ဘိုင်ဒင် အမေရိကန်သမ္မတဖြစ်လာပါက အာရှအတွက် မည်သည့် အဓိပ္ပါယ်သက်ရောက်ပါသနည်း။ သူသည် အိုဘားမား ၂.၀ ဖြစ်လာမည်လား သို့မဟုတ် ထရမ့် အပျော့စား ဖြစ်လာမည်လား။ ထိုမေးခွန်းသည် နိုဝင်ဘာလ ၃ ရက်နေ့ ရွေးကောက်ပွဲမတိုင်မီ ပစိဖိတ်ကမ်းခြေနှစ်ဖက်လုံးမှ မူဝါဒချမှတ်သူများ မေးနေသော မေးခွန်းပင်ဖြစ်သည်။
ဘားရက်အိုဘားမား၏ ဒုတိယ သမ္မတဟောင်းဖြစ်သော ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်သည် သူ၏ မဲအသာရမှုကို အောင်ပွဲအဖြစ်ပြောင်းလဲနိုင်ပါက သူသည် အာရှပိစိဖိတ်ဒေသအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ ပြင်းထန်သော သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။
ထရမ့်အစိုးရသည် ကုန်သွယ်ရေး၊ နည်းပညာနှင့် ကိုရိုနာဗိုင်းရပ်စ်မှ တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်အထိ အရာရာတွင် တရုတ်နိုင်ငံကို ထိပ်တိုက်ရပ်တည်သည်။ ထရမ့်သည် ဂျပန်နှင့်တောင်ကိုရီးယားတွင် အမေရိကန်တပ်များလျှော့ချရန် ခြိမ်းခြောက်ခြင်းနှင့် မြောက်ကိုရီးယား၏ ကင်ဂျုံအန်နှင့် တိုက်ရိုက်ဆက်ဆံရေး တည်ဆောက်ခြင်းဖြင့်လည်း အာရှမဟာမိတ်များနှင့် တင်းမာမှုများ ဖန်တီးခဲ့သည်။
ဝါရှင်တန်သည် Huawei Technologies နှင့် TikTok ကဲ့သို့သော တရုတ်နိုင်ငံမှ အကြီးမားဆုံး နည်းပညာလုပ်ငန်းအချို့ကို အပြစ်ပေးသည့် အစီအမံများ ချမှတ်ထားသောကြောင့် တရုတ်နိုင်ငံနှင့် ဘဏ္ဍာရေးနှင့် နည်းပညာအရ လမ်းခွဲခြင်းများ ပြုလုပ်နေသည်မှာသေချာသည်။ ဘိုင်ဒင်သည် အဆင့် ၁ ကုန်သွယ်ရေး သဘောတူညီချက်နှင့် ပစိဖိတ်ကမ်းခြေများ ပူးပေါင်း ဆောင်ရွက်မှုမှ ထရမ့်နုတ်ထွက်လိုက်သောကြောင့် လှုပ်ခါသွားရသည့် အာရှနှင့် ကုန်သွယ်ရေး ဆက်ဆံရေးကိုလည်း အမွေရရှိမည်ဖြစ်သည်။ ဘေ့ဂျင်းသည် အဆင့် ၁ ကုန်သွယ်ရေးသဘောတူညီချက်အတိုင်း ဝယ်ယူမည့်ကတိများကို မဖြည့်ဆည်းဘဲ ရှိနေသေးသည်။
မဲဆွယ်ပွဲ တလျှောက်တွင်မူ ဘိုင်ဒင်၏ တရုတ်နိုင်ငံနှင့်ပတ်သက်သည့် ရပ်တည်ချက်သည် အိုဘားမားထက်စာလျှင် ထရမ့်နှင့် ပိုမိုနီးစပ်ပြီး ဆွေးနွေးမှုတခုတွင် သူက သမ္မတရှီကို ရာဇဝတ်ကောင် ဟုပင်ခေါ်သည်။
တရုတ်နိုင်ငံကို ခပ်ကြမ်းကြမ်းကိုင်ရေးနည်းလမ်းသည် ဒီမိုကရက်တစ် သမ္မတတယောက်လက်အောက်တွင်ပင် ဆက်လက်ရှိနေမည်ဟု လေ့လာသူအများအပြားက ယုံကြည်ကြသည်။
တရုတ်နိုင်ငံကို ခပ်ကြမ်းကြမ်းကိုင်ရေးနည်းလမ်းသည် ဒီမိုကရက်တစ် သမ္မတတယောက်လက်အောက်တွင်ပင် ဆက်လက်ရှိနေမည်ဟု လေ့လာသူအများအပြားက ယုံကြည်ကြသည်။
