နိုဝင်ဘာ ၃ ရက်သည် အမေရိကန် သမ္မတရွေးကောက်ပွဲနေ့ဖြစ်သည်။ ကမ္ဘာတဝှမ်းကူးစက်ရောဂါနှင့် မဲဆန္ဒရှင်များ စိတ်ပါဝင်စားမှု မြင့်မားသောကြောင့် စာတိုက်မှ မဲထည့်သည့် အရေအတွက် လွန်စွာ မြင့်မားနေပြီး ကမ္ဘာသည် မကြာမီ မကြုံစဖူးထူးကဲသည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲကို တွေ့ကြုံရတော့မည်ဖြစ်သည်။
တချိန်တည်းတွင်လည်း နိုင်ငံတွင် နက်ရှိုင်းသည့် သွေးကွဲမှုများဖြစ်နေသောကြောင့် စာပို့ဆောင်မှု နှောင့်နှေးကြန့်ကြာခြင်း၊ မဲရေတွက်ခြင်းနှင့်ပတ်သက်သည့် ကွဲပြားခြားနားသော ပြည်နယ်စည်းကမ်းချက်များသည် စိုးရိမ်ပူပန်မှုများကို ပိုမိုမြင့်မားစေသည်။
ဥပဒေအရ ရှည်ကြာသည့် အငြင်းပွားမှုကဲ့သို့သော အဆိုးရွားဆုံးအခြေအနေ မဖြစ်ခဲ့လျှင်ပင် မဲဆန္ဒရှင်များသည် မည်သူ သမ္မတရာထူး ရရှိသည်ကို ရွေးကောက်ပွဲညတွင် သိနိုင်မည်မဟုတ်ပေ။
ရွေးကောက်ပွဲနေ့တွင် မျှော်လင့်ထားရမည့် အရာ ၅ ခုရှိသည်။
မဲပေးသူ များမည်
နက်ရှိုင်းစွားသွေးကွဲနေသော မဲဆန္ဒရှင်များသည် ၎င်းတို့၏ နောက်လာမည့် ခေါင်းဆောင်ကို ရွေးချယ်ရန် မဲရုံများသို့ သွားရောက်သောကြောင့် ယခုနှစ် ရွေးကောက်ပွဲတွင် မဲပေးသူအရေအတွက်သည် ၁၁၂ နှစ်အတွင်း အမြင့်မားဆုံးဖြစ်နိုင်သည်။
သောကြာနေ့အထိ အမေရိကန်ပြည်သူ ၈၆ သန်းသည် ကြိုတင်မဲများ ပေးခဲ့ပြီးဖြစ်ကြောင်း ဖလော်ရီဒါတက္ကသိုလ် နိုင်ငံရေး သိပ္ပံပါမောက္ခ မိုက်ကယ် မက်ဒေါ်နယ်၏ အဆိုအရ သိရသည်။
ထိုအရေအတွက်မှာ ၂၀၁၆ ခုနှစ်က မဲပေးသူ ၁၃၆ သန်းအနက် ကြိုတင်မဲပေးသူ ၅၈ သန်းရှိရာမှ ၄၈ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။ မဲပေးခွင့်ရသူ စုစုပေါင်း၏ ထက်ဝက်ကျော်ရုံသာ ထိုစဉ်ကမဲပေးခဲ့သည်။
မဲရုံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်လျှော့ချရေးအတွက် ပြည်နယ်အများအပြားက ကြိုတင်မဲပေးသည့် စည်းကမ်းချက်များကို ဖြည်လျှော့ပေးခဲ့သည်။
မဲရုံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်လျှော့ချရေးအတွက် ပြည်နယ်အများအပြားက ကြိုတင်မဲပေးသည့် စည်းကမ်းချက်များကို ဖြည်လျှော့ပေးခဲ့သည်။
အဓိကအားဖြင့် ဒီမိုကရက်တို့လုပ်ဆောင်နေသည့် မပျက်မကွက် မဲပေးရေး အားထုတ်မှုများက ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲတွင် မဲမပေးဘဲနေခဲ့သူများကို ယခုနှစ်တွင် မဲလာပေးရန် တွန်းအားပေးနေသည်။
