၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ နိုင်ငံ၏ တချို့ဒေသများတွင် လက်နက်ကိုင်အဖွဲ့အချို့ ရွေးကောက် ပွဲ လုပ်ငန်းစဉ်အပေါ် နှောင့်ယှက်မှုများ ရှိနေသည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများက ငြိမ်းချမ်းသော နည်းလမ်းဖြင့် ရွေးကောက်ပွဲ ဝင်နေသည့် နိုင်ငံရေး ပါတီများနှင့် မဲဆန္ဒရှင် ပြည်သူများအတွက် ထိခိုက်နစ်နာမှုကြီးမားစွာ ပေးဆပ်ကြရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်လောင်း ၃ ဦးကို လက်နက်ကိုင် အဖွဲ့တခုက အကြမ်းဖက်ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်မှု ဖြစ်ပွားခဲ့သည်။
NLD ပါတီမှ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော တို့သည် ၎င်းတို့ ရွေးကောက်ပွဲ ဝင်မည့် မဲဆန္ဒနယ် ဖြစ်သော တောင်ကုတ်မြို့နယ် ဖောင်းခါးရွာတွင် လက်နက်ကိုင် အဖွဲ့တခု၏ အကြမ်းဖက် ဖမ်းဆီးခြင်းကို ခံ လိုက်ရခြင်း ဖြစ်သည်။
ထို့အတူ အခြားသော ပြည်နယ်များ၌လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ၎င်းတို့ အခြေစိုက်ရာ နယ်မြေ တွင် နိုင်ငံရေး ပါတီများ လာရောက် မဲဆွယ် စည်းရုံးမည် ဆိုပါက ၎င်းတို့၏ ခွင့်ပြုချက် ရယူရမည် ဟု အမိန့်ထုတ်ခြင်း၊ ၎င်းတို့ လိုလားသည့် နိုင်ငံရေး ပါတီများကိုသာ မဲဆွယ်ခွင့်ပြုခြင်း စသည့် လုပ်ရပ်များ ဆောင်ရွက်နေကြောင်း နိုင်ငံရေး ပါတီ အချို့ထံက သိရသည်။
ရွေးကောက်ပွဲ ဆိုသည်မှာ လူထုအများစု၏ ဆန္ဒမဲဖြင့် ပြည်သူ့ ကိုယ်စားလှယ်နှင့် အုပ်ချုပ်သူများကို ရွေးချယ်ခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေး အတွက် မရှိမဖြစ် လိုအပ်ချက် တခုပင် ဖြစ်သည်။
ရွေးကောက်ပွဲ ဆိုသည်မှာ လူထုအများစု၏ ဆန္ဒမဲဖြင့် ပြည်သူ့ ကိုယ်စားလှယ်နှင့် အုပ်ချုပ်သူများကို ရွေးချယ်ခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေး အတွက် မရှိမဖြစ် လိုအပ်ချက် တခုပင် ဖြစ်သည်။
ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် အရေးပါသည့် ရွေးကောက်ပွဲ၏ အနှစ်သာရသည် လွတ်လပ်ပြီး မျှတစွာ ယှဉ်ပြိုင်ခွင့် ရခြင်းပင်ဖြစ်ရာ လက်နက်ကိုင် အဖွဲ့များ၏ နိုင်ငံရေးပါတီ အချို့ပေါ် နှောင့်ယှက်နေမှုများ၊ လက်နက်မပါသည့် နိုင်ငံရေး သမားများကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခြင်းသည် ဖြစ်သင့်ပါ၏လော ဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။
တောင်ကုတ်တွင် ကိုယ်စားလှယ်လောင်းများ အဖမ်းခံရခြင်း
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် ပြည် နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်တို့ ၃ ဦးသည် ဖောင်းခါးကျေးရွာတွင် မဲဆွယ်စည်းရုံးရေး သွားရောက် ဟော ပြောနေစဉ် အမည်မသိ သေနတ်သမားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ဖမ်းဆီးခံရသည့် အချိန်တွင် အမျိုးသား ကိုယ်စားလှယ်ကို ရိုက်နှက်ပြီး ကြိုးတုပ် ဖမ်းဆီးခဲ့သလို အမျိုးသမီး ကိုယ်စားလှယ်ကိုလည်း လူမြင်ကွင်းတွင်ပင် ရိုက်နှက်ခေါ်ဆောင်သွားကြောင်း ဝင်ရောက်ဖမ်းဆီးသည့်နေရာတွင် ရှိသည့် မျက်မြင်သက်သေများက သတင်းမီဒီယာများထံ ဖွင့်ဟပြောဆိုခဲ့ကြသည်။
