ထိုင်ဝမ်ကို ကျူးကျော်ရန် တရုတ်က ပြင်ဆင်နေပါသလား။ ၎င်းမှာ ယခုလက်ရှိ အချိန်၌ တရုတ်ဖိုရမ် အများအပြားတွင် အပူတပြင်း အရေးတကြီး ဆွေးနွေးနေကြသော မေးခွန်းတခုဖြစ်သည်။ ထို့ပြင် မကြာမီ ရွေးကောက်တင်မြှောက် ခံရမည့် အမေရိကန်သမ္မတအတွက် ပထဝီနိုင်ငံရေးဆိုင်ရာ ထိပ်တန်း စိုးရိမ်ပူပန်စရာတခုလည်း ဖြစ်သည်။
အောက်တိုဘာ ၁၃ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကွမ်တုံ Guangdong ပြည်နယ်တောင်ပိုင်းရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ကမ်းတက်တပ်ဖွဲ့ အခြေစိုက်စခန်းသို့ သွားရောက်ခဲ့ပြီး “စစ်အတွက် ပြင်ဆင်ထားရန်” ကမ်းတက် တပ်သားများသို့ ပြောကြားခဲ့သည့် အချိန်တွင် နောက်ထပ် ပို၍ အရှိန်မြင့်တက်လာခဲ့သည်။
တုန့်ပြန်မှုအနေနှင့် အချို့သောသတင်းစာများက ဝင်ရောက်ကျူးကျော်မှုသည် အချိန်မရွေး ပေါ်ပေါက်လာနိုင်ကြောင်း ဖော်ပြသည့် သတင်းခေါင်းစဉ် များကို တပ်ခဲ့ကြသည်။
သေချာသလောက်နီးပါးတော့ မဟုတ်ပါ။ သို့သော်လည်း တရုတ်အရေး ကျွမ်းကျင်သူများအတွက် ထိုင်ဝမ်၏ အနာဂတ်နှင့် ပတ်သက်၍ ဆွေးနွေးနေကြသည့် ယခုအချိန်တွင် အရေးတကြီး အကြောင်းပြချက်များ ရှိနေသည်။
တရုတ်နှင့် အမေရိကန်တို့က ထိုင်ဝမ်နှင့်ပတ်သက်၍ တဘက်နှင့် တဘက် ရန်စောင်နေခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။ လူဦးရေ ၂၃ သန်းရှိသော (ထိုင်ဝမ်) ကျွန်းသည် တရုတ်နိုင်ငံ၏ “ပိုင်နက်နယ်မြေ” ဖြစ်ကြောင်း တရုတ်အစိုးရက အခိုင်အမာ ပြောထားသည်။
အမေရိကန် အစိုးရကမူ ၎င်းတို့ချင်း ကာလရှည်ကြာစွာ သီးခြားစီ ဖြစ်နေခဲ့ခြင်း အတွက် မည်သည့်ဆုံးဖြတ်ချက်ကို မဆို ငြိမ်းချမ်းစွာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောသည်။ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်သော စိတ်မသက်သာစရာ အခြေအနေက ဆက်လက် ရှိနေခဲ့သည်။ အခုချိန်အထိ ဖြစ်သည်။
ရှီကျင့်ဖျင်က သူ၏ အမွေအနှစ် အဖြစ် ထားခဲ့နိုင်ရန် ကြိုးစားနေသည်
ပိုနေမြဲကျားနေမြဲ အခြေအနေက ဆက်လက် မတည်တံ့နိုင်သည့် အသွင်ဖြစ်စေသော အကြောင်းရင်း များစွာရှိပါသည်။ ပထမတခုမှာ ရှီကျင့်ဖျင် ဖြစ်သည်။