ဘိုင်ဒင်သမ္မတဖြစ်လျှင် အာရှတွင် မည်သည့်အသွင်ဖြစ်လာမည်ကို Nikkei Asia က ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားသည်။ အဓိက အချက်များမှာ အောက်ပါတို့ဖြစ်သည်။
နည်းပညာနှင့် တရုတ်
ဘိုင်ဒင်သည် အနာဂတ် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် ယှဉ်ပြိုင်မှုများတွင် အမေရိကကို အောင်ပွဲခံစေမည်ဟု သူ၏ မဲဆွယ်ပွဲက ဆိုသည်။
၁၉၉၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ သုတေသနနှင့် တိုးတက်ရေး အသုံးစရိတ် အဆ ၃၀ တိုးလာသည်ကို ကိုးကားပြီး ဘိုင်ဒင်က သူ၏ စီးပွားရေး အစီအစဉ်အရ နည်းပညာသစ်များတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံရန် ကတိပေးသည်။ ထို အစီအစဉ်တွင် လျှပ်စစ်မော်တော်ယာဉ်များမှ လောင်စာဆီသုံးနည်းသော ယာဉ်များမှသည် 5G နှင့် ဉာဏ်ရည်တု နည်းပညာသစ်များအတွက် ဒေါ်လာ ဘီလျှံ ၃၀၀ ရင်းနှီးမြှုပ်နှံရန် ပါဝင်သည်။
တရုတ်နည်းပညာကုမ္ပဏီများကို ကိုင်တွယ်မည့် အစီအမံများ သို့မဟုတ် Huawei ကဲ့သို့ နာမည်ပျက်စာရင်းသွင်းထားသော လုပ်ငန်းအပေါ် ထရမ့်၏တင်းမာသော အရေးယူမှုများ ဆက်လက်ထားရှိမည် မထားရှိမည် စသည်တို့နှင့်ပတ်သက်သည့် အသေးစိတ်များမှာ သူ၏ မဲဆွယ်ပွဲတွင် ပါဝင်ခြင်းမရှိသလောက်ပင်ဖြစ်သည်။ သို့သော် သူ၏ အကြံပေးများက သဲလွန်စများ ပေးနေပြီဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် တရုတ်နိုင်ငံ၏ ဉာဏပစ္စည်း ခိုးယူမှုကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး အကျပ်အတည်းတွင် အဓိကကျသော အချက်များဖြစ်သည့် ၎င်း၏ နည်းပညာအသာစီးရမှု၊ ပစ်မှတ်ထားသော စက်မှုလုပ်ငန်းမူဝါဒများနှင့် ၎င်း၏ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍများကို ရောနှောပေါင်းစပ်ခြင်းတို့ကို ကာကွယ်ရန်လိုကြောင်း သံတမန်ဟောင်း ကာ့တ်ကမ့်ဘဲနှင့် ဘိုင်ဒင်အကြံပေး ဂျိတ်ဆူလီဗန်တို့က ၂၀၁၉ ခုနှစ် နိုင်ငံခြားရေးမူဝါဒမဂ္ဂဇင်း ပေါ်လစီဆောင်းပါးတပုဒ်တွင် ရေးသားခဲ့သည်။
ဦးတည်ဖက် နှစ်ဖက်လုံးတွင် (ရောင်းချသူနှင့် ဝယ်ယူသူတွင်) နည်းပညာရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး စီးဆင်မှုတွင် ပိုမိုမြင့်မားသည့် ကန့်သတ်ချက်များ တိုးမြှင့်ခြင်းကို ၎င်းတို့က လိုလားကြသော်လည်း ထိုအစီအစဉ်များကို သိမ်းကြုံးလုပ်ဆောင်ခြင်းမပြုဘဲ အမျိုးသား လုံခြုံရေအတွက် အရေးပါသော နည်းပညာများနှင့် လူ့အခွင့်အရေး တို့ကဲ့သို့သော ကိစ္စများတွင် ရွေးချယ်လုပ်ဆောင်သင့်သည်ဟု ယူဆကြသည်။ သို့သော် နည်းပညာကန့်သတ်မှု အလွန်အကျွံလုပ်ဆောင်လျှင် အခြားနိုင်ငံများကို တရုတ်နိုင်ငံဆီသို့ မောင်းပို့ခြင်းဖြစ်မည်ဟု ၎င်းတို့က သတိပေးသည်။