မျက်မြင်သက်သေများက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသူ လက်နက်ကိုင် အဖွဲ့များမှာ ရက္ခိုင် စစ်တပ် (AA) တပ်ဖွဲ့ဝင်များ ဖြစ်နိုင်သည်ဟုဆိုသည်။ AA ဘက်ကမူ ဖမ်းဆီးမှုသည် ၎င်းတို့အဖွဲ့၏ လက်ချက် ဟုတ်မဟုတ် တရားဝင် ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးပေ။ ထို့ကြောင့် မည်သည့် အဖွဲ့က ကျူးလွန်ခြင်း ဖြစ်သည်ဟု ပြောဆိုရန်မှာ ခက်ခဲကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာ ဝတီသို့ ပြောကြားသည်။
“ဒါပေမယ့် ဒီလို ဖြစ်သွားရတာတော့ ရွေးကောက်ပွဲအတွက် သိပ်ပြီးတော့ မကောင်းဘူး” ဟု ဦးဖေသန်းက မှတ်ချက်ပေးသည်။
နှစ်ပေါင်း ၇၀ ခန့် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့သော ကရင်အမျိုးသား အစည်းအရုံး (KNU) တွင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်ခဲ့ဖူးပြီး လက်ရှိကာလတွင် ပန်းတနော်မြို့နယ်မှ တဆင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စား လှယ်လောင်းလည်း ဖြစ်သူ ပဒိုမန်းငြိမ်းမောင် ကလည်း ကိုယ်စားလှယ်လောင်း ၃ ဦး အဖမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ ယခုကဲ့သို့ ဆိုသည်။
“ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံတခုမှာ အခုလိုမျိုး နိုင်ငံရေးသမားတွေကို ဖမ်းတာ၊ အသက်အန္တရာယ် ပြုတာတွေက ဖြစ် တတ်ပါတယ်။ ဟိုအရင်တုန်းကလည်း ငါးလောင်းပြိုင် လူသတ်မှုတို့ ဘာတို့ ဖြစ်ခဲ့တာတွေ ရှိတယ်” ဟု ဆိုသည်။
သို့သော်လည်း လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေသည့် KNU အနေဖြင့် လက်နက်ကိုင် မဟုတ်သည့် နိုင်ငံရေး သမားများကို ဖမ်းဆီးခြင်း နှိပ်စက်ခြင်း လုံးဝ မရှိခဲ့ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောပြသည်။
“ကျနော်တို့က အဲဒီလို မဆိုင်တဲ့ဟာတွေ မလုပ်ဘူး။ ဒါတွေက ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒနဲ့ လုပ်တာတွေပဲ။ စစ်နဲ့ မပတ်သက်တာ ဆိုရင် ပြည်သူတွေပဲ” ဟု ဝါရင့် လက်နက်ကိုင်အဖွဲ့ြ့ကီး၏ ထိပ်ပိုင်းတာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ပဒိုမန်းငြိမ်းမောင်က ပြောသည်။
ရခိုင်တွင် လက်နက်ကိုင် မဟုတ်သော နိုင်ငံရေးသမားများကို ဖမ်းဆီးမှုများသည် ယခင်ကတည်းက ရှိနေခြင်းဖြစ်ပြီး အဖမ်းခံရမှု အများစုကို လေ့လာကြည့်ပါက AA အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တွေ့ရသည်။
NLD ပါတီဝင် တဦးလည်း ဖြစ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ချင်းပြည်နယ်မှ ဦးဝှေ့တင်းသည် နေပြည်တော်တွင် ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး တက်ရောက်ရန် ခရီး ထွက်လာစဉ် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် AA အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ဦးဝှေ့တင်းသည် တပ်မတော်ထံ AA အဖွဲ့၏ သတင်းများ ပေးပို့နေသူဖြစ်သောကြောင့် ဖမ်းဆီးစစ်ဆေးရခြင်း ဖြစ်ကြောင်း AA ဘက်က အကြောင်းပြချက်ပေးခဲ့ပြီး ရက်ပေါင်း ၇၀ ခန့် ထိမ်းသိန်းထားပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