ယခုနှစ်တွင် လူသန်း ၁၅၀ မဲပေးမည်ဟု မက်ဒေါ်နယ်က ခန့်မှန်းထားပြီး ထိုအရေအတွက်မှာ မဲပေးခွင့်ရှိသူများ ၆၅ ရာခိုင်နှုန်းရှိပြီး ၁၉၀၈ ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်သည်။
ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သရုပ်ခွဲလေ့လာသည့် FiveThirtyEight.com ကို ဦးဆောင်သူ နိတ်ဆေးလ်ဗားက ယခုနှစ်တွင် လူ ၁၆၅ သန်း မဲလာပေးမည်ဟု ခန့်မှန်းထားသည်။
တက္ကဆက်ပြည်နယ်မှ မြို့တော် အော်စတင်အပါအဝင်ဖြစ်သည့် ထရာဗစ် ခရိုင်တွင် ဗုဒ္ဓဟူးနေ့အထိ ကြိုတင်မဲပေးသူ အရေအတွက်မှာ ၄၈၆၀၀၀ ရှိသည်။ ထိုပမာဏသည် ၂၀၁၆ ခုနှစ်ရေတွက်ခဲ့သည့် စုစုပေါင်းမဲထက် ၂ ရာခိုင်နှုန်း ပိုမိုမြင့်မားနေပြီး ရွေးကောက်ပွဲနေ့တွင် ထိုကွာခြားမှုသည် ပိုမိုကြီးမားလာမည်ဟု မျှော်လင့်ရသည်။
မြောက်ကာရိုလိုင်းနားတွင် လူ ၃.၈၇ သန်း ကြိုတင်မဲပေးခဲ့ပြီး ထိုသူများ၏ ၂၆ ရာခိုင်နှုန်းမှာ ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲက မဲမပေးဘဲနေခဲ့သူများဖြစ်သည်။ နွေဦးကကျင်းပသည့် အခြေခံရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် အချို့နေရာများတွင် မဲပေးသူအရေအတွက် နည်းပါးခဲ့သည်။
အမေရိကန် နိုင်ငံသားများ တန်းစီနေကြမည်
အင်္ဂါနေ့ မဲရုံများတွင် မဲပေးသူ လွန်စွာများပြားမည်ဟု မျှော်လင့်ရပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးရေး အစီအမံများကြောင့် မဲပေးသူများအနေဖြင့် နှောင့်နှေးမှု အချို့ကို မျှော်လင့်ရမည်ဖြစ်ကြောင်း အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့က သတိပေးထားသည်။
မဲရုံလုပ်သားများသည် မဲရုံများနှင့် ပစ္စည်းကိရိယာများကို ပုံမှန် ပိုးသတ်နေရမည်ဖြစ်သောကြောင့် မဲပေးသူများအနေဖြင့် စောင့်ဆိုင်းချိန် ကြာကြာပေးရမည်ဖြစ်ကြောင်း အမျိုးသမီးမဲဆန္ဒရှင်များအဖွဲ့ချုပ်က ပြောကြားထားသည်။ မဲရုံပြင်ပတွင် မဲပေးမည့်သူများသည် တဦးနှင့် တဦး ၆ ပေခွာပြီး တခါတရံ ရေခဲလောက်အောင်အေးသည့် ရာသီဥတုအောက်တွင် တန်းစီနေရမည်ဖြစ်သည်။
လူကိုယ်တိုင် မဲပေးရန် မဲရုံအရေအတွက် နည်းခြင်းကြောင့်လည်း တန်းစီသည့် လူတန်း ရှည်မည်ဖြစ်သည်။