တရုတ်နည်းပညာနှင်ပတ်သက်လျှင် အမေရိကန်နည်းပညာအသိုင်းအဝိုင်းတွင် အဓိပ္ပါယ်ပါသည့် အလှည့်အပြောင်းတခုဖြစ်လာသည်။ ဝါရှင်တန်အခြေစိုက် သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန CSIS က ယခုလအတွင်း ထုတ်ပြန်သည့် စစ်တမ်းတခုအရ အမေရိကန် ၇၁ ရာခိုင်နှုန်းက ခေါင်းဆောင်မျာအနေဖြင့် Huawei နှင့် အခြားတရုတ်ကုမ္ပဏီများကို အမေရိကန် 5G ဈေးကွက်တွင် ပိတ်ပင်သင့်သည်ဟု ယူဆကြသည်။ ထိုလုပ်ငန်းများသို့ ပို့ကုန်အားလုံးကို တားဆီးသင့်သည်ဟု ဖြေကြားသူ ထက်ဝက်ကျော်က ဆိုကြသည်။
CSIS မှ တရုတ် စီးပွားရေးုလုပ်ငန်းများနှင့်ဘောဂဗေဒ ဥက္ကဌနှင့် ဝါရင့်အကြံပေး စကော့ကနေဒီက ဘိုင်ဒင်အစိုးရ လက်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖိအားကို ရောနှောအသုံးပြုသော်လည်း အခြားအစိုးရများနှင့် ပိုမိုညှိနှိုင်းဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
ပို့ကုန်ထိန်းချုပ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ခြင်းကဲ့သို့သော ထရမ့်အစိုးရ၏ နည်းပရိယာယ် အချို့ကို ဘိုင်ဒင် ဆက်လက်သုံးကောင်း သုံးနိုင်သော်လည်း လက်တွေ့အကောင်အထည်ဖေါ်ရာတွင်မူ လုံးဝကွဲပြားခြားနားမည်ဖြစ်ကြောင်း ကနေဒီပြောသည်။
“တရုတ်နိုင်ငံက ဘာလုပ်တယ်ဆိုတဲ့အပေါ်မှာ အမေရိကန်မူဝါဒက အကြီးအကျယ် မူတည်နေတယ်ဆိုတာ လူတွေနားလည်ဖို့ လိုတယ်။ တရုတ်က ငါးနှစ်စီမံကိန်းသစ်နဲ့ ၁၅ နှစ် သိပ္ပံနဲ့ နည်းပညာ စီမံကိန်းတွေနဲ့ အခုလုပ်နေတဲ့ မူဝါဒကို ဆက်လုပ်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့အခြားနိုင်ငံတွေကနေ ဆန့်ကျင်တဲ့ တုံ့ပြန်မှုတွေ ဖြစ်စေမယ်”
“တရုတ်နိုင်ငံက ဘာလုပ်တယ်ဆိုတဲ့အပေါ်မှာ အမေရိကန်မူဝါဒက အကြီးအကျယ် မူတည်နေတယ်ဆိုတာ လူတွေနားလည်ဖို့ လိုတယ်။ တရုတ်က ငါးနှစ်စီမံကိန်းသစ်နဲ့ ၁၅ နှစ် သိပ္ပံနဲ့ နည်းပညာ စီမံကိန်းတွေနဲ့ အခုလုပ်နေတဲ့ မူဝါဒကို ဆက်လုပ်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့အခြားနိုင်ငံတွေကနေ ဆန့်ကျင်တဲ့ တုံ့ပြန်မှုတွေ ဖြစ်စေမယ်”ဟု သူပြောသည်။
ကုန်သွယ်ရေး
တရုတ်နိုင်ငံကို စုပေါင်းဖိအားပေးရန် အမေရိကန်၏ မဟာမိတ်များနှင့် လက်တွဲလုပ်ဆောင်လိုကြောင်း ဘိုင်ဒင်ပြောသည်။
ထရမ့်၏ ကုန်သွယ်ရေး စစ်ပွဲသည် ကမ္ဘာ့စီးပွားရေးအတွက် ဒေါ်လာ ဘီလျှံပေါင်းများစွာ ကုန်ကျစေသည်။ ပထမဆင့် သဘောတူညီချက်ရှိသော်လည်း တရုတ်မှ သွင်းကုန်များအပေါ် အမေရိကန်၏ ပျှမ်းမျှ အခွန်တိုးမြှင့်မှုသည် ၁၉.၃ ရာခိုင်နှုန်းဖြစ်သည့် ၂၀၁၈ ခုနှစ်ကုန်သွယ်ရေး စစ်ပွဲမတိုင်မီက အဆင့်ထက် ၆ ဆကျော်တွင် ရှိနေသည်ဟု နိုင်ငံတကာဘောဂဗေဒ ပီတာဆန် လေ့လာရေးဌာန၏ အဆိုအရ သိရသည်။ အမေရိကန်မှ သွင်းကုန်များအပေါ်ချမှတ်သော တရုတ်၏ ပျှမ်းမျှ အခွန်မှာ ၂၀.၃ ရာခိုင်နှုန်းရှိသည်။
