ဆောင်းပါး

ကမ္ဘောဇတိုင်းက စောင့်ကြည့်ရမယ့် ပါတီစုံ အားစမ်းပွဲ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ဧရိယာ အကျယ်ဆုံးပြည်နယ် ဖြစ်ပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ အခြေချနေထိုင်သည့် ရှမ်းပြည်နယ် သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာ အခြေအနေများ ရှိနေပေသည်။

အဘယ်ကြောင့်ဆိုသော် ရှမ်းပြည်နယ်သည် ရှမ်း၊ ဗမာ၊ ပအို့ဝ်၊ ပလောင်၊ လားဟူ၊ ဓနု၊ ကိုးကန့်၊ ဝ၊ အာခါနှင့် ကချင် လူမျိုးများ အပြင် အခြားတိုင်းရင်းသားများ မှီတင်းနေထိုင်နေကြသော ပြည်နယ်ကြီးဖြစ်နေပြီး သက်ဆိုင်ရာ လူမျိုးအလိုက် နိုင်ငံရေးပါတီများလည်း ရှိနေသောကြောင့်ဖြစ်သည်။

ထို့အတူ ပါတီနိုင်ငံရေးလမ်းကြောင်းကို မဆောင်ရွက်ဘဲ အစိုးရကို လက်နက်ကိုင်တော်လှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများမှာလည်း ၈ ဖွဲ့ထက်မနည်း ရှိနေသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိနေသည့် နည်းတူ ယင်းအဖွဲ့များ၏ လှုပ်ရှားမှုများကို တန်ပြန်မည့် မြန်မာ့ တပ်မတော် တပ်ရင်း တပ်ဖွဲ့များကလည်း အမြောက်အမြားရှိနေသည်ဖြစ်ရာ ပြောရမည်ဆိုလျှင် ရှမ်းပြည်နယ်သည် နိုင်ငံရေးအသွင်သဏ္ဍာန်အားဖြင့် အရောင်အသွေးစုံသည်ဟု ဆိုနိုင်မည်ဖြစ်သည်။

နိုင်ငံရေး အရောင်အသွေး စုံလှသည့် ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲအကြို နိုင်ငံရေး အခင်းအကျင်းသည် မည်သို့ ရှိပါသနည်း။ သေချာစွာ လေ့လာကြည်ရှုပါက ထင်ရှားစွာ တွေ့မြင်လာမည်ဖြစ်ပါသည်။

ပါတီနိုင်ငံရေးအခင်းအကျင်း

ကမ္ဘောဇတိုင်းဟူသော အမည်ဖြင့်ထင်ရှားသည့် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ဘက်တွင် တည်ရှိသော ပြည်နယ် ဖြစ်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၆၀၁၅၅ ဒဿမ ၂ မိုင်ကျယ်ဝန်းသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ဖော်ပြထားသော အချက်အလက်များအရ ရှမ်းပြည်နယ်တွင် လူဦးရေ စုစုပေါင်း ၅ သန်း ၈ သိန်းကျော်နေထိုင်ကြောင်း သိရသည်။ ပြည်နယ်၏ မြို့တော်မှာ တောင်ကြီး ဖြစ်ပြီး ရှမ်းပြည်နယ်ကို ရှမ်းအရှေ့၊ ရှမ်း တောင်၊ ရှမ်းမြောက်ဟူ၍ အပိုင်း ၃ ပိုင်းခွဲထားသည်။

အုပ်ချုပ်ရေးခရိုင် ၁၃ ခုရှိပြီး မြို့နယ်ပေါင်း ၅၅ မြို့နယ်ရှိသည်။ ရှမ်းပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းအနေဖြင့် မြို့နယ်ပေါင်း ၅၀ မြို့နယ်မှ မဲဆန္ဒရှင် စုစုပေါင်း ၃၅ သိန်းကျော်ရှိကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ ပြည်နယ်အခြေစိုက် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး အလိုက် နိုင်ငံရေးပါတီများ အပြင် ပြည်မမှ ဗမာအင်အားကြီး နိုင်ငံရေးပါတီများလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ရှမ်းပြည်နယ်တွင် အခြေပြုထားသော တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ပါတီရှိသည်။

၎င်းတို့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီနှင့် ဓနုအမျိုးသားများ အဖွဲ့ချုပ်ပါတီတို့ ဖြစ်သည်။

ထို့ပြင် ဝ နိုင်ငံရေးပါတီ ၃ ခုပေါင်းစည်းထားသည့် “ဝ” အမျိုးသားပါတီ၊ လားဟူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် ကချင် တိုင်းရင်းသားများပါတီတို့ လည်းရှိကြသည်။

