မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုထူထောင်ကြမယ် ဆိုကာ ညှိနှိုင်းနေကြတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွင်းမှာ ဝေါဟာရအပေါ် အငြင်းပွားမှုက မကြာခဏ ကြားရတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။
လွန်ခဲ့တဲ့လအနည်းငယ်အထိ ငြင်းနေခဲ့ကြတဲ့ စကားရပ်က အင်္ဂလိပ်စာလုံး စတိတ်ကွန်စတီကျူးရှင်း State constitution ကို မြန်မာမှုပြုရာမှ “ပြည်နယ်အခြေခံဥပဒေ” ဟု ခေါ်ဝေါ်မည်လား နှင့် “ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ” ဟု သုံးမည်လားအပေါ် ညှိနှိုင်းရင်း ငြင်းခုံကြတာ ဖြစ်ပါတယ်။ ဒီစကားရပ်အပေါ် ငြင်းခုံမှုက အခု လတ်တလော ကိုဗစ်ကပ်ရောဂါကာလနဲ့ အထွေထွေရွေးကောက်ပွဲကာလ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရပ်ဆိုင်းထားချိန်မို့ ကျယ်ကျယ်လောင်လောင်တော့ ဆက် မကြားရသေးပါဘူး။
သို့ပေမယ့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ပြည်နယ်အခြေခံဥပဒေ ရေးဆွဲခွင့် လိုအပ်တယ်ဆိုတာကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စားပြု ညှိနှိုင်းသူများက မူအားဖြင့် သဘောတူထားကြပါတယ်။
ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ရေးဆွဲပြီးပါက ထိုဥပဒေက ပြည်နယ် (သို့မဟုတ်) တိုင်းတခု၏ သဘာဝသယံဇာတ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် အခွန်ဆိုင်ရာ အဆုံးအဖြတ်၊ ဥပဒေပြုလွှတ်တော် ဖွဲ့စည်းတည်ဆောက်ပုံ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး စနစ်များကို အာမခံရမှာ ဖြစ်ပါတယ်။
ဒါက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ပြည်နယ် (သို့မဟုတ်) တိုင်းတခုစီက ယင်းဖက်ဒရယ်ယူနစ်တခုစီတွင်းနေထိုင်သူများ လက်ခံနိုင်တဲ့ သီးခြား ဥပဒေ ရေးဆွဲဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ပြည်နယ်/တိုင်းတခုစီဟာ ၎င်းတို့ ဒေသတွင်း လိုအပ်ချက်တွေအပေါ် အခြေခံပြီး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရမှာဖြစ်တဲ့အတွက် ယင်းအခြေခံဥပဒေတွေကလည်း ပြည်နယ်တခုနှင့်တခု ကွဲပြားနေနိုင်ပါတယ်။
ပြည်နယ်/တိုင်းတခုစီဟာ ၎င်းတို့ ဒေသတွင်း လိုအပ်ချက်တွေအပေါ် အခြေခံပြီး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရမှာဖြစ်တဲ့အတွက် ယင်းအခြေခံဥပဒေတွေကလည်း ပြည်နယ်တခုနှင့်တခု ကွဲပြားနေနိုင်ပါတယ်။
လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းတည်ဆောက်ပုံက အဓိက တိုင်းရင်းသား အုပ်စုများကို အစွဲပြုခေါ်ဝေါ်တဲ့ ပြည်နယ် ၇ ခုနဲ့ တိုင်း ၇ ခု၊ နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ စသဖြင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပြည်နယ်၊ တိုင်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရတွေက ၎င်းတို့ဒေသကို အုပ်ချုပ်ကြပေမယ့် ပြည်ထောင်စုအစိုးရမှာ ဗဟိုချုပ်ကိုင်မှုအာဏာ ရှိပါတယ်။
ထိုဥပဒေရေးဆွဲရေးကိစ္စရပ်ကို ဆက်လက်ဆွေးနွေးဖို့ ပြင်ဆင်ထားကြပေမယ့်လည်း တကယ့်တကယ်က စစ်တပ်ကျောထောက်နောက်ခံပြု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှသာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။
သြဂုတ်လအစောပိုင်း ဆွေးနွေးပွဲတွေမှာ အကြိတ်အနယ်ညှိနှိုင်းကြပေမယ့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတဲ့ မြန်မာစကားရပ်အပေါ် ညှိနှိုင်းသူများ သဘောတူညီမှုမရတာမို့ ယင်းဆွေးနွေးမှုကို နောက်ဆုတ်ထားခဲ့ကာ ဆက်လက်ဆွေးနွေးရန်ဟု သတ်မှတ်ထားလိုက်ကြတာပါ။ ဒါကြောင့် သြဂုတ်လက တပ်မတော်၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲရေးကို မူတရပ်အဖြစ် ထည့်သွင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
