ကချင်ပြည်နယ်တွင်းက ကချင်ပါတီတွေဟာ အိမ်ရှင် ဒေသခံပါတီတွေ ဖြစ်ပေမယ့် ပြည်မပါတီကြီးတွေကို ကျော်လွန်ပြီး ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ဆိုတာ ယခင်ကာလတွေက မျှော်မှန်းနိုင်ခဲ့ခြင်း မရှိတဲ့ အရာတခုပါ။
အခုနှစ်မှာတော့ အခြေအနေတွေက ပြောင်းသွားပါပြီ။
ကချင်ပါတီငယ်လေးတွေ ဖြစ်တဲ့ ၄ ပါတီက စုပေါင်းပြီး အင်အားကြီးတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ကို ထူထောင်လိုက်သလို၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) တို့နဲ့ အပြိုင် ကချင်တပြည်နယ်လုံးက မဲဆန္ဒနယ် အားလုံးမှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
KSPP ဟာ ကချင်လူထုကြားမှာ ပုံရိပ်ကောင်းတဲ့ နိုင်ငံရေးသမားတွေကို ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးချယ်ထား ပြီး မဲဆန္ဒနယ် အားလုံးမှာ ဝင်ပြိုင်မယ့်အပြင် NLD ရဲ့ မဲအောင်နိုင်မှု စံချိန်ကို ချိုးပြီး အစိုးရသစ် ဖွဲ့စည်းရေးမှာ ပါဝင်နိုင်ဖို့ အထိကို မျှော်မှန်းထားပါတယ်။
KSPP ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက “ကျနော်တို့ နေရာအများစု နိုင်မယ်လို့ ခန့်မှန်းထားပါတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရဲ့ အစိတ်အပိုင်းတခု ဖြစ်တဲ့ ကချင်ပြည်နယ်အတွင်းမှာ မြို့နယ် ၁၈ မြို့နယ်က ကိုယ်စားလှယ် နေရာပေါင်း ၆၇ နေရာ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ၄ နေရာအတွက် နိုင်ငံရေး ပါတီ ၁၃ ပါတီက ဝင်ရောက် ယှဉ်ပြိုင်ကြမှာပါ။
ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အနက် ကချင်ပြည်နယ်အတွင်းမှာ အင်အားအကြီးဆုံးနဲ့ အစိုးရ ဖွဲ့နိုင်ရေးကို ဦးတည်ပြီး ပြိုင်မှာကတော့ KSPP၊ NLD နဲ့ USDP ၃ ပါတီပဲ ရှိပါတယ်။
KSPP အနေနဲ့ အနိုင်ရပြီး အစိုးရ ဖွဲ့စည်းရေးမှာ ပါဝင်ဖို့ မှန်းထားပေမယ့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်နယ်မှာ ကိုယ်စားလှယ်လောင်း ရာနှုန်း အများဆုံး ဒါမှမဟုတ် ရာနှုန်းပြည့်အထိ နိုင်ခဲ့ရင်တောင်မှ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဖြစ်ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။
တနိုင်ငံလုံးမှာ ကိုယ်စားလှယ်နေရာ အများဆုံး အနိုင်ရတဲ့ နိုင်ငံရေးပါတီက လွှတ်တော်မှာ အမည်စာရင်း တင်သွင်းပြီး သမ္မတ ဖြစ်လာသူကသာ ဥပဒေအရ ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို တိုက်ရိုက် ရွေးချယ် ခန့်အပ်နိုင် တာ ဖြစ်ပါတယ်။
“သူတို့က ယခင်လိုပဲ တောင်ပြိုကမ်းပြို နိုင်မယ်လို့ တွက်ဆထားပုံ ရပါတယ်။ ဒါကို လူကြီး တချို့ရဲ့ အင်တာဗျူးတွေမှာလည်း ကြားရတယ်လေ။ သူတို့ရဲ့ စဉ်းစားပုံပေါ့။ တကယ်ဆိုရင်တော့ ကျနော်တို့ ဘာမှ ဝေဖန်ပြောဆိုချင်တာ မရှိပါဘူး။ ဒါပေမယ့် ဒီဟာ မဖြစ်လာဘူးဆိုရင် အထူးသဖြင့် ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီတွေနဲ့ လက်တွဲပြီး လုပ်ဆောင်ရမှာပဲ။ အစိုးရကို ညွန့်ပေါင်းဖွဲ့စည်းရမှာပဲ”