ထို့အတူ ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကိုလည်း AA ဘက်က ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးထားစဉ်မှာပင် ဦးရဲသိန်း သေဆုံးသွားသည့် ဖြစ်ရပ်လည်း ရှိသည်။ ဦးရဲသိန်း သေဆုံးရခြင်းအပေါ် AA က တပ်မတော်၏ လက်နက်ကြီးနှင့် ပစ်ခတ် မှုကြောင့်ဟု အကြောင်းပြခဲ့သည်။
ရခိုင်ပြည်နယ်ထဲတွင် ဒေသခံရခိုင် တိုင်းရင်းသား ပါတီများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ကိုယ်စားလှယ်များမှာ ထိုသို့ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း မခံရဘဲ NLD ကိုသာ ပစ်မှတ်ထား လုပ်ဆောင်နေသည်ကို တွေ့ရပြီး ထိုသို့ဆောင်ရွက်မှုသည် NLD ပါတီကိုသာ မက ထိုပါတီကို မဲပေးလိုသည့် ဒေသခံ ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင်များနှင့် အခြားလူမျိုးစု မဲဆန္ဒရှင်များကိုပါ ခြိမ်းခြောက်သည့်အနေအထားဖြစ်သည်။
ပြောရမည်ဆိုလျှင် ရခိုင်ပြည်နယ်တွင် လက်နက် မပါသည့် နိုင်ငံရေးသမားများကို လက်နက်ကိုင် အဖွဲ့များက လက်နက် အားကိုးဖြင့် အနိုင်ကျင့်နေသည်မှာ ယခင်ကအတိုင်း အပြောင်းအလဲ မရှိဘဲ လက်ရှိကာလတိုင်အောင် ရှိနေဆဲဖြစ်ကြောင်း တောင်ကုတ်က ကိုယ်စားလှယ်လောင်း ၃ ဦး အဖမ်းခံရသည့် ကိစ္စက ပြဆိုနေပေသည်။
ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက AA နှင့် ဆက်သွယ် ညှိနှိုင်းပါဟု AA ၏ စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။
ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက AA နှင့် ဆက်သွယ် ညှိနှိုင်းပါဟု AA ၏ စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။
ယင်းပြောဆိုချက်မှာ“ပြည်သူတွေကလည်း ရွေးကောက်ပွဲကို ဖြစ်စေ ချင်တယ်၊ အစိုးရကလည်း ဖြစ်စေချင်တယ်ဆိုရင် ကျနော်တို့နဲ့ လာပြီး ညှိနှိုင်းပေါ့။ ဒီရွေးကောက်ပွဲ ကာလ တွေမှာ ဘယ်လိုထိန်းသိမ်းမယ် ဆိုရင်တော့ ဖြစ်နိုင်ခြေတွေတော့ ရှိပါတယ်။ ကျနော်တို့က ပြည်သူ့ဆန္ဒကို လေးစားတယ်။ ဒီမိုကရေစီစနစ်အရ ဆန္ဒထုတ်ဖော်ခြင်း၊ သူ့ရဲ့စနစ်ကို ကျင့်ကြံအား ထုတ်ခြင်း ဆိုတဲ့ ကိစ္စတွေပေါ့။ ကျနော်တို့ကို လာရောက် ညှိနှိုင်းမယ်ဆိုရင် လေးလေးစားစား နဲ့ ပူးပေါင်း ဆောင်ရွက်လို့ ရတယ်” ဟု ပြောဆိုထားသည်။
ကိုယ်စားလှယ်လောင်း ၃ ဦး အဖမ်းခံရသည့် AA က ကျူးလွန်ခြင်းဟု တပ်အပ်မပြောနိုင်သော်လည်း ဗိုလ်ချုပ် ထွန်းမြတ် နိုင်၏ ပြောစကားနှင့် ဆက်စပ် စဉ်းစားကြည့်ပါက AA ထံ မဆက်သွယ် မညှိနှိုင်းသဖြင့် ကိုယ်စားလှယ်လောင်းများ အဖမ်း ခံလိုက်ရခြင်းလော ဟု သံသယဝင်စရာ ဖြစ်နေသည်။
AA ၏ မဟာမိတ် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ၎င်းတို့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ကျင်းပသော ရွေးကောက်ပွဲကို မထောက်ခံသော်လည်း ဒီမိုကရေစီ နည်းကျကျ လူထုဆန္ဒအရ လွတ်လွတ်လပ်လပ် မဲပေးခွင့် ရှိကြောင်း ၎င်းတို့ လှုပ်ရှားနယ်မြေများ အတွင်း ပါတီစည်းရုံးရေးများကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးမှာဖြစ်ကြောင်းနှင့် ရခိုင်တွင်ဖမ်းဆီးမှုမျိုးကို လုပ်ဆောင်မှာ မဟုတ်ကြောင်း TNLA ၏ သဘောထားကို ရှင်းပြသည်။
