နှစ်စဉ်လိုအပ်ချက် ကြီးမားလာနေသည့် နိုင်ငံလျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းရန်အတွက် အစိုးရက လျှပ်စစ် တိုးမြှင့် ထုတ်လုပ်နိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် အပြင်းအထန် ကြိုးစားနေသည်။
အကြောင်းအရင်းမှာ နိုင်ငံ၏ စီးပွားရေးတိုးတက်ရေးအတွက် ဖြည့်ဆည်းရမည့် အဓိကအခြေခံအဆောက်အအုံ လျှပ်စစ်ဓာတ်အားကို ပြည့်မီအောင်ဆောင်ရွက်ရန်နှင့် နှစ်စဉ်အပူချိန်မြင့်တက်လာမှုကြောင့် ရေအားလျှပ်စစ် စီမံကိန်းများကို အပြည့်အဝ အားကိုးရန် မဖြစ်နိုင်တော့၍ ဖြစ်သည်။
မြန်မာပြည်၏ အခြေခံ အဆောက်အဦ လိုအပ်ချက်များအား ဖြည့်ဆည်းရန် ဈေးပေါသော တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုနှင့် နည်းပညာတို့ ရှေ့တန်းပြန်ရောက်လာခြင်းကို ဖွံ့ဖြိုးစ မြန်မာ့လျှပ်စစ်ဈေးကွက်က သက်သေပြနေသည်။
တရုတ်နိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရေး အပြင် ပုဂ္ဂလိကကုမ္ပဏီများက လျှပ်စစ်ထုတ်လုပ်မည့် သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း LNG to Power စီမံကိန်းများ၊ ဆိုလာပါဝါ စီမံကိန်းများ နှင့် လေအား လျှပ်စစ်စီမံကိန်းများအထိ ဖြစ်သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အမျိုးသား လျှပ်စစ် မဟာဗျူဟာ အစီအစဉ် (National Electricity Master Plan) အရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၈၀၀၀ ကျော်မဂ္ဂါဝပ် ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ၁၀၃၇၉ မဂ္ဂါဝပ် (လူဦးရေ၏ ၇၅ ရာခိုင်နှုန်း) နှင့် ၂၀၃၀ တွင် တနိုင်ငံလုံး မီးလင်းရေးအတွက် ၂၃၅၉၄ မဂ္ဂါဝပ်အထိ တိုးမြှင့် ထုတ်လုပ်သွားရန် မျှော်မှန်းထားသည်။
ထိုရည်မှန်းချက်များအတွက် ဝန်ကြီးဌာနသည် ပြည်ပမှ ဓာတ်ငွေ့ရည်တင်သွင်းပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းအသစ် ၃ ခု (LNG to Power) အတွက် ၂၀၁၉ ခုနှစ် ဇွန်လတွင် တင်ဒါစတင်ခေါ်ယူခဲ့ပြီး ယင်းစီမံကိန်းများ၏ သက်တမ်းမှာ ၅ နှစ် ဖြစ်သည်။
LNG စီမံကိန်းများသည် လျှပ်စစ် မဂ္ဂါဝပ် ၉၀၀ ခန့် ထုတ်လုပ်မည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သန်လျင်စက်ရုံမှ ၃၅၀ မဂ္ဂါဝပ်၊ သာကေတ စက်ရုံမှ ၄၀၀ မဂ္ဂါဝပ်နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တည်ဆောက်မည့် စက်ရုံသည် ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်း ၃ ခုစလုံး ကို တရုတ်ကုမ္ပဏီများ ဖြစ်သည့် တရုတ်နိုင်ငံ အခြေစိုက် Consortium China National Import and Export Corporation နှင့် ဟောင်ကောင်အခြေစိုက် V Power Group Holding Ltd and V Power Holding Ltd တို့က တင်ဒါအောင်မြင်ကာ လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး အမေရိကန်ဒေါ် လာ သန်း ၈၀၀ ဝန်းကျင် ရင်းနှီးမြှုပ်နှံထားသည်။