၂၀၁၅ ခုနှစ်တုန်းက တောင်ပြိုကမ်းပြို အနိုင်ရပြီး ဗဟိုအစိုးရ ဖြစ်လာတဲ့ NLD ကတော့ လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ လည်း ပြန်အနိုင်ရဖို့ တွက်ချက်ထားသလို ဘယ်တိုင်းရင်းသား ပါတီနဲ့မှလည်း မဟာမိတ် မဖွဲ့တာကြောင့် ပြည်နယ် အခြေ စိုက် ပါတီတွေဟာ အစိုးရ ဖွဲ့စည်းရေးမှာ ပါဝင်ဖို့ ဆိုတာကလည်း ဖြစ်နိုင်မယ့် အလားအလာ နည်းပါတယ်။
ဒေါက်တာ တူးဂျာကတော့ “သူတို့က ယခင်လိုပဲ တောင်ပြိုကမ်းပြို နိုင်မယ်လို့ တွက်ဆထားပုံ ရပါတယ်။ ဒါကို လူကြီး တချို့ရဲ့ အင်တာဗျူးတွေမှာလည်း ကြားရတယ်လေ။ သူတို့ရဲ့ စဉ်းစားပုံပေါ့။ တကယ်ဆိုရင်တော့ ကျနော်တို့ ဘာမှ ဝေဖန်ပြောဆိုချင်တာ မရှိပါဘူး။ ဒါပေမယ့် ဒီဟာ မဖြစ်လာဘူးဆိုရင် အထူးသဖြင့် ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီတွေနဲ့ လက်တွဲပြီး လုပ်ဆောင်ရမှာပဲ။ အစိုးရကို ညွန့်ပေါင်းဖွဲ့စည်းရမှာပဲ” လို့ ဆိုပါတယ်။
NLD ပါတီက ၂၀၁၅ ခုနှစ်တုန်းကလို တောင်ပြိုကမ်းပြို မနိုင်တော့ဘဲ ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီကြီးတွေသာ အများစု အနိုင်ရလာရင် ဗဟို အစိုးရဖွဲ့စည်းဖို့အတွက် NLD နဲ့ အနိုင်ရ တိုင်းရင်းသား ပါတီတွေကြား မဟာမိတ်ဖွဲ့ပြီး ညွန့် ပေါင်း အစိုးရအဖြစ် ပေါင်းပြီး ဖွဲ့စည်းဖို့ကို ဒေါက်တာ တူးဂျာတို့က မျှော်မှန်းထားပုံ ရပါတယ်။
နိုင်ငံရေးပါတီ တပါတီတည်းက ဗဟိုအစိုးရအဖြစ် ဖွဲ့စည်းဖို့ ဆိုတာက ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရတဲ့ ပြည်ထောင်စု လွှတ်တော် (ပြည်သူ့လွှတ်တော်+ အမျိုးသားလွှတ်တော် ) အတွက် ကိုယ်စားလှယ်နေရာ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ အထက်ကို အနိုင်ရဖို့ လိုအပ်ပါတယ်။
ပြည်ထောင်စု လွှတ်တော်ထဲမှာ ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ ဦး ရှိတဲ့အနက်၂၅ ရာခိုင်နှုန်းဖြစ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းပြီး အလိုအလျှောက် လွှတ်တော်တွင်းကို ရောက်လာမှာ ဖြစ်ပါတယ်။
ကျန် ၇၅ ရာခိုင်နှုန်း ဖြစ်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ၄၉၈ ဦးကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးရဲ့မဲဆန္ဒ နယ်တွေကနေ အနိုင်ရလာမယ့် သူတွေ ဖြစ်ပါတယ်။
ရွေးကောက်ခံ ကိုယ်စားလှယ် ၄၉၈ ဦးထဲမှာ တိုင်းဒေသကြီး အသီးသီးက အနိုင်ရ ကိုယ်စားလှယ်၂၉၈ ဦး (ရာခိုင်နှုန်းအား ဖြင့် ၄၅ ရာခ်ိုင်နှုန်း)နဲ့ ပြည်နယ် အသီးသီးက အနိုင်ရ ကိုယ်စားလှယ် ဦးရေ ၂၀၀ (ရာခ်ိုင်နှုန်းအားဖြင့် ၃၀ ရာခ်ိုင်နှုန်း) ရှိမှာ ဖြစ်ပါတယ်။
ထို့ကြောင့် ပြည်နယ်အသီးသီးမှာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နေရာတွေက ဗဟိုအစိုးရ ဖွဲ့စည်းနိုင်ဖို့အတွက် အရေးပါတဲ့ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။
ဒေါက်တာတူးဂျာက “သူတို့ အခြေအနေက အခု ပြောတာကတော့ ဒီလိုပေါ့ဗျာ။ တိုင်းရင်းသား ပါတီတွေကို အလေးမထားဘူး။ ထည့်မတွက်တဲ့ပုံမျိုး ဖြစ်နေတာပေါ့။ ဒါပေမယ့် ရွေးကောက်ပွဲရဲ့ အခြေအနေအပေါ် အများကြီး မူတည်ပါ တယ်။ ရွေးကောက်ပွဲ အခြေအနေက တမျိုး ဖြစ်လာရင် တိုင်းရင်းသား ပါတီတွေကို သူတို့ အလေးမထားလို့ မရတော့ပါ ဘူး။ အလေးထားရပါမယ်” လို့လည်း ပြောပါတယ်။