TNLA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး မိုင်းအိုက်ကျော် က “ရခိုင်မှာ ဖြစ်တဲ့ကိစ္စကတော့ ကျနော်တို့က သုံးသပ်စရာ မရှိဘူး။ ဘာ့ကြောင့် ဖမ်းဆီးသလဲဆိုတဲ့ ကိစ္စအကြောင်းအရင်းကို ကျနော်တို့ မသိပါဘူး။ AA နဲ့က ကျနော်တို့က စစ်ရေးနဲ့ နိုင်ငံရေးမှာတော့ မဟာမိတ်ပါ။ ဒါပေမယ့် ဖမ်းဆီးတဲ့နေရာမှာတော့ ကျနော်တို့က မဟာ မိတ် မဟုတ်ပါဘူး ဟု ရခိုင်တွင် NLD ကိုယ်စားလှယ် ၃ ဦး အဖမ်းခံရသည့် အပေါ် ၎င်းတို့ သဘောထားရှင်းပြသည်။
RCSS ခြိမ်းခြောက်မှုနှင့် ပလောင်ပါတီ ကြုံရတဲ့ ပြဿနာ
ရှမ်းပြည်နယ်တွင်မူ မဲဆွယ်စည်းရုံးရေးအတွက် ခွင့်ပြုချက် တောင်းသည့် အခါတွင် လက်နက်ကိုင် အဖွဲ့များသည် မသိချင် ယောင်ဆောင်နေသည်များ ရှိသည်။
ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် ၎င်းတို့ လှုပ်ရှားသည့် နယ်မြေတွင် မဲဆွယ်စည်းရုံးမည်ဆိုပါက နိုင်ငံရေး ပါတီများသည် ၎င်းတို့ထံမှ ကြိုတင် ခွင့်ပြုချက်ယူရမည်ဟု စက်တင်ဘာ ၁ ရက်ကတည်းက စာထုတ်ပြန်ထား သည်။
ထို့ကြောင့် တအာင်းပလောင် အမျိုးသားပါတီ (TNP) သည် RCSS ထံ စာ၂ ကြိမ် ပေးပို့၍ ခွင့်ပြုချက် တောင်းခံခဲ့ရာ RCSS ဘက်က အကြောင်းမပြန်ခဲ့ကြောင်း ယင်းပါတီထံက သိရသည်။
ထို့ပြင် RCSS သည် နိုင်ငံရေး ပါတီများကို တိုက်ရိုက် ခြိမ်းခြောက်ခြင်း မဟုတ်ဘဲ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် နိုင်ငံရေးပါတီများ၏ မဲဆွယ်မှုများကို လက်မခံစေရန် မလျော်သြဇာ သုံးခြင်းများလည်း ရှိနေကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ မဲဆွယ် စည်းရုံးမည့် နိုင်ငံရေး ပါတီများကို လက်ခံပါက ကျေးရွာ ဥက္ကဋ္ဌများ ငွေကျပ် ၁၀ သိန်းပေးရမည် ဟု RCSS က စာဖြင့် ညွှန်ကြားထားခြင်း ဖြစ်သည်။
ထိုသို့ ညွှန်ကြားထားသည့် စာကို RCSS သည် ၎င်းတို့၏ ရုံးတံဆိပ်၊ အဖွဲ့အစည်း အမှတ်အသားပါ စာရွက်များဖြင့် အကြောင်းကြားခြင်း မဟုတ်ဘဲ မိုင်းကိုင် မြို့နယ်တွင်းမှ တပ်ဖွဲ့ဝင် တာဝန်ခံဆိုသူကို မိုင်းကိုင်မြို့နယ် ပန်ကေတု ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာအုပ်စု စာရေးအား ပြောဆိုကာ အကြောင်းကြားခိုင်းထားခြင်း ဖြစ်သည်။
ကျေးရွာအုပ်စု စာရေးက ထိုစာကို ပန်ကေတုကျေးရွာ အုပ်စုအတွင်းမှ မောက်လျန်၊ လွယ်ရွဲ၊ ကုန်းပေါင်းရွာ ဥက္ကဋ္ဌများထံ သို့ ဆက်လက် ဖြန့်ဝေခဲ့ရာ TNP ပါတီက အဆိုပါကိစ္စနှင့် ပတ်သက်၍ RCSS ကို ရွေးကောက်ပွဲ ကော်မရှင်ထံ စာပေးပို့ တိုင်ကြားထားသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဘက်မှ အန္တရာယ်ပြုမည်ကို စိုးရိမ်သဖြင့် ရှမ်းပြည်နယ် တောင် ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်ရကြောင်း မိုင်းကိုင်မြို့နယ်၊ တအန်း (ပ လောင်) အမျိုးသားပါတီ (TNP) ၊ ဥက္ကဋ္ဌ မိုင်းနုမ်ဟန်က ဧရာဝတီကို ပြောသည်။
