၂၀၁၅ ရွေးကောက်ပွဲမှာ နေပြည်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက ဗိုလ်ချုပ်ကြီးဟောင်း တွေဟာ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း သူတို့ ပြန်လည် အနိုင်ရဖို့ မျှော်လင့်ချက်နဲ့ ခြေကုတ်ပြန်ယူဖို့ ကြိုးစားနေကြပါတယ်။
တပ်မတော် အစိုးရလက်ထက်က ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ နေပြည်တော်က နေရာအားလုံးကို ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီက ဗိုလ်ချုပ်ကြီးတွေပဲ အနိုင်ရရှိခဲ့တာပါ။
နေပြည်တော်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈ ခု၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၂ ခု ရှိပါတယ်။
ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၈ ခုကတော့ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဥတ္တရသီရိ မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးနဲ့ တပ်ကုန်းမြို့နယ်တို့ ဖြစ်ပါတယ်။
အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၂ ခုကတော့ ဒက္ခိဏခရိုင်နဲ့ ဥတ္တရခရိုင်တို့ ဖြစ်ပြီး ခရိုင်တခုမှာ ၄ မြို့နယ်စီ ပါဝင်ကြပါတယ်။
တပ်မတော်က ကမကထလုပ်ပြီး ကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ ဗိုလ်ချုပ် ကြီး ဦးသိန်းစိန်က အနိုင်ရပြီး သမ္မတ ဖြစ်လာသလို ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းက ဇေယျာသီရိမြို့နယ်မှာ အနိုင်ရပြီး ပြည် သူ့ လွှတ်တော် ဥက္ကဌ၊ ပုဗ္ဗသီရိမြို့နယ်မှာ သီဟသူရ ဦးတင်အောင်မြင့်ဦးက အနိုင်ရပြီး ဒုတိယ သမ္မတတွေ ဖြစ်ခဲ့ကြတာပါ။
သူတို့တွေအပြင် တပ်က အရာရှိကြီးတွေ ဖြစ်ကြတဲ့ ဦးမြင့်လှိုင်၊ ဦးကျော်စွာခိုင်၊ ဦးလှမြင့်ဦး၊ ဦးမောင်ဦးတို့လည်း နေပြည် တော်ကပဲ ရွေးကောက်ပွဲဝင် အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမယ့် အတိုက်အခံအဖြစ် ရပ်တည်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ ဝင်ပြိုင်လာတဲ့ ၂၀၁၅ ရွေး ကောက်ပွဲမှာတော့ ကြံ့ခိုင်ရေးပါတီဟာ ဇေယျာသီရိ မဲဆန္ဒနယ် ၁ ခုက လွဲရင် ကျန်နေရာအားလုံးမှာ ရှုံးနိမ့်ခဲ့ကြပါတယ်။
ကြံ့ခိုင်ရေးပါတီ တနေရာပဲ အနိုင်ရတဲ့ ဇေယျာသီရိမြို့နယ်မှာ တပ်မတော်က အငြိမ်းစား ဗိုလ်ချုပ် ကြီး (ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး) ဦးလှဌေးဝင်းဆိုသူ ပါဝင်လာပြီး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ တွေ အများဆုံး အခြေစိုက်တဲ့ ဇေယျာ သီရိ မြို့နယ်၊ ပြည်သူ့လွှတ်တော်မှာ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အခုလည်း ကြံ့ခိုင်ရေးပါတီက ၂၀၁၀ ရွေးကောက်ပွဲမှာရော ၂၀၁၅ ရွေးကောက်ပွဲမှာပါ အနိုင်ရခဲ့တဲ့ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာကို ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းဌေး