လန်ဒန်ရှိ School of Oriental and African Studies မှ China Institute ၏ ဒါရိုက်တာ ပါမောက္ခ Steve Tsang က “ရှီကျင့်ဖျင်က ထိုင်ဝမ်ကို ပြန်လိုချင်တယ်၊ အဲဒီအပြင် ရှီကျင့်ဖျင်က နောက်တက်လာမယ့်သူကို အာဏာလွှဲမပေးခင် ထိုင်ဝမ်ကို ပြန်လိုချင်နေတယ်” ဟုပြောသည်။
၂၀၁၈ ခုနှစ်တွင် ရှီကျင့်ဖျင်က သမ္မတသက်တမ်း ကန့်သတ်ချက်ကို ဖျက်သိမ်းလိုက်အားဖြင့် သူက တသက်တာ သမ္မတ ဖြစ်လာစေရန် အားစိုက်လုပ်ဆောင်ခဲ့ချိန်တွင် စတန်းဖို့ဒ် တက္ကသိုလ်မှ တရုတ်စစ်ရေးလေ့လာသူ Oriana Skylar Mastro က ထိုင်ဝမ်ကို သတိပေးခဲ့သည်။
“ရှီကျင့်ဖျင်က ထိုင်ဝမ်ကို ပြန်လိုချင်တယ်၊ အဲဒီအပြင် ရှီကျင့်ဖျင်က နောက်တက်လာမယ့်သူကို အာဏာလွှဲမပေးခင် ထိုင်ဝမ်ကို ပြန်လိုချင်နေတယ်”
“ရုတ်တရက် ဆိုသလိုပဲ ထိုင်ဝမ်နဲ့ ပတ်သက်လို့ သူပြောသမျှ အရာအားလုံးက လုံးဝ အဓိပ္ပာယ်ခြားနားသွားတယ်” ဟု သူက ဆိုသည်။ “ဒီကိစ္စကို ဖြေရှင်းလိုကြောင်း သူပြောခဲ့တဲ့ အချိန်တုန်းက ကာလသတ်မှတ်ချက်ဟာ အခု ခေါင်းဆောင်တယောက် အနေနဲ့ သူ့ရဲ့ တရားဝင်မှု သူ့ရဲ့ သက်တမ်းတို့နဲ့ ဆက်စပ်သွားခဲ့ပါတယ်။”
ဒါရိုက်တာ ပါမောက္ခ Steve Tsang က ရှီကျင့်ဖျင်သည် သူ့ကိုယ်သူ မော်စီတုန်း အပါအဝင် တရုတ်နိုင်ငံ၏ ယခင် ထိပ်တန်း ခေါင်းဆောင်များ ပြီးမြောက်အောင် မဆောင်ရွက်နိုင်ခဲ့သော တာဝန်တခုကို ပြီးစီးအောင် လုပ်မည့် ကြီးကျယ်သော သမိုင်းဝင် ပုဂ္ဂိုလ်တဦး အဖြစ် ရှုမြင်သည်ဟု ပြောသည်။
“တိန့်ရှောင်ဖိန်က ထိုင်ဝမ်ကို မရခဲ့ဘူး” ဟု သူက ရှင်းပြသည်။ “ဥက္ကဌ မော်စီတုန်းတောင်မှ ထိုင်ဝမ်ကို မရခဲ့ဘူး။ တကယ်လို့ ရှီကျင့်ဖျင်သာ ထိုင်ဝမ်ကို ရခဲ့ရင် သူက တိန့်ရှောင်ဖိန်ထက်သာမက မော်စီတုန်းထက်ပါ ကြီးကျယ်သူ တယောက် ဖြစ်သွားလိမ့်မယ်”
