ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်း ထုတ်ပြန်မှုမှာ ပြင်းပြင်း ထန်ထန် ဝေဖန်ခံရပြီးနောက် ၁၁ ရက် အကြာဖြစ်သည့် အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျေးရွာ အုပ်စု ၉ စုကို ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းထဲတွင် ပြန်လည် ထည့်သွင်းကြောင်း UEC က ကြေငြာလိုက်သည်။
ကနဦး အောက်တိုဘာ ၁၆ ရက် ကြေငြာချက် ထုတ်စဉ်က တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား တိုက်ပွဲများ ကြောင့်ဟု ဆိုကာ ရခိုင်ပြည်နယ်မြောက်ပိုင်း တခြမ်းလုံးကို ရွေးကောက်ပွဲ မကျင်းပရန် ချန်လှပ်ထားခဲ့သော်လည်း စစ်ရေး ပဋိပက္ခ အရှိန်မြင့်နေသည့် ပလက်ဝကို ကျေးရွာအုပ်စု ၁ စုမှ ပိတ်ပင်ခြင်းမရှိသည့် အပေါ် UEC ကို အပြစ်တင်မှုများ ရှိခဲ့သည်။
ယမန်နေ့ ကြေငြာချက်တွင် ပလက်ဝမြို့နယ်တွင်း ကျေးရွာအုပ်စု ၁၀၅ စု ရှိသည့် အနက် ၉၄ အုပ်စုကိုမူ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း UEC က ထုတ်ပြန်ခဲ့သည်။
UEC က ကြေငြာချက် ထပ်မံ ထုတ်ပြန်သော်လည်း ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ် နှင့် ပလက်ဝမြို့နယ်မှ နိုင်ငံရေး ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများက ကျေနပ်မှု မရှိဘဲ ဝေဖန်မှုများ ဆက်လက် ရှိနေဆဲ ဖြစ်သည်။
ရခိုင်ပြည်နယ်
အောက်တိုဘာ ၁၆ ရက်တွင် UEC က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ် ၉ ခု၏ နယ်မြေအားလုံး၊ အခြားမြို့နယ် ၄ ခုမှ ရပ်ကွက် ၁၅ ခု၊ ကျေးရွာအုပ်စု ၁၃၇ စုတို့ကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာထားသည်။
ယခုအခါ UEC ကြေငြာထားသည့် စာရင်းထဲမှ ကျေးရွာအုပ်စု ၇ စု ဖြစ်သည့် ကျောက်ဖြူမြို့နယ်ရှိ ဂုံးချိန် ကျေးရွာအုပ်စု ၊ စစ်တောကျေးရွာ အုပ်စု နှင့် အဝတောင်ကျေးရွာအုပ်စု၊ အမ်းမြို့နယ်ရှိ အမ်းမြောက်ကျေးရွာအုပ်စု၊ အောက်ကျေးရွာအုပ်စု၊ လုံးကောက်ကျေးရွာ အုပ်စု နှင့် အမ်းတောင် ကျေးရွာအုပ်စု တို့ကို ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း ပြန်လည် ကြေငြာခဲ့သည်။
UEC က ရွေးကောက်ပွဲကျင်းပပေးမည်ဟု ပြန်လည်ကြေငြာခဲ့သည့် ကျေးရွာအုပ်စုများမှာ တပ်မတော် တပ်ဖွဲ့ဝင်များ နှင့် တပ်မိသားစုဝင်များ နေထိုင်သည့် နယ်မြေများ ဖြစ်သဖြင့် ထိုဒေသများမှ လာမည့် မဲလက်မှတ်များမှာ ဒေသခံရခိုင် လူထုထက် တပ်မဲများသာ ပိုများမည်ဟု လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့က ဝေဖန်သည်။
