ဆောင်းပါး

တပ်မတော်အကြီးအကဲ၏ သတိပေးချက် ရွေးကောက်ပွဲလွန်ကာလအတွက် ပူပန်စရာ ဖြစ်လာ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြာသေးမီက ပြည်ထောင်စုရွေးကော်မရှင် (UEC) နှင့် အစိုးရအား နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ကိုင်တွယ်မှုအပေါ် တင်းမာစွာ သတိပေးခြင်းသည် နိုင်ငံရေးသမားများနှင့် လေ့လာသူများအကြားတွင် ပူပန်မှုများနှင့် စိတ်မသက်သာမှုများကို မြင့်မားစေသည်။

UEC ၏ လုပ်ငန်းများတွင် အားနည်ချက်နှင့် ချို့ယွင်းမှုများဟု သူဖေါ်ပြသော အချက်များကြောင့် ရွေးကောက်ပွဲ ရလဒ်၏ တရားဝင်မှုကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း တပ်မတော်အကြီးအကဲက ရန်ကုန်အခြေစိုက် ပေါ်ပြူလာနယူးစ် သတင်းဌာနက်ို ပြောသည်။

ယခုတကြိမ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထပ်မံ အနိုင်ရပါက တပ်မတော်က လက်ပိုက်ကြည့်နေမည်မဟုတ်ဟူသော သတင်းစကားမျိုးကို တပ်မတော် အကြီးအကဲက ပါးလိုက်သည့် သဘောဖြစ်နေသည်။ တပ်မတော်ခေါင်းဆောင်များနှင့် အချို့သော နိုင်ငံရေးပါတီ ခေါင်းဆောင်များသည် UEC အပေါ် ယုံကြည်နိုင်မှုနှင့် ၎င်း၏ ဘက်မလိုက်မှုကို သံသယရှိနေသည်မှာ အတန်ကြာပြီဖြစ်သည်။ ယခု ထိထိရောက်ရောက် လုပ်ကိုင်နိုင်စွမ်းအပေါ် သူတို့ မေးခွန်းထုတ်လေပြီ။

အစိုးရနှင့် UEC ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အကွက်ချ လူသိရှင်ကြား စိန်ခေါ်ခြင်းနှင့် သတိပေးခြင်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သူဦးဆောင်သော တပ်မတော်သည် သဘောတရားအရ အစိုးရကို အစီရင်ခံသည်ဟူသော အချက်နှင့် ဆန့်ကျင်ဖက်ဖြစ်သွားသည်။ ထိုသို့ ဗြောင်ကျကျ ထုတ်ပြန်ခြင်းအားဖြင့် လက်တွေ့တွင် အစိုးရဝန်ထမ်းဖြစ်ပြီး ဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ၏ ပြဌာန်းချက်များအတိုင်း လုပ်ဆောင်သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးက နောက်ဆက်တွဲ ထုတ်ပြန်သော်လည်း သီးခြားလွတ်လပ်သော အာဏာပိုင်ဖြစ်သကဲ့သို့ ပြုမူပုံပေါ်သွားသည်။

တပ်မတော် အကြီးအကဲထံမှ အစိုးရကို ထိုသို့သော ဝေဖန်မှုများကို မျှော်လင့်နိုင်ပေသည်။ အစိုးရ၏ တုံ့ပြန်မှုသည် စစ်ဖက်နှင့် အရပ်ဖက်ခေါင်းဆောင်များအကြား လက်ရှိအေးစက်နေသော ဆက်ဆံရေးအနာဂတ်ကို ဆုံးဖြတ်မည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ (က) တွင် ဝန်ထမ်းများ ပါတီနိုင်ငံရေးနှင့် ပတ်သက်ခြင်းကို ပိတ်ပင်ထားကြောင်းနှင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူ့ဝန်ထမ်းများသာဖြစ်ကြောင်း တပ်မတော် အကြီးအကဲနှင့် ပေါ်ပြူလားနယူးစ် အကြား ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ၏ အနှစ်သာရမျးာနှင့် ကိုက်ညီခြင်း မရှိကြောင်း သတင်းစာရှင်းလင်းပွဲတခုတွင် အစိုးရပြောခွင့်ရသူ ဦးဇော်ဌေးပြောသည်။ UEC သည် လွတ်လပ်သော အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်အတွက် အစိုးရကို တာဝန်ရှိသည်ယူဆရန် ဥပဒေတွင် ဖေါ်ပြထားခြင်းမရှိကြောင်းလည်း သူပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်နှင့် တပ်မတော်၏ ထုတ်ပြန်ချက်တို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံ့ ဥပဒေများနှင့် ကိုက်ညီမှု မရှိကြောင်း ဦးဇော်ဌေး၏ ပြောကြားချက်များအပေါ် တပ်မတော်ကလည်း ပြန်လည် တုံ့ပြန်သည်။