လူမျိုးအလိုက်ကြည့်လျှင် ရှမ်းလူမျိုး ၂ ပါတီ၊ ကိုးကန့် ၂ ပါတီ၊ ပအိုဝ်း ၂ ပါတီ၊ ဓနု ၂ ပါတီ၊ အင်းသား ၂ ပါတီစီ ရှိပြီး ဝ၊ လားဟူ၊ အာခါ၊ တအာင်း၊ ကချင်လူမျိူးတို့၏ ပါတီက ၁ ပါတီစီ ရှိကြောင်း တွေ့ရသည်။

ရှမ်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်မမှ အင်အားကြီးနိုင်ငံရေးပါတီများမှာ အဓိကအားဖြင့် ၂ ပါတီရှိသည်။ ၎င်းတို့မှာ လက်ရှိ အာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နှင့် တပ်မတော်၏ နိုင်ငံရေး မျှော်မြင်ချက်များနှင့် နီးစပ်သည်ဟု ရှုမြင်ခြင်းခံရသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ သက်သက်ခိုင် ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီတို့လည်း ရှမ်းပြည်နယ်ရှိ နေရာဒေသအချို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲ အခင်းအကျင်းအရ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၅၅ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၁၁၀ နေရာနှင့် တိုင်းရင်းသား ရေးရာဝန်ကြီး ၇ နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် ၁၈၄ နေရာ ရှိသည်။

ရွေးကောက်ပွဲမကျင်းပနိုင်သော နေရာများ

ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်များထဲမှ နေရာအချို့တွင်တော့ ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ပေ။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က အောက်တိုဘာလ ၁၆ ရက်တွင် ကြေညာလိုက်သည့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများစာရင်းအရ ရှမ်းပြည်နယ်၌ တမြို့နယ်လုံး ရွေးကောက်ပွဲမကျင်းပနိုင်မည့် မြို့ ၆ မြို့ရှိသည်။

၎င်းတို့မှာ မိုင်းလား၊ ပန်ခမ်း၊ နားဖန်း ၊ မိုင်းမော၊ ပန်ဝိုင် နှင့် မိုင်းကိုင်မြို့တို့ဖြစ်သည်။ အဆိုပါ ၆ မြို့တွင် မိုင်းကိုင်မြို့မှ အပ ကျန်မြို့များသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိချေ။

ပန်ခမ်း၊ နားဖန်း၊ မိုင်းမော နှင့် ပန်ဝိုင်တို့သည် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး မိုင်းလားသည် မိုင်းလားအဖွဲ့ဟု လူသိများသည့် NDAA အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။ တနည်း အားဖြင့် အစိုးရအာဏာစက် မသက်ရောက်သဖြင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းဖြစ်သည်။

အသစ်တိုးလာသည့် မိုင်းကိုင်မြို့ကမူ လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့၏ နှောင့်ယှက်မှုကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်မည့် နေရာများ စာရင်းတွင် ပါလာရခြင်းဖြစ်သည်။

မိုင်းကိုင်မြို့သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့လွှမ်းမိုးထားသည့် နေရာဖြစ်ပြီး ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီများ မဲဆွယ်ရာတွင် RCSS က ဝင်ရောက်ကန့်သတ် နေခြင်းများရှိနေကြောင်း ကန့်သတ်ခံရသည့် တအာင်း (ပလောင်) အမျိုးသားပါတီထံမှ သိရသည်။

တနည်းအားဖြင့် RCSS အဖွဲ့သည် ရှမ်းနိုင်ငံရေးပါတီများကိုသာ မိုင်းကိုင်တွင် မဲဆွယ်ခွင့်ပြုနေပြီး တအောင်း (ပလောင်) အမျိုးသား ပါတီ မဲဆွယ်၍ မရရန် ကန့်သတ်နေခြင်းဖြစ်သည်။ တအောင်း (ပလောင်) အမျိုးသား ပါတီက ထိုသို့ ခွဲခြား ကန့်သတ်ခံရသည့် အခြေအနေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံတိုင်ကြားခဲ့ပြီးနောက်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်မည့် နေရာများစာရင်း၌ မိုင်းကိုင်မြို့နယ်ပါ ပါဝင်လာခြင်းဖြစ်သည်။

မြို့နယ်တခုလုံး မဟုတ်သော်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအလိုက် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်များလည်း ရှိသည်။ ၎င်းတို့မှာ ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ကွတ်ခိုင်၊ မက်မန်း၊ မိုင်းတုံ၊ တန့်ယန်း၊ ကုန်းကြမ်းနှင့် ဟိုပန်မြို့နယ်တို့ဖြစ်ကြသည်။

ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအလိုက် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်အများစုသည် ရှမ်းအရှေ့နှင့် မြောက်ပိုင်းဒေသများမှ မြို့နယ်များဖြစ်နေသည်ကို တွေ့ရပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဒေသမှ မြို့နယ်များ ပါဝင်ခြင်း မရှိကြောင်းတွေ့ရသည်။