သို့သော် စေ့စပ်ညှိနှိုင်းသူများ သဘောတူညီမှု တခု ရှိထားသည်မှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲသောအခါ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီ စံ တန်ဖိုးများကို အာမခံသည့် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့ မဆန့်ကျင်ဘဲ သို့မဟုတ် ကျော်လွန်ခြင်းမရှိဘဲ ရေးဆွဲရမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။
အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း သြဂုတ်လက မိန့်ခွန်းမှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေများ ရေးှဆွဲရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်အားလုံးကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့သည့် ပင်လုံစာချုပ်မှ ပေါ်ပေါက်လာသည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့ မဆန့်ကျင်သမျှ ဥပဒေနှင့်အညီ သတ်မှတ်ဆောင်ရွက်ရမည် ဟု ဆိုထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်နယ်နှင့်တိုင်းများ၏ သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်ကို ဖေါ်ပြထားခြင်း မရှိပါ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်နယ်နှင့်တိုင်းများ၏ သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်ကို ဖေါ်ပြထားခြင်း မရှိပါ။
NLD နှင့် တိုင်းရင်းသားပါတီများ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် ကြိုးပမ်းချက်များလည်း မအောင်မြင်သေးပါ။ မတ်လအတွင်း လွှတ်တော်မှာ ဆုံးဖြတ်ကြတဲ့အခါ ၂၀၀၈ ခြေဥ ပြင်ဆင်ချက်တွေကို တပ်မတော်က ခန့်အပ်တဲ့ ကိုယ်စားလှယ်များနဲ့ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြပါတယ်။
နိုင်ငံရေးသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ လက်ရှိအချိန်အထိ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ချဉ်းကပ်တဲ့နည်းလမ်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မများကို ပြင်ဆင်ဖို့ ကြိုးပမ်းတာသာ ဖြစ်ပြီး၊ ဖက်ဒရယ်မူများရရှိဖို့ ဘယ်လိုလုပ်ဆောင်မလဲ ဆိုသည်ကို ဆွေးနွေးနိုင်ခြင်းမရှိဘဲ စကားလုံးများ အဓိပ္ပါယ်ဖွင့်ဆိုရာမှာ အငြင်းပွားခြင်းဖြင့််သာ အကျပ်အတည်းဖြစ်နေကြောင်း ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူ တဦးဖြစ်တဲ့ ဦးခွန်ဥက္ကာ ရှင်းပြပါတယ်။ ဦးခွန်ဥက္ကာက NCA လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် နာယက ဖြစ်ပါတယ်။
ယခုအခါ ဝေါဟာရ အကျပ်အတည်းဟု ပြောဆိုနေကြစေကာမူ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဟူသောစကားရပ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်လောက်ကတည်းက ပြည်သူလူထုအများစုနှင့် ရင်းနှီးကျွမ်းဝင်နေတာ ဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ်များမှ စတင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်များနှင့် တိုင်းရင်းသား နိုင်ငံရေးသမားများ အပါအဝင် တိုင်းရင်းသားအဖွဲ့များက မြန်မာနိုင်ငံမှာ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေးနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲနိုင်ရေး ရည်မှန်းပြီး ဆွေးနွေးမှုတွေ စတင်ခဲ့ကြပါတယ်။
ယခင်နှစ်အနည်းငယ်ကစပြီး ထိုကိစ္စကို အစိုးရ၊ တပ်မတော်တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲစကားဝိုင်းဆီ ယူဆောင်ခဲ့ကြပါတယ်။ NCA လက်မှတ်ရေးထိုးထားသူတွေသာမက လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ကလည်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ မည်သည့်အခြေခံမူများ ပါဝင်သင့်သည် ဟူသော စဉ်းစားချက်များ မျှဝေထားတာလည်း ရှိပါတယ်။