ကျောက်ဖြူမြို့နယ်၏ လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အမျိုုးသား လွှတ်တော်မဲဆန္ဒနယ်မှ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည့် ဦးကျော်လွင်က “ကျောက်ဖြူမှာ ၃ အုပ်စု တိုးတာကလည်း ပြည်သူတွေကို မဲထည့်စေချင်တယ်ဆိုတဲ့ ဆန္ဒထက် တပ်မဲကို ရချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်တယ်။ အခုတိုးလိုက်တဲ့ အုပ်စုတွေဟာ တပ်နယ်မြေတွေ ဖြစ်နေတယ်။ အဝတောင်၊ စစ်တော၊ ဂုံးချိန်က တပ်နယ်မြေ တွေပဲ ဖြစ်တယ်။ ထူးဆန်းတာက အဝတောင်အုပ်စုမှာ မကြာသေးခင်ကလည်း မိုင်းဆွဲခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရမှု တွေလည်း ရှိခဲ့တယ်” ဟု ပြောသည်။
အဝတောင်ကျေးရွာအုပ်စုတွင် အောက်တိုဘာ ၂၁ ရက်က တပ်မတော်ယာဉ်တန်းကို AA က မိုင်းဆွဲတိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာ ရထားသည့် ဖြစ်စဉ်လည်း ရှိသည်။
ဧရာဝတီမှ ဆက်သွယ်မေးမြန်းသည့် ဒေသခံအချို့ကလည်း အဝတောင်ကျေးရွာအုပ်စုမှာ တပ်မတော်နှင့် AA ကြား စစ်ရေးတင်းမာမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိသည့် နယ်မြေ ဖြစ်သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းတွင် ထည့်သွင်းခြင်းအား နားမလည်နိုင်ကြောင်း၊ UEC က လုံခြုံရေးအကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်တွင်း မြို့နယ် အများ စုကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပယ်ဖျက်ပြီး အဝတောင်ကျေးရွာအုပ်စုကို ကျင်းပမည့် စာရင်းတွင် ထည့်ခြင်း ကိုလည်း မေးခွန်းထုတ်မိသည်ဟု ပြောဆိုကြသည်။
ကျောက်ဖြူမြို့နယ်၊ ဒေသခံ ဦးထွန်းကြည်ကလည်း “ဒီရက်ပိုင်းအတွင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အဝတောင်မှာ ရွေးကောက်ပွဲ လုပ်လို့ရတယ်ဆိုရင် တခြား ၅၄ အုပ်စုလုံးလည်း လုပ်လို့ ရတယ်။ လုပ်ဖို့ဆိုရင်လည်း ပြည်သူတွေက အဆင်သင့် မဲပေးဖို့ရှိတယ်။ နယ်မြေလုံခြုံရေးအရလည်း ရဲစခန်းတွေ အုပ်ချုပ်ရေးကိစ္စတွေလည်း အပြည့်အစုံရှိနေတာ။ ဒီရွေးကောက်ပွဲက သူတို့ လုပ်ချင်တဲ့ နေရာကို လုပ်ခွင့်ပြုပေးလိုက်တာ”ဟု ဝေဖန်ပြောဆိုသည်။
အမ်းမြို့နယ်တွင်လည်း ဒေသခံ ရခိုင်ပါတီများကို အမာခံထောက်ခံကြပြီး ပဋိပက္ခများ မရှိဘဲ တည်ငြိမ်နေသည့် တပ်တောင်မြို့နှင့် အခြားကျေးရွာအုပ်စုများ တွင် ရွေးကောက်ပွဲ မကျင်းပပေးဘဲ တပ်မတော်သားနှင့် တပ်မိသားစုဝင်များ အများဆုံးရှိသည့် နယ်မြေများတွင်သာ ရွေးကောက်ပွဲ ကျင်းပပေးသည့်အတွက် တရားမျှတမှု မရှိကြောင်း အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့် ရခိုင်အမျိုးသား ပါတီ (ANP)မှ ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းနိုင် က ဝေဖန်သည်။