အနောက်အလယ်ပိုင်းမှ အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် ဝစ်ကွန်ဆင်တွင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲရလဒ်များကို စိတ်ရှည်ရှည်ထားစောင့်ဆိုင်းရန် ပြောကြားထားသည်။ ထိုပြည်နယ်တွင် အောက်တိုဘာလလယ်က ကြိုတင်မဲပေးခြင်း စတင်သောအခါ အရုဏ်မတက်မီမှာပင် မဲရုံပြင်ပမှ လူတည်းရှည်များ စတင်ဖြစ်ပေါ်နေသည်။ ထိုပြည်နယ်သည် ၂၀၁၆ က ထရမ့်အနိုင်ရသော ပြည်နယ်ဖြစ်သည်။
လူကိုယ်တိုင် မဲပေးရန် မဲရုံအရေအတွက် နည်းခြင်းကြောင့်လည်း တန်းစီသည့် လူတန်း ရှည်မည်ဖြစ်သည်။
၁၉၆၅ ခုနှစ် မဲပေးခွင့်ဥပဒေကို ပယ်ချသည့် ၂၀၁၃ ခုနှစ် တရားရုံးချုပ်ဆုံးဖြတ်ချက်ကြောင့် တောင်ပိုင်းပြည်နယ်ဖြစ်သော ဂျော်ဂျီယာတွင် မဲပေးသောနေရာ အရေအတွက်မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလကထက် ၃၃၁ နေရာလျှော့နည်းသွားသည်။ အခွန်ထမ်းပြည်သူများ၏ ငွေကုန်ကျမှုသက်သာစေရန် ထိုနေရာများကို ပိတ်သည်ဟု ဒေသခံအရာရှိများက ပြောသော်လည်း ထိုလုပ်ရပ်ကြောင့် လူမည်း မဲဆန္ဒရှင်များကို ဖိနှိပ်ရာရောက်ကြောင်း မဲပေးခွင့်အဖွဲ့အစည်းများက ပြောသည်။
အတ္တလန်တာမြို့ပတ်လည်ရှိ မြိုပြဒေသတွင် ပြည်နယ်အတွင်း လူဦးရေ၏ ထက်ဝက်ခန့် ရှိနေသော်လည်း ထိုနေရာများတွင် မဲရုံ စုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းသာ ရှိနေကြောင်း Georgia Public Broadcasting and ProPublica က ထုတ်ပြန်သည့် သုတေသနအရ သိရသည်။
စာပေးပို့ချိန် နှောင့်နှေးကြန့်ကြာခြင်းအတွက်လည်း စိုးရိမ်ကြောင်း ကျွမ်းကျင်သူအများအပြားက ပြောသည်။ စာတိုက်ဝန်ဆောင်မှုလုပ်ငန်းသည် စာတိုက်မှပေးပို့သည့် မဲများပြားလွန်းသည့် ပြဿနာကို မဖြေရှင်းနိုင်သေးသောကြောင့် လူကိုယ်တိုင်မလာသောမဲများ အထူးသဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ပြည်နယ်များမှ ထည့်သောမဲများသည် ရွေးကောက်ပွဲရုံးများသို့ရောက်ရန် အချိန် ပိုမိုလိုမည်ဖြစ်သည်။
စာတိုက် မဲများက ရှုပ်ထွေးစေမည်
အမေရိကန်သမ္မတရွေးကောက်ပွဲများကို Electoral College ဖြင့် အဆုံးအဖြတ်ပေးသည်။ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ် မဲများကို ပြည်နယ်တခုစီမှ လူဦးရေ အချိုးအစားအလိုက် လူထုထောက်ခံမှုမဲအပေါ်အခြေခံကာ ရွေးကောက်တင်မြှောက်သည်။ သမ္မတအဖြစ် အနိုင်ရရန် ကိုယ်စားလှယ် စုစုပေါင်း ၅၃၈ မဲတွင် မဲ ၂၇၀ ရရှိရမည်။