KSPP အနေနဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ် အများစုမှာ အနိုင်ရဖို့ ယုံကြည်နေတဲ့ အကြောင်းအရင်း ရှိပါတယ်။
အဲဒါကတော့ KSPP ပါတီ ဖြစ်လာဖို့ ကချင် အသိုင်းအဝိုင်းထဲက ဘာသာရေး ခေါင်းဆောင်တွေ ရပ်မိရပ်ဖတွေ ကချင် လူမျိုးအရေးတွေမှာ တက်ကြွ လှုပ်ရှားသူတွေအပြင် ကချင်နိုင်ငံရေး အသိုင်းအဝိုင်းက ဝိုင်းဝန်းပြီး ကချင်ပါတီတွေ ပူးပေါင်း ဖို့ အကြံပြုသလို ဖွဲ့စည်းနိုင်ဖို့လည်း ဝိုင်းဝန်း ကမကထ ပြုခဲ့တာကြောင့် ကချင်လူထု အများစုရဲ့ မဲကိုရမယ်လို့ KSPP က ယုံကြည်နေတာပါ။
KSPP ပါတီမှာ နောက်ထပ် ထူးခြားတာ တချက်ကတော့ ကချင်လူမျိုးတွေချည်း စုပေါင်းထားတာ မဟုတ်ဘဲ ပြည်မက လာ ပြိုင်တဲ့ NLD ၊ USDP တို့လိုမျိုး ကချင် မျိုးနွယ်စုတွေ အပြင် ရှမ်း၊ လီဆူ၊ ဗမာ စတဲ့ ကချင်ပြည်နယ်တွင်းမှာ မှီတင်းနေထိုင် တဲ့ လူမျိုးပေါင်းစုံနဲ့ စုဖွဲ့ထားပြီး ကိုယ်စားလှယ်လောင်းတွေကိုလည်း မဲဆန္ဒနယ်အလိုက် ကိုယ်စားပြုမှုရှိတဲ့ လူမျိုးတွေကို ရွေးချယ်ထားတာပါ။
KSPP ကတော့ သူတို့ အနိုင်ရရင် ကချင်ပြည်နယ်တွင်းက မြစ်ဆုံ စီမံကိန်းကို ရာသက်ပန် ရပ်အောင် လုပ်မယ်လို့ ပြောတဲ့ အပြင် ပင်လုံ ကတိကဝတ်တွေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်လာရေး၊ ကချင်ပြည်နယ်က ထွက်တဲ့ သယံဇာတကို ပြည်နယ်သူပြည်နယ်သားတွေ ခံစားနိုင်ရေး၊ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေ အလုပ်အကိုင် အခွင့် အလမ်း ရရှိရေး၊ တရားဥပဒေ စိုးမိုးရေး၊ စစ်ဘေးကြောင့် နေရပ်စွန့်ခွာနေရတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအပြင် လယ်ယာမြေတွေ မဆုံးရှုံးစေဖို့ တရားဝင် ပိုင်ဆိုင်မှု ရဖို့ စတာတွေကို ဆောင်ရွက်ပေးမယ်လို့ ကတိကဝတ်ပြု ထားပါ တယ်။
ဒါ့ပြင် ကချင်ပြည်နယ်တွင်း အကြီးအစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ လူထုရဲ့ လုံခြုံရေးနဲ့ အကျိုး စီးပွားကို ထိခိုက်မှု မရှိစေဖို့ လုပ်ဆောင်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍမှာ ပြည်နယ်က လုပ်ပိုင်ခွင့် ပိုရရေး၊ မူးယစ် ဆေးဝါး သုံးစွဲသူတွေကို ပြန်လည် ထူထောင်ရေး လုပ်ဆောင်ပေးခြင်းတွေအပြင် ရွေးကောက်ခံထားတဲ့ လွှတ်တော် ကိုယ် စားလှယ်ကို လူထုက မနှစ်သက်ရင် တာဝန်မှ ပြန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်ရေးတို့ကို ဆောင်ရွက်ပေးမယ် လို့လည်း KSPP က ကတိပြုထားပါတယ်။
ကချင်ပြည်နယ်တွင်း ပါတီကြီးတွေကြား အနိုင်ရရေးကို တွက်ဆနေပေမယ့် ကိုဗစ်-၁၉ ရောဂါ ကူးစက်နေတဲ့ ကာလဖြစ် တာကြောင့် နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်လောင်းတွေက လူတရုန်းရုန်းနဲ့ မဲဆွယ်စည်းရုံးတာ အင်အားပြတာ တွေကိုတော့ မလုပ်နိုင်ကြပါဘူး။