တိုင်းပြည်သည် ရွေးကောက်ပွဲလွန်ကာလ ဖရိုဖရဲ အကြမ်းဖက်မှုများဖြစ်လာပြီး ထိုဖြစ်ရပ်များကြောင့် စစ်တပ်အတွက် ခြေတလှမ်းတိုးပြီး နိုင်ငံတော်အာဏာများကို ထိန်းချုပ်ရန် အခြေအနေပေးလာမည်ကို လေ့လာသူအချို့က စိုးရိမ်ကြသည်။

တိုင်းပြည်သည် ရွေးကောက်ပွဲလွန်ကာလ ဖရိုဖရဲ အကြမ်းဖက်မှုများဖြစ်လာပြီး ထိုဖြစ်ရပ်များကြောင့် စစ်တပ်အတွက် ခြေတလှမ်းတိုးပြီး နိုင်ငံတော်အာဏာများကို ထိန်းချုပ်ရန် အခြေအနေပေးလာမည်ကို လေ့လာသူအချို့က စိုးရိမ်ကြသည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဗြောင်ကျကျဝေဖန်မှုကို ရန်ကုန်ရှိသံတမန်များက စိုးရိမ်လာပြီး စစ်တပ်အကြီးအကဲသည် သူ၏လုပ်ပိုင်ခွင့် ဘောင်ကျော်နေပြီလားဟု မေးခွန်းများ ထုတ်လာကြသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေက တပ်မတော်အတွက် လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် ကာကွယ်ရေး၊ နယ်စပ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနသုံးခုကို  ထိန်းချုပ်ခွင့် အာမခံထားသည်။ ထိုသို့ အာမခံသောကြောင့် နိုင်ငံသည် ပူးတွဲအုပ်ချုပ်ရေးလက်အောက်သို့ ကျရောက်သွားသည်။ လွန်ခဲ့သော ၅ နှစ်အတွင်း တပ်မတော်နှင့် အရပ်သား အစိုးရတို့အကြား အကြီးအကျယ် သဘောထားကွဲလွဲနေသည်မှာ လူတိုင်းသိသော လျှို့ဝှက်ချက်ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စီးပွားရေးနှင့် ရခိုင် ပဋိပက္ခများအပါအဝင် ပြဿနာအများအပြားကို NLD အစိုးရက ကိုင်တွယ်ပုံနှင့် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံး လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် စစ်တပ် လွှမ်းမိုးသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) မခေါ်ယူခြင်းတို့နှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင်များ စိတ်ပျက်ကြသည်။

အဆိုးဆုံးမှာ ၎င်းတို့သည် နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပေါ်ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားသည်ဟု တပ်မတော်က ခံစားရသည်။ စစ်ခေါင်းဆောင်များက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မှန်မှန် ပြုလုပ်ပြီး ၂၀၂၅ ခုနှစ်အထိ လက်ရှိအာဏာကို ဆက်လက်ထိန်းချုပ်ထားရန် ရည်မှန်းကြသည်။

၂၀၁၅ ခုနှစ်တွင် NLD အပြတ်အသတ် အနိုင်ရခြင်းနှင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒုတိယသက်တမ်း တာဝန်ယူရမည်ဖြစ်ခြင်း တို့သည် အချို့သော စစ်ခေါင်းဆောင်များနှင့် အပေါင်းပါများအား တုန်လှုပ်စေမည်ကို သံသယရှိရန် မလိုပေ။