ပြည်နယ် ၃၅ ခုနှင့် ဝါရှင်ဒီစီသည် ပါတီ တပါတီဖက်သို့ အကြီးအကျယ် တိမ်းညွှတ်ကာ မဲရုံများပိတ်ပြီး မကြာမီအချိန်အတွင်း ရလဒ်များကို ကြေညာနိုင်ဖွယ်ရှိသည်။
သို့သော် အခြားပြည်နယ် ၁၅ ခု ဖြစ်သည့် အစဉ်အလာအားဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ရသော ပြည်နယ်များနှင့် မဲမပြတ်သောပြည်နယ်များတွင် ပြဿနာရှိနိုင်သည်။
ဥပမာအားဖြင့်ဆိုရပါက ကယ်လီဖိုးနီးယားနှင့် နယူးယောက်သည် ဒီမိုကရက်တစ်အားကောင်းပြီး ဘိုင်ဒင်အတွက် မဲပေးကြမည်မှာ သေချာသကဲ့သို့ တင်နက်ဆီးနှင့် အိုကလာဟိုးမားတို့တွင် ထရမ့်အတွက် မဲပေးကြမည်ဖြစ်သည်။
သို့သော် အခြားပြည်နယ် ၁၅ ခု ဖြစ်သည့် အစဉ်အလာအားဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ရသော ပြည်နယ်များနှင့် မဲမပြတ်သောပြည်နယ်များတွင် ပြဿနာရှိနိုင်သည်။
မဲပေးသည့် စည်းမျဉ်းနှင့် စနစ်များသည် ပြည်နယ်တခုနှင့် တခု မတူကြပေ။ မြောက်ကာရိုလိုင်းနား၊ ဖလော်ရီဒါနှင့် အရီဇိုးနားအပါအဝင် မဲမပြတ်သည့် ပြည်နယ် ၁၅ ခုအနက် ၅ ပြည်နယ်သည် National Conference of State Legislatures အရ နိုဝင်ဘာလ ၃ ရက်နေ့မတိုင်မီ မဲများကို စတင်ရေတွက်နိုင်သည်။ ထို့ကြောင့် ထိုပြည်နယ်များတွင် အနိုင်ရနိုင်ခြေရှိသူကို နှိုင်းယှဉ်ချက်အားဖြင့် စောစီးစွာ သိနိုင်သည်။
မီချီဂန်၊ ဝစ်ကွန်စင်နှင့် ပင်ဆယ်ဗေးနီးယား အပါအဝင် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ကျန်ပြည်နယ် ၁၀ ခုတွင်မူ ရွေးကောက်ပွဲနေ့ရောက်မှသာ မဲများကို ရေတွက်နိုင်သည်။ မဲမကွာပါက ထိုပြည်နယ်များမှ ရလဒ်များကို နိုဝင်ဘာ ၄ ရက်နံနက်တွင် ရနိုင်ဦးမည်မဟုတ်ပေ။
ယခုနှစ်တွင် စံချိန်တင် များပြားသည့် ၅၅ သန်းသော စာတိုက်မှပေးပို့သည့် မဲများ ပြန်ပို့ပြီး ဖြစ်ကြောင်း ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသီတဦးက ဆိုသည်။
လူကိုယ်တိုင် လာမထည့်သောမဲများတွင် တရားဝင်မှုကို စစ်ဆေးအတည်ပြုပြီး ထည့်သွင်းထားသည့် အချက်အလက်များသည် မဲဆန္ဒရှင်စာရင်းပါ အချက်အလက်နှင့် ကိုက်ညီမှုရှိမရှိ စိစစ်ရသောကြောင့် လူကိုယ်တိုင်လာပေးသော မဲများထက် ပိုမိုအချိန်ယူသည်။