ထရမ့်အစိုးရသည် မဟာမိတ်များနှင့် နိုင်ငံတကာ သဘောတူညီချက်များအတိုင်း လုပ်ဆောင်ခြင်းကို ရှောင်ရှားသည်။ ထရမ့်သည် ပစိဖိတ်ကမ်းခြေများပူးပေါင်းဆောင်ရွက်မှု၊ ပါရီသဘောတူစာချုပ်၊ လူ့အခွင့်ရေးကောင်စီ၊ အီရန်ညူကလီးယား သဘောတူစာချုပ်တို့မှ နုတ်ထွက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်နေသည်။
” ဘိုင်ဒင်အစိုးရက တရုတ်ပြဿနာသက်သက်ကိုပဲ အာရုံပိုစိုက်ပြီး မဟာမိတ်တွေနဲ့ ပိုမိုနီးကပ်စွာ လုပ်ဆောင်မယ်လို့ ကျနော်ထင်တယ်။ ဘိုင်ဒင်က အခွန်တိုးမြှင့်ခြင်းကို သုံးတဲ့အခါ ပိုမို ဂရုစိုက်နိုင်တယ်။ ဒါပေမယ့် အခွန်တွေကိုတော့ ချက်ခြင်း ရုတ်သိမ်းလိုက်မှာ မဟုတ်ဘူး” ဟု ကုန်သွယ်ရေးကို အထူးပြုသော နိုင်ငံခြားဆက်ဆံရေးကောင်စီမှ ဝါရင့်သုတေသီ အက်ဒဝပ် အယ်လ်ဒန် ပြောသည်။
ထရမ့်၏ ဘေ့ဂျင်းနှင့် အဆင့် ၁ သဘောတူညီချက်သည် မမျှတသော ကုန်သွယ်ရေး အလေ့အထများနှင့် ဉာဏပစ္စည်းခိုးယူမှုကို ဖြေရှင်းနိုင်ခြင်း မရှိသောကြောင့် အနှစ်သာရမရှိကြောင်း ဘိုင်ဒင်ပြောသည်ဟု သူ၏ မဲဆွယ်ပွဲ အင်တာနက် စာမျက်နှာအရ သိရသည်။ တရုတ်နိုင်ငံ၏ အပြုအမူ ပြောင်းလဲရေးအတွက် မဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်ရန် သူကတိပြုသည်။
အမေရိကန်နှင့် တရုတ်အားပြိုင်မှုကို ရှောင်လွှဲမရသော်လည်း ထိုအားပြိုင်မှုကို အမေရိကန်အစိုးရက မည်သို့ကိုင်တွယ်သည်ဆိုသည်မှာ ဆက်ဆံရေးတွင် အပြုသဘောဆောင်သော အပြောင်းအလဲကို အားပေးကြောင်း ကျွမ်းကျင်သူအများစုက ယုံကြည်ကြသည်။
အောင်မြင်သော ချည်းကပ်မှုလမ်းကြောင်းသည် မှန်ကန်သော မူဘောင်ကို အခြေခံရန်လိုပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ အစိုးရကို ပြောင်းလဲရန်တောင်းဆိုခြင်းကဲ့သို့သော မဖြစ်နိုင်သောကိစ္စများတွင် အချိန်များစွာ ဖြုန်းတီးခြင်းကို မလုပ်သင့်ကြောင်း တောင်ကာရိုလိုင်းနားတက္ကသိုလ် အမေရိကန်-တရုတ် လေ့လာရေးဌာန ဒါရိုက်တာ ကလေတွန် ဒုဘ် ပြောသည်။
ယုံကြည်အားထားရသော မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြောင်းအလဲသည် တရုတ်နိုင်ငံကို အကျိုးရှိစေပြီး မပြောင်းမလဲဘဲနေခြင်းသည် တရုတ်န်ိုင်ငံအတွက် အန္တရာယ်ရှိကြောင်း ဘေ့ဂျင်းကို စုပေါင်းပြသခြင်းအားဖြင့် အမေရိကန် ခေါင်းဆောင်မှုသည် ၎င်းတို့၏ ပြဋ္ဌာန်းချက်များကို ဘေ့ဂျင်းက သဘောတူအောင် လုပ်နိုင်မည်ဖြစ်သည်ဟု သူပြောသည်။