ယင်းအပြင် ရခိုင်ပြည်နယ် ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် LNG စီမံကိန်းအတွက် တရုတ်ကုမ္ပဏီ Power China and Supreme Group က လုပ်ကိုင်ခွင့်ရရှိထားပြီး ဧရာဝတီတိုင်းဒေသကြီး မီးလင်းချိုင် ၁၃၉၀ မဂ္ဂါဝပ် LNG စီမံ ကိန်းကို တရုတ်ကုမ္ပဏီများ ဖြစ်သော Yunnan Provincial Energy Investment ကုမ္ပဏီ၊ Union Resource Engineering၊ Zhefu ကုမ္ပဏီနှင့် ပြည်တွင်းမှ Supreme Trading တို့က လုပ်ကိုင်ခွင့်ရရှိ ထားသေးသည်။

လေအားလျှပ်စစ်စီမံကိန်းတခုကို ဧရာဝတီတိုင်း ချောင်းသာကမ်းခြေတွင် အကောင်အထည်ဖော်ရန် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် China Three Gorges ကော်ပိုရေးရှင်း သဘောတူညီမှု စာချုပ်လက်မှတ်ရေး ထိုးခဲ့သည်။ ထိုလျှပ်စစ် မဂ္ဂါဝပ် ၃၀ ထက်ရှိမည့် ပထမဆုံးသော လေအားစွမ်းအင်သုံး လျှပ်စစ်အားပေး စက်ရုံသည် ၂၀၁၇ ခုနှစ်တွင် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ထားသော်လည်း စီမံကိန်းကို ဆက်လက်လုပ်ဆောင်ခြင်း မရှိပေ။
ပြီးခဲ့သည့် မေလအတွင်းက ပြည်တွင်းပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့သော မြန်မာနိုင်ငံ၏ ပထမဆုံး နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်ရေး ဆိုလာပါဝါစီမံကိန်း ၃၀ အတွက်လည်း တရုတ်ကုမ္ပဏီများကသာ တင်ဒါအောင်မြင်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။
စီမံကိန်း ၁ ခုမှာ တင်ဒါအစီအစဉ် ပျက်သွားခဲ့ပြီး ကျန် ၂၉ ခုတွင် ၂၈ ခုကို တရုတ်ကုမ္ပဏီများသာ ရွေးချယ်ခံထားရပြီး ကျန် ၁ ခုမှ ဂျာမနီကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်မည့် ကုမ္ပဏီက ရွေးချယ်ခံထားရသည်။
ဆိုလာပါဝါ စီမံကိန်း ၁ ခုသည် လျှပ်စစ်မဂ္ဂါဝပ် ၃၀ မှ ၅၀ အထိ ထုတ်လုပ်မည် ဖြစ်ပြီး တင်ဒါအောင်မြင်ပြီး ၆ လ အတွင်း လုပ်ငန်းစတင်ရမည်ဖြစ်ကာ နှစ် ၂၀ လုပ်ကိုင်ခွင့်ရရှိမည်လည်းဖြစ်ရာ စီမံကိန်း ၃၀ ခုမှ လျှပ်စစ် မဂ္ဂါဝပ် ၁၀၆၀ ထုတ်လုပ်မည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် ဆိုလာပါဝါစီမံကိန်းများအတွက် လိုအပ်သော ဆိုလာ PV များ(Photovoltaic) နှင့် အင်ဗာတာ ထုတ်လုပ်မှုများတွင် တရုတ်ကုမ္ပဏီများသည် ထိပ်တန်းအဆင့်ရှိနေခြင်းနှင့် တရုတ်အစိုးရ၏ ဘဏ္ဍာရေး အထောက်အပံ့များစွာ ပေးမှုများကြောင့် ဒေသတွင်း ဆိုလာပါဝါစီမံကိန်း လုပ်ကိုင်ခွင့်များတွင် တရုတ် ကုမ္ပဏီများသည် အားသာချက်များစွာရှိကြောင်း မြန်မာ့လျှပ်စစ်ကဏ္ဍကို လေ့လာသုံးသပ်နေသူ ဦးအေးကျော်ကျော်က ပြောသည်။