မိုင်းနုမ်ဟန်က “ကျနော်တို့ မိုင်းကိုင်မှာ မဲဆွယ်ရတာ လွတ်လွတ်လပ်လပ် ရှိဖို့ လုံးဝ အဆင်မပြေပါဘူး။ ကျနော်တို့ လူထု ရွာသူရွာသားတွေလည်း ဘေးအန္တရာယ်ကင်းမယ့် လမ်းကိုပဲ ရွေးတဲ့အနေနဲ့၊ ကျနော်တို့ အန္တရာယ်မကြုံပေမယ့် နောက် ကွယ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို တွေးပြီး မဲဆွယ်တာကို ရပ်ဆိုင်းလိုက်တာပါ။ အောက်တိုဘာ ၁ ရက်ကတည်းက စည်းရုံးရေး ဆင်းတာကို ရပ်လိုက်ရပါတယ်။ အဓိကကတော့ RCSS ဘက်က အန္တရာယ်ပြုမှာကို စိုးရိမ်လို့ပါ” ဟု ပြောသည်။
TNP ပါတီမှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ဆင်းရန် ကျေးရွာများသို့ သွားရာတွင် COVID -19 ရောဂါ ကြောင့်ဟု အကြောင်းပြကာ RCSS တပ်ဖွဲ့ဝင်များမှ လမ်းများ ပိတ်ဆို့ထားခြင်း၊ TNP ကိုယ်စားလှယ်လောင်းများ မဲလာ ဆွယ်သည်ကို လက်ခံပါက ကျေးရွာ ဥက္ကဋ္ဌများမှ ဒဏ်ငွေ ၁၀ သိန်း ပေးရမည် ဟု စာပို့ပြောဆိုထားခြင်းများအပြင် လမ်း ခရီးတွင် ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးကို အာမ မခံနိုင်ဟု ပြောဆိုမှုများ ရှိသဖြင့် မဲဆွယ်မှုကို ရပ်ဆိုင်းရခြင်း ဖြစ်ပါသည် ဟုလည်း ၎င်းက ဆိုသည်။
မိုင်းနုမ်ဟန်က “ကျားခေါင်း (SNLD) ဆိုလည်း ရွာတိုင်း သွားလာရေး လွတ်လပ်တယ်။ ကျနော်တို့ ပါတီကိုပဲ ဘာလို့ အဲဒီလို လုပ်လဲ စဉ်းစားမရပါဘူး။ မိုင်းကိုင်မှာ တိုင်းရင်းသား အများစုက ရှမ်းနဲ့ပလောင်ပဲ ရှိပါတယ်။ ကိုဗစ်-၁၉ ကို အကြောင်းပြုတယ် ဆိုပေမယ့် အစိုးရပိုင်းက လမ်းတကြောလုံးမှာ လမ်းမကြီး စစ်ဆေးရေးဂိတ်၊ စမ်းသပ်မေးမြန်းတာ ရှိတယ်။ ရောဂါ မရှိရင် သွားလာလို့ ရတယ်။ RCSS ကျတော့ လုံးဝကို အကြမ်းသမားနည်းနဲ့ ရွာထဲမှာ အိပ်၊ ရွာထဲမှာ စားပြီး စောင့်တာ၊ တရွာကို ၁၀ ပေါက် ရှိရင် ၁၀ ပေါက်လုံး စောင့်နေတာ။ လုံးဝကို မတရားပါဘူး” ဟု ပြောသည်။
အောက်တိုဘာ ၅ ရက်နေ့ကလည်း RCSS က နောက်ထပ် ကြေညာချက် တစောင် ထပ်မံထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ကိုဗစ် ကူးစက်မှုကို အကြောင်းပြပြီး ၎င်းတို့ RCSS အုပ်ချုပ်နယ်မြေ အတွင်း အောက်တိုဘာ ၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ဝင်ထွက်ခွင့်များကို ကန့်သတ်လိုက်သည်။
ခွင့်ပြုချက် ယူရမည် ဆိုသည့် CNF
AA အတိုင်းပင် သံတူကြောင်းကွဲ လေသံပစ်ထားသည့် ချင်းပြည်နယ်က လက်နက်ကိုင် အဖွဲ့မှာ ချင်းအမျိုးသား တပ်ဦး (CNF) ဖြစ်သည်။ CNF ၏ အခြေချ နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေး ပြုလုပ်မည်ဆိုပါက ကြိုတင် ခွင့်ပြုချက်ရယူခြင်းဖြင့် ချိတ်ဆက် ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း CNF က စက်တင်ဘာလ ၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ချင်းအမျိုးသားတပ်ဦး၏ ဗဟို ဌာနချုပ်သည် ချင်းပြည်နယ် ထန်တလန်မြို့နယ် အတွင်း တည်ရှိသည်။ CNF ၏ ထုတ်ပြန်ချက်တွင် မဲဆွယ်မည်ဆိုပါကဟု ဆိုထားရာ မဲဆွယ်မည့် နိုင်ငံရေးပါတီများကို တိုက်ရိုက် ရည်ညွှန်းသည့် သဘောဟု နားလည်ရသည်။
ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေး အတွက် အရေးပါသည့် အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လက်နက် မပါဘဲ မဲဆွယ် စည်းရုံးကြမည့် နိုင်ငံရေး သမားများသည် လွတ်လပ်စွာ မဲဆွယ်ရေးအတွက် လက်နက်ကိုင် အဖွဲ့များထံမှ ခွင့်ပြု ချက်တောင်းရန် လိုအပ်ပါ၏လော ဟု မေးခွန်း ထုတ်စရာလည်း ရှိသည်။