သေချာသည်က ယင်းမြို့နယ်များတွင် ထောက်ခံသူ အမြောက်အမြားရှိသည့် နိုင်ငံရေးပါတီများအတွက် ထောက်ခံမဲများ အားနည်းသွားနိုင်သည့် သဘောပင်ဖြစ်သည်။

ရှမ်းပြည်နယ်တွင် နိုင်ငံရေးပါတီ အမြောက်အမြားရှိကြသော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲရလဒ်များအရ အားသာသည့် နိုင်ငံရေးပါတီများကို ခပ်ကြမ်းကြမ်း ခွဲခြမ်းစိတ်ဖြာကြည့်လျှင် များများစားစားတော့ မရှိလှပေ။

အစိမ်းရောင် အလံတွင် ခြင်္သေ့ တံဆိပ်နှင့် USDP သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက နေရာ အတော် များများ အနိုင်ရခဲ့ပြီး ၎င်း၏ အနောက်တွင် ကျားခေါင်းတံဆိပ်နှင့် (SNLD)၊ ခွပ်ဒေါင်းတံဆိပ် နှင့် (NLD) တို့က လိုက်သည်။

ထို့နောက် ပအို့ဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) တို့သည်လည်း ၎င်းတို့လူမျိုးအများစု အခြေစိုက်သည့် ဒေသများတွင် အနိုင်ရခဲ့သည်။

ထို့ကြောင့်ပင် အထက်ပါ နိုင်ငံရေးပါတီများသာ ယခုလာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

အစိမ်းရောင်ခြင်္သေ့တို့၏ ခြေလှမ်း

အစိမ်းရောင်အလံတွင် ခြသေ့ၤတံဆိပ်နှင့် USDP သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် အတွက် ၁၅ နေရာအနိုင်ရပြီး ရှမ်းပြည်နယ်၌ နေရာအများဆုံး အနိုင်ရသည့် နိုင်ငံရေးပါတီဖြစ်လာသည်။ အမျိုးသား လွှတ်တော်တွင် ၃ နေရာ အနိုင်ရခဲ့သည်။

ပြောရလျှင် ရှမ်းပြည်နယ်ရှိနေရာ အများစုကို အစိမ်းရောင် ခြင်္သေ့တို့ လွှမ်းမိုးထားသည်ဟု ဆိုရမည်ဖြစ်ပေသည်။ ယခုလာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း ယခင်ကတည်းက အားကောင်းခဲ့သည့် ခြင်္သေ့တို့ ထပ်မံ အားကောင်းလာမည်လောဟု မေးစရာရှိလာသည်။

USDP အနေနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အပ ကျန်နေရာများမှ တဆင့် ရွေးကောက်ပွဲဝင်မည် ဖြစ်ပြီး ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၅၀ ကျော်ဝင်ပြိုင်မည် ဖြစ်ကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။

ဒေါက်တာ နန္ဒာလှမြင့်သည့် ကလောမြို့နယ်မှ တဆင့် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်ပြီး USDP ပါတီပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည်။

“ရှမ်းပြည်နယ်မှာ ပြည်ခိုင်ဖြိုးပါတီ အားကောင်းပါတယ်။ ၂၀၁၅ ကထက် ပိုအားကောင်းမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဒေါက်တာနန္ဒာလှမြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကလောမဲဆန္ဒနယ်သည်လည်း တဖက်နှင့် တဖက် အကြိတ်အနယ် ယှဉ်ပြိုင် ရနိုင်သည်ဟု လေ့လာသူများက ယူဆနေကြသည်။ ဒေါက်တာနန္ဒာလှမြင့်၏ အဓိက ပြိုင်ဘက်ဖြစ်နေသည့်သူမှာ NLD ပါတီမှ ကလောမဲဆန္ဒနယ် လက်ရှိပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ဒေါ်ပြုံးကေသီနိုင်သည် USDP ပါတီက ဦးတင်နိုင်သိန်းကို မဲ ၈၀၀၀ အကွာဖြင့် အနိုင်ရ ခဲ့သည်။ ဒေါ်ပြုံးကေသီနိုင်သည် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် ပြည်ထောင်စုလွှတ်တော် အာဆီယံ ပါလီမန်များညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး နိုင်ငံတကာရေးရာ ကိစ္စများ နားလည်ကျွမ်းကျင်သူ ဖြစ်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်နှင့် USDP ပါတီ၏ ဗဟိုကော်မတီဝင်လည်း ဖြစ်ပြီး ကလောမြို့သားလည်းဖြစ်သည့် ဒေါက်တာ နန္ဒာလှမြင့် တို့၏ ယှဉ်ပြိုင်မှုသည် အကြိတ်အနယ် ဖြစ်လာနိုင်ကြောင်း လေ့လာသူများက ခန့်မှန်းထားကြသည်။

ဒေါက်တာနန္ဒာလှမြင့်သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်နေရာအတွက် ကလောမဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD ပါတီမှ ဦးစိုးညွန့်လွင် (ခ) ဦးစိုးကြီးကို မဲအရေအတွက် ၄၀၀၀ ကျော် အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။