သို့သော် ထိုသို့ဆိုခြင်းကြောင့် ဘိုင်ဒင်အစိုးရသည် ရွေးကောက်ပွဲနိုင်လျှင် ပိုမိုကျယ်ပြန့်တိုးတက်သော ပစိဖိတ်ကမ်းခြေများပူးပေါင်းဆောင်ရွက်မှု TPP ကို ချက်ခြင်း ပြန်လက်ခံမည် မဟုတ်ပေ။ TPP တွင် အမေရိကန်မပါဘဲ လက်ရှိ အဖွဲ့ဝင် ၁၁ နိုင်ငံပုံစံဖြစ်သည်။
ဘိုင်ဒင်သည် အိုဘားမားအစိုးရက လုပ်ဆောင်ခဲ့ပြီး တိုးတက်သော ဒီမိုကရက်များက ဆန့်ကျင်သည့် TPP နှင့် ပတ်သက်ပြီး အများအားဖြင့် နှုတ်ဆိပ်နေသည်။ ထိုသို့လုပ်မည့်အစား ကြီးမားသော ကုန်သွယ်ရေး သဘောတူညီချက်များ မပြုလုပ်မီ ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံရန် လိုကြောင်း သူပြောသည်။
ဘိုင်ဒင်သည် အာရှတွင် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် လိုကြောင်းနှင့် အမေရိကန်ပြည်ထောင်စုသည် ကုန်သွယ်ရေးဖြင့် ထိတွေ့ဆက်ဆံလိုကြောင်း ပြသရန် လိုမည်ဖြစ်ကြောင်း ယခင် အမေရိကန်ကုန်သွယ်ရေး ဒုတိယ ကိုယ်စားလှယ်နှင့် အာရှ လူ့အဖွဲ့အစည်း မူဝါဒ အင်စတီကျု ဒုတိယဥက္ကဌ ဝင်ဒီ ကက်တလာပြောသည်။
ဘိုင်ဒင်သည် အာရှတွင် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် လိုကြောင်းနှင့် အမေရိကန်ပြည်ထောင်စုသည် ကုန်သွယ်ရေးဖြင့် ထိတွေ့ဆက်ဆံလိုကြောင်း ပြသရန် လိုမည်ဖြစ်ကြောင်း ယခင် အမေရိကန်ကုန်သွယ်ရေး ဒုတိယ ကိုယ်စားလှယ်နှင့် အာရှ လူ့အဖွဲ့အစည်း မူဝါဒ အင်စတီကျု ဒုတိယဥက္ကဌ ဝင်ဒီ ကက်တလာပြောသည်။
ယာယီ ကဏ္ဍအလိုက် သဘောတူညီမှုများသည် စိတ်စေတနာကောင်းကို တည်ဆောက်ပြီး ပြည်တွင်းပြည်ပတွင် သက်ရောက်မှု အများအပြားကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း သူပြောသည်။ ဒစ်ဂျစ်တယ် ကုန်သွယ်ရေး၊ ဆေးဝါးပစ္စည်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု ပြဿနာများသည် ထိုသို့သော သဘောတူညီချက်များအတွက် အများသဘောတူနိုင်သော ပြဿနာများဖြစ်ကြောင်း သူပြောသည်။
လုပ်ငန်းများအားလုံးကို အမေရိကသို့ ပြန်လည်ခေါ်ယူခြင်းထက် ကမ္ဘာတဝှမ်းကူးစက်ရောဂါ ဖြစ်ပွားမှုကာလအတွင်း နိုင်ငံတွင် တကိုယ်ရေကာကွယ်ရေး ဝတ်စုံများ မလုံမလောက်ဖြစ်သောကြောင့် ဆေးဝါးထုတ်ကုန်ကဲ့သို့သော အရေးပါသည့် ကုန်စည်ပံ့ပိုးရေး ကွင်းဆက်များကို အမေရိကသို့ ပြန်လည်ခေါ်ယူလိုကြောင်း ဘိုင်ဒင်ပြောသည်။ ကုန်စည်ပံ့ပိုးရေး ကွင်းဆက် ထိခိုက်မှုပြဿနာများနှင့်ပတ်သက်ပြီး အမေရိကန်အနေဖြင့် TPP မှ ယုံကြည်စိတ်ချရသော မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ကက်တလာ ပြောသည်။
တောင်တရုတ်ပင်လယ်