အကယ်၍ ခွင့်ပြုချက်တောင်းပါကမူ နိုင်ငံရေး ပါတီတိုင်းကို ခွဲခြားမှု မရှိဘဲ ခွင့်ပြုပေးနိုင်မည်လော ဆိုသည့် အချက်သည် လည်း လက်နက်ကိုင် အဖွဲ့များကို ထပ်ဆင့် မေးစရာ ရှိလာသည်။
ကရင်ပြည်နယ်က ခွဲခြားခွင့်ပြုမှု
ကရင်ပြည်နယ်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့က ၎င်းတို့ ထိန်းချုပ်နေရာကို ၎င်းတို့လိုလားသည့် ပါတီ မဟုတ်ပါက ပေးမဝင်သည့် ဖြစ်ရပ် ရှိနေသည်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မွန်လက်နက်ကိုင် အဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) က ကိုဗစ်- ၁၉ ရောဂါ တားဆီးရေး အကြောင်းပြကာ နိုင်ငံရေး ပါတီများကို ၎င်းတို့ ထိန်းချုပ်ရာနေရာသို့ မလာရန် ကန့်သတ်မှုများ ရှိနေ သည်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မွန်လက်နက်ကိုင် အဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) က ကိုဗစ်- ၁၉ ရောဂါ တားဆီးရေး အကြောင်းပြကာ နိုင်ငံရေး ပါတီများကို ၎င်းတို့ ထိန်းချုပ်ရာနေရာသို့ မလာရန် ကန့်သတ်မှုများ ရှိနေ သည်။ ထိုသို့ ကန့်သတ်ခံရသည့် အထဲတွင် လက်ရှိ အာဏာရပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပင် ပါဝင်သည်။
ကန့်သတ်မှုသည် အကုန်လုံးကို တပြေးညီ သတ်မှတ်လုပ်ဆောင်ပါက အထွေအထူး ဝေဖန်စရာ မရှိသော်လည်း အခြား ပါတီများကို ဝင်ခွင့်မပြုသည့် အချိန်တွင် မွန်ပါတီကိုသာ NMSP က ဝင်ရောက် မဲဆွယ်ခွင့်ပြုသည်မှာ အခြား ပါတီများ အတွက် ဝေဖန် မေးငေါ့စရာ ဖြစ်လာရသည်။
ဘားအံခရိုင် NLD ဥက္ကဋ္ဌ ဦးသန်းနိုင်က “ကြာအင်းဆိပ်ကြီးလို နေရာမျိုးတွေမှာတော့ မွန်ပြည်သစ်ပါတီ ဆိုရင် ကျနော်တို့ ပါတီတွေတော့ အဝင်မခံဘူး။ ကျနော်တို့ ဆိုတာ ကျနော်တို့ တခုတည်း မဟုတ်ပါဘူး။ ဘယ်ပါတီမဆိုပေါ့။ မွန်နဲ့ ပတ်သက် တဲ့ ပါတီတွေ ဆိုရင်တော့ အဝင်ခံပါတယ်။ ဒါမျိုးလေးတွေက Fair မဖြစ်တဲ့ အနေအထားပေါ့” ဟု ပြောကြားဖူးသည်။
ယင်းကိစ္စ ဟုတ် မဟုတ် မေးမြန်းရန် မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်း မကိုင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သေချာသည်က ကန့်သတ်ခံရသည် ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်နေခြင်း ဖြစ် သည်။
လက်နက်ကိုင်များ ဝင်မပါသင့်
နိုင်ငံရေး လေ့လာသူနှင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများကမူ နိုင်ငံရေးပါတီများ၏ မဲဆွယ်မှုကို ခွဲခြားကန့်သတ် ခြင်းမျိုး အပါအဝင် လွှတ်တော် ကိုယ်စားလှယ်လောင်းများကို အကြမ်းဖက်ခြင်းကို ကန့်ကွက်သည်ဟု ဆိုကြသည်။
“ရွေးကောက်ပွဲ ကာလက လူတိုင်း မဲဆွယ်စည်းရုံးခွင့်ရတဲ့ ကာလ ဖြစ်တယ်။ အဲဒီအခါကျတော့ တိုင်းရင်းသားအဖွဲ့ပဲဖြစ်ဖြစ် မဲဆွယ်စည်းရုံးရေး ကာလမှ လူသစ် ကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင် လွပ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်တွေကို ခွင့်ပြု ချက်တွေ ပေးသင့်တယ်” ဟု ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သည့် New Myanmar Foundation မှ ရွေးကောက်ပွဲ ဆိုင်ရာ အကြံပေး ဒေါ်မြနန္ဒာသင်းက သုံးသပ်သည်။