ကိုယ်ကြိုက်နှစ်သက်တဲ့ နိုင်ငံရေး ပါတီအလံ၊ တံဆိပ်တွေကို ဝတ်ဆင်ပြီး သီချင်းတွေ တီးဝိုင်းတွေနဲ့ လှည့်လည် အင်အား ပြတာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ထောက်ခံသူတွေကြား ဖက်လဲတကင်း နှုတ်ဆက်ကြ ရင်း ဟောပြော မဲဆွယ်တာမျိုးတွေဟာ ဒီနှစ်မှာတော့ မမြင်ရ မတွေ့ရတဲ့ မြင်ကွင်းတွေပါ။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း မဲဆွယ်ဟောပြောရာမှာ လူ ၅၀ ထက် ပိုမစုရ၊ စုတဲ့ လူတွေကြားမှာလည်း တဦးနဲ့ တဦး ၆ ပေ ခန့် ခွာပြီးမှ စည်းရုံးကြရမယ်ဆိုတဲ့ အတိုင်း ကိုယ်စားလှယ် လောင်းတွေက လိုက်နာနေကြရပါတယ်။
ကိုယ်ကြိုက်နှစ်သက်တဲ့ နိုင်ငံရေး ပါတီအလံ၊ တံဆိပ်တွေကို ဝတ်ဆင်ပြီး သီချင်းတွေ တီးဝိုင်းတွေနဲ့ လှည့်လည် အင်အား ပြတာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ထောက်ခံသူတွေကြား ဖက်လဲတကင်း နှုတ်ဆက်ကြ ရင်း ဟောပြော မဲဆွယ်တာမျိုးတွေဟာ ဒီနှစ်မှာတော့ မမြင်ရ မတွေ့ရတဲ့ မြင်ကွင်းတွေပါ။
ပြည်မလောက် ရောဂါကူးစက်ခံရနှုန်း မမြင့်တက်ပေမယ့် ကချင်ပြည်နယ်တွင်းမှာလည်း ကိုဗစ်-၁၉ ကူးစက်ခံရတဲ့သူ ၇၀ ကျော် ရှိပြီး လူဦးရေ ၃၅၀၀ ကျော်ကလည်း အသွားအလာ ကန့်သတ်ခံထားရဆဲ အခြေအနေမှာ ရှိနေပါတယ်။
စည်းရုံးရေး ဆင်းကြတဲ့ ကိုယ်စားလှယ်တွေ အားလုံးနီးပါးကလည်း နှာခေါင်းစည်းတွေ တပ်ပြီး လာနားထောင်ကြတဲ့ သူ တွေကလည်း ခပ်ခွာခွာနေကြ၊ နှာခေါင်းစည်း ကိုယ်စီနဲ့ ခြောက်ခြောက်ကပ်ကပ်ပဲ တရွာဝင် တရွာထွက်၊ တရပ်ကွက်ဝင် တရပ်ကွက်နဲ့ မဲဆွယ်နေတာကို တွေ့ရပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလမှာ လူစုလူဝေး လုပ်မရတာ လူများများကို တစုတည်း စုပြီး မဲဆွယ်မရတာကတော့ အကြီးဆုံး စိန်ခေါ်မှုပဲလို့ ကချင်ပြည်နယ်တွင်းက နိုင်ငံရေးပါတီတွေက ပြောဆိုကြပါတယ်။
မြစ်ကြီးနားမြို့ NLD ပါတီရဲ့ အတွင်းရေးမှူး ဦးကျော်ဦးက “စိန်ခေါ်မှုကတော့ လွတ်လွတ်လပ်လပ် မသွားရဘူး။ ကားတွေ အစီးအများကြီးနဲ့ မသွားဖြစ်တဲ့အခါကျတော့ အေးတိအေးစက်တော့ နည်းနည်းနိုင်တာပေါ့။ ဒါကလည်း NLD မှ မဟုတ်ဘူး။ အားလုံးလည်း ဒီလိုပဲ သွားနေကြတော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ပဲ လုပ်ကြရတာပေါ့” လို့ ဆိုပါတယ်။
ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်တွေကြား တွေ့ဆုံ စည်းရုံးနိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေပေမယ့် ကချင်ပြည်နယ်တွင်းက မြို့နယ် ၁၈ မြို့နယ်ထဲက ၁၅ မြို့နယ်ကိုတော့ NLD က အနိုင်ရဖို့ တွက်ဆထားတယ်လို့လည်း ဦးကျော်ဦးက ပြောပါ တယ်။
အခြားပါတီတွေအပေါ် အမြင်နဲ့ ပတ်သက်လို့တော့ ဦးကျော်ဦးက စိန်ခေါ်မှုကြီးကြီးမားမား ရှိမယ်လို့ မထင်ကြောင်း ဆိုပါတယ်။
KSPP နဲ့ ပတ်သက်လို့တော့ သူက “သူတို့ ကချင်အများစုရှိတဲ့ မဲဆန္ဒနယ် (၁) တို့မှာဆိုရင်တော့ သူတို့ အားသာနိုင်တယ်။ ကျန်တဲ့ ၂ ဖက် တွေကျတော့ သူတို့ အားမသာနိုင်ပါဘူး” လို့ ပြောဆိုပါတယ်။
မြစ်ကြီးနားမြို့ရဲ့ မဲဆန္ဒနယ် (၁) နယ်မြေမှာ NLD ဘက်က ယှဉ်ပြိုင်မယ့်သူက လက်ရှိ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်တဲ့ ဒေါက်တာ ခက်အောင် ဖြစ်ပါတယ်။
ဒေါက်တာ ခက်အောင်နဲ့ ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်မှာ အခြားပါတီက ကိုယ်စားလှယ်လောင်း ၉ ဦး ယှဉ်ပြိုင်မှာ ဖြစ်ပြီး KSPP က ကိုယ်စားလှယ်လောင်းကတော့ ဦးမီထွယ်ဇော်လတ် ဖြစ်ပါတယ်။
အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၁) မှာ နိုင်ငံရေးပါတီ ၇ ပါတီက ကိုယ်စားလှယ်တွေ ဝင်ပြိုင်ကြမယ့်အနက် ကိုယ်စားလှယ်လောင်း ၄ ဦးက လူထုထောက်ခံမှုနဲ့ ပုံရိပ်ကောင်း ရှိကြသူတွေ ဖြစ်ပါတယ်။
ဒေါက်တာ ခက်အောင် ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်အပြင် ယှဉ်ပြိုင်မှု ပြင်းထန်နိုင်မယ့် နောက်မဲဆန္ဒနယ် တခုကတော့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) နေရာ ဖြစ်ပါတယ်။
အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၁) မှာ နိုင်ငံရေးပါတီ ၇ ပါတီက ကိုယ်စားလှယ်တွေ ဝင်ပြိုင်ကြမယ့်အနက် ကိုယ်စားလှယ်လောင်း ၄ ဦးက လူထုထောက်ခံမှုနဲ့ ပုံရိပ်ကောင်း ရှိကြသူတွေ ဖြစ်ပါတယ်။
NLD က ဦးအင်ထုံးခါးနော်ဆန်၊ KSPP က ဒေါ်ဒွဲဘူ၊ USDP က ဦးဆီဟူးဒွဲ့၊ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) က ဦးHလအောင် တို့ ဖြစ်ပါတယ်။
ဦးအင်ထုံးခါးနော်ဆန်က ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရထားသူဖြစ်ပြီး NLD ပါတီရဲ့ တိုင်းရင်းသားရေးရာ ကော်မတီမှာလည်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထားသူတဦးပါ။
ဒေါ်ဒွဲဘူကတော့ ကချင်ပြည်နယ် တရားရုံးချုပ်၊ ရှေ့နေတဦးဖြစ်ပြီး ကချင်နိုင်ငံရေး အသိုင်းအဝိုင်းမှာ ပုံရိပ်ရှိသူ ကချင် လူမျိုးအရေး တက်ကြွလှုပ်ရှားသူတဦး အဖြစ် ထောက်ခံမှု ရရှိထားသူပါ။
NLD ပါတီက အနိုင်ရထားတဲ့ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၂) နေရာမှာ ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်ရှီလာနန်တောင် ဆုံးပါးသွားတာကြောင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ပြန်ရွေးချယ်တော့ ဦးဆီဟူးဒွေ့က အနိုင် ရရှိထားပါတယ်။
ဦးHလအောင်ကတော့ ယခင်က NLD ပါတီဝင်တဦးဖြစ်ပြီး ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကချင်ပြည်နယ်ရဲ့ သယံဇာတဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူပါ။
၂၀၁၈ ခုနှစ်မှာ သမ္မတ အမိန့်နဲ့ ဝန်ကြီးအဖြစ်ကနေ ဖြုတ်ချခံခဲ့ရတာဖြစ်ပြီး ဦးHလအောင်က ၂၀၂၀ မှာတော့ ပါတီက နုတ်ထွက်ပြီး UDP ကို ကူးပြောင်းသွားခဲ့တာပါ။
ဦးHလအောင်ကို NLD က ဝန်ကြီးအဖြစ်ကနေ ဖြုတ်ချခဲ့ပေမယ့် ကချင်လူထုက သဘောကျတဲ့ နိုင်ငံရေးသမားတဦး ဖြစ်ပါတယ်။ ဝန်ကြီးအဖြစ်က ဖြုတ်ချခဲ့စဉ်တုန်းကလည်း ဦးHလအောင်ကို ဖြုတ်ချတဲ့ အကြောင်းပြချက်ကို ထုတ်ပြောဖို့ လူထုကို ရှင်းပြဖို့ ကချင်အရေး တက်ကြွလှုပ်ရှားသူတွေကြား ပြောဆိုခဲ့ဖူးပါတယ်။
မြစ်ကြီးနားမြို့ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှာ NLD နဲ့ KSPP ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ပြိုင်ဘက်တွေကတော့ မျက်နှာသစ် အမျိုးသမီး ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။