ရှီကျင့်ဖျင်က ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးသည် “တရုတ်ပြည်သူတို့၏ ကြီးကျယ်သော ပြန်လည် နုပျို လန်းဆန်းမှုအတွက် မလွှဲမရှောင်သာသည့် လိုအပ်ချက် တခု” ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။ သူ၏ “ကြီးကျယ်သော ပြန်လည်နုပျိုခြင်း” စီမံကိန်း ပြီးမြောက်ရမည့် အချိန်သတ်မှတ်ချက်မှာ ကွန်မြူနစ်တော်လှန်ရေး နှစ် ၁၀၀ ပြည့်သည့် ၂၀၄၉ ခုနှစ် ဖြစ်သည်။ နှစ် ၃၀ နီးပါး လိုနေပါသေးသည်။
သို့သော်လည်း ရှီကျင့်ဖျင် ပို၍ အလျင်လိုနေသည်ဟု ယူဆရန် အကြောင်းပြချက် ရှိသည်။
တရုတ်နိုင်ငံ၏ ကြီးထွားလာသော စစ်အင်အား
ပထမအချက်မှာ ထိုင်ဝမ်နှင့် ပတ်သက်သည့် စစ်ပွဲတွင် တရုတ်က အမေရိကန်ကို အနိုင်ယူနိုင်သည့် စစ်ရေးစွမ်းရည် မကြာမီ ရှိကောင်းရှိလာနိုင်ခြင်း ဖြစ်သည်။
“ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း လူအများစု မေးလေ့ရှိတဲ့ အဓိကမေးခွန်းက သူရဲ့ မဟာမိတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အမေရိကန်က ခုခံကာကွယ်ပေးမှာလား ဆိုတာပါပဲ” ဟု Oriana Skylar Mastro က ပြောသည်။ “အဲဒါက ဖြေရှင်းရမယ့် မေးခွန်းပါပဲ။ အမေရိကန်က ထိုင်ဝမ်ကို အကူအညီပေးမှာလား။ ဒါပေမယ့် တရုတ်စစ်တပ်က ပိုပြီး အဆင့်မြင့်လာတာနဲ့အမျှ မေးခွန်းက သူတို့ ကူညီမှာလား ဆိုတာကနေ သူတို့ ကူညီနိုင်မှာလား ဆိုတဲ့ဆီကို ပြောင်းသွားပါတယ်။”
နည်းပညာနိမ့်သည့် တော်လှန်ရေးတပ်တခုမှ နေ၍ ခေတ်မီအဆင့်မြင့် စစ်တပ် တခုအဖြစ်သို့ တရုတ်၏ စစ်တပ်ကို အသွင်ပြောင်းခြင်းက အများစု ခန့်မှန်းခဲ့သည်ထက် များစွာ လျှင်မြန်စွာ ဖြစ်ပျက်ခဲ့သည်။
“ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း လူအများစု မေးလေ့ရှိတဲ့ အဓိကမေးခွန်းက သူရဲ့ မဟာမိတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အမေရိကန်က ခုခံကာကွယ်ပေးမှာလား ဆိုတာပါပဲ”
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁ ရက်နေ့က ဘေဂျင်းတွင် ပြုလုပ်ခဲ့သော နှစ် ၇၀ မြောက် ချီတက်ပွဲအတွင်း အပြောင်းအလဲ၏ အရှိန်နှင့် အတိုင်းအတာကို မြင်တွေ့ခဲ့ရသည်။