အချို့သော ပြည်နယ်များက စာတိုက်မှ ထည့်သော မဲများကို ရွေးကောက်ပွဲရက်လွန်သော်လည်း လက်ခံကြသည်။ အကြိတ်အနယ် ယှဉ်ပြိုင်နေရသည့် ပြည်နယ် ၁၅ ခုတွင် ၆ ခုက နောက်ကျရောက်သော မဲများသည် နိုဝင်လာ ၂ ရက် သို့မဟုတ် ၃ ရက် စာလက်ခံရက် အမှတ်အသားပါလျှင် လက်ခံသည်။ အိုဟိုယိုတွင် နိုဝင်ဘာလက ၁၃ ရက်နေ့အထိ လက်ခံသည်။
ရွေးကောက်ပွဲရက်လွန်မှ ရောက်သော မဲများလေလေ၊ ရလဒ်ကို အတည်ပြုနိုင်ရန် အချိန်ကြာလေလေပင်ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်က ဂျော့ဒဗယူဘုရှ်နှင့် အယ်ဂိုးတို့၏ ရွေးကောက်ပွဲသည် ဖလော်ရီဒါပြည်နယ်အပေါ် မူတည်နေပြီး ထိုပြည်နယ်မှ မဲပြဿနာသည် မဲများကိုပြန်လည်ရေတွက်ရေးအတွက် ဥပဒေကြောင်းအရ တိုက်ပွဲဆင်ရသည်။ ထိုအမှုကို ရွေးကောက်ပွဲအပြီး ၃၇ ရက်အကြာတွင် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီး ဘုရှ်က ထိုပြည်နယ်တွင် ၅၃၇ မဲအသာဖြင့်နိုင်သည်။
ထုံးစံအားဖြင့် သတင်းမီဒီယာများနှင့် အခြားရင်းမြစ်များက သမ္မတလောင်းတဦးဦး မဲအများစုရမည်ဖြစ်ကြောင်းဖေါ်ပြသောအခါ အခြားသမ္မတလောင်းက အရှုံးကို အသိအမှတ်ပြုပြီး အနိုင်ရသူကို ဂုဏ်ပြုသည်။ သို့သော် ထရမ့်က သူရှုံးလျှင် အရှုံးကို လက်ခံမည် မဟုတ်သည့် အရိပ်အမြွက်ပြောဆိုထားသည်။ ထို့ကြောင့် ရလဒ်ကို တရားဝင်အတည်ပြုရေး ရက်အတော်ကြာနိုင်သည်။
သမ္မတလောင်း ၂ ဦးလုံး အနိုင်ရကြောင်း ကြေညာမည်
အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် ပြည်နယ်များတွင် မဲစတင်ရေတွက်ပြီး မကြာမီ ရလဒ်အတည်မပြုနိုင်သေးခင် ထရမ့်က သူနိုင်သည်ဟု ကြေညာမည်ဟု ဒီမိုကရက်အချို့ပြောသည်။
ထရမ့်သည် ၂၀၁၆ ခုနှစ်က ပင်ဆယ်ဗေးနီးယား၊ မီချီဂန်နှင့် ဝင်ကွန်စင်တို့တွင် အနိုင်ရသည်။ ထိုပြည်နယ်များသည် ကြိုတင်မဲနှင့် စာတိုက်မှပေးပို့သော မဲများကို အင်္ဂါနေ့မတိုင်မီ ရေတွက်မည်မဟုတ်ပေ။ ထို့ကြောင့် လူကိုယ်တိုင်ထည့်သောမဲများသည် ထရမ့်ဖက်သို့ ယိမ်းပြီး ထရမ့်သည် အစောပိုင်းတွင် အသာရနေနိုင်သည်။
သို့သော် ကြိုတင်မဲများနှင့် စာတိုက်မဲများသည် ဘိုင်ဒင်ဖက် တိမ်းညွှတ်နေသည်ဟု မြင်ကြသည်။ ပြည်နယ်များက ထိုမဲများကို စိစစ်သောအခါ ထရမ့်အသာစီး ရရှိခြင်းသည် ကာလအနည်းငယ်မျှသာဖြစ်သွားနိုင်ပြီး ထင်ယောင်ထင်မှားဖြစ်ခြင်းဖြင့် အသာစီးရရှိမှု ပျောက်ဆုံးသွားနိုင်သည်။