“ကျနော်တို့ တိုင်းပြည်မှာဆိုရင် ပိုဆိုးတာပေါ့၊ အရည်အသွေးနဲ့ စံနှုန်း ကန့်သတ်ချက်တွေကို မကန့်သတ်ဘူး။ ဈေးသက်သာရင်၊ သတ်မှတ်ထားချက်တွေနဲ့ ကိုက်ညီရင် ပြီးရောဆိုတော့ တရုတ်တွေပဲ ရမယ်ဆိုတာ အစောကြီးကတည်းက တွက်ထားပြီးသား ဒီအတ်ိုင်းပဲ ရသွားတာပဲ”
၎င်းက“ကျနော်တို့ တိုင်းပြည်မှာဆိုရင် ပိုဆိုးတာပေါ့၊ အရည်အသွေးနဲ့ စံနှုန်း ကန့်သတ်ချက်တွေကို မကန့်သတ်ဘူး။ ဈေးသက်သာရင်၊ သတ်မှတ်ထားချက်တွေနဲ့ ကိုက်ညီရင် ပြီးရောဆိုတော့ တရုတ်တွေပဲ ရမယ်ဆိုတာ အစောကြီးကတည်းက တွက်ထားပြီးသား ဒီအတ်ိုင်းပဲ ရသွားတာပဲ”ဟု ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု ပမာဏသည် မဂ္ဂါဝပ် ၃၈၀၀ မှ ၄၀၀၀ ဝန်းကျင်အထိ ရှိပြီး အစိုးရ၏ ထုတ်လုပ်မှုသည် ၄၀ ရာခိုင်နှုန်းကျော်ရှိပြီး ပုဂ္ဂလိကကဏ္ဍက ၅၀ ရာခ်ိုင်နှုန်းကျော်အထိ ရှိသည်။
ထို ပုဂ္ဂလိကကဏ္ဍမှ လျှပ်စစ်ထုတ်လုပ်မှုနှင့် အစိုးရနှင့် ပုဂ္ဂလိကဖက်စပ် လုပ်ကိုင်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများတွင် တရုတ်ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုသည် အနည်းဆုံး ၃ ပုံ ၂ ပုံအထိ ရှိနေပြီဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
အဆိုပါအခြေအနေသည် အထက်တွင် ဖော်ပြထားခဲ့သည် LNG to Power စီမံကိန်းများ၊ ဆိုလာပါဝါ စီမံကိန်းများမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများနှင့် ဝန်ကြီးဌာနက စီစဉ်နေဆဲဖြစ်သော တရုတ်နိုင်ငံပိုင် လုပ်ငန်း ဖြစ်သည့် China Southern Power Grid မှ လျှပ်စစ် မဂ္ဂါဝပ် ၁၀၀၀ ကျော် ဝယ်ယူမည့်ကိစ္စရပ်များ မပါဝင်သေးပေ။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းများဖြစ်သော မဂ္ဂါဝပ် ၂၈၀ အောက်ပေါင်းလောင်းဆည်စီမံကိန်း၊ မဂ္ဂါဝပ် ၆၀၀ ထွက်ရှိသော ရွှေလီ (၁) စီမံကိန်း၊ မဂ္ဂါဝပ် ၇၉၀ ရဲရွာစီမံကိန်း၊ မဂ္ဂါဝပ် ၂၄၀ တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်း နှင့် ၉၉ မဂ္ဂါဝပ် ချီဖွေငယ် ရေအား လျှပ်စစ်စီမံကိန်းများကိုလည်း တရုတ်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံထားကြသည်။
ထိုစီမံကိန်းများမှ ထွက်ရှိသော လျှပ်စစ်ပမာဏသည် မြန်မာနိုင်ငံတွင် လက်ရှိထုတ်လုပ်နေသည့် လျှပ်စစ်ပမာဏ၏ ထက်ဝက်ကျော် ရှိကြောင်း မြန်မာ့မဟာဗျူဟာ နှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP) က လေ့လာ သုံးသပ်ထားသည့် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် တရုတ်၏ ပါဝင်မှု စာတမ်းအရ သိရသည်။