ဦးထွန်းထွန်းနိုင်က “အခုလို တပ်မတော်သားနဲ့ မိသားစုဝင်တွေ အများဆုံးပါတဲ့ နေရာတွေကို လုပ်လိုက်ခြင်းက တရား မျှတမှု မရှိဘူးလို့ သုံးသပ်တယ်။ တကယ်လို့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် လုံခြုံရေး အခြေအနေကောင်းတဲ့ တပ်တောင် ဘက်မှာလည်း လုပ်လို့ ရပေမယ့် တပ်နယ်နဲ့ နီးတဲ့ ကျေးရွာအုပ်စု ၄ ခုလောက်ပဲ တိုးလိုက်တာဟာလည်း ကန့်ကွက်စရာ ဖြစ်လာတယ်” ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့နယ်မှ ကိုယ်စားလှယ်လောင်းများက ဒေသခံများ၏ မဲထက် တပ်မဲများ ပိုများသည်ဟု ဝေဖန်မှုနှင့် ပတ်သက်၍ စာရင်းအချက်အလက် ရနိုင်ရန် ဧရာဝတီမှ သက်ဆိုင်ရာ ရွေးကောက်ပွ ဲ ကော်မရှင်အဖွဲ့ခွဲရုံး များသို့ ဆက်သွယ်မေးမြန်းသော်လည်း မြို့နယ်တခုချင်းစီ၏ တပ်မတော်ဘက်မှ လာမည့် ကြိုတင်မဲ အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၏ ပြောဆိုချက်အရ ရခိုင်ပြည်နယ်၊ တပြည်နယ်လုံး တွင် ကြိုတင်မဲ ၉၀၀၀ ကျော် ရရှိထားပြီး ထိုထဲမှ ၈၀၀၀ ကျော်မှာ တပ်မတော်သားများနှင့် တပ်မိသားစုဝင်များ၏ မဲများ ဖြစ်သည်ဟု သိရသည်။
ရှမ်းပြည်နယ်
ရှမ်းပြည်နယ်တွင်လည်း မြို့နယ် ၆ ခု၏ နယ်မြေအားလုံး၊ အခြားမြို့နယ် ၁၆ ခုမှ ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၁၃၃ စုကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေငြာထားရာမှ အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မှ မြို့ပေါ် ရပ်ကွက် တခုနှင့် ကျေးရွာအုပ်စု ၂ စုကိုသာ ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းထဲတွင် ထည့်သွင်းကြောင်း ပြန်လည် ကြေငြာလိုက်သည်။
ထိုနေရာများမှာ မူဆယ်မြို့မှ တော်ရွက်ရပ်ကွက်၊ လားရှိုးမြို့နယ်မှ မယ်ဟန်ကျေးရွာအုပ်စု နှင့် ကွမ်းလုံမြို့နယ်မှ မန်ပြိန်း ကျေးရွာအုပ်စု တို့ ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၏ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက နိုင်ငံရေးပါတီများ၊ ဒေသခံ များက ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများကို ပြန်လည် စိစစ်ပြီး ကျင်းပခွင့်ပေးရန်အတွက် ရပ်ကွက်၊ မြို့နယ်၊ ခရိုင် အဆင့်ဆင့် တင်ပြတောင်းဆိုကြရာ ထိုထဲမှ မြို့ပြနှင့် ထိစပ်နေသည့် ကျေးရွာအုပ်စုများကို ပြန်လည် ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
UEC မှ ရွေးကောက်ပွဲ ကျင်းပရန် ပြန်လည်ခွင့်ပြုခဲ့သည့် လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စုသည် လာရှိုးမြို့ အဝင်တွင် တည်ရှိပြီး ကွမ်းလုံမြို့နယ်ရှိ မန်ပြိန်းကျေးရွာအုပ်စုသည် တပ်မတော်၏ တပ်ရင်းအမှတ် (၁၂၇) နှင့် ကပ်လျှက် တည်ရှိနေသည်ဟုလည်း ဦးနှစ်ဆန်းဦးက ဆိုသည်။
ကနဦးတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခြေအနေ မရှိဟု ဆိုကာ ပိတ်ပင်ခဲ့သည့် ထဲတွင် မူဆယ်၊ လားရှိုး၊ ကွမ်းလုံတို့ အပြင် ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ ၊ တန့်ယန်း၊ မိုင်းကိုင်မြို့နယ်တို့ကို ပြန်ကျင်းပ ခွင့်ပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က လူထု လက်မှတ်များ ကောက်ခံကာ တင်ပြ ထားသည့် အပြင် တအန်းအမျိုးသားပါတီ (TNP) ကလည်း တအန်းလူမျိုးအများစု နေထိုင်ပြီး တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသည့် မြို့နယ်များကို ရွေးကောက်ပွဲ ကျင်းပပေးရန် UEC ထံသို့တောင်းဆိုထားသည်။
ဧရာဝတီမှ လက်လှမ်းမီသလောက် ဆက်သွယ်မေးမြန်းထားသည့် နမ့်ဆန်၊ ကျောက်မဲ ၊ နောင်ချို နှင့် ကွတ်ခိုင်မြို့နယ် မှ ဒေသခံအချို့ကလည်း ရွေးကောက်ပွဲတွင် မဲပေးလိုကြောင်း ပြောဆိုထားကြသည်။
TNP ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ ဦးမိုင်းအုဏ်းခိုင်က “မြေပြင်အခြေအနေ အမှန်နဲ့အညီ ပြန်ဖွင့်ပေးစေလိုတယ်။ ကျောက်မဲလို နေရာမျိုးမှာဆို တိုက်ပွဲတွေ မရှိတော့လို့ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်နေနေကြပြီလေ”ဟု ပြောသည်။
ကျောက်မဲမြို့နယ်တွင်းရှိ ကျေးရွာအုပ်စု ၁၂ စုမှာ ရွေးကောက်ပွဲ မကျင်းပမည့် စာရင်းထဲတွင် UEC က ကြေငြာထားရာ SNLD နှင့် TNP ပါတီတို့က ပြန်လည်ကျင်းပပေးရန် မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး နှင့် UEC ထံသို့ တင်ပြထားကြသည်။
ကျောက်မဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းကလည်း “ဒီတကြိမ် ကြေငြာတာ တအုပ်စုမှ ပါမလာဘူးဆိုတော့ နောက်မှပြန်ပါလာမှာလားဆိုတာ စောင့်ကြည့်ရမယ်။ အေးချမ်းနေတဲ့ ကျေးရွာအုပ်စုတွေကိုတော့ ပါလာဖို့ မျှော်လင့်တာပေါ့” ဟု ပြောသည်။
ဦးစိုင်းထွန်းဝင်းက UEC မှ ကြေငြာထားသည့် ကျေးရွာအုပ်စု ၁၂ စု အနက် ဟဲကွီ ၊ ပန်လော့၊ နောင်ရှင် နှင့် ခေးနင်း ကျေးရွာအုပ်စုတို့မှာ နယ်မြေဒေသလည်း အေးချမ်းနေသဖြင့် ပြန်လည်ကျင်းပခွင့် ပေးသင့်ပါသည်ဟုလည်း ပြောသည်။
ကျောက်မဲမြို့နယ်တွင်း ပုံဝိုးတောင်ခြေတဝိုက်တွင် အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်အထိ တပ်မတော်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့သည် တိုက်ပွဲများ အကြိမ် ၂၀ ကျော်ဖြစ်ပြီး ဒေသခံ ၃၀၀၀ ခန့်မှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်မှသာ တိမ်းရှောင်နေသည့် နေရာများမှ နေရပ်ရင်းသို့ ပြန်နိုင်ခဲ့သည်။
ကျောက်မဲမြို့နယ်တွင်း UEC မှ ရွေးကောက်ပွဲကျင်းပခွင့် မပြုဟု ကြေငြာထားသည့် ကျေးရွာ အုပ်စု ၁၂ စုအနက် ဟဲကွီ ၊ ပန်လော့၊ နောင်ရှင် နှင့် ခေးနင်း ကျေးရွာအုပ်စုတို့သည် မဲဆန္ဒနယ်မြေ (၁) တွင် ပါဝင်ပြီး ထိုကျေးရွာများမှ မဲလက်မှတ် ၉၀ ရာခိုင်နှုန်းမှာ ၎င်းတို့ကို ပေးမည်ဖြစ်ကြောင်း SNLD ပါတီက ခန့်မှန်းထားသည်။
