟူသော ပြောဆိုချက်မှ တဆင့်လျှော့လိုက်ခြင်းဖြစ်သည်။
BRI နှင့်ပတ်သက်သည့် ပြောဆိုချက်အပါအဝင် ယထိုက် နိုင်ငံတကာ ဟိုးလ်ဒင်း အုပ်စုက ၎င်းတို့သည် လောင်းကစားနှင့် ဆက်စပ်လုပ်ငန်းများတွင် ပါဝင်ခြင်း မရှိကြောင်းပြောသည်။ သို့သော် ထိုရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တွင် တရားမဝင်လောင်းကစားလုပ်ငန်းများနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခံနေရသည်။
ထို့အပြင် ထိုကြေညာချက်တွင် မြန်မာအစိုးရက မကြာသေးမီက လောင်းကစားလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုသည့် လုပ်ငန်းစဉ်ကို ပြီးစီးသောအခါ ၎င်းတို့က ကာစီနိုလုပ်ငန်းကိုလည်း စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ထားကြောင်း ဖေါ်ပြထားပြန်သည်။
ထို့အပြင် ထိုကြေညာချက်တွင် မြန်မာအစိုးရက မကြာသေးမီက လောင်းကစားလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုသည့် လုပ်ငန်းစဉ်ကို ပြီးစီးသောအခါ ၎င်းတို့က ကာစီနိုလုပ်ငန်းကိုလည်း စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ထားကြောင်း ဖေါ်ပြထားပြန်သည်။
ထိုစီမံကိန်းသည် ခွင့်ပြုထားသည့် အတိုင်းအတာထက် ကျော်လွန်နေသည့်အချက်အပြင် မသမာမှုများကို ဒေသခံများက မကျေနပ်မှုကို တုံ့ပြန်သည့်အနေဖြင့် မြန်မာအစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် ယထိုက် နိုင်ငံတကာ ဟိုးလ်ဒင်က ထိုကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။ သို့သော် ကိုဗစ်-၁၉ ကြောင့် ထိုစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယထိုက်လုပ်ငန်ခွင်သို့ သွားရောက်နိုင်ခြင်း မရှိသေးပေ။
သို့သော် ရွှေကုက္ကို စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြသည်။
စက်တင်ဘာလနှောင်းပိုင်းက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားလာသောကြောင့် ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက သတိပေးထားပြီး မြန်မာထိုင်းနယ်စပ်တွင် ကင်းလှည့်မှုများ ပိုမိုပြုလုပ်နေကြောင်း ထိုင်းသတင်းစာများက ဖေါ်ပြသည်။ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းမဖြစ်စေရန် စီးပွားရေးလုပ်ငန်းများအနေဖြင့် နိုင်ငံခြားသားအလုပ်သမား အထူးသဖြင့် မြန်မာအလုပ်သမားငှားရမ်းခြင်းကို ရပ်ထားရန် ထိုင်းကူးစက်ရောဂါထိန်းချုပ်ရေး အကြီးအကဲက ပြောကြားထားသည်။ လူကုန်ကူးဂိုဏ်းများနှင့် ပတ်သက်သူများကို ပြင်းထန်စွာ အရေးယူမည်ဟု သူပြောသည်။
သို့သော် လက်တွေ့တွင် ထိုင်းနိုင်ငံမှ ဈေးနည်း လေကြောင်းလိုင်း Nok Air သည် ဘန်ကောက်နှင့်မဲဆောက်အကြားတနေ့ သုံးကြိမ်ပြေးဆွဲနေပြီး ခရီးစဉ်တိုင်းတွင် လူအပြည့်လိုက်ပါနေသည်။ စီးပွားရေးလုပ်ငန်းရှင်များ၊ တန်ဖိုးကြီးလောင်းကစားသမားများ၊ ယာထိုင်နိုင်ငံတကာ ဟိုးလ်ဒင်းစီမံခန့်ခွဲသူနှင့် ထိုလုပ်ငန်းမှ ထိုင်းဝန်ထမ်းများသည် ကရင်နယ်ခြားစောင့်တပ် ထိန်းချုပ်ထားသည့် နယ်စပ်ကို ဖြတ်ကျော်ကာ ကရင်ပြည်နယ်၏ လောင်းကစားမြို့သစ်ဖြစ်သော ရွှေကုက္ကိုသို့ အစောင့်အရှောက်ဖြင့် သွားနေကြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Yatai IHG May Seek to Co-opt Myanmar Government Officials Through Dubious Connections ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရွှေကုက္ကိုလ် စီမံကိန်းနှင့် ပတ်သက်သည့် တပ်အရာရှိကြီးတချို့ စုံစမ်းစစ်ဆေးခံနေရ
တရုတ်ကာစီနိုဂိုဏ်းများကို ကရင်ပြည်နယ်မှာ နေရာပေးတဲ့ သူပုန်ဟောင်း
တရုတ်က ငြင်းပေမယ့် ရွှေကုက္ကိုမြို့သစ် BRI အစိတ်အပိုင်းဟု Yatai ပြော
အစိုးရ ကိုင်တွယ်ရခက်မည့် ကရင်လက်နက်ကိုင်များနှင့် တရုတ်တို့၏ စီမံကိန်းများ
နယ်ခြားစောင့်တပ်ဆိုတာ တရုတ် ကုမ္ပဏီတွေကို ကူဖို့ ဖွဲ့ထားတာ မဟုတ်ဘူး