ယခု ၂၀၁၈ ခုနှစ် မှ ၂၀၂၀ ခုနှစ်အတွင်း တင်ဒါခေါ်ယူပြီး လုပ်ကိုင်ခွင့်ပေးထားသော တရုတ်ကုမ္ပဏီများ၏ LNG စီမံကိန်းများနှင့် ဆိုလာပါဝါ စီမံကိန်းများသည် ၂၀၂၁ နှစ်အစပိုင်း၌ လျှပ်စစ်ဓာတ်အားများ အပြည့်အဝ ထွက်လာပါက လာမည့် ၂ နှစ်ဝန်းကျင်တွင် မြန်မာ့လျှပ်စစ်ကဏ္ဍတွင် တရုတ်ကုမ္ပဏီများ၏ လျှပ်စစ်ထုတ်လုပ်မှု သည် ၇၀ ရာခိုင်နှုန်းမှ ၈၀ (ခန့်မှန်း မဂ္ဂါဝပ် ၅၄၀၀ ကျော်) ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်မည့် အခြေအနေများ ရှိသည်။
ဦးအေးကျော်ကျော်က “ အခုလုပ်နေတာနဲ့ ထပ်တိုးလုပ်နေတဲ့ဟာတွေမှာလည်း တရုတ်ကုမ္ပဏီတွေပဲ ထပ်ပြီး ရနေတာကို ကြည့်ရင်တော့ ကျနော်တို့ရဲ့ Power Generation (လျှပ်စစ်ထုတ်လုပ်မှုအပိုင်း) ကို လက်ဝါးကြီး အုပ်မလားဆိုတာတွေ ကတော့ စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာပေါ့ ” ဟု ပြောဆိုသည်။
လျှပ်စစ်စွမ်းအင် ကဏ္ဍတွင် အများပြည်သူတတ်နိုင်သည့် ဈေးနှုန်းဖြင့် လျှပ်စစ်ရရှိရန် လိုအပ်သလို တိုင်းပြည်တခု၏ စွမ်းအင်ကဏ္ဍလုံခြုံမှုဆိုင်ရာ (Energy security) ၏ အရေးကြီးမှုကိုလည်း မမေ့ရန်လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်၏ စွမ်းအင်ပညာရှင် တဦးဖြစ်သည့် ဦးမျိုးမြင့်က သတိပေးသည်။
“နိုင်ငံတခုတည်းကိုပဲ အများစု မှီခိုနေရတယ်ဆိုရင်တော့ ဒီလျှပ်စစ်စွမ်းအင်ကဏ္ဍမှ မဟုတ်ပါဘူး ဘယ်ကဏ္ဍမှ မကောင်းဘူး။ ကိုယ့်ရဲ့ စွမ်းအင်ကဏ္ဍကို တဦးတယောက်ထဲ တစုတဖွဲ့တည်းကပဲ ထိန်းချုပ်ခွင့်ရ သွားမယ်ဆိုရင် ဘယ်လိုမှမကောင်းနိုင်ဘူး”
၎င်းက“နိုင်ငံတခုတည်းကိုပဲ အများစု မှီခိုနေရတယ်ဆိုရင်တော့ ဒီလျှပ်စစ်စွမ်းအင်ကဏ္ဍမှ မဟုတ်ပါဘူး ဘယ်ကဏ္ဍမှ မကောင်းဘူး။ ကိုယ့်ရဲ့ စွမ်းအင်ကဏ္ဍကို တဦးတယောက်ထဲ တစုတဖွဲ့တည်းကပဲ ထိန်းချုပ်ခွင့်ရ သွားမယ်ဆိုရင် ဘယ်လိုမှမကောင်းနိုင်ဘူး”ဟု ပြောဆိုသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည်လည်း လျှပ်စစ်ဓာတ်အားကို တနိုင်ငံတည်းကိုပဲ အများစု မှီခိုသွားရနိုင်သည့် အခြေအနေများကို ကာကွယ်ရန် ပြင်ဆင်မှု တချို့တော့ လုပ်ဆောင်ထားသည်ကို တွေ့မြင်ရသည်။
LNG စီမံကိန်းများဖြစ်သော တနင်္သာရီတိုင်းဒေသကြီး ကံပေါက်ဒေသတွင် မဂ္ဂါဝပ် ၁၂၃၀ ထုတ်လုပ်မည့် နှစ်ရှည်စီမံကိန်းကို ပြင်သစ်ကုမ္ပဏီ Total နှင့် SIEMENS ကုမ္ပဏီတို့ကို လုပ်ကိုင်ခွင့်ပြုထားပြီး ရန်ကုန်တိုင်း ဒေသကြီး အလုံ ၃၆၅ မဂ္ဂါဝပ် စီမံကိန်းကို Toyo-Thai ကုမ္ပဏီတို့ကို ၂၀၁၈ ခုနှစ်က နှစ်ရှည်လုပ်ကိုင်ခွင့် ပေးထားကာ ၂၀၂၁ တွင် လျှပ်စစ်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားသည်။