ကျန်ကျေးရွာအုပ်စု ၈ စုမှာ မဲဆန္ဒနယ်မြေ (၂) တွင် ပါဝင်ပြီး တအန်းလူမျိုးအများစု နေထိုင်သည့် ကျေးရွာအုပ်စုများလည်း ပါဝင်သဖြင့် TNP ပါတီကို ထောက်ခံသည့် ရွာများ ရှိသည့်အပြင် SNLD ပါတီကို ထောက်ခံသည့် ရွာများလည်း ပါဝင်သည်။
အောက်တိုဘာ ၁၆ ရက်တွင် UEC က ရွေးကောက်ပွဲ မကျင်းပနိုင်တော့ကြောင်း ကြေငြာစဉ်ကလည်း SNLD ပါတီ၏ ဗဟို အလုပ်အမှုဆောင်များ၊ ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လောင်းများမှာ UECက တိုင်းရင်းသားပါတီများ အားကောင်း သည့် နယ်မြေများကို ချန်လှပ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လက်ဝါးရိုက်ကာ မဲဆန္ဒနယ်များကို ပိတ်ပင်ခြင်း ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
UEC အဖွဲ့ဝင် ဦးမြင့်နိုင်က အောက်တိုဘာ ၂၀ ရက်တွင် နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ကာ ၎င်းတို့ကို စွပ်စွဲနေသည်များမှာ မမှန်ကန်ကြောင်း၊ NLD ပါတီ မနိုင်နိုင်သည့် တိုင်းရင်းသားပါတီများ အားကောင်းသည့် နယ်မြေများ ကို ပိတ်ပင်သည်ဆိုသည်မှာ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
သက်ဆိုင်ရာ ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထဲ ရေး ဝန်ကြီးဌာနတို့၏ တင်ပြချက်များ၊ လုံခြုံရေးဆိုင်ရာ မှတ်ချက်များကို ရယူကာ သုံးသပ်ပြီး UEC က ကြေငြာခြင်း ဖြစ်သည်ဟု ဦးမြင့်နိုင်က ပြောဆိုထားသည်။
ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေငြာထားသည့် စာရင်းများအနက် ရှမ်းပြည်နယ်တောင်ပိုင်းမှ မိုင်းကိုင်မြို့နယ် ကိုလည်း ပြန်လည်ကျင်းပခွင့်ပေးရန် မိုင်းကိုင်မှ ဒေသခံ တသောင်းကျော်တို့၏ လက်မှတ်များဖြင့် SNLD ပါတီက တောင်းဆိုထားသည်။
သို့သော် မိုင်းကိုင်ကိုလည်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် စာရင်းထဲမှ UEC က ပြန်လည် ပယ်ဖျက်မပေးခဲ့ပါ။
မိုင်းကိုင်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနက် SNLD ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီ(USDP) တို့မှ လွတ်လွတ်လပ်လပ် မဲဆွယ်ခွင့် ရသော်လည်း TNP ပါတီမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ခြိမ်းခြောက်မှုကြောင့် မဲဆွယ်စည်းရုံးနိုင်ခြင်းပင် မရှိခဲ့ပါ။
RCSS က TNP မဲလာဆွယ်သည်ကို လက်ခံလျှင် ရွာသူကြီးများ ဒဏ်ငွေ ၁၀ သိန်း ဆောင်ရမည်ဟု ခြိမ်းခြောက်ထားပြီး TNP ပါတီ ကိုယ်စားလှယ်များ ရွေးကောက်ပွဲတွင် ဝင်ပြိုင်လျှင် အသက်အန္တရာယ်ပေးမည် ဖြစ်ကြောင်းလည်း ပြောဆို ထားသည်။
UEC က မိုင်းကိုင်မြို့နယ်တခုလုံးကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေငြာစဉ်က SNLD ပါတီက ကန့်ကွက်ပြီး မြို့နယ်တခုလုံး ကျင်းပပေးရန် ဒေသခံ လက်မှတ်များဖြင့် တင်ပြခဲ့သော်လည်း TNP က UEC ၏ ထုတ်ပြန်ချက်ကို ထောက်ခံကြောင်း ရပ်တည်ထားသည်။