ပင်လယ်လမ်းကြောင်းများ လုံခြုံပြီး ကောင်းကင်များ ပိုမို လမ်းပွင့်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၂၀၁၆ ခုနှစ်က သြစတြေးလျသို့ သွားရောက်လည်ပတ်စဉ်က ဘိုင်ဒင်ပြောကြားခဲ့သည်။
“အမေရိကန်ပြည်ထောင်စုက ဘယ်မှ ထွက်မသွားဘူး။ ပစိဖိတ်မှာပဲ ရှိနေတယ်ဆိုတာ ကျနော် အာမခံပါတယ်” ဟု သူပြောသည်။
သူ၏မဲဆွယ်ပွဲ တလျှောက်တွင်လည်း ဘိုင်ဒင်က အမေရိကန် ဦးဆောင်မှု ပိုမိုရရှိရေးအတွက် ဝါရှင်တန်၏ မဟာမိတ်များ အင်းအားတောင့်တင်းရေး အရေးပါကြောင်းကို ဘိုင်ဒင် အလေးထားပြောကြားသည်။ ထိုသို့ ပြောဆိုသောကြောင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ပိုမိုထိတွေ့ဆက်ဆံမည်ဟု ဆိုလိုရာရောက်သည်။
ဘိုင်ဒင်၏ နည်းလမ်းသည် တရုတ်နိုင်ငံမူဝါဒ၏ ထိပ်တိုက်တွေ့မှုဖက်ကိုသာမက မိမိတို့၏ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်သူများ၏ ဒေသတွင်း ပူပန်မှုများကို မည်သို့ဖြေရှင်းမည်ကိုပါ အာရုံစိုက်ပြီး အမေရိကန်-တရုတ် အားပြိုင်မှုကို ဆွေးနွေးရန်ကြိုးစားမည်ဖြစ်ကြောင်း ဝါရှင်တန်ရှိ ဟာ့ဒ်ဆန် အင်စတီကျုမှ အာရှပိစိဖိတ် လုံခြုံရေးဥက္ကဌ ပက်ထရစ် ခရိုနင်ပြောသည်။
ဘိုင်ဒင်သည် ဆက်သွယ်ပြောဆိုမှု မှားယွင်းသောကြောင့် စစ်ရေးတင်းမာမှု မြင့်မားလာခြင်းကို ရှောင်ရှားမည်ဖြစ်ကြောင်း အိုဘားမားအစိုးရတွင် အရှေ့အာရှနှင့် ပိစိဖိတ်ဆိုင်ရာ လက်ထောက်န်ိုင်ငံခြားရေး ဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သူ ဒန်နီရယ် ရပ်ဆယ်ပြောသည်။
သို့သော် ဂျိုးဘိုင်ဒင် သမ္မတအဖြစ်အရွေးခံရလျှင် အရေးအကြီးဆုံးသဘောထားကွဲစရာမှာ သမ္မတသည် မူဝါဒချမှတ်သူဖြစ်သည်ဟု ယူဆခြင်းဖြစ်ကြောင်း ယခုအခါ အာရှလူ့အဖွဲ့အစည်း မူဝါဒ အင်စတီကျုတွင် လုပ်ကိုင်နေသော ရပ်ဆယ်ပြောသည်။ လွတ်လပ်စွာရေကြောင်းသွားလာမှု စစ်ဆင်ရေးကဲ့သို့သော မကြာသေးမီနှစ်များအတွင်း တောင်တရုတ်ပင်လယ်မှ အမေရိကန်နိုင်ငံ၏ လှုပ်ရှားမှုများသည် ထရမ့်ထံမှလာခြင်းမဟုတ်ဘဲ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပင်တဂွန်ကဲ့သို့သော နေရာများမှလာခြင်း ဖြစ်ကြောင်း သူပြောသည်။
“ကျနော်တို့မှာ အမျိုးလုံခြုံရေး သေနင်္ဂဗျူဟာ ရှိပြီး အဲဒါက စစ်သင်္ဘောတွေ စေလွှတ်ဖို့ သက်သက်မဟုတ်ဘူး။ အာဆီယံနဲ့ အခြားဒေသဆိုင်ရာ အဖွဲအစည်းတွေနဲ့ သံတမန်ရေး၊ ထိတွေ့ဆက်ဆံရေး၊ ပါဝင်ဆောင်ရွက်ရေတွေလည်းပါတယ်”
“ကျနော်တို့မှာ အမျိုးလုံခြုံရေး သေနင်္ဂဗျူဟာ ရှိပြီး အဲဒါက စစ်သင်္ဘောတွေ စေလွှတ်ဖို့ သက်သက်မဟုတ်ဘူး။ အာဆီယံနဲ့ အခြားဒေသဆိုင်ရာ အဖွဲအစည်းတွေနဲ့ သံတမန်ရေး၊ ထိတွေ့ဆက်ဆံရေး၊ ပါဝင်ဆောင်ရွက်ရေတွေလည်းပါတယ်”ဟု သူပြောသည်။