USDP ပါတီသည် တပ်မတော်၏ နိုင်ငံရေးမျှော်မြင်ချက်များနှင့် မူဝါဒချင်းနီးစပ်သည်ဟု ရှုမြင်ချင်း ခံရသည့် နိုင်ငံရေးပါတီ ဖြစ်ပြီး တပ်မတော်မှ ဆန္ဒမဲများသည် USDP ထံသွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ဆိုကြသည်။

ထို့အတူ တပ်မတော်တပ်စခန်းနှင့် ပြည်သူ့စစ်အဖွဲ့များ အမြောက်အမြားရှိနေသည့် ရှမ်းပြည်နယ်တွင် USDP သည် တပြည်နယ်လုံး အတိုင်းအတာဖြင့် မနိုင်နိုင်သည့် တိုင်အောင် ယခင်ကအတိုင်း ပိုနေမြဲကြားနေမြဲ အနေအထားဖြင့် အနိုင်ရနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း ကွတ်ခိုင်၊ ကောင်းခ၊ မန်ပန်း၊ ပန်းဆေး နှင့် တာမိုးညဲ ပြည်သူ့စစ်အဖွဲ့များက USDP ကို ထောက်ခံခဲ့ကြသည်။

ရှမ်းပြည်ကိုလွှမ်းမိုးမည်ဆိုသည့် အဝါရောင်ကျားများ

အဝါရောင်ကျားခေါင်း တံဆိပ်ကိုင်စွဲထားသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီသည်ကား လာမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်အဆင့်တွင် အနိုင်အရဆုံး နိုင်ငံရေးပါတီဖြစ်လာရန် ရည်မှန်း ထားကြောင်း ယင်းပါတီထံမှ သိရသည်။
ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် အတော်များများတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း SNLD ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က ဧရာဝတီသို့ပြောကြားသည်။

“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကတော့ ပအိုဝ်းထဲမှာ နည်းနည်းလေးဝင်တယ်။ နောက်ဆုံး ဟိုပန်ကတော့ ဝ ထဲ သွားကျ မလားတော့ မသိဘူး။ တခြမ်းပါပဲ။ နည်းနည်းလေး ဝင်တဲ့သဘောပါပဲ။ ကျန်တဲ့ ဓနုတို့ဘာတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့ကတော့ ကျနော်တို့မဝင်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအချို့တွင် ရှမ်းလူမျိုးများလည်း နေထိုင်ကြပြီး ၎င်းတို့က ရွေးကောက်ပွဲဝင်ရန် တိုက်တွန်း သဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အချို့၌ ရွေးကောက်ပွဲဝင်ရခြင်း ဖြစ်ကြောင်း ဦးစိုင်းကျော်ညွန့်က ရှင်းပြသည်။

ကိုယ်စားလှယ်လောင်းများတွင် လူငယ်နှင့် လူလတ်ပိုင်းအများဆုံးဖြစ်ပြီး အမျိုးသမီး ကိုယ်စားလှယ်လောင်းမှာ ၃၆ ယောက်ပါဝင်နေကြောင်း SNLD ပါတီထံမှ သိရသည်။

စည်းရုံးရေးဆင်းရာတွင် ကိုဗစ်ကာကွယ်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည့် လမ်းညွှန်ချက်များ အတိုင်း လိုက်နာက ပုံစံအမျိုးမျိုးဖြင့် မဲဆွယ်စည်းရုံးရေးဆောင်ရွက်နေကြောင်း ဦးစိုင်းကျော်ညွန့်က ပြောဆိုသည်။

သို့သော်လည်း တကယ်တမ်းအားဖြင့် ရှမ်းပြည်နယ်ကို လွှမ်းမိုးမည်ဟု ကြုံးဝါးနေသည့် အဝါရောင်ကျားများဖြစ်သော SNLD အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် အလုံးစုံ အဆင်ပြေချောမွေ့မည့် ပန်းခင်းလမ်းတော့ မဟုတ်ပေ။ စိန်ခေါ်ချက်တချို့လည်း ရှိနေသည်။

“ဒီအချိန်မှာတော့ ကိုယ့်ရဲ့အားသာချက်တွေကို ညှစ်ထုတ်ရမှာပေါ့။ ပါတီမူဝါဒတွေလည်း မိတ်ဆက်ထားတယ်။ နောက်ပိုင်း တောက်လျှောက်လည်း ဒီပေါ်လစီမှာပါတဲ့ ဟာတွေ။ ကျနော်တို့ ပေ့ချ်ကနေ တောက်လျှောက် တင်ပြသွားဖို့ရှိတယ်” ဟု ၎င်း ဆက်လက်ပြောဆိုသည်။