ပလက်ဝမြို့နယ်
ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် AA အကြား လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ခိုက်မှုများ အများဆုံး ဖြစ်ပွားသည့် နယ်မြေများထဲမှ တခုအပါအဝင်ဖြစ်ပြီး ပလက်ဝမြို့ပေါ် ပတ်ဝန်းကျင်အနီးရှိ ကျေးရွာအုပ်စုများတွင်ပင် လုံခြုံမှု မရှိဘဲ အရပ်သားများ စီးနင်းသွားသည့် စက်လှေများကို ပစ်ခတ်ခံရခြင်းနှင့် မြို့ပေါ်အထိ လက်နက်ကိုင်ထားသူများက ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးခြင်းများ ဖြစ်ပွားနေသည့် မြို့နယ် တခု ဖြစ်သည်။
အောက်တိုဘာ ၁၆ ရက်က UEC ကြေငြာသည့်ထဲတွင် ပလက်ဝမြို့နယ်တခုလုံးရှိ ကျေးရွာအုပ်စု ၁ စုကိုမှ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် စာရင်းထဲတွင် မထည့်ခဲ့သဖြင့် လုံခြုံရေး အကြောင်းပြချက်ဖြင့် ရခိုင်မြောက်ပိုင်း တခြမ်းလုံး နှင့် ရှမ်း ပြည်နယ်မှ နယ်မြေအချို့ကို ချန်လှပ်ခဲ့မှု အပေါ် UEC ကို နိုင်ငံရေး အသိုင်းအဝိုင်းတွင် အပြင်းအထန် ဝေဖန်ခဲ့ကြသည်။
ယမန်နေ့က ထပ်မံ စာရင်းထုတ်ပြန်ရာ ပလက်ဝမြို့နယ်အတွင်း ကျေးရွာအုပ်စု ၉၄ စုမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေ မရှိဟုဆိုကာ ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း ကြေငြာလိုက်သည်။
ချင်းပြည်နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၏ ဥက္ကဋ္ဌ ဦးအုပ်နောလ်က အဆိုပါစာရင်းများကို အတည်ပြုရန် တပ်မတော်ဘက်မှ လုံခြုံရေးဆိုင်ရာ ရှိ၊ မရှိ အကြံပြုချက်များပေါ်တွင် ထည့်သွင်းစဉ်းစားပြီး UEC က ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ပြောသည်။
ဦးအုပ်နောလ်က “ကျနော်တို့ ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲ လုပ်ချင်တယ်။ လုံခြုံရေး အခြေအနေ ဘယ်လို တာဝန်ယူ ပေးနိုင်မလဲဆိုတာပေါ့။ ပလက်ဝမှာ တပ်က ပြည့်ဝသော လုံခြုံရေး ပေးနိုင်မှသာ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက် ပွဲကို ကျင်းပနိုင်မှာ ဖြစ်ပါတယ်ဆိုပြီး အခြေအနေမှန်ကို ကျနော်တို့လည်း တင်ပြလိုက်တယ်။ နောက်ဆုံးမှာတော့ မနေ့က ကြေငြာတဲ့ အတိုင်း ထွက်လာခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
ပလက်ဝမြို့နယ်အတွင်းမှ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် နယ်မြေများကို သတ်မှတ်ရန် UEC က ပလက်ဝမြို့နယ် ၏ အုပ်ချုပ်ရေး၊ လုံခြုံရေးကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်တို့၏ တင်ပြချက်များအပြင် ချင်းပြည်နယ် အစိုးရ အဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ထံမှလည်း ပလက်ဝ၏ ပကတိလုံခြုံရေး အခြေအနေမှန်ကို ရယူသုံးသပ်ခဲ့ခြင်း ဖြစ်ပါသည်ဟု ဦးအုပ်နောလ်က ဆိုသည်။