တနင်္သာရီတ်ိုင်း ကျွန်းစုမြို့နယ်တွင်လည်း ကိုရီးယား KMPI ကုမ္ပဏီ နှင့် ပြည်တွင်း မြိတ်အများပိုင်ကုမ္ပဏီတို့ ပူးပေါင်းပြီး LNG to Power မဂ္ဂါဝပ် ၆၁၀ စီမံကိန်းကို လုပ်ဆောင်လျက်ရှိနေသည်။
ဂျပန်အစိုးရနှင့် အစိုးရချင်း သဘောတူညီမှုဖြင့် လုပ်ဆောင်သည့် ၁၂၅၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်မည့် LNG စီမံကိန်းကြီး တခုကိုလည်း နှစ် ၂၀ လုပ်ကိုင်ခွင့်ဖြင့် ဂျပန်ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုပေးထားသည်။ ထိုစီမံကိန်းသည် ၂၀၂၅ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန် မျှော်မှန်းထားသည်။
ယင်းအပြင် အစိုးရပိုင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံများကို အဆင့်မြှင့်တင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုအခြေအနေများသည် မြန်မာပြည်တွင်း တရုတ်ကုမ္ပဏီများ၏ ထုတ်လုပ်နေသော လျှပ်စစ်ဓာတ်အား ပမာဏနှင့် ထက်ဝက်ခန့် ရှိနေသည်။
သို့သော်လည်း တရုတ်ကုမ္ပဏီများ၏ လက်ရှိထုတ်လုပ်နေသော စီမံကိန်းများ၊ လုပ်ကိုင်ခွင့်ရရှိနေဆဲ စီမံကိန်း များ နှင့် အနာဂတ် စီမံကိန်းအသစ်များတွင် ထပ်မံလုပ်ကိုင်ခွင့်ရှိမည့် အခြေအနေရှိနေသေးကြောင့် ပိုမို ကောင်းမွန်ပြီး ဘက်မျှသော လျှပ်စစ်ထုတ်လုပ်မှုတိုးမြှင့်ရေး အစီအစဉ်သစ်များရှိရန် လိုအပ်မည်ဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ စွမ်းအင်ပညာရှင် ဦးမျိုးမြင့်က “ဒီလိုကိစ္စတွေမှာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အားနည်းနေသေးတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတာ သိပ်မကြာသေးတော့လည်း တခြားနိုင်ငံနဲ့ အရမ်းကြီးယှဉ်လို့လည်း မရဘူးဖြစ်နေတယ်။ မမီဘူးဆိုလို့ အပြစ်ပြောနေတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် တိုးတက်အောင် လုပ်ဖို့တော့ လိုနေတယ်” ဟု ပြောသည်။
လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေးလုပ်ငန်းများကို နိုင်ငံတည်းမဟုတ်ဘဲ တခြားနိုင်ငံများအား တွဲဖက်လုပ်ကိုင်ခွင့်ပေးခြင်းများနှင့် ပြည်တွင်းရှိ စွမ်းအင်အရင်းအမြစ်များဖြစ်သော ရေအား၊ ဆိုလာပါဝါ၊ လေအား ကဲ့သို့သော အရင်းအမြစ်များကို ပိုမိုအသုံးပြုနိုင်ရန် ဖော်ထုတ်သင့်ကြောင်း ပညာရှင်များက မှတ်ချက်ပြုသည်။
“ကျနော်တို့ ယှဉ်ပြိုင်မှုတွေကို ဘယ်လိုတိုးတက်အောင် လုပ်မလဲ။ နောက်တခုက တကယ်လို့သာ တခြားနိုင်ငံတွေက မလာဘူးဟေ့ဆိုရင် တခြားနိုင်ငံတွေလာအောင် ဘာတွေ လုပ်ပေးဖို့လိုလဲ၊ ဘာကြောင့် မလာတာလည်း ဆိုတာတွေကို ပြန်သုံးသပ်ဖို့ လိုတယ်”