အကျွမ်းတဝင်ရှိပြီးသား တင့်ကားများ၊ လက်နက်ကြီးများနှင့် ဒုံးပစ်လောင်ချာများကြားတွင် ကိုယ်ပျောက် ဂျက်လေယာဉ်များနှင့် ကိုယ်ပျောက်ဒရုန်းနှင့် “အသံထက်မြန်သည့် စက်မဲ့ဒုံးယာဉ်များ ” အပါအဝင် အလွန်ဆွဲဆောင်မှု ရှိသည့် လက်နက်စနစ် အသစ်များ ပါဝင်ခဲ့သည်။ အဆိုပါ စနစ်အသစ်များသည် အမေရိကန်လေယာဉ်တင်သင်္ဘောမှ တိုက်ခိုက်ရေးအဖွဲ့ များကို တိုက်ခိုက်ရန် ရည်ရွယ်ထားပြီး ထိုင်ဝမ်ကို ကာကွယ်ရေး အတွက် ကြားဝင်နှောက်ယှက်ကြမည် ဖြစ်သည်။
ကပ္ပတိန် James E. Fanell သည် အမေရိကန် ပစိဖိတ်ရေတပ်၏ ထောက်လှမ်းရေး ဒါရိုက်တာအဖြစ် သူ အနားယူခဲ့သည့် ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
“စိုးရိမ်ပူပန်ရမယ့် ဆယ်စုနှစ်တခုလို့ ကျနော်က ခေါ်ခဲ့တဲ့ ကိစ္စအတွက် ကျနော် ပေါ်လွင်အောင် သရုပ်ဖော်ပြခဲ့ပြီးပါပြီ” ဟု သူက သူ၏ အလုပ်အသစ်ဖြစ်သည့် Geneva Centre for Security Policy တွင် ပြောသည်။ “အဲဒါက အခု ၂၀၂၀ ခုနှစ် ကနေ ၂၀၃၀ ခုနှစ်အထိ။ အဲဒါက အန္တရာယ်အရှိဆုံး အချိန်လို့ ကျနော် ထင်ပါတယ်။ အရင် သမ္မတ ဟူကျင့်တောင်နဲ့ ရှီကျင့်ဖျင်တို့ ၂ ဦးလုံးက ၂၀၂၀ ခုနှစ် လောက်မှာ ထိုင်ဝမ်ကို စစ်ရေးအရ သိမ်းယူနိုင်တဲ့ အစွမ်းရှိအောင်လုပ်ဖို့ PLA ကို အမိန့်ပေးခဲ့ပါတယ်။”
“ဒါကြောင့် ထိုင်ဝမ်ကို စစ်ရေးအရ ကျူးကျော်မှုတခု ဆင်နွဲဖို့ အစွမ်းနဲ့ စွမ်းဆောင်ရည်တွေ ရှိလာဖို့ အမိန့်အတိုင်း သူတို့က ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း လုပ်ခဲ့ကြပါတယ်။ ”
တောင်တရုတ်ပင်လယ်တွင် အမေရိကန်၏ ကျရှုံးမှု
အမေရိကန်၏ စိတ်ပိုင်းဖြတ်ထားမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ဖြည်းဖြည်းချင်း စမ်းသပ်ကြည့်ခဲ့ပြီး ဖြစ်သည်။ ၎င်း၏ မဟာမိတ်အပေါ်တွင် သက်ရောက်သည့် ခြိမ်းခြောက်မှုများကို အမေရိကန်က တုံ့ပြန်မလာမီ မည်မျှ အတိုင်းအတာအထိ သူတို့ (တရုတ်နိုင်ငံ) က လုပ်နိုင်မည် ဆိုသည်ကို စောင့်ကြည့်နေခဲ့သည်။
ကပ္ပတိန် James E. Fanell ၏ အဆိုအရ အမေရိကန်သည် အဆိုပါ စမ်းသပ်မှုများတွင် အကြိမ်ကြိမ် ကျရှုံးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဖိလစ်ပိုင်ကမ်းရိုးတန်းရှိ Scarborough ရေတိမ်သောင်ခုံအား တရုတ်နိုင်ငံက ထိန်းချုပ်ခွင့်ပေးခဲ့ရသည်။ ထို့အပြင် တောင်တရုတ် ပင်လယ်ပြင်တလွှား၌ တရုတ်နိုင်ငံက လူလုပ်ကျွန်းတု အသစ်များ ဆက်တိုက် တည်ဆောက်လာခြင်းကို တားဆီးရန်လည်း ဘာမျှမပြုလုပ်ခဲ့ပါ။