ကိုယ်တိုင် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဦးသန်းဌေးဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ၎င်း၏ ဇာတိ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော် လည်း NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရပါတယ်။ သမ္မတ ဦးသိန်းစိန် ကြံ့ခိုင်ရေး ပါတီ ဥက္ကဌ တာဝန်မှ အနားယူတဲ့အခါ ပါတီ ဥက္ကဌ ဖြစ်လာတဲ့ ဦးသန်းဌေးဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၈ က ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့ တွေ အများစုရှိတဲ့ နေပြည်တော် ဇေယျာသီရိ မြို့နယ်မှာ ကြံ့ခိုင်ရေး ပါတီက မဲရလဒ် တသောင်းခွဲကျော် အသာနဲ့ NLD ပါတီကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
“စစ်ဗိုလ်ချုပ်တွေဟာ မိုးပေါ်က ကျလာတာ မဟုတ်ဘူးဗျ။ ဒုဗိုလ်ကနေ တဆင့်ပြီးတဆင့် ဖြစ်လာတဲ့ အတွေ့ အကြုံတွေနဲ့ ကျနော်တို့ရဲ့ ဒီနေပြည်တော်ဆိုတာ ကျနော်တို့ရဲ့ ခံတပ်ပေါ့ဗျာ”လို့ နေပြည်တော်ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်က ဧရာဝတီကို ပြောပါတယ်။
ဦးမြင့်လှိုင်ဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး တာဝန်ယူခဲ့သူလည်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NLD ပါတီက ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရသူပါ။
အခု တကြိမ်မှာတော့ နေပြည်တော်မှာ ကြံ့ခိုင်ရေးပါတီက အနည်းဆုံး တဝက် လောက်တော့ အနိုင်ရလိမ့်မယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်က မျှော်လင့်နေတာပါ။
“နေပြည်တော်မှာ ၈ မြို့နယ် ရှိတယ်ဗျာ။ ၈ မြို့နယ်မှာ အနည်းဆုံး ၄ မြို့နယ်နဲ့အထက် အနိုင်ရမယ်လို့ မှန်းပါတယ်ဗျာ။ ပုဗ္ဗ သေချာပါတယ်။ ဇေယျာသီရိ သေချာပါတယ်။ ဒက္ခိဏသီရိက ကိုယ်ကိုယ်တိုင်ဆိုတော့ ၁၀၀ ရာခိုင်နှုန်းပါ”လို့ ကြံ့ခိုင်ရေး ပါတီရဲ့ ဒက္ခိဏသီရိမြို့ နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်လှိုင်က ဆိုပါတယ်။
ဗိုလ်ချုပ်တွေအနေနဲ့ နေပြည်တော်ကို အခြေပြုပြီး အရွေးခံရတဲ့ အကြောင်းကတော့ သမ္မတ တိုက်ရိုက်အုပ်ချုပ်တဲ့ နေပြည်ထောင်စု နယ်မြေဖြစ်တာ၊ ကြံ့ခိုင်ရေးပါတီဌာနချုပ် တည်ရှိရာနေရာ ဖြစ်တာကြောင့် နေပြည်တော်ကို ခံတပ်အနေနဲ့ ရွေး ချယ်ခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
“ကျနော်တို့ အများကြီး အခြေအနေသာတယ်လို့ မြင်တယ်။ နေပြည်တော်ရဲ့ အခြေအနေပေ့ါနော်။ ဝန်ထမ်းတွေ များတဲ့ နေ ရာဆိုလည်း ဝန်ထမ်းတွေ တွေးနိုင်၊ ရွေးနိုင်ပြီလို့ မြင်ပါတယ်။ တောင်သူလယ်သမားတွေ များတဲ့နေရာမှာလည်း တောင် သူလယ်သမားတွေ တွေးနိုင်၊ ရွေးနိုင် ဆုံးဖြတ်နိုင်တယ်လို့ ထင်ပါတယ်ဗျာ။ တပ်မတော်သားတွေ အပါအဝင်ပေါ့ဗျာ”လို့ ဦးမြင့်လှိုင်က ပြောပါတယ်။