ဦးမျိုးမြင့်က“ကျနော်တို့ ယှဉ်ပြိုင်မှုတွေကို ဘယ်လိုတိုးတက်အောင် လုပ်မလဲ။ နောက်တခုက တကယ်လို့သာ တခြားနိုင်ငံတွေက မလာဘူးဟေ့ဆိုရင် တခြားနိုင်ငံတွေလာအောင် ဘာတွေ လုပ်ပေးဖို့လိုလဲ၊ ဘာကြောင့် မလာတာလည်း ဆိုတာတွေကို ပြန်သုံးသပ်ဖို့ လိုတယ်”ဟု ပြောဆိုသည်။
ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ အပါအဝင် အနောက်နိုင်ငံများမှ ကုမ္ပဏီ အများအပြားသည် မြန်မာ့ လျှပ်စစ်ကဏ္ဍကို ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိသော်လည်း အစိုးရက သတ်မှတ်ထားသော တင်ဒါစည်းမျဉ်း (၁/၂၀၁၇) အရ ဈေးနှုန်းသက်သာသည့် ကုမ္ပဏီကိုသာ ဦးစားပေးရွေးချယ်ရမည်ဖြစ်ခြင်းကြောင့် ဈေးပေါပေါဖြင့် လုပ်ကိုင်နိုင်သော တရုတ်ကုမ္ပဏီများကသာ အခွင့်အလမ်းသာနေခြင်းဖြစ်ကြောင်း ပြည်တွင်းလျှပ်စစ်ကုမ္ပဏီတခုမှ အမည်မဖော်လိုသော ဒါရိုက်တာတဦးက ပြောသည်။
၎င်းက “အနောက်နိုင်ငံတွေက ကုမ္ပဏီတွေက အရည်အသွေးထိန်းတော့ သူတို့ဟာတွေက တရုတ်လောက် ဈေးအရမ်း မပေါဘူး။ တရုတ်ကုမ္ပဏီတွေကလည်း အဲဒီအချက်ကို ကောင်းကောင်း သဘောပေါက်တယ်လေ၊ ဒီအတိုင်းသွားနေရင် နောက်ထပ်တင်ဒါတွေလည်း သူတို့ပဲ ရနေဦးမှာပဲ” ဟု ပြောဆိုသည်။
“အခု ဆိုလာဈေးနှုန်းဆိုရင် သူတို့ တရုတ်ဈေးကွက်မှာ ရောင်းတဲ့ဈေးထက်တောင် နည်းတဲ့ဈေးနဲ့ မြန်မာမှာဝင်ပြိုင်တာ ဘယ်လိုအရည်အသွေးနဲ့ လုပ်မလဲဆိုတော့ မသိဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းကုမ္ပဏီသည် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ဆိုလာပါဝါတင်ဒါကို နိုင်ငံခြားကုမ္ပဏီတခုနှင့် ပူးပေါင်းပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်တွင်းကုမ္ပဏီတခု ဖြစ်သည်။
လျှပ်စစ်နှင့် ဝန်ကြီးဌာနအနေဖြင့်လည်း တရုတ်ကုမ္ပဏီများကို ဦးစားပေး ရွေးချယ်နေခြင်း မဟုတ်သော်လည်း အစိုးရ၏ ရင်းနှီးမြှုပ်နှံလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် တင်ဒါစည်းကမ်းများ သတ်မှတ်ထားသည့် ၁/၂၀၁၇ ညွှန်ကြားချက်သည် တရုတ်ကုမ္ပဏီများကို အခွင့်အလမ်းသာနေသည့် သဘော ဖြစ်နေသည်။
တင်ဒါစည်းမျဉ်းများထဲတွင် ဈေးနှုန်းအသက်သာဆုံး ဦးစားပေးသည့် အချက်မှာ မှန်ကန်သော်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၏ တင်ဒါစံသတ်မှတ်များအတိုင်း ဈေးနှုန်းသက်သာခြင်းကို သတ်မှတ်ထားသော်လည်း တဖက်တွင် အရည်အသွေးစံ သတ်မှတ်ချက်များဖြင့် ပြန်လည်ထိန်းချုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီ၏ ဒါရိုက်တာက ဆိုသည်။