ရွေးကောက်ပွဲ ကျင်းပခွင့် မပြုတော့သည့် ကျေးရွာအုပ်စုများထဲတွင် ပလက်ဝမြို့နှင့် မိနစ်၂၀ ခန့်သာ သွားရပြီး မြို့ဧရိယာ နှင့် နီးကပ်သည့် အဘောင်သားကျေးရွာအုပ်စု၊ ကြွေသောင်ကျေးရွာအုပ်စု၊ ကျေးရွာကြီးများ ဖြစ်သည့် ကျီလေ ကျေးရွာ အုပ်စု နှင့် တပ်မတော်မှ စခန်းထိုင်ထားသည့် ထရွန်အိုင်ကျေးရွာအုပ်စု အပြင် စစ်ရေးပဋိပက္ခ မရှိသည့် ကျေးရွာအုပ်စုများ လည်း ပါဝင်နေသည်။
ထိုကဲ့သို့ ကျေးရွာအုပ်စုများ ပါဝင်နေခြင်း နှင့် ပတ်သတ်၍ ဦးအုပ်နောလ်က “လူထုအမြင်နဲ့တော့ လုံခြုံတယ်လို့ ပြောလို့ ရမှာပေါ့။ ဒါပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမြင်နဲ့ကတော့ မပြောတတ်ဘူး။ ကာကွယ်ရေးဝန်ကြီးဌာန အမြင်မှာ အဲဒါတွေလည်း မလုံခြုံဘူး။ ပြည်သူအတွက် အန္တရာယ် ရှိနိုင်တယ် ဆိုတာမျိုးပေ ါ့။ လူထုအမြင်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမြင်က မတူပါဘူး။ ဒါကိုလည်း သေချာ ညှိနှိုင်းထားပါတယ်”ဟု ဆိုသည်။
ရွေးကောက်ပွဲ မကျင်းပနိုင်တော့သည့် ကျေးရွာအုပ်စုများ လျော့သွားသော်လည်း မဲဆန္ဒနယ်များကို ထိခိုက်မှု မရှိသဖြင့် မူလ အတိုင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ၊ ပြည်နယ်လွှတ်တော် မဲဆန္̔ဒနယ် (၁) နှင့် (၂) အားလုံးတို့တွင် ကိုယ်စားလှယ်များကို လူထုက ရွေးချယ်နိုင်မည်ဟု ဦးအုပ်နောလ်က ပြောသည်။
ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က UEC ထုတ်ပြန်သည့် ကျေးရွာအုပ်စုများထဲမှ ၁၂ စုမှာ လုံခြုံသည့် အခြေအနေတွင် ရှိသည်ဟု ယူဆသဖြင့် ဒေသခံမဲဆန္ဒရှင်များက စိတ်မကောင်း ဖြစ်ရကြောင်းနှင့် ထို ကျေးရွာများကို ပြန်သုံးသပ်ပေးပါဟု ထုတ်ပြန်ချက် တစောင် ထုတ်ကာ ပြောဆိုသည်။
KACC ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မိုင်နန်းဝေက “ ၉၄ အုပ်စု အဖျက်ခံလိုက်ရတော့ ၈ နေရာမှာ ကျေးရွာအုပ်စုက ၁စုပဲ ကျန် ၇ ခုက မြို့ပေါ် ရပ်ကွက်တွေပါ။ မဲရုံက ၁၇၉ ရုံရှိတဲ့ နေရာမှာ ၁၉ ရုံပဲ ကျန်တယ်။ လူဦးရေလည်း ၁၇၀၀၀ လောက်ပဲ မဲပေးခွင့် ရတော့တယ်။ ကျမတို့ မှန်းထားတဲ့ ရာနှုန်း ၈၀ မှာ အရမ်းကို ကွာဟသွားတယ်။ နည်းနည်းလေးပဲ ကျန်ခဲ့တယ်”ဟု ပြောသည်။
KACC မှ UEC ထုတ်ပြန်ထားသည့်ထဲမှ ကျေးရွာအုပ်စု ၁၂ စုကို ပြန်ကျင်းပပေးစေလိုခြင်း ဖြစ်သည်ဟု ပြောသည်။
KACC ပြောသည့် ကျေးရွာအုပ်စု ၁၂ စုမှာ တမန်းသား၊ တွီကင်းဝ၊ ဘောင်းဝီး၊ မီးချောင်းဘားဝ၊ တိုင်ဝ၊ ပါမောင်၊ ကနောင်၊ ဆင်အိုးဝ ၊ အထက်ဘိုင်၊ ဝါးရုံ၊ ရွှေလိုက်ဝနှင့် ကုန်ပြင် ကျေးရွာအုပ်စုတို့ ဖြစ်သည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ထိုကျေးရွာအုပ်စု ၁၂ စု၏ စာရင်းမှာ အောက်တိုဘာ ၂၃ ရက်က ချင်းပြည်နယ်အစိုးရအနေဖြင့် UEC ကို စာပေးပို့စဉ်က ထည့်သွင်းတင်ပြခဲ့သည် ဟု ပြော သည်။