စာတိုက်မှ ပေးပို့သောမဲများသည် ရွေးကောက်ပွဲလိမ်လည်မှု အကြီးစားဖြစ်ကြောင်း ထရမ့်က ကနဦးရွေးကောက်ပွဲရလဒ်များအပေါ် မည်သည့်အပြောင်းအလဲကိုမျှ အယုံအကြည် မရှိစေရန် အားထုတ်သည့်အနေဖြင့် အကြိမ်ကြိမ်ပြောနေသည်။
ထရမ့်သည် သူအနိုင်ရကြောင်း တဖက်သတ်ကြေညာပြီး စာတိုက်မှ ပေးပို့သောမဲများကို ရေတွက်ခြင်းကို ရပ်တန့်စေမည့် အလားအလာရှိကြောင်း နယူးယောက် အခြေအစိုက် သုတေသနလုပ်ငန်း Hawkfish ၏ အမှုဆောင်အရာရှိချုပ် ဂျော့ရှ် မန်ဒယ်ဆန်က သတိပေးသည်။
စာတိုက်မှ ပေးပို့သောမဲများသည် ရွေးကောက်ပွဲလိမ်လည်မှု အကြီးစားဖြစ်ကြောင်း ထရမ့်က ကနဦးရွေးကောက်ပွဲရလဒ်များအပေါ် မည်သည့်အပြောင်းအလဲကိုမျှ အယုံအကြည် မရှိစေရန် အားထုတ်သည့်အနေဖြင့် အကြိမ်ကြိမ်ပြောနေသည်။
ပြည်နယ်များတွင် စာတိုက်မဲများ ရေတွက်ခြင်းရပ်ရန် ထရမ့် အမိန့်ထုတ်ပါက ဘိုင်ဒင်နှင့်အဖွဲ့က တရားစွဲမည်ဟု မျှော်လင့်ရသည်။ ထိုကိစ္စကို ကြိုတင်ပြင်ဆင်မည့်အနေဖြင့် ထရမ့်သည် ကွန်ဆာဗေးတစ် တရားရုံးချုပ် တရားသူကြီး တဦးကို အလျှင်အမြန်ခန့်အပ်လိုက်ပြီး အမြင့်ဆုံးတရားရုံးတွင် ၆ ယောက် ၃ ယောက် အများစုအနေအထားကို ရယူထားသည်။
ဖလော်ရီဒါတွင်မူ ဆန့်ကျင်ဖက် ထင်ရောင်ထင်မှား ဖြစ်နိုင်သည်။ ထိုပြည်နယ်တွင် မဲများကို စတင်ရေတွက်နေပြီဖြစ်သည်။ ကြိုတင်မဲများတွင် ဘိုင်ဒင် ဦးဆောင်နေမည်ဟု ယူဆရပြီး မဲ ၅၂ ရာခ်ိုင်နှုန်းရကာ ထရမ့်က ၄၃ ရာခိုင်နှုန်းသာရသည်။ သို့သော် ထိုအသာစီးရမှုသည် ရွေးကောက်ပွဲနေ့တွင် မဲပေးသောအခါ ကျဆင်းသွားနိုင်သည်။
QAnon က အမေရိကကို မီးမွှေးမည်
ထရမ့်သည် အမေရိကကို မကောင်းဆိုးရွား လစ်ဘရယ်အင်အားစုများလက်မှ ကယ်တယ်နေသည်ဟူသည့် လက်ယာစွန်း လီဆယ်လုပ်ကြံမှုဖြစ်သည့် QAnon ကို လက်ခံသူများသည် ထရမ့်ရွေးကောက်ပွဲရှုံးပါက အကြမ်းဖက်နိုင်ခြေရှိသည့် ဆန္ဒပြပွဲများကို လှုံ့ဆော်နိုင်သည်။
QAnon ကို ၂၀၁၈ ခုနှစ်တွင် Q ဟု အမည်ပေးထားသည့် အမည်မသိ အွန်လိုင်း အကောင့်တခုက စတင်ခဲ့ပြီး ၎င်းသည် လျှို့ဝှက်ထောက်လှမ်းရေးသတင်းများကို သိရှိနိုင်သူဖြစ်ကြောင်း ဖေါ်ပြထားသည်။ ထိုအချိန်မှ စတင်ပြီး ထိုလှုပ်ရှားမှုသည် ကျယ်ပြန့်သည့် သဘောတရားအဖြစ်ပြောင်းလဲသွားပြီး မာရ်နတ်ကိုးကွယ်သည့် ကလေးများအပေါ်လိင်စိတ်တိမ်းညွှတ်သူ အုပ်စုတခုနှင့် ကမ္ဘာကို လွှမ်းမိုးထားသည့် နက်ရှိုင်းသော နိုင်ငံတော်ဆိုင်ရာ အုပ်စုကို ထရမ့်က တိုက်ခိုက်နေသည်ဟူသည့် အယူအဆအပေါ် ဗဟိုပြုသည်။