ရှမ်းပြည်နယ် တောင်မှ မြောက်အထိ အလယ်ပိုင်းတကျောရှိ မြို့နယ် ၁၃ မြို့နယ်သည် SNLD အားကောင်းသည့် နေရာများဖြစ်သည်။

သို့သော်လည်း တကယ်တမ်းအားဖြင့် ရှမ်းပြည်နယ်ကို လွှမ်းမိုးမည်ဟု ကြုံးဝါးနေသည့် အဝါရောင်ကျားများဖြစ်သော SNLD အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် အလုံးစုံ အဆင်ပြေချောမွေ့မည့် ပန်းခင်းလမ်းတော့ မဟုတ်ပေ။ စိန်ခေါ်ချက်တချို့လည်း ရှိနေသည်။

ပြီးခဲ့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် SNLD သည် ပြည်သူ့လွှတ်တော်အတွက် ၁၂ နေရာအနိုင်ရခဲ့ပြီး အမျိုးသား လွှတ်တော် အတွက် ၃ နေရာ အနိုင်ရခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် NLD ပါတီနှင့် အနိုင်ရမှုပမာဏ မတိမ်း မယိမ်းရှိသည်။

ဥပမာ အားဖြင့် USDP အားကောင်းသည့် ရှမ်းအရှေ့ဒေသများသည် SNLD အတွက် လွယ်ကူမည်မဟုတ်ဘဲ အတော်လေး ရုန်းကန် ကြိုးစားမှရမည့် အနေအထားရှိသည်။ အလားတူ ပြည်နယ်၏ မြို့တော်ဖြစ်သည့် တောင်ကြီးခရိုင်တွင်လည်း SNLD က ကြိုးစားယှဉ်ပြိုင်ရမည့် အခြေအနေရှိသည်။
SNLD ပါတီအနေနှင့်လည်း ယင်းအခြေအနေကို ကောင်းကောင်းသိသော်လည်း ရွေးကောက်ပွဲအတွက် ယုံကြည်ချက် အပြည့်ရှိနေလေသည်။

“ရှမ်းအရှေ့ကတော့ ကျနော်တို့ တော်တော်ဖိုက်ရမယ်ဗျ။ ဒါပေမယ့် အဲဒီထဲက တချို့ဝက်လောက်တော့ ကျနော်တို့ နိုင်မယ်လို့ မျှော်လင့်ထားတယ်” ဟု ဦးစိုင်းကျော်ညွန့်က မှတ်ချက်ပေးသည်။

ဒေါင်းအိုးဝေသံ ညံလေမလား

လက်ရှိ အာဏာရပါတီဖြစ်သော ခွပ်ဒေါင်းတံဆိပ်နှင့် (NLD) ပါတီသည်လည်း ရှမ်းပြည်နယ်တွင် ကိုးကန့် နှင့် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် မိုင်းလားမြို့တို့မှ အပ ကျန်မြို့နယ် ၄၆ မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

“ပြည်နယ်မှာက ၉၂ ဦးပေါ့။ တိုင်းရင်းသားရေးရာဝန်ကြီးနေရာက ၇ ဦး ပေါ့။ အမျိုးသားလွှတ်တော် ၁၁ ဦး၊ ပြည်သူ့ လွှတ်တော်က ၄၆ ဦးပေါ့။ အဲဒါဆိုစုစုပေါင်းက ၁၅၆ ဝင်ပြိုင်မှာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးဇော်မင်းလတ်က ဧရာဝတီသို့ပြောကြားသည်။

NLD ပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလက ပြည်သူ့လွှတ်တော်တွင် ၁၂ နေရာ အနိုင်ရပြီး အမျိုးသား လွှတ်တော်တွင် ၃ နေရာအနိုင်ရခဲ့သည်။ SNLD ပါတီနှင့် မတိမ်းမယိမ်းအနေအထားဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် ရှမ်းပြည်နယ်အနောက်ဘက်အခြမ်းတွင် ပိုအားကောင်းသည်။

ရှမ်းပြည်နယ်ရှိ မြို့ပေါ် လူထုအသိုက်အဝန်းသည် NLD ကို ပိုမိုထောက်ခံကြောင်းတွေ့ရသည်။

NLD ပါတီအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံကောင်းများကို မှတ်သားကာ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ထက် မနိမ့်သော အနေအထားဖြင့် အနိုင်ရရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် NLD ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဖော်ပြထားသည့် ငြိမ်းချမ်းရေး ဆိုင်ရာ အခြေခံမူ ၃ ချက်ကို ကိုင်၍ ဟောပြောစည်းရုံးမည်ဖြစ်ကြောင်း သိရသည်။