၎င်းကဆက်၍ “ပါတီ ဥက္ကဌ ဦးသန်းဌေးကလည်း အင်မတန်မှ တည်ငြိမ်တယ်။ ပြတ်သားတဲ့ ကတိတွေ ပေးနိုင်တယ်။ ကတိတည်တဲ့ အစိုးရ ဖြစ်မယ်ဆိုတာကို တိတိကျကျ ဖော်ပြတယ်။ အားရစရာ မကောင်းဘူးလား”လို့ ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို ထောက်ခံသူတွေဟာ နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ သာမက တနိုင် ငံလုံးမှာ တိုးလာနေသလို NLD ပါတီကို ထောက်ခံခဲ့သူတွေပါ ကြံ့ခိုင်ရေးပါတီကို ထောက်ခံလာတာတွေ ရှိတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေကလည်း ပြောပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲမှာတော့ လူထုထောက်ခံမှုက သိသိသာသာ မြင့်မားလာတယ်ဆိုတာကတော့ မျက်မြင်ပဲပေါ့နော်။ ဒါကလည်း ပြည်ထောင်စုနယ်မြေတခုတည်းတော့ မဟုတ်ဘူး။ နေရာအနှံမှာပေါ့နော်။ ကျမတို့ ပြည်ထောင်စု နယ်မြေဆို ရင်လည်း ကိုယ်စားလှယ်လောင်း ၁၀ နေရာရှိတယ်။ အားလုံးကိုလည်း အားရ ကျေနပ်မှု ရှိပါတယ်”လို့ သူက ဆိုပါတယ်။
သူက ဆက်၍ “ကျမတို့ ပုဗ္ဗသီရိမှာဆိုရင်လည်း အာဏာရပါတီ ဝိုင်းရံတဲ့ ပြည်သူအချို့လည်း ကျမတို့ကို ဝိုင်းရံပါတယ်။ မဲပေးပါ့မယ်ဆိုပြီး ဖြစ်လာတယ်။ အရင်တုန်းက NLD ပါတီမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူတချို့လည်း ပါလာတယ်။ ကျမတို့ ကျမတို့က ၁၀၀ ရာခိုင်နှုန်း အနိုင်ရဖို့ မျှော်လင့်နေပါတယ်။ အကောင်းဆုံး ပြင်ဆင်ထားပါတယ်”လို့ ပြောပါတယ်။
နေပြည်တော်မှာ ကြံ့ခိုင်ရေးပါတီ အင်အားကောင်းနေတဲ့ နေရာ ၂ ခုကတော့ ဇေယျာသီရိမြို့နယ်နဲ့ ပုဗ္ဗသီရိမြို့နယ် ၂ ခုတို့ ဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကာကွယ်ရေး ဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင် ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက ကဗျာဆရာ၊ စာရေးဆရာ ဦးရည်မွန်ကို ၁၇၆ မဲနဲ့ ကပ်ပြီး ရှုံးနိမ့်ခဲ့ရသူ ဖြစ်ပါတယ်။
အခုတခေါက်မှာလည်း သူတို့ ၂ ယောက်ပဲ ထပ်မံ ယှဉ်ပြိုင်ကြဦးမှာပါ။
ဧရာဝတီ သတင်းဌာနက ဦးဝေလွင်နဲ့ တွေ့ ဆုံမေးမြန်းခွင့်ရဖို့ သူ့လက်ထောက်တွေဆီကနေတဆင့် အကြိမ်ကြိမ် ကြိုး ပမ်းခဲ့ပေမယ့် မရခဲ့ပါဘူး။
အကြောင်းကတော့ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဦးဝေလွင်က သူအနိုင်မရရင် တရားအားထုတ် တော့မယ်လို့ ပြောဆိုခဲ့တဲ့အပေါ် အဲဒီတုန်းက မီဒီယာတွေက သတင်းလုပ်ဖော်ပြခဲ့တာကို စိတ်ဆိုးပြီး အခုတကြိမ်မှာ သတင်း ထောက်တွေကို အကပ်မခံတော့တာလို့ သူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဦးဝေလွင်နဲ့ ယှဉ်ပြိုင်မယ့် NLD ပါတီက လက်ရှိ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးရည်မွန်က တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို အနိုင်ရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပေမယ့် အခု ရွေးကောက်ပွဲမှာ တော့ အရင်လို ပြိုင်ဖို့ မလိုတော့ဘူးလို့ ဆိုပါတယ်။