“Scarborough သောင်ခုံမှာ ၂၀၁၂ ခုနှစ် ဧပြီလကနေ ဇွန်လအထိ ဖြစ်ခဲ့တာတွေက ၁၉၇၅ ခုနှစ်က ဆိုင်းဂုံမှာ ရှိတဲ့ သံရုံး ခေါင်မိုးပေါ်ကနေ ကျနော်တို့ရဲ့ ရဟတ်ယာဉ်တွေ ထွက်လာခဲ့ရပြီး နောက်ပိုင်းမှာ အမေရိကန်ရဲ့ အာရှမှာ အကြီးမားဆုံး နိုင်ငံခြားရေး မူဝါဒကျရှုံးမှု ဖြစ်ပါတယ်” ဟု သူက ဆိုသည်။ ဗီယက်နမ်စစ်ပွဲတွင် အမေရိကန် ရှုံးနိမ့်ခဲ့ရသည်ကို သူက ရည်ညွှန်းခြင်းဖြစ်သည်။
“ဒါက ကပ်ဆိုးတခုပါပဲ။ ဖိလစ်ပိုင်ကို ခုခံကာကွယ်ဖို့ ကျနော်တို့က ဘာမှမလုပ်ခဲ့ဘူးဆိုရင် အဲဒါက အာရှတိုက်မှာ အမေရိကန်အပေါ် ယုံကြည်ကိုးစားမှုကို အားပျော့သွားစေမယ့် သက်ရောက်မှု ဖြစ်ပါတယ်။”
ထိုင်ဝမ်သည် တရုတ်နိုင်ငံအတွက် “ဆုံးရှုံးသွားသော ပိုင်နက်နယ်မြေများ” ပြန်လည်ရယူခြင်း သက်သက်သာ မဟုတ်ဘဲ ထိုင်ဝမ်ကို ထိန်းချုပ်ခွင့် ရရှိခြင်းသည် ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ် မက်အာသာက“ ပစိဖိတ်သမုဒ္ဒရာတွင်းမှ နှစ်မြှုပ်၍ မရနိုင်သော လေယာဉ်တင်သင်္ဘော” ဟု တချိန်က ခေါ်ဝေါ်ခဲ့သော ကျွန်းအား တရုတ်အစိုးရက ထိန်းချုပ်ခွင့် ရရှိသွားခြင်း ဖြစ်မည်။ ထိုင်ဝမ်အပေါ် တရုတ်၏ အောင်မြင်မှုသည် အာရှ၏ မဟာဗျူဟာမြေပုံကို ပြန်လည်ပုံဖော်လိမ့်မည်ဟု Oriana Skylar Mastro က ပြောသည်။
ဝါရှင်တန်တွင်မူ ထိုင်ဝမ်အပေါ် ခြိမ်းခြောက်မှုက ကြီးထွားလာနေကြောင်း ယခုအခါ ပါတီ ၂ ခု လုံးက အသိအမှတ်ပြုနေပြီ ဖြစ်သည်။
“တကယ်လို့ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ပြီး အနိုင်ရမယ်ဆိုရင် သူတို့က ထိုင်ဝမ်နဲ့ ပြန်လည် ပေါင်းစည်းနိုင်ရုံတင် မကပါဘူး။ အမေရိကန်ရဲ့ အာရှ ခေါင်းဆောင်တဦး အနေနဲ့ ကျမတို့သိထားတဲ့ အခန်းကဏ္ဍ အဆုံးသတ်သွားပါပြီ” ဟု သူက ရှင်းပြသည်။ “ဒါကြောင့် တကယ်တော့ တရုတ်ဘက်ကကြည့်မယ်ဆိုရင် အကျိုးအမြတ်တွေ အများကြီး ရှိပါတယ်။”