UEC အနေဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်ပြသည့် စာကိုလည်း ဖတ်ရှုလေ့လာပြီး အောက်တိုဘာ ၂၇ ရက်မှ ရွေး ကောက်ပွဲ မကျင်းပနိုင်မည့် နယ်မြေစာရင်းကို ကြေငြာသဖြင့် ထပ်မံပြောဆိုရန် မရှိတော့ပါဟု ဦးစိုးထက်က ဆိုသည်။
ဦးစိုးထက်က “ကာကွယ်ရေးရဲ့ သဘောအရ လုံခြုံမှုကို အဲဒီ ၃နေရာမှာပဲ ပေးနိုင်တယ်။ ပလက်ဝမြို့ပေါ်၊ ဆမီးမြို့ပေါ်နဲ့ ရှင်းလက်ဝအုပ်စု ပေါ့။ လုံခြုံရေး ပေးနိုင်ပြီး လွတ်လပ်မျှတတဲ့နေရာ ၃ခု ဖြစ်လို့ UEC ကလည်း ကြေငြာပြီးပြီဖြစ်လို့ ကျနော်တို့ လက်ခံ ရမှာပေါ့။ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ ယောက်နဲ့ ပြည်ထောင်စု လွှတ်တော် ၃ ယောက် အတွက်လည်း ခြုံငုံမိတယ်ပြောလို့ ကျနော်တို့ လက်ခံပါတယ်”ဟု ပြောသည်။
စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင် မြို့နယ် ၉ ခုလုံး ဖျက်သိမ်းခံရပြီး ပလက်ဝမြို့နယ်တွင် လုံးဝ မကျင်းပခြင်း ထက် နယ်မြေအချို့ကို ရွေးကာ ရွေးကောက်ပွဲ ကျင်းပခွင့် ရသည်ကိုပင် ကျေနပ်နေပါပြီဟုလည်း ဦးစိုးထက်က ဆိုသည်။
ပလက်ဝမြို့နယ်တွင်း လူဦးရေတသိန်းကျော်အနက် မဲပေးပိုင်ခွင့် ရှိသူဦးရေ ခြောက်သောင်းကျော် ရှိသည်။
သို့သော် ကျေးရွာအုပ်စု ၉၄ စုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတော့သဖြင့် လူဦးရေ ၄၀၀၀၀ ကျော်မှာ မဲပေးခွင့် ဆုံးရှုံးမည်ဖြစ်ပြီး ကျန်ဦးရေ ၁၇၀၀ဝ ကျော်သာ မဲပေးခွင့် ရတော့မည် ဖြစ်သည်။
ပလက်ဝမြို့နယ်တွင်း တပ်မတော်သားများနှင့် တပ်မိသားစုဝင်များမှ ပေးထားသည့် ကြိုတင်မဲများ ကို ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများမှ ပြောဆိုခြင်း မရှိပါ။
ပလက်ဝမြို့နယ်တွင် ပလက်ဝမြို့ပေါ် ရပ်ကွက် ၄ ခု၊ ဆမီးမြို့ပေါ် ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၉၅ စု ရှိရာ ယခုအခါ ကျေးရွာအုပ်စု ၉၄ စုကို ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း ပယ်ဖျက်လိုက်သဖြင့် ရပ်ကွက် ၇ ခုနှင့် ကျေးရွာအုပ်စု တစုတွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မည် ဖြစ်သည်။
ဧရာဝတီသတင်းထောက် နန်းလွင်နှင်းပွင့်၊ ခိုင်ရိုးလနှင့် ဆက်ပိုင်တိုး ပူးပေါင်းရေးသားသည်။
You may also like these stories:
မဲရုံပစ္စည်းများ သွားပို့သည့်အဖွဲ့ကို ၎င်းတို့ ပစ်ခတ်ကြောင်း RCSS ဝန်ခံ
ANP ပါတီ အောင်နိုင်ရေးသင်္ဘော သံတွဲနှင့် ဂွမြို့တို့၌ ကမ်းကပ်ခွင့် မရ
ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ရခိုင် ၄ မြို့နယ်ကိစ္စ ပြန်သုံးသပ်ရန် ပြည်ထောင်စုသို့ တင်
မြို့နယ် ၆ ခုကို ပြန်သုံးသပ်ပေးရန် TNP ပါတီက UEC ထံတင်ပြ