ထိုင်ဝမ်
၂၀၀၁ ခုနှစ်တွင် ဘိုင်ဒင်သည် ဝါရှင်တန်ပို့စ်တွင် “ထိုင်ဝမ်အရေး အရမ်းမကျွမ်းစေနဲ့” အမည်ရှိ ပေါ်လစီဆောင်းပါး တပုဒ်ရေးသားခဲ့ပြီး ထိုဒေသတွင် အမေရိကန်ပါဝင်ပတ်သက်မှုကို ပိုမိုချင့်ချိန်မှုပြသခဲ့သည်။
သို့သော် မကြာသေးမီနှစ်များတွင်မူ သူသည် တရုတ်နိုင်ငံနှင့်ပတ်သက်ပြီး ပိုမိုသဘောထားပြင်းထန်လာသည်။ ဟောင်ကောင် ဆန္ဒပြသူများအရေး ရှီကျင့်ဖျင်ကို ဝေဖန်ကာ ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်း ရွေးကောက်ပွဲနိုင်သောအခါ ပထမဆုံး ဂုဏ်ပြုသည့် ဒီမိုကရက် သမ္မတလောင်းဖြစ်လာပြီး ပိုမိုခိုင်မာသော ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေး ထူထောင်ရန် တိုက်တွန်းသည်။
ဘိုင်ဒင်သမ္မတဖြစ်လျှင် ထိုင်ဝမ်သို့လက်နက်ရောင်းချသည့် ထရမ့်အစိုးရ၏ မူဝါဒက သူ့ကို ချုပ်နှောင်ထားမည်ဖြစ်သည်။
အိုဘားမားသည် ထိုင်ဝမ်သို့ အဆင့်မြင့်လက်နက်ကိရိယာများ ရောင်းချခြင်းကို ခွင့်မပြုကြောင်း နယူးယောက် တက္ကသိုလ်မှ အမေရိကန်-တရုတ် ဆက်ဆံရေးဌာန ဒါရိုက်တာ ဒေးဗစ် ဒီနွန်ပြောသည်။ “ဒါကြောင့် ဘိုင်ဒင်အစိုးရက ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းရောင်းချရေးအတွက် ကူညီဖို့ စိတ်ထက်သန်မှု နည်းနိုင်တယ်” ဟု သူပြောသည်။
“တဖက်ကကြည့်ပြန်တော့လည်း ထိုင်ဝမ်နဲ့ပတ်သက်ပြီး ကွန်ဂရက်မှာ နှစ်ပါတီလုံးရဲ့ ထောက်ခံမှု အခိုင်အမာရှိနေတယ်။ ဒါကြောင့် ထိုင်ဝမ်ကိုတော့ လုံး၀ ဖြတ်တောက်လို့ မရနိုင်ဘူး”
“တဖက်ကကြည့်ပြန်တော့လည်း ထိုင်ဝမ်နဲ့ပတ်သက်ပြီး ကွန်ဂရက်မှာ နှစ်ပါတီလုံးရဲ့ ထောက်ခံမှု အခိုင်အမာရှိနေတယ်။ ဒါကြောင့် ထိုင်ဝမ်ကိုတော့ လုံး၀ ဖြတ်တောက်လို့ မရနိုင်ဘူး”ဟုလည်း သူပြောသည်။
ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေးကို မောင်းနှင်သူမှာ အမေရိကန်မဟုတ်ဘဲ ထိုင်ဝမ်သာဖြစ်ကြောင်း ရန်း ကော်ပိုရေးရှင်း မှ အာရှပိစိဖိတ်မူဝါဒဌာန ဒါရိုက်တာ ရာဖစ် ဒေါ့စနီ ပြောသည်။
သို့သော် ထိုင်ဝမ်တွင် အာဏာရလာသော နိုင်ငံရေးပါတီများနှင့် ပြည်မကြီးအကြား ဆက်ဆံရေး ထပ်မံ ကျဆင်းလာပါက ဘိုင်ဒင်သည် ထိုင်ဝမ်ကို ထောက်ခံပြီး တရုတ်နိုင်ငံအပေါ် ခပ်ကြမ်းကြမ်းဆက်ဆံမည်ဟု မျှော်လင့်ကြောင်း ဒေါ့စနီပြောသည်။
မြောက်ကိုရီးယားနှင့် အာရှမှ အမေရိကန်တပ်များ
မြောက်ကိုရီးယား ညူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် ဖိအားပေးရန် မဟာမိတ်များ အထူးသဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် တရုတ်အပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဘိုင်ဒင်ပြောသည်။ သူသည် ရုရှားအကူအညီဖြင့်လည်း ဒေသတွင်းတွင် လက်နက်ထိန်းချုပ်ရေးကို ပိုမိုလုပ်ဆောင်လိုသည်။