NLD ရဲ့ ကိုယ်စားလှယ်လောင်းက ဒေါ်ကေရွယ်အောင် ဖြစ်ပြီး KSPP ဘက်ကတော့ ကချင်စစ်ဘေးရှောင် အရေးမှာ တက်ကြွလှုပ်ရှားသူတဦး ဖြစ်တဲ့ ဒေါ်ဆိုင်းနူးပန် ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် နေရာမှာ USDP က ဝင်ပြိုင်မယ့် သူကတော့ ဦးညွန့်ဝင်း ဖြစ်ပြီး သူက၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲတုန်းက NLD ပြီးရင် ဒုတိယ မဲအများဆုံး ရခဲ့သူပါ။ တပ်မတော်ဘက်က လာတဲ့ ကြိုတင်မဲ အများစုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။
ယှဉ်ပြိုင်မှု အားကောင်းနိုင်မယ့် အခြား မဲဆန္ဒနယ်တွေကတော့ ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)နယ်မြေမှာဆိုရင် လက်ရှိ ကချင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးဖြစ်တဲ့ ဦးနော်လီက NLD ပါတီက ယှဉ်ပြိုင်မှာဖြစ်ပြီး KSPP ဘက်ကတော့ တရားလွှတ်တော်ရှေ့နေလည်း ဖြစ်ပြီး ကချင်လူမျိုးအရေးတွေမှာ တက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင်အဖြစ် ပါဝင်တဲ့ ဦးလွမ်းဇောင်းတို့ ယှဉ်ပြိုင်ကြမှာပါ။
ဝိုင်းမော်ရဲ့ တဖက်ကမ်းဖြစ်တဲ့ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ် (၁)မှာတော့ KSPP ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာ ပြိုင်မှာပါ။ အင်ဂျန်းယန်က ဒေါက်တာတူးဂျာကို ထောက်ခံကြသူတွေများတဲ့ နယ်မြေတခုဖြစ်ပြီး ယခင် ရွေးကောက်ပွဲတွေတုန်း ကလည်း NLD၊ USDP တို့ အနိုင်မရခဲ့တဲ့ မဲဆန္ဒနယ် ဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာတော့ ကိုယ်စားလှယ် ၁၃ ဦး ပြိုင်မယ့်ထဲက တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မယ့် ရှေ့နေ ဦးဂဲနက်စ် က ဝိုင်းမော်ဒေသခံများ မြေယာ သိမ်းဆည်း မခံရရေး၊ သိမ်းဆည်းခံရတဲ့ မြေယာတွေ တရားဝင်ပိုင်ဆိုင်မှု ရရှိနိုင်ရေးတို့မှာ တက်ကြွလှုပ်ရှားသူ တဦးပါ။
ဝိုင်းမော်ရဲ့ တဖက်ကမ်းဖြစ်တဲ့ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ် (၁)မှာတော့ KSPP ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာ ပြိုင်မှာပါ။ အင်ဂျန်းယန်က ဒေါက်တာတူးဂျာကို ထောက်ခံကြသူတွေများတဲ့ နယ်မြေတခုဖြစ်ပြီး ယခင် ရွေးကောက်ပွဲတွေတုန်း ကလည်း NLD၊ USDP တို့ အနိုင်မရခဲ့တဲ့ မဲဆန္ဒနယ် ဖြစ်ပါတယ်။
အင်ဂျန်းယန်မြို့နယ်ရဲ့ မဲဆန္ဒနယ် (၂)မှာတော့ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်ဂျာဆိုင်းခေါန်က တသီး ပုဂ္ဂလ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မှာပါ။
ဒေါ်ဂျာဆိုင်းခေါန်က စစ်ဘေးရှောင် ဒုက္ခသည်တွေ အရေး၊ အမျိုးသမီးများ အရေး၊ ကချင်ပြည်နယ်တွင်း လာရောက် စိုက်ပျိုးတဲ့ တရုတ်ရဲ့ တစ်သျှူးငှက်ပျော စိုက်ခင်းတွေကြောင့် ဖြစ်ပေါ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့ ပတ်သက်လို့ ရပ်တည်ပြောဆိုခဲ့သူ ဖြစ်ပြီး အင်ဂျန်းယန်မြို့နယ်ရဲ့ မဲဆန္ဒနယ် (၂)ဟာ သူ့ကို ထောက်ခံတဲ့ လူထုရှိတဲ့ အမာခံ နယ်မြေ ဖြစ် ပါတယ်။
ဒေါ်ဂျာဆိုင်းခေါန်က ယခင်က ဒေါက်တာမနမ်တူးဂျာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP) ရဲ့ကိုယ်စားလှယ်တဦး ဖြစ်ပေမယ့် ပါတီငယ်တွေ ပေါင်းစည်းပြီး KSPP အဖြစ် ဖွဲ့စည်းလိုက်ရာမှာတော့ ဆက်မပါဝင်တော့ ဘဲ တသီးပုဂ္ဂလ အဖြစ်ပဲ ရပ်တည်လိုက်တာပါ။