“တရုတ်ကုမ္ပဏီတွေကပဲ လျှပ်စစ်ထုတ်လုပ်မှု တော်တော်များများကို လုပ်ကိုင်ခွင့်ရသွားရင်တော့ သိပ်တော့မကောင်းဘူး။ နောက်ဆုံးဗျာ သူတို့ လျှပ်စစ်ကို Shutdown လုပ်ရင် ဘယ်လိုလုပ်မလဲ အကုန်လုံး ရပ်ကုန်မှာ”
၎င်းက“တရုတ်ကုမ္ပဏီတွေကပဲ လျှပ်စစ်ထုတ်လုပ်မှု တော်တော်များများကို လုပ်ကိုင်ခွင့်ရသွားရင်တော့ သိပ်တော့မကောင်းဘူး။ နောက်ဆုံးဗျာ သူတို့ လျှပ်စစ်ကို Shutdown လုပ်ရင် ဘယ်လိုလုပ်မလဲ အကုန်လုံး ရပ်ကုန်မှာ”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံတခုအတွက် စွမ်းအင်လုံခြုံမှုဆိုင်ရာ ကိစ္စကို စဉ်းစားလုပ်ဆောင်ရာတွင် လျှပ်စစ်ထုတ်လုပ်နိုင်သော စွမ်းအင်အရင်းအမြစ်များ အားလုံးကို လုပ်ကိုင်ခွင့် မရရှိခြင်းက အခက်အခဲ ဖြစ်စေကြောင်း ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့်(ခ) ဦးအောင်မြင့်ဇော်က ပြောသည်။
၎င်းက “ကျောက်မီးသွေးဆိုရင် ဈေးသက်သာတယ်၊ လျှပ်စစ်လိုအပ်ချက်အတွက် Stable ဖြစ်တယ်။ ထိခိုက်မှုရှိတာက အမှန်ပါ။ ဒါပေမယ့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း ဆိုးကျိုး အနည်းဆုံးဖြစ်တဲ့ နည်းလမ်းတွေနဲ့ အခုထက်ထိ သုံးနေကြတုန်းပဲ။ ဒါပေမယ့် ဒီမှာကျတော့ မလုပ်ဖို့ကို တင်းတင်းကျပ်ကျပ် တားမြစ်ခံနေရတယ်” ဟု ပြောဆိုသည်။
လက်ရှိ လျှပ်စစ်ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ အလတ်စားအသေးစား စီမံကိန်းများမှ ၃၂ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၂၀ ရာခိုင်နှုန်း၊ ကျောက်မီသွေးမှ ၃၃ ရာခိုင်နှုန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ၉ ရာခိုင်နှုန်း နှင့် အခြားထုတ်လုပ်မှုများမှ ၆ ရာခိုင်နှုန်းရှိသည်။
လတ်တလော မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအခြေအနေများနှင့် ထပ်မံလုပ်ကိုင်ခွင့်ပေးထားသော စီမံကိန်းများတွင် တရုတ်ကုမ္ပဏီများ ပါဝင်ပတ်သက်နေမှု အခြေအနေများ အသေးစိတ်သိရှိရန် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (EPGE) သို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။
ထို့အပြင် မြန်မာ့လျှပ်စစ်ကဏ္ဍတွင် တရုတ်ကုမ္ပဏီများသာ စီမံကိန်း အများအပြား လုပ်ကိုင်ခွင့်ရရှိနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က သီးခြားမှတ်ချက်ပေးရန် မရှိကြောင်း ဧရာဝတီသို့ပြောသည်။