“Infrastructure တွေတိုးတက်မှုက အထူးပြောစရာမလိုဘူး ထင်ပါတယ်။ သို့သော်လည်း အစိုးရရဲ့ ဆောင်ရွက်ပေးတဲ့ ဖွံ့ဖြိုးတိုးတက်မှုအပြင် ထပ်ပြီး အစိုးရ ဖွဲ့နိုင်ရင် လုပ်မယ့်လုပ်ငန်းစဉ်တွေ ရွေးကောက်ပွဲကြေငြာစာတမ်းမှာ မပါတာတွေကို ထည့်ပြီးတော့ ဟောပြောမှာဖြစ်ပါတယ်” ဟု ဦးဇော်မင်းလတ်က ပြောသည်။

စိန်ခေါ်မှုအနေနှင့် ၂၀၁၅ ရွေးကောက်ပွဲကာလတုန်းက USDP အနိုင်ရမှုများခဲ့သဖြင့် အစိမ်းတို့မြေဖြစ်သွားခဲ့သော ရှမ်းပြည်နယ်အရှေ့ပိုင်းသည် NLD အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် နေရာများဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းသားပါတီများ ပိုမိုအားကောင်းလာသည့် ရှမ်းပြည်နယ်တွင် NLD ပါတီ ယခင်ကထက် ပိုမို အနိုင်ရပါ့မလားဟု ဧရာဝတီက မေးမြန်းခဲ့ရာ ဦးဇော်မင်းလတ်က “နိုင်ရမှာပေါ့”ဟု တခွန်းတည်းဖြေသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ထိပ်တန်းပါတီများ

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ နေရာအများစု အနိုင်ရသည့် ဒေသခံလူမျိုးစု နိုင်ငံရေးပါတီများသည်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရေး ပြင်ဆင်နေသည်။

အထူးသဖြင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီနှင့် တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) တို့သည် ၎င်းတို့ အခြေစိုက်သည့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌လည်း အများစုအနိုင်ရခဲ့သဖြင့် သက်ဆိုင်ရာဒေသအလိုက် ထိပ်တန်းပါတီများဟုပင် ဆိုရမည် ဖြစ်သည်။

PNO သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဟိုပုန်း၊ ဆီဆိုင်နှင့် ပင်လောင်းမြို့များတွင် အားအကောင်းဆုံး နိုင်ငံရေးပါတီပင်ဖြစ်သည်။
၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် အဆိုပါမြို့နယ်ရှိ မဲဆန္ဒနယ်များတွင် ပြိုင်ဘက်နိုင်ငံရေးပါတီများကို မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။ ပြည်သူ့လွှတ်တော်တွင်သာမက အမျိုးသားလွှတ်တော်တွင်ပါ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

လာမည့် အထွေထွေရွေးကောက်ပွဲတွင်လည်း ရှမ်းပြည်နယ်၌ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ပင် အဓိက ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အနည်းဆုံး ၁၀ နေရာအနိုင်ရရန် မျှော်မှန်းထားကြောင်း ယင်းပါတီထံမှသိရသည်။

ထို့ပြင် တောင်ကြီး ၊ ရပ်စောက်၊ ညောင်ရွှေ၊ ကလော၊ လွိုင်လင်နှင့် နမ့်စန်မြို့များတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

“ကျနော်တို့ ဝင်ယှဉ်ပြိုင်တဲ့နေရာ အားလုံး ၂၈ နေရာပေါ့။ ကျနော်တို့ သေချာတယ်လို့ ယူဆထားတာကတော့ ၂၁ နေရာလောက်ရှိတယ်။ လောလောဆယ် စည်းရုံးမှုအနေအထားအရတော့ အဲဒီထက်မက ကျနော်တို့ ပိုပြီး မျှော်မှန်း နိုင်တယ်ပေါ့” ဟု PNO ဗဟိုကော်မတီဝင် စောခွန်ကျော်ဝင်းက ပြောကြားသည်။

နိုင်ငံရေးလေ့လာသူများကလည်း PNO သည် လာမည့် ရွေးကောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်များတွင် အနိုင်ရရန် အလားအလာကောင်းသည့် ပါတီအဖြစ် ရှုမြင်ထားကြသည်။

တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) သည်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားနှင့် ပြည်နယ်လွှတ်တော်နေရာများ အားလုံးတွင် ပြိုင်ဘက် ပါတီများကို မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။

လာမည့် ရွေးကောက်ပွဲတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်တုံနှင့် နမ့်ဆန်မြို့များအပြင် နမ္မတူ၊ လားရှိုး၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင် နှင့် ကျောက်မဲမြို့များတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ တအာင်းလူမျိုးများ နေထိုင်မှုရှိသည့် မိုင်းကိုင်မြို့တွင် မူလက ရွေးကောက်ပွဲဝင်ရန် စီစဉ်ထားသော်လည်း RCSS အဖွဲ့၏ နှောင့်ယှက်မှုများ ကြုံရပြီးနောက် UEC က ရွေးကောက်ပွဲ မကျင်းပနိုင်မည့် နေရာများအဖြစ် သတ်မှတ်ကြေညာလိုက်သဖြင့် ရွေးကောက်ပွဲဝင်နိုင်မည့် အခြေအနေမရှိတော့ပေ။