ကချင်ပြည်နယ်အတွင်းမှာ အင်အားကြီး ပါတီတွေ ဖြစ်တဲ့ USDP ၊ NLD ၊KSPP တို့အပြင် လူမျိုးစုအလိုက် သူ့ဒေသအလိုက် အားကောင်းပြီး သူ့လူထုနဲ့သူ ထောက်ခံမှု ရှိတဲ့ ပါတီတွေလည်း ရှိပါသေးတယ်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက ပြည်သူ့လွှတ်တော်၂ နေရာ၊ ပြည်နယ်လွှတ်တော်၂ နေရာတို့မှာ အနိုင်ရခဲ့တဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဆိုရင် ယခုနှစ်မှာ ပူတာအို၊ မချမ်းဘော၊ ခေါန်လန်ဖူး၊ ချီဖွေ၊ ဆော့လော်၊ မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ တနိုင်းမြို့နယ်တွေမှာ ဝင်ပြိုင်မှာပါ။
လီဆူပါတီအနေနဲ့ လီဆူလူမျိုးတွေ အများစု နေထိုင်တဲ့ မြို့နယ်တွေကို ရွေးချယ်ပြီး ဝင်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
ပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းက “ကချင်ပြည်နယ်ထဲမှာတော့ ကိုယ့်အခြေအနေ ကောင်းတဲ့ နေရာလောက်ပဲ ပြိုင်တယ်။ ဥပမာ ဗန်းမော်ဆို ကျနော်တို့ လူတွေရှိတယ်။ ဒါပေမယ့် အောင်နိုင်မှု ရာခိုင်နှုန်း အားနည်းလို့ ကျနော်တို့ ဖားကန့်၊ ဗန်းမော်၊ မိုးကောင်းတို့ ရှောင်လိုက်တယ်။ ကျနော်တို့တွက်ထားတာက ကျနော်တို့ ၇၅ ၊ ၈၀ ရာနှုန်းလောက် အောင်နိုင်ခြေ တွက်ထားပါတယ်” လို့ ဆိုပါတယ်။
အစိုးရ ဖွဲ့နိုင်မှာလည်း မဟုတ်သလို ကချင်ပြည်နယ် တပြည်နယ်လုံးမှာလည်း ဝင်ပြိုင်နိုင်တဲ့ အခြေအနေ မရှိတာကြောင့် နိုင်ခြေရှိတဲ့ နေရာတွေမှာပဲ ဝင်ပြိုင်ပြီး ဒေသ ဖွံ့ဖြိုးရေးနဲ့ နိုင်ငံကို ဖက်ဒရယ်စနစ်ပြုပြင်ပြောင်းလဲရေးမှာ ရသလောက် ပါဝင် လုပ်ဆောင်သွားမယ်လို့ ဦးရွှေမင်းက ပြောပါတယ်။
“ကျနော်တို့ ၂၀၂၀ မှာတော့ တိုင်းရင်းသား ပါတီတွေ နိုင်မှ ဖြစ်မယ်။ တိုင်းရင်းသား ပါတီတွေနိုင်မှပဲ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို သွားရာမှာ အဆင်ပြေလိမ့်မယ်။ ပြီးရင် ပြန်လည် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတွေက အဆင် ပြေလာလိမ့်မယ်”
လီဆူ လူမျိုးတွေ နေထိုင်တဲ့ ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်း အခက်အခဲရှိတဲ့ ဒေသတွေ ဖြစ်တာကြောင့် ရွေးကောက်ပွဲမှာနိုင်ရင် ဆက်သွယ်ရေး ကောင်းမွန်ဖို့ကို ဦးစားပေး လုပ်မယ်လို့လည်း ဦးရွှေမင်းက ပြောပါတယ်။
ဆက်ပြီး “ကျနော်တို့ ၂၀၂၀ မှာတော့ တိုင်းရင်းသား ပါတီတွေ နိုင်မှ ဖြစ်မယ်။ တိုင်းရင်းသား ပါတီတွေနိုင်မှပဲ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို သွားရာမှာ အဆင်ပြေလိမ့်မယ်။ ပြီးရင် ပြန်လည် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတွေက အဆင် ပြေလာလိမ့်မယ်” လို့လည်း သူက ဆိုပါတယ်။
ကချင်ပြည်နယ် အထူးဒေသ (၁) ဖြစ်တဲ့ ချီဖွေ၊ ဆော့လော်၊ ဝိုင်းမော်မြို့နယ်တွေမှာဆိုရင် ဒေသခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းနဲ့ သူ့သား ဦးဇခုန်ယိန်းဆောင်တို့က ဒေသတွင်း အာဏာရှိသလို ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲတွေမှာ၂ ကြိမ် ဆက်တိုက် အနိုင်ရရှိထားသူတွေပါ။