ထိုကြောင့် သူ၏ အမျိုးသား လုံခြုံရေး အကြံပေးဟောင်းနှင့် သတင်းအများအပြား၏ အဆိုအရ တပ်များအတွက် ဒေါ်လာဘီလျှံပေါင်းများစွာ နောက်ထပ်မပေးလျှင် ဝါရှင်တန်၏ သက်တမ်းရှည် မဟာမိတ်များဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားမှ တပ်များရုတ်သိမ်းရန် ခြိမ်းခြောက်သည့် ထရမ့်နှင့် ဘိုင်ဒင်သည် ဆန့်ကျင်ဖက်ဖြစ်နေသည်။
“ကျနော်တို့နဲ့ တောင်ကိုရီးယား ဆက်ဆံရေးက ထိခိုက်နေတယ်လို့ ကျနော်ထင်တယ်။ ဘိုင်ဒင်က စောစောစီးစီးကို အချက်ပြလိုက်ပြီး သူ့ရဲ့နိုင်ငံခြားရေး ဝန်ကြီးကို စေလွတ်ပြီး ဒေသတွင်းမှာ ချက်ခြင်းလေသံပြောင်းလိုက်နိုင်တယ်”
“ကျနော်တို့နဲ့ တောင်ကိုရီးယား ဆက်ဆံရေးက ထိခိုက်နေတယ်လို့ ကျနော်ထင်တယ်။ ဘိုင်ဒင်က စောစောစီးစီးကို အချက်ပြလိုက်ပြီး သူ့ရဲ့နိုင်ငံခြားရေး ဝန်ကြီးကို စေလွတ်ပြီး ဒေသတွင်းမှာ ချက်ခြင်းလေသံပြောင်းလိုက်နိုင်တယ်”ဟု ခရိုနင်ပြောသည်။ ဘိုင်ဒင်သည် တောင်ကိုရီးယားနှင့် ဂျပန်တို့နှင့် ဆက်ဆံရေးတိုးတက်စေရန် နိုင်ငံရေး ပိုင်းဖြတ်မှု ပိုရှိပြီး စိတ်အားထက်သန်သူဖြစ်သည်ဟုလည်း သူမြင်သည်။
လွန်ခဲ့သော ရက်သတ္တပတ်က ABC သတင်းဌာနနှင့် မြို့တော်ခန်းမဆွေးနွေးပွဲအတွင်း ထရမ့်၏ နိုင်ငံခြားရေးမူဝါဒကို သုံးမိနစ်ကြာ အကဲဖြတ်ချက်တွင် ဘိုင်ဒင်က “တောင်ကိုရီးယားနဲ့ဂျပန်အဆင်မပြေတာကို ခင်ဗျားလည်း ကြုံနေရတာပဲ” ဟု ပြောသောကြောင့် သူ၏ အစိုးရသည် ထိုအခြေအနေကို ပြုပြင်မည့်သဘောဆောင်နေသည်။
ဘိုင်ဒင်သည် ပြုံယမ်းနှင့် ပတ်သက်လျှင် ယခင်နည်းလမ်းဟောင်းကို သုံးမည်ထင်ကြောင်း ဒါတ်မောက် ကောလိပ်မှ နိုင်ငံရေး သိပ္ပံပါမောက္ခ ဂျနီဇာ လင်း ပြောသည်။
” မြောက်ကိုရီးယားနဲ့ပတ်သက်ရင် ဘိုင်ဒင် က အရင်နှစ်ပေါင်းများစွာ အမေရိကန်က အသုံးပြုခဲ့တဲ့ တားဆီးဟန့်တားလိုက် တခါတလေ သံတမန်ရေး လုပ်လိုက်လုပ်တဲ့ နည်းလမ်းကိုပဲ သုံးမယ်လို့ထင်တယ်” ဟု လင်း ပြောသည်။
ကိုးကား။ ။ Nikkei Asia မှ What would a Biden presidency mean for Asia? ကို ဘာသာပြန်ဆို ဖော်ပြသည်။
You may also like these stories:
ဒုသမ္မတလောင်းအဖြစ် လူဖြူမဟုတ်သော အမျိုးသမီးကို အမေရိကန် ဒီမိုကရက်တစ်ပါတီ ရွေးချယ
တင်းမာမှု မြင့်မားနေသော်လည်း ထရမ့်ပြန်လည်အရွေးခံရရန် တရုတ်မျှော်လင့်နေ
အမေရိကန် စစ်ဗိုလ်ချုပ်တွေနဲ့ သမ္မတ ထရမ့် အချင်းများ
ထိုင်ဝမ်သည် နိုင်ငံတခုမဟုတ်ကြောင်း တရုတ်ပြောဆိုမှု အရာမထင်