ထို့ပြင် မိမိနှင့် သဘောထားတူသူများကိုသာ အနိုင်ရစေချင်သည့် လူ့သဘာဝအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ သည်လည်း ၎င်းတို့နှင့် လူမျိုး၊ ဓလေ့၊ ယဉ်ကျေးမှု တူသူများ အနိုင်ရစေရန် ပိုမိုမျက်နှာသာပေး ခွင့်ပြုသည်လည်း ဖြစ်နိုင် ကြောင်း ၎င်းက သုံးသပ်သည်။
“တချို့ဆိုလည်း ငါတို့နဲ့လူမျိုးတူ ဒီနေရာမှာ နိုင်ရမယ် ဆိုပြီး ရှိတယ်ပေါ့။ ဒါတွေကို ကျမတို့က အတတ်နိုင်ဆုံး လျှော့ချပြီး တော့ အရည်အသွေး ရှိတဲ့သူ နိုင်ငံသားဆိုရင် သူတို့ရဲ့ မဲဆွယ်စည်းရုံးရေးတွေ ကတိကဝတ်တွေကို မဲဆန္ဒရှင်တွေ ရွေး ချယ်နိုင်လို့ရအောင် ကျမတို့တွေက သွားရမယ်။ ဒီမိုကရေစီ ဆိုတာက ဥပဒေ မဟုတ်ဘူး စနစ်တခု ဖြစ်တယ်။ စနစ်တခု ဖြစ်တဲ့တွက် ကျင့်ရမယ်ပေါ့။ ဒါကို အားလုံးနဲ့ တန်းတူဖြစ်တဲ့ အခြေအနေကို ရောက်ဖို့တွက်ဆို ဒေသမှာရှိတဲ့ Stakeholders တွေ အားလုံးက ကြိုးစားရမယ်” ဟု ဒေါ်မြနန္ဒာသင်းက တိုက်တွန်းသည်။
မဲဆွယ် စည်းရုံးမည့် လွှတ်တော် ကိုယ်စားလှယ်များကို နှောင့်ယှက်ခြင်း၊ လွတ်လပ်စွာ မဲဆွယ်ခွင့် မပြုခြင်း တို့သည် မဲဆန္ဒ ရှင် ပြည်သူများ၏ သတင်း အချက်အလက် သိပိုင်ခွင့်ကို ကန့်သတ်သည့် သဘောလည်း ဖြစ်နေကြောင်း ၎င်းက ပြောဆို သည်။
ပြည်သူ လူထုသည် ကိုယ်စားလှယ်လောင်းများ၏ ဟောပြောမှုများကို ကြားသိမှသာ ၎င်းတို့ အကျိုးကို ကိုယ်စားပြုမည့် အရည်အချင်း ရှိသော ကိုယ်စားလှယ်ကို ရွေးကောက်ပွဲတွင် မှန်ကန်စွာ ရွေးချယ်နိုင်မည် ဖြစ်ကြောင်း ဒေါ်မြနန္ဒာသင်းက ရှင်းပြသည်။
နိုင်ငံရေး လေ့လာ သုံးသပ်သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ တိုင်းရင်းသား လက်နက်ကိုင် များက မဲဆွယ်ရန် ခွင့်ပြုချက် ရယူရမည် ဟု ကြေညာခြင်းသည် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အခွင့်အလမ်း နည်းသွားသည့် သဘောဖြစ်ကြောင်း မှတ်ချက်ပေးသည်။
“တပ်မတော် အပါအဝင် ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကမှ သူတို့ရဲ့ခွင့်ပြုချက် ယူရမယ်။ ယူသင့်တယ်တို့ ဘာပေးရ မယ် တို့ ပြောလာပြီဆိုရင် အဲဒါ လွတ်လပ်မှု မရှိတော့ဘူးလို့ သတ်မှတ်ရမှာပေါ့။ အကြောက်တရား ရှိနေပြီဆိုတာ ဖော်ပြ တာ။ အဲဒီဟာမျိုးတွေ ဆက်ရှိနေတဲ့ နေရာတွေကတော့ ပြည်သူလူထု အတွက် မဲဆန္ဒပေးခွင့်ပေါ့။ ဆုံးရှုံးမှာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် လက်နက်ကိုင် အဖွဲ့များ လွှမ်းမိုး ပါဝင်အပ်သည့် ကိစ္စမဟုတ် ဟုလည်း ဦးရဲထွန်းက ပြော သည်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် လက်နက်ကိုင် အဖွဲ့များ လွှမ်းမိုး ပါဝင်အပ်သည့် ကိစ္စမဟုတ် ဟုလည်း ဦးရဲထွန်းက ပြော သည်။
လက်နက်ကိုင် အဖွဲ့များ၏ လွှမ်းမိုး ပါဝင်မှု ရှိနေပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ထိုသို့ လွှမ်းမိုးမှုရှိနေ သည့် ဒေသများသည် လွတ်လပ် မျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် အခြေအနေ မရှိဟု အကြောင်းပြကာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်ကြောင်း ၎င်းက ဆိုသည်။