“ဘာကြောင့်လည်း ဒီ ၅ နှစ်အတွင်းမှာ ပြည်သူတွေရဲ့ အမြင်တွေလည်း အများကြီး ပြောင်းလာတယ်။ အထူးသဖြင့် အမေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ အပေါ်မှာ ပြည်သူတို့ရဲ့ အသိအမှတ်ပြုမှုပေါ့။ ဒါက သိသိသာသာ တိုး တက်လာပြီဆိုတော့ ၁၅ တုန်းကလို ပြိုင်ဆိုင်မှု ပြင်းထန်မယ့် သဘောတော့ မရှိတော့ဘူး”လို့ ဦးရည်မွန်က ပြောပါတယ်။
ပုဗ္ဗသီရိမြို့နယ်ဟာလည်း ဇေယျာသီရိမြို့နယ်လိုပဲ တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့ တွေ များတဲ့ မြို့နယ်တခု ဖြစ်လို့ ၂၀၁၅ ရွေး ကောက်ပွဲမှာ မဲအနည်းငယ်ကပ်ပြီး NLD အနိုင်ရခဲ့တာဟာ အလွန်ကံကောင်းတယ်လို့ လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ နေပြည်တော် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ဝင် ဦးမင်းသူက ပြောပါတယ်။
ဒါပေမယ့် အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ နေပြည်တော်မှာ NLD ပါတီကသာ မြေကြီး လက်ခတ်မလွဲ အနိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“၁၀ နေရာလုံး NLD နိုင်အောင် ကြိုးစားနေတယ်”လို့ ဦးမင်းသူက ပြောပါတယ်။
ဒီမိုကရေစီ ခိုင်မာဖို့ အတွက် နေပြည်တော်မှာ NLD က ၁၀ နေရာလုံး အနိုင်ရရှိဖို့ လိုတယ်လို့ NLD ဘက်က ဆိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတုန်းက နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ NLD ပါတီ ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းတွေကတော့ တပ် မတော် မဲရုံတွေမှာ မဲလာထည့်သူ ပုံမှန်ထက် ပိုများခဲ့တာ၊ အရပ်ဘက်မဲရုံတွေမှာတော့ မဲထည့်သူပိုနည်းခဲ့တာ၊ NLD ပါတီ က မဲရုံကိုယ်စားလှယ် မထားနိုင်ခဲ့တာ၊ တပ်မတော်ရဲ့ ကြိုတင်မဲတွေကို စောင့်မကြည့်နိုင်တာတွေကြောင့် ဖြစ်တယ်လို့ NLD ဘက်က သုံးသပ်ထားပါတယ်။
“အခုကျတော့ ဥပဒေအရ မဲရုံတွေကို တပ်အပြင်ဘက်ထုတ်လိုက်တဲ့အချိန်မှာ ဒီအခြေအနေမျိုးဆိုရင် ဒါကိုလုံခြုံရေးအရ ရော ဒီဘက်က မဲရုံ တရားမျှတပြီးမှ စေစောက မဲရေတွက်မှုမှန်အောင် စာရင်းသွင်းနိုင်တာမှန်အောင် သေသေချာချာ လုပ် နိုင်မယ် ဆိုရင်တော့ အရှုံးအနိုင်ဟာ ပြတ်သားသွားမယ်လို့ ပြောလို့ရပါတယ်”လို့ နေပြည်တော် NLD ပါတီရဲ့ တာဝန်ရှိသူ ဦးမင်းသူက ပြောပါတယ်။
NLD ပါတီက သူတို့ လွှတ်တော် နိုင်ငံရေးလမ်းကြောင်းကို စတင် ဝင်ရောက်ခဲ့ပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ် လပ်ခဲ့လို့ နေပြည်တော်မှာ ကျင်းပရတဲ့ နေရာ ၄ ခု စလုံးမှာလည်း NLD ပါတီကပဲ အနိုင်ရခဲ့တာပါ။
အခုတခေါက် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ နေပြည်တော် သီရိ ၅ မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးမြင့်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးဝေလွင်၊ ဗိုလ်ချုပ်ဟောင်း ဦးဝင်းရှိန်၊ ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းဌေး၊ ဗိုလ်မှူးကြီးဟောင်း ဦးဝဏ္ဍမောင်လွင်တို့ ဝင်ရောက် ယှဉ်ပြိုင်ဦးမှာ ဖြစ်ပါတယ်။