ဝါရှင်တန်တွင်မူ ထိုင်ဝမ်အပေါ် ခြိမ်းခြောက်မှုက ကြီးထွားလာနေကြောင်း ယခုအခါ ပါတီ ၂ ခု လုံးက အသိအမှတ်ပြုနေပြီ ဖြစ်သည်။
တရုတ်နိုင်ငံသို့ ရှင်းလင်းပြတ်သားသည့် သတင်းစကားတခုအနေဖြင့် ဒေါ်နယ်ထရမ့်၏ အစိုးရက ဝေဟင်မှ မြေပြင်ပစ် အဆင့်မြင့် ဒုံးကျည်များ ပထမဆုံးအကြိမ်အဖြစ် ရောင်းချခြင်း အပါအဝင် ထိုင်ဝမ်သို့ ဘီလီယံများစွာ တန်ကြေးရှိသော လက်နက်ရောင်းချမှုများ အတည်ပြု ပေးခဲ့သည်။
အမေရိကန် စစ်တပ်ကို မှားယွင်း တွက်ချက်ခြင်း၏ အန္တရာယ်
အကယ်၍ ထိုင်ဝမ် တိုက်ခိုက်ခံခဲ့ရလျှင် အမေရိကန်ပြည်ထောင်စုက မည်သို့ ဆောင်ရွက်မည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ထိုသို့ ဖြစ်နေခြင်းက မှားယွင်းခြင်းတခု ဖြစ်သည်ဟု ကပ္ပတိန် James E. Fanell က ပြောသည်။
“ကျနော်တို့ သမိုင်းကနေ သိခဲ့ရပါတယ်။ ကူဝိတ်အစိုးရအပေါ် ထောက်ပံ့မှု မရှိတာက ဆဒမ်ဟူစိန်အတွက် ကူဝိတ်ကို သူ လွတ်လွတ်လပ်လပ် ဝင်သွားလို့ ရပြီလို့ ပြသလိုက်သလို ဖြစ်သွားခဲ့ပါတယ်” ဟု သူကရှင်းပြသည်။ “ကိုရီးယား စစ်ပွဲကနေ ကျနော်တို့ သိခဲ့ရတာက မရေမရာ မပြတ်သားတဲ့ ကြေငြာချက်တွေကြောင့် တရုတ်နဲ့ ရုရှားကို ကိုရီးယားကျွန်းဆွယ်မှာ သူတို့ တိုက်ခိုက်လို့ ရတယ်လို့ မြင်သွားစေခဲ့ပါတယ်။ တကယ်လို့ ကျနော်တို့ရဲ့ မိတ်ဆွေတွေနဲ့ မဟာမိတ်တွေနဲ့ ပတ်သက်လို့ ဘယ်လောက် အတိုင်းအတာအထိ ကျနော်တို့က သူတို့ကို ကာကွယ်ပေးသွားမယ် ဆိုတာ တိကျသေချာတဲ့ ကြေငြာချက်တွေကို ကျနော်တို့က ထုတ်မပေးခဲ့ဘူး ဆိုရင် ကျနော်တို့က သူတို့ကို အန္တရယ်ထဲမှာ ထားပစ်ခဲ့တာမျိုးပါပဲ။”
“အမေရိကန် စစ်တပ်ရဲ့ စိတ်ဓာတ်က တိုက်မယ် ဆိုတာနဲ့ တိုက် တိုက် ဆိုတာ တခုတည်းပဲ”
သို့သော်လည်း ရှီကျင့်ဖျင်အတွက်လည်း အတိတ်ကဖြစ်ရပ်များက သင်ခန်းစာတခု ဖြစ်သည်ဟု ပါမောက္ခ Steve Tsang က ပြောသည်။ အမေရိကန်က ကိုရီးယားသမ္မတနိုင်ငံ(တောင်ကိုရီးယား) နှင့်ကူဝိတ်နိုင်ငံတို့ကို အချိန်နှောင်းမှ အကူအညီ ပေးခဲ့သည်။ ရန်စပြီးသည့် အချိန်တွင် အမေရိကန်၏ စစ်ရေးအရ ဖြေရှင်းမှုကို လျှော့မတွက်မိရန် တရုတ်နိုင်ငံက ကောင်းကောင်း တွက်ချက်လိမ့်မည်ဟု သူက ပြောသည်။