ထိုသို့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရပါက ယင်းဒေသရှိ လူထုအတွက် ၎င်းတို့၏ ဆန္ဒမဲဖြင့် ပြည်သူ့ ကိုယ်စားလှယ်များ ရွေး ချယ်နိုင်ခွင့်သည် မရေမရာ ဖြစ်သွားနိုင်ပြီး မဲပေးခွင့်လည်း ဆုံးရှုံးနိုင်ကြောင်း ဦးရဲထွန်းက ပြောဆိုသည်။
ထို့ကြောင့် လက်နက်ကိုင် အဖွဲ့များသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပိုမို တိုးတက်လိုပါက ရွေးကောက်ပွဲ လုပ်ငန်းစဉ် တွင် ဝင်ရောက် လွှမ်းမိုးပါဝင်ခြင်းထက် နိုင်ငံရေး ပါတီတိုင်း လွတ်လပ်မျှတစွာ မဲဆွယ်ခွင့်ရရန် ကူညီပေးသင့်ကြောင်း ၎င်း က တိုက်တွန်း ပြောကြားသည်။
မည်သို့ပင်ဖြစ်စေ လက်ရှိ အခြေအနေအရ ရှမ်း၊ ချင်း၊ ရခိုင်နှင့် ကရင်ပြည်နယ် တို့တွင် နိုင်ငံရေးပါတီများ လာရောက် မဲ ဆွယ်မည် ဆိုပါက ခွင့်ပြုချက် ရယူရမည်ဟု တိုင်းရင်းသား လက်နက်ကိုင်များက အမိန့်ထုတ်ခြင်း၊ ၎င်းတို့ လိုလားသည့် နိုင်ငံရေး ပါတီများကိုသာ မဲဆွယ်ခွင့်ပြုခြင်းအပြင် အကြမ်းဖက် ဖမ်းဆီးမှုတို့လည်း ရှိနေသည်။
အကျိုးဆက်အနေဖြင့် RCSS က နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့်ကို ခြိမ်းခြောက်ခဲ့သည့်အတွက် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံရသည့် ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်တခုလုံးအား ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီဖြစ်သည်။
ယင်းအပြင် လက်နက်ကိုင် ပဋိပက္ခများနှင့် လူထုအပေါ် တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေသည့် ရခိုင်မြောက် ပိုင်းဒေသ ၉ မြို့နယ်တွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး အထူသဖြင့် ပြီးခဲ့သည့် ရက် ပိုင်းကပင် ဥပဒေပြုအမတ်များအား လက်နက်ကိုင်အဖွဲ့က ရိုက်နှက်ဖမ်းဆီးမှုဖြစ်ခဲ့သည့် တောင်ကုတ်မြို့နယ်တွင် မြို့ပေါ် ရပ်ကွက် ၄ ခုခန့်က လွဲ၍ တမြို့နယ်လုံးနီးပါ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ကြေညာခံခဲ့ရသည်။
ထိုဖြစ်ရပ်များ၏ နောက်ဆက်တွဲသည် ဒေသခံ မဲဆန္ဒရှင် ပြည်သူလူထု၏ အခြေခံ နိုင်ငံသားအခွင့်အရေးအရ ဆန္ဒမဲပေးခွင့်ကို ချိုးဖောက်ခံလိုက်ရခြင်းဖြစ်ပြီး ၎င်းတို့၏ လိုလားချက်များ၊ သဘောဆန္ဒများအား လွှတ်တော်တွင် ပါဝင်ခွင့် ဆုံးရှုံးလိုက်ရခြင်းပင်ဖြစ်သည်။
ဒီမိုကရေစီစနစ်ကို လိုလားပါသည်ဟု ပြောဆိုထားကြသော တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် ဒီမိုကရေစီစနစ်၏ အနှစ်သာရ ဖြစ်သည့် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အားပေးခြင်းဖြင့်သာ မိမိတို့၏ ပြောဆိုချက်ကို ပိုမိုသိက္ခာ တက်စေသင့်ကြောင်း လေ့လာသုံးသပ်သူများက တိုက်တွန်းနေကြပေသည်။
You may also like these stories:
ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ် ၂၀၁၅ ထက် ပိုများလာ
ကချင်ပြည်နယ်က ကျေးရွာအုပ်စု ၁၉၂ စု ဘာကြောင့် ရွေးကောက်ပွဲ မကျင်းပလဲ
တောင်ကုတ် NLD အမတ်လောင်း ၃ ဦးကို လက်နက်ကိုင်အဖွဲ့တခု က ဖမ်းဆီးသွား
RCSS အန္တရာယ်ပြုမည်ကို စိုးရိမ်၍ မဲဆွယ်စည်းရုံးရေး ရပ်ဆိုင်းထား ဟု TNP ပြော