၂၀၂၀ မှာလည်း နေပြည်တော်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈ ခု၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၂ ခု စုစုပေါင်း မဲဆန္ဒနယ် ၁၀ ခု ရှိပြီး ပါတီ ၁၁ ခုနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေလည်း ပါဝင်ပါတယ်။
ဒါပေမယ့် နေပြည်တော်မှာ ပါတီတွေ၊ ပုဂ္ဂိုလ်တွေ ဘယ်လောက်ပဲ များများ အဓိက ပါတီကြီး ၂ ခု ဖြစ်တဲ့ NLD နဲ့ ကြံ့ခိုင် ရေး ပါတီက မယှဉ်နိုင်ခဲ့ကြပါဘူး။ အခု ရွေးကောက်ပွဲကာလမှာလည်း လူအင်အားထောင်ပေါင်းများစွာနဲ့ အင်အားပြ လှည့်လာတာတွေလည်း ဒီပါတီကြီး ၂ ခုပဲ ရှိပါတယ်။
ကြံ့ခိုင်ရေးပါတီကနေ အထုတ်ခံရပြီး လက်ရှိမှာ ပြည်ထောင်စု ကောင်းကျိုးဆောင်လို့ ခေါ်တဲ့ ပါတီသစ်တခု ထူထောင်ထား
သူ သူရဦးရွှေမန်းကတော့ သူကိုယ်တိုင် ရွေးကောက်ပွဲ ပြန်မဝင်ပေမယ့် သူ့လူတွေ အကုန်လုံးက နေပြည်တော်က နေရာ ၁၀ ခု စလုံးမှာ ဝင်ပြိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။
ပျဉ်းမနားမြို့နယ် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ အတွင်းရေးမှူး ဦးထွန်းထွန်းဦးက“၁၀ နေရာရှိတဲ့ နေရာမှာ ကျ နော်တို့မှန်းထားတာကတော့ ယုံယုံကြည်ကြည်နဲ့တော့ အကုန်လုံး မှန်းထားပါတယ်။ သို့သော် ရာခိုင်နှုန်း မပြည့်ခဲ့ရင် တောင် ကျနော်တို့ဟာ ၆ မြို့နယ်လောက် အဓိကမှန်းထားပါတယ်”လို့ ဆိုပါတယ်။
သူလို့ပဲ ဒေါ်သက်သက်ခိုင် ဦးဆောင်နေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးရဲထွဋ်ဦးကလည်း“ကျနော်တို့ဆီမှာတော့ ကြံ့ခိုင်ရေးက ဦးဝေလွင်က အင်အား အကြီးဆုံးပေါ့နော်။ ပြီးလို့ရှိရင် ဦးရည်မွန်ပါ။ ပြီးရင်ကျနော်တို့ ppp ပါတီပေါ့။ ပြည်သူကလည်း PPP ပါတီပေါ်မှာ အလွန်စိတ်ဝင်စားနေတယ်။ အပြောင်း အလဲတခုကိုမျှော်လင့်နေတဲ့အတွက် ကျနော်တို့တွေ ရရှိမယ်လို့ မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။
နေပြည်တော်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေကတော့ NLD ၊ ကြံ့ခိုင်ရေးပါတီတို့ အပြင် ပြည်ထောင်စု ကောင်းကျိုး
ဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီ၊ အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ပါတယ်။
အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ ဒေသခံပြည်သူတွေအပြင် အစိုးရ ဝန်ထမ်းတွေ တပ်မတော်သားတွေ အများစု နေထိုင် ကြပြီး လူဦးရေ ၁၀ သိန်းကျော် ရှိတဲ့အနက်မှာ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သြဂုတ်လအတွင်း စာရင်း တွေအရ မဲပေးနိုင်သူဦးရေ ၈ သိန်း ၆ သောင်းခန့် ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ရခိုင် ၄ မြို့နယ်ကိစ္စ ပြန်သုံးသပ်ရန် ပြည်ထောင်စုသို့ တင်
ပြိုင်ဘက် နှစ်ပါတီ ဝန်းရံသူများကြား ဖြစ်ပွားသည့် ကာဘိုးရွာ ပဋိပက္ခ၊ ၁ ဦးသေဆုံး
ရွေးကောက်ပွဲအပြီး အခြေအနေ ပိုကောင်းရန် မြန်မာမွတ်ဆလင်များ မျှော်လင့်