လေ့လာသုံးသပ်သူများကမူ TNP ပါတီအနေနှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပြင် ၂၀၁၅ တုန်းက အနိုင်ရခဲ့သည့် နမ့်ခမ်းမြို့နယ်တွင်လည်း အနိုင်ရရန် အခြေအနေကောင်းနေသည်ဟု ဆိုကြသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်၍ ယင်းပါတီ ဗဟိုကော်မတီဝင် ဦးတာလှဖေက လက်ရှိ အနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးထက်ပို၍ စုစုပေါင်း ကိုယ်စားလှယ်နေရာ ၂၀ နေရာအထက် ရရှိရန် မျှော်မှန်းကြောင်း ပြောဆိုထားသည်။
အင်အားကောင်းလာသည့် ပေါင်းစည်းပါတီ

လူမျိုးတူပါတီများ ပေါင်းစည်းလိုက်သဖြင့် လာမည့် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ ပိုမိုအားကောင်းလာမည့် နိုင်ငံရေး ပါတီတခုလည်းရှိသည်။ ယင်းမှာ ဝ နိုင်ငံရေးပါတီ ၃ ခု ပေါင်းစည်းထားသော ဝ အမျိုးသားပါတီ (WNP) ပင် ဖြစ်သည်။

WNP ကို ဝ အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ၊ ဝ ဒီမိုကရက်တစ် ပါတီနှင့် ဝ လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက် ဖွံ့ဖြိုးရေး ပါတီ တို့ဖြင့် ပေါင်းစည်း တည်ထောင်ထားခြင်းဖြစ်သည်။

WNP အနေဖြင့် ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည့် ဟိုပန်မြို့နယ်နှင့် မက်မန်းမြို့နယ်တို့ အတွက်သာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း WNP ဥက္ကဋ္ဌ ဦးဆိုင်းပေါင်းနပ်က ပြောကြားသည်။

“ဟိုပန်မြို့နယ်မှာ ၃ နေရာ၊ မက်မန်းမှာ ၃ နေရာ၊ နောက်ပြီးတော့မှ အမျိုးသား လွှတ်တော် ၁ နေရာလည်း ဝင်ရောက် ယှဉ်ပြိုင်မယ်” ဟု ၎င်းက ရှင်းပြသည်။

၂၀၁၅ ရွေးကောက်ပွဲ ရလဒ်များကို ပြန်ကြည့်ပါက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် ဝ ဒီမိုကရက်တစ်ပါတီက အနိုင်ရခဲ့ပြီး မက်မန်းမဲဆန္ဒနယ်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်ဖြစ်သော ဦးတင်အေးက အနိုင်ရခဲ့သည်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အခြေပြုသည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင်လည်း ဝ နိုင်ငံရေးပါတီ ၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း USDP ပါတီကို ရှုံးနိမ့်ခဲ့သည်။ ပြည်နယ်မဲဆန္ဒနယ်များတွင်မူ ဝ ပါတီများ အလားအလာ ကောင်းခဲ့သည်။

ဟိုပန် မဲဆန္ဒနယ် အမှတ် (၁) နှင့် အမှတ် (၂) တွင် ဝ ဒီမိုကရက်တစ်ပါတီ အနိုင်ရခဲ့ပြီး မက်မန်း (၁) တွင် ဝ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီက အနိုင်ရရှိခဲ့သည်။ မက်မန်း မဲဆန္ဒနယ် အမှတ် (၂) တွင်မူ ဝ ပါတီများ ရှုံးနိမ့်ခဲ့ပြီး လားဟူ ပါတီက အနိုင်ရခဲ့သည်။

ထို့ကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သုံးပါတီပေါင်းစည်းထားသဖြင့် အင်အားကောင်းလာသည့် WNP သည် ၂၀၁၅ ရွေးကောက်ပွဲ၏ ရှုံးကြွေးကို ဆပ်နိုင်မည်လား ဆိုသည်မှာ စိတ်ဝင်တစား စောင့်ကြည့်ရမည့် အခြေအနေရှိသည်။

ဝ ပါတီများ ပေါင်းစည်းရခြင်း၏ အဓိက အကြောင်းအရင်းတရပ်မှာလည်း ၃ ပါတီမပေါင်းပါက မဲမထည့်နိုင်ဟု ဒေသခံ ဝလူမျိုးများ တိုက်တွန်းသောကြောင့်ဖြစ်ရာ တခုတည်းသော ပါတီအဖြစ် ပေါင်းစည်းထားသည့် WNP သည် လာမည့် ရွေးကောက်ပွဲတွင် ဝလူမျိုးများ၏ မဲအများစု ရလာနိုင်သည်ဟု ယေဘုယျ ခန့်မှန်းရပေသည်။