“အမေရိကန် စစ်တပ်ရဲ့ စိတ်ဓာတ်က တိုက်မယ် ဆိုတာနဲ့ တိုက် တိုက် ဆိုတာ တခုတည်းပဲ”
ဟု သူကရှင်းပြသည်။ “တကယ်လို့ တရုတ်က ဒီအချက်ကို ထည့်သွင်း စဉ်းစားမယ်ဆိုရင် သူတို့က တွက်ချက်တဲ့နေရာမှာ နည်းနည်းလေး ပိုပြီး သတိထားလိမ့်မယ်။ တွက်ချက်မှုမှားယွင်းခြင်းကြောင့် ဖြစ်လာမယ့် အန္တရာယ်ကို လျှော့ချနိုင်ပါလိမ့်မယ်။”
အကယ်၍ Covid-19 အပေါ် အမျက်ဒေါသနှင့် သံသယများကို ကုန်သွယ်ရေးစစ်ပွဲ၊ Huawei ကုမ္ပဏီ အပေါ် စုံစမ်းစစ်ဆေးမှု၊ ကောင်စစ်ဝန်ရုံးများ အပြန်အလှန်ပိတ်ပင်ခြင်း နှင့် စာနယ်ဇင်းသမားများကို နှင်ထုတ်ခြင်းတို့ ထဲသို့ ထည့်သွင်းကြည့်မည် ဆိုလျှင် ဝါရှင်တန်နှင့် ဘေဂျင်းကြား ဆက်ဆံရေးက ၁၉၈၉ ခုနှစ် တီယန်နန်မင် Tiananmen ရင်ပြင်မှ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု နောက်ပိုင်းတွင် အနိမ့်ဆုံး ဖြစ်နေသည်။
ရန်လိုမုန်းတီးမှုများကို ဖယ်ရှားပြီး တရုတ်နှင့် ထိတွေ့ဆက်ဆံမှုကို ပြန်လည်လုပ်ဆောင်ရန် နောက်လာမည့် အမေရိကန် သမ္မတသို့ တောင်းဆိုမှုများက ၂ ဘက်လုံးတွင် ရှိနေသည်။ သို့သော်လည်း အဆိုပါ တောင်းဆိုမှုများထဲတွင် တစိတ်တဝမ်းတည်း တူညီနေသည်မှာ ယခင် ဆက်ဆံရေး အဟောင်းပုံစံမျိုးက ကျရှုံးသွားခဲ့ပြီ ဆိုခြင်း ဖြစ်သည်။
နောက်တက်လာမည့် အမေရိကန်သမ္မတအနေဖြင့် ထိုင်ဝမ် အပါအဝင် အာရှရှိ ၎င်း၏ မဟာမိတ်များနှင့် ပတ်သက်၍ ပိုမို ရိုးသားပြီး ပိုမိုအားကောင်း ခိုင်မာစွာဖြင့် အမေရိကန်က ၎င်း၏ တာဝန်ဝတ္တရားများနှင့် ရည်ရွယ်ချက်များကို ပိုမို ရှင်းလင်းစွာ ဖော်ပြသည့် ထိတွေ့ဆက်ဆံမှု ပုံစံအသစ် တခုကို ရှာဖွေရမည်ဟု သူတို့က ပြောသည်။
(BBC သတင်းထောက် Rupert Wingfield-Hayes ၏ US election: The Taiwan-sized challenge facing the next US president ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတဖြစ်ရင် အာရှကို ဘယ်လိုသက်ရောက်မလဲ
တရုတ်စစ်ရေးလေ့ကျင့်မှုများက ထိုင်ဝမ်လုံခြုံရေးကို ခြိမ်းခြောက်နေ
ထိုင်ဝမ်သည် နိုင်ငံတခုမဟုတ်ကြောင်း တရုတ်ပြောဆိုမှု အရာမထင်