QAnon လှုပ်ရှားမှုကို ထောက်ခံသူများက သမ္မတဟောင်း အိုဘားမား၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်နှင့် ဘီလျံနာ ရင်းနှီးမြှုပ်နှံသူ ဂျော့ဆိုးရော့စ် အပါအဝင် ချမ်းသာကြွယ်ဝသည့် လစ်ဘရယ် အထက်လွှာများကို ၎င်းတို့၏ ရန်သူများအဖြစ် မုန်းတီးကြသည်။
QAnon လှုပ်ရှားမှုကို ထောက်ခံသူများက သမ္မတဟောင်း အိုဘားမား၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်နှင့် ဘီလျံနာ ရင်းနှီးမြှုပ်နှံသူ ဂျော့ဆိုးရော့စ် အပါအဝင် ချမ်းသာကြွယ်ဝသည့် လစ်ဘရယ် အထက်လွှာများကို ၎င်းတို့၏ ရန်သူများအဖြစ် မုန်းတီးကြသည်။
ထိုသဘောတရားသည် ထရမ့်၏ လက်ရှိအသိုင်းအဝန်းကို ဆန့်ကျင်သည့် စကားများကြောင့် အလျှင်အမြန် ပျံ့နှံ့လာသည်။ “ဒီလူတွေက နိုင်ငံကိုချစ်တဲ့သူတွေလို့ ကျနော်ကြားတယ်” ဟု ထိုလှုပ်ရှားမှုကို ထောက်ခံသူများနှင့် ပတ်သက်ပြီး ထရမ့်ပြောသည်။ ယခုအခါ ၎င်းနှင့်ဆက်စပ်ဖေ့ဘွတ်စာမျက်နှာများတွင် ကမ္ဘာတဝှမ်းမှ အဖွဲ့ဝင် ၄ သန်းခန့်ရှိသည်။
QAnon သည် သမ္မတရွေးကောက်ပွဲအပေါ် ရိုက်ခတ်မှု ရှိနေပြီးဖြစ်သည်။ ထိုပူးပေါင်းကြံစည်မှု သဘောတရားများကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် ဖလော်ရီဒါတွင် လက်တင်အမေရိက နွယ်ဖွားများအကြား ဘိုင်ဒင်အပေါ်ထောက်ခံမှု တု့န်ဆိုင်းသွားသည်ဟု Politico သတင်းစာမျက်နှာက ဖေါ်ပြသည်။
QAnon လှုပ်ရှားမှုသည် ရွေးကောက်ပွဲအပြီးတွင် မဲဆန္ဒရှင်လိမ်လည်မှု သတင်းမှားများကိုလည်း ဖြန့်ချိပြီး အကြမ်းဖက်ဆန္ဒပြမှုများကို ဖြစ်စေနိုင်သည်။ အခြားလက်ယာစွန်း အုပ်စုများကလည်း ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်နိုင်သည်ဟု မာရီလန်း တက္ကသိုလ်မှ ဝါရင့်သုတေသီ မိုက်ကယ် ဂျန်ဆန်ပြောသည်။
ကိုးကား။ ။ Nikkei Asia ၏ Trump vs. Biden: Five things to expect on election day
You may also like these stories:
အမေရိကန်သမ္မတ ဘယ်သူဖြစ်ဖြစ် ထိုင်ဝမ်အရေးက စိန်ခေါ်နေ
ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတဖြစ်ရင် အာရှကို ဘယ်လိုသက်ရောက်မလဲ
တင်းမာမှု မြင့်မားနေသော်လည်း ထရမ့်ပြန်လည်အရွေးခံရရန် တရုတ်မျှော်လင့်နေ