ရွေးကောက်ပွဲရလဒ် မျှော်မှန်းချက်

လေ့လာသုံးသပ်သူများကမူ ရှမ်းပြည်နယ်၏ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်သည် ဖြစ်နိုင်ချေ ၂ မျိုး ရှိလာနိုင် ကြောင်း ဆိုကြသည်။ ပထမ တမျိုးမှာ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်နှင့် သိပ်မကွာဘဲ USDP က အများစု အနိုင်ရပြီး NLD နှင့် SNLD တို့က မတိမ်းမယိမ်းအနိုင်ရကာ ကျန်တိုင်းရင်းသားပါတီများသည် သက်ဆိုင်ရာ ဒေသအလိုက် အနိုင်ရနိုင်သည် ဆိုသည့် ခန့်မှန်းချက်ဖြစ်သည်။

ဒုတိယ တမျိုးကမူ လူနည်းစုတိုင်းရင်းသား နိုင်ငံရေးပါတီများ ပိုမိုအင်အားကောင်းလာပြီး အနိုင်ရမှု များလာနိုင်သည် ဆိုသည့် သုံးသပ်ချက်ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ သီပေါမြို့တွင် နေထိုင်သည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကမူ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်သည် ၂၀၁၅ အခြေအနေနှင့် သိပ်ကွာလိမ့်မည်မဟုတ်ကြောင်း ပြောဆိုသည်။

“USDP ကလည်း လျှော့တွက်လို့မရဘူး။ ရှမ်းမှာ သူ့ရဲ့ အမာခံနယ်မြေတွေရှိတယ်။ ပြည်သူ့စစ်တွေကလည်း USDP ကို ထောက်ခံကြတာ များတယ်။ NLD ကိုက မြို့ပေါ်နေတဲ့ လူတွေက ထောက်ခံကြတာများတယ်။ နောက်တခါ ကိုဗစ်ကြောင့် လူတွေ မဲပေးကြပါ့မလား ဆိုတာလည်း ရှိသေးတယ်” ဟု၎င်းက ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သည့် မြန်မာပြည်အခြေစိုက် သုတေသနအဖွဲ့ ၁ ဖွဲ့ဖြစ်သည့် တကောင်းနိုင်ငံရေး လေ့လာမှု အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းကမူ လာမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများ ပိုမို အားကောင်းလာမည်ဟု ဆိုသည်။

ကိုရဲမျိုးဟိန်းက သူ၏ အယူအဆကို အချက် ၂ ချက်ဖြင့် ဖွင့်ဆိုရှင်းလင်းသည်။ ၎င်းတို့မှာ လူမျိုးစု ကိုယ်စားပြုသည့် နိုင်ငံရေးစဉ်းစားချက် အားကောင်းလာခြင်းနှင့် ကိုယ့်ဒေသအကျိုးကို ပိုမိုအာရုံစိုက်မည့် နိုင်ငံရေးစဉ်းစားချက် အားကောင်း လာခြင်းတို့ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကိုယ့်လူမျိုးစုပါတီတွေကပဲ ကိုယ့်လူမျိုးစု အရေးကို ပိုပြီးလုပ်ပေးနိုင်မယ်ဆိုတဲ့ စဉ်းစားချက်က ပိုပြီး အားကောင်းလာတာ တွေ့ရတယ်။ ဒုတိယတချက်က ကိုယ့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ဆိုရင် ကိုယ့်လူမျိုး လွှတ်တော် ကိုယ်စား လှယ်တွေ ရှိနေမှ ပိုပြီးဆောင်ရွက်ပေးနိုင်မယ်။ ဗဟိုကနေ ဆောင်ရွက် ပေးဖို့ဆိုတာက ခက်မယ်ဆိုတဲ့ စဉ်းစားပုံမျိုး ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးလေ့လာသူများ သုံးသပ်သည့် အထက်ပါ အယူအဆ ၂ ရပ် မည်မျှမှန်ကန်သည်ဆိုသည့် အချက်သည်ကား လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲနေ့အလွန်တွင် အဖြေ ပေါ်လာမည်ဖြစ်သဖြင့် ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

လက်ရှိကာလတွင်မူ နိုင်ငံရေးပါတီအသီးသီးသည် ရှမ်းတောင်တန်းတွင် မိမိပါတီ အသာရရေးအတွက် ကိုဗစ်ကပ်ရောဂါ ခြိမ်းခြောက်မှုအောက်ကပင် တဖက်နှင့် တဖက် အပြိုင် အင်အားပြ မဲဆွယ်နေကြသည်။

You may also like these stories:

ကိုဗစ်ကာလတွင် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ကိုယ်တိုင် မဲထွက်ပေး

NLD ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကလို တောင်ပြိုကမ်းပြို မနိုင် နိုင်တော့ဘူး

“အရည်အချင်းရှိတဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင် ကြိုးစားပေးမယ်”

Did you find apk for android? You can find new Free Android Games and apps.
Loading