ယခုနှစ်မှာတော့ ဦးဇခုန်တိန့်ယိန်းက ဝင်မပြိုင်တော့ပေမယ့် ဦးဇခုန်တိန့်ယိန်းက နာယက အဖြစ် တာဝန်ယူထားတဲ့ ဒီမိုကရေစီ ပါတီသစ် (ကချင်) က ချီဖွေ၊ ဆော့လော်၊ ဝိုင်းမော်နဲ့ အင်ဂျန်းယန်မြို့နယ်တွေမှာ ကိုယ်စားလှယ် ၈ ဦး ဝင်ပြိုင်မှာ ပါ။
ဦးဇခုန်တိန့်ယိန်းရဲ့သား ဦးဇခုန်ယိန်းဆောင် ကတော့ သူ၂ နှစ် ဆက်တိုက် အနိုင်ရထားတဲ့ ချီဖွေမြို့နယ်၊ မဲဆန္ဒနယ် (၂) နယ်မြေမှာပဲ ဝင်ပြိုင်မှာပါ။
ဒီမိုကရေစီပါတီသစ် (ကချင်) ကလည်း သူတို့ ဝင်ပြိုင်မယ့် နေရာအားလုံးထဲမှာ ၇၅ ရာခိုင်နှုန်းလောက်ကို အနိုင်ရဖို့ မှန်းထားပြီး သူတို့ ကိုယ်စားလှယ်တွေ အနိုင်ရရင် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။
ချီဖွေမြို့နယ်မှာ ဦးဇခုန်ယိန်းဆောင်နဲ့ ပြိုင်မယ့် ပြိုင်ဘက် KSPP ကိုယ်စားလှယ်လောင်းကတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူ ဦးယိန်းခေါ ဖြစ်ပါတယ်။
ချီဖွေမြို့နယ်မှာ NLD ၊ USDP နဲ့ လီဆူပါတီတို့ကလည်း ဝင်ယှဉ်ပြိုင်ကြမှာပါ။
NLD ကတော့ ချီဖွေမှာ အနိုင်မရဖူးပေမယ့် လီဆူပါတီကတော့ ချီဖွေရဲ့ ပြည်နယ် မဲဆန္ဒနယ်တွေမှာ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဦးဇခုန်တိန့်ယိန်းပြီးရင် ဒုတိယ မဲအများဆုံး ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။
ကချင်ပြည်နယ်တွင်းမှာ နိုင်ငံရေးပါတီတွေကြား အကြိတ်အနယ် ယှဉ်ပြိုင်ကြမယ့် မဲဆန္ဒနယ်တွေ ရှိသလို အချို့မဲဆန္ဒနယ်တွေက ကိုယ်စားလှယ်လောင်းတွေကလည်း နာမည်ကြီးနိုင်ငံရေးသမားတွေ မဟုတ်ပေမယ့် ဒေသတွင်း လူထုအကျိုးလုပ်တဲ့ ပရဟိတသမားတွေ ရပ်မိရပ်ဖတွေ သက်ဆိုင်ရာ လူမျိုးအရေး လုပ်ဆောင်သူတွေ ဖြစ်ကြပါတယ်။
ကချင်ပြည်နယ်တွင်းက မြို့နယ် ၁၈ မြို့နယ်မှာ ကိုယ်စားလှယ် ၆၆ နေရာ၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ၄ နေရာ အတွက် ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၈၀ ဦး ရှိပါတယ်။
ကိုယ်စားလှယ်တွေကို ရွေးချယ်ဖို့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ ကချင်ပြည်နယ်သူ ပြည်နယ်သား ဦးရေ စုစုပေါင်းက ၁၀ သိန်း၊ ၆ သောင်းကျော် ရှိပါတယ်။
ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်ကတော့ ၁၀ သိန်း ၆ သောင်းထဲက ပြည်ပရောက်နေတဲ့ သူဦးရေ ၉၀၀ နဲ့ တပ်မတော်သား၊ တပ် မိသားစုဝင် ၇၆၀၀ ကျော်တို့ကတော့ ကြိုတင်မဲ ပေးထားကြပြီ လို့ ဆိုပါတယ်။
ကချင်ပြည်နယ် တပြည်နယ်လုံးမှာ မဲရုံ ၉၁၈ ရုံ ထားရှိဖို့ လျာထားပြီး နိုဝင်ဘာ ၈ ရက်မှာ ကိုယ်စားလှယ်လောင်းတွေကို လူထုက ရွေးချယ်ကြရမှာပါ။
န်ိုင်ငံရေး ပါတီတွေကြား အကြိတ်အနယ် ယှဉ်ပြိုင်ကြမယ့် ကချင်ပြည်နယ်ရဲ့၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ဘယ်သူတွေ အနိုင်ရမလဲ ဆိုတာကတော့ နိုဝင်ဘာ ၈ ရက်မှာ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေက ဆန္ဒမဲလက်မှတ် တွေနဲ့ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ်ကြောင့် လာမည့် ရွေးကောက်ပွဲတွင် မဲပေးသူ လျော့နည်းနိုင်ဟုဆို
တနိုင်းက တပ်ကြိုတင်မဲများ ပြန်စိစစ်ပေးရန် NLD အမတ်များတောင်းဆို
တိုင်းရင်းသားပါတီတွေ အားကောင်းဖို့ လိုတယ်