အချုပ်အခြာအာဏာပိုင် ပြည်ထောင်(ပြည်နယ်)အများစုစည်းမှု အပေါ် အခြေခံပြီး ၁၉၄၇ ခုနှစ်တွင် ပေါင်းစုခဲ့တဲ့အတွက် မြန်မာနိုင်ငံက ပြည်ထောင်စုနိုင်ငံ ဖြစ်လာတာဖြစ်ပြီး၊ နောက်ခံသမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနဲ့ ဘာသာစကား စတာတွေ မတူညီတဲ့ ပြည်ထောင်အများက လာရောက် ပေါင်းစုထားတာကြောင့် ယင်းပြည်ထောင်များရဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိရေးက အရေးပါတယ်လို့ ၎င်းတို့က ဆိုပါတယ်။
ယင်းအချက်ကြောင့်ပင် စကားရပ်အခေါ်အဝေါ်အပေါ် အငြင်းပွားနေစေကာမူ နေပြည်တော်အစိုးရနှင့် တပ်မတော်တို့က ပြည်နယ်ဥပဒေ ရေးဆွဲရေးကိစ္စရပ်အား မူအားဖြင့် သဘောတူလာရခြင်း ဖြစ်တယ်လို့ ဝါရင့်ရှမ်းနိုင်ငံရေး လေ့လာသူ ဦးခွန်ဆိုင်းက ပြောပါတယ်။
တပ်မတော်က ထိုစကားရပ်ကို ပြည်နယ်အခြေခံဥပဒေဟု ခေါ်ဝေါ်လိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ထိုစကားရပ်ကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟု သတ်မှတ်သည်။
တပ်မတော်က ထိုစကားရပ်ကို ပြည်နယ်အခြေခံဥပဒေဟု ခေါ်ဝေါ်လိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ထိုစကားရပ်ကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟု သတ်မှတ်သည်။
လက်ရှိအချိန်အထိ ယာယီပြဋ္ဌာန်းချက်များ သို့မဟုတ် လမ်းညွှန်မူများ မရှိသေးသော်လည်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မှာပါသင့်တဲ့ အခြေခံမူဝါဒ အချို့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ တဆင့် ပြုစုသင့်တယ်လို့ အချို့က ယူဆကြပါတယ်။
အခြေခံမူများနှင့်ပတ်သက်ပြီး စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် “ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှုနှင့် အခွန်အကောက် ခွဲဝေမှုရှိရမယ်။ ဖက်ဒရယ် ယူနစ်တွေအားလုံး တန်းတူရည်တူရှိရမယ်။ ပြည်နယ်တွေ (ဖက်ဒရယ်ယူနစ်များ) မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ ကိုယ်ပိုင်အခြေခံဥပဒေတွေ ရှိရမယ်။ ပြည်နယ်တွေရဲ့ အာဏာတွေကို ခွဲဝေကျင့်သုံးတဲ့အခါ ပြည်သူလူထုကို အခြေခံရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ယမန်နှစ် အောက်တိုဘာလက ပြောခဲ့ဖူးပါတယ်။
ထို့အတူ လေ့လာသူများကလည်း ဖက်ဒရယ်ယူနစ် (ပြည်နယ်တွေ) တွေမှာ နေထိုင်သူတိုင်း မည်သည့် တိုင်းရင်းသားဖြစ်စေ၊ တိုင်းရင်းသားအုပ်စု၏ အရေအတွက် မည်မျှရှိသည်ဖြစ်စေ မြေ၊ လူမှု ဝန်ဆောင်မှု၊ မိခင်ဘာသာစကား၊ စာပေ၊ အုပ်ချုပ်ရေးတို့မှာ တန်းတူအခွင့်အရေး ရရှိရေး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများက အာမခံရမှာဖြစ်တယ်လို့ အလေးထားပြောကြပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ တားဆီးကာကွယ်ရေး အစီအမံများ လိုက်နာရတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား မူဝါဒများနဲ့ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်ရေး ဆွေးနွေးမှုတွေ မပြုလုပ်နိုင်သေးပါဘူး။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေကလည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအပြီး အစိုးရသစ် ဖွဲ့စည်းမယ့် ဧပြီလနောက်ပိုင်းအထိ ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို လတ်တလောပြင်နိုင်မယ့် အခြေအနေမရှိတာကြောင့်လည်း အစိုးရသစ်အောက်မှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲနိုင်ရေး အကောင်အထည်ဖေါ် ဖို့က အချိန်ပိုကြာမယ့် အလားအလာ ရှိနေပါတယ်။
(Nyein Nyein ၏ ‘Vocabulary Crisis’ Creates Yet Another Hurdle for Myanmar’s Federalism ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲလည်း အနိုင်ရသူ အကုန်ယူကြေးပဲလား
အပေးအယူလုပ်မှ NLD ကိုယ်စားလှယ် ၃ ဦးကို ပြန်လွှတ်ပေးမည်ဟု AA ခြိမ်းခြောက်
ရသေ့တောင်မြို့နယ်တွင် ကျောင်းဆရာ ၁ ဦး လက်နက်ကြီး ထိမှန် သေဆုံး