၎င်းက “ကျနော်တို့သွားနေတဲ့ မူက Generation mix သွားနေတာပဲလေ။ အဲဒီမှာ ကျနော်တို့ သတ်မှတ်ထားတဲ့ အချိုးတွေရှိတယ်။ အဲဒီအတိုင်းသွားနေတယ်။ တဖက်က ပြည်သူသုံးတဲ့ဟာကို လောက်အောင် ပေးနိုင်ဖို့ ၊ တဖက်ကကျတော့ လက်ရှိ ပြည်သူကို ရောင်းပေးနေတဲ့နှုန်း ၊ အဲဒီနှုန်းအတိုင်း ဝယ်နိုင်တဲ့ ဈေးနှုန်းကို ညှိပြီးတော့မှ ဘယ်ဟာဝယ်သင့်တယ် မဝယ်သင့်ဘူးဆိုတာ တွက်ချက်ပြီး ဝယ်တာ” ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက် ၂၀၁၆ – ၂၀၂၀ လေးနှစ်အတွင်း၌ လျှပ်စစ်ဓာတ်အားကို ယခင်အစိုးရ ထက်၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်လာနိုင်ခဲ့ပြီး တနိုင်ငံလုံး၏ လူဦးရေ၏ ၅၄ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အား အသုံးပြုနေပြီဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အာဆီယံ နိုင်ငံတခုလည်းဖြစ် မြန်မာနိုင်ငံနှင့်နည်းတူ စီးပွားရေးဖွံ့ဖြိုးဆဲ နိုင်ငံတခုဖြစ်သော လာအိုနိုင်ငံသည် ၎င်း၏ မဟာလျှပ်စစ်ဓာတ်အားလိုင်း အများစုကို တရုတ်ကုမ္ပဏီတခုကို လွှဲပြောင်းရတော့မည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။
တရုတ်နိုင်ငံ၏ ကမ္ဘာ့လုံးဆိုင်ရာ Belt and Road အခြေခံအဆောက်အအုံဆိုင်ရာ ကြွေးမြီများနှင့် ပတ်သက်သည့် ပြဿနာများကြောင့် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုင်းများကို တရုတ်ကုမ္ပဏီကို ပေးအပ်ရမည့် အခြေအနေ ဖြစ်သွားရခြင်း ဖြစ်သည်။
မြန်မာအစိုးရကမူ Belt and Road စီမံကိန်းများကို သတိထား အကောင်အထည်ဖော် ဆောင်ရွက်နေသလို အတိုးနှုန်းများသည့် တရုတ်ချေးငွေများကို အနာဂတ်တွင် လျှော့ချ ချေးယူရန် ဆုံးဖြတ်ထားခြင်းများကြောင့် လာအို နိုင်ငံကဲ့သို့ ကြွေးမြီ ပြဿနာများ ရင်ဆိုင်ရရန် အခြေအနေ နည်းပါးလျက်ရှိသည်။
သို့သော်လည်း စီးပွားရေးတိုးတက်ရန် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အများအပြားကို မျှော်လင့်နေရသော မြန်မာနိုင်ငံသို့ ငွေကြေးအရင်းအနှီး အလုံးအရင်းသုံးကာ ဝင်ရောက်လာနေသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကိုမူ သတိကြီးကြီး ထားရန်လိုအပ်သည်မှာ အမှန်ပင် ဖြစ်သည်။
ဦးစိုးမြင့်(ခ) ဦးအောင်မြင့်ဇော်က “တရုတ်ကုမ္ပဏီတွေက တခြား ကုမ္ပဏီတွေထက် ဈေးသက်သာတယ်။ တင်ဒါစည်းမျဉ်းက သတ်မှတ်ထားတဲ့ ကုမ္ပဏီ လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း ပြည့်မီနေတော့ ကျနော်တို့မှာ ရွေးစရာသိပ်မရှိဘူး။ သူတို့ကိုပဲ ရွေးချင်လို့တော့ မဟုတ်ဘူး” ဟု ပြောသည်။
You may also like these stories:
နိုင်ငံ့ စီးပွားရေး မူဝါဒ ခရီးရောက်ခဲ့ရဲ့လား
ဆိုလာစီမံကိန်း ၁၆ ခုကို တရုတ် ကုမ္ပဏီများ တင်ဒါအောင်
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး မည်မျှထိခိုက်သည်ကို ကမ္ဘာ့ဘဏ် အစီရင်ခံ