၂၀၁၅ ခုနှစ်တွင် NLD အပြတ်အသတ် အနိုင်ရခြင်းနှင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒုတိယသက်တမ်း တာဝန်ယူရမည်ဖြစ်ခြင်း တို့သည် အချို့သော စစ်ခေါင်းဆောင်များနှင့် အပေါင်းပါများအား တုန်လှုပ်စေမည်ကို သံသယရှိရန် မလိုပေ။

လာမည့်နှစ်တွင် တပ်မတော် အကြီးအကဲ ရာထူး ကုန်ဆုံးတော့မည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အစိုးရကို ဖိအားဆက်ပေးပြီး ရွေးကောက်ပွဲ၏ တရားဝင်မှုအပေါ် သံသယဆက်ဝင်နေသောကြောင့် စစ်အာဏာသိမ်းမှု ဖြစ်နိုင်ခြေကို ခန့်မှန်းမှုများ ထွက်ပေါ်လာစေသည်မှာ သေချာသလောက်ဖြစ်ပုံရသည်။

ဖရိုဖရဲ မတည်ငြိမ်မှုများဖြစ်ပါက သမ္မတအနေဖြင့် နိုင်ငံကို စစ်တပ်က ထိန်းချုပ်ရန် ၂၀၀၈ အခြေခံ ဥပဒေအရ ခွင့်ပြုပေးထားသည်။

NLD အစိုးရ သက်တမ်းတလျှောက်လုံးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍလိုအပ်ကြောင်း ပြောဆိုမှုများ မကြာခဏ ပြုလုပ်သည်။ တပ်မတော်သည် တိုင်းပြည်၏ န်ိုင်ငံရေးနှင့် တိုင်းရင်သားရေးရာများတွင် တည်ငြိမ်မှု ထိန်းသိမ်းပေးသော အင်အားစုဖြစ်ကြောင်း ၂၀၁၆ ခုနှစ်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားများကို သူပြောသည်။

တပ်မတော်သည် ပါတီနိုင်ငံရေးတွင် ပါဝင်မည် မဟုတ်သော်လည်း ၂၀၀၈ ဖွဲစည်းပုံပါ ပြဋ္ဌာန်းချက်များအရ အရေးပေါ်အခြေအနေ ကြေညာခွင့်ရှိကြောင်း သူပြောသည်ကို ထိုနှစ် နိုဝင်ဘာလတွင် တပ်အာဘော် မြဝတီ သတင်းစာက ကိုးကားဖေါ်ပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂ (က) အရ ပြည်ထောင်စုပြိုကွဲရေး သို့မဟုတ် အချုပ်အခြာအကာဏာ ဆုံးရှုံးခြင်း သို့မဟုတ် ပုန်ကုန်မှုအပါအဝင် အာဏာကို အင်အားဖြင့် သိမ်းယူရန် အားထုတ်မှု ဖြစ်သောအခါ သမ္မတသည် အရေးပေါ် အခြေအနေကြေညာနိုင်သည်။

သမ္မတသည် NDSC နှင့် ညှိနှိုင်းရမည်ဖြစ်ပြီး NDSC အဖွဲ့ဝင် ၁၁ ဦးလုံး တက်ရောက်နိုင်ခြင်း မရှိပါက သမ္မတသည် အနည်းဆုံးအနေဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးနှင့် ပြည်ထဲရေး ဝန်ကြီးတို့နှင့် ညှိနှိုင်းရမည်။ နိုင်ငံတော် သမ္မတသည် အရေးပေါ်အခြေအနေ ကြေညာခြင်းကိုလည်း NDSC သို့ အမြန်ဆုံးတင်ပြရမည်ဖြစ်သည်။ NLD က ထိုပြဋ္ဌာန်းချက် ၂ ခုလုံးကို ပယ်ဖျက်ရန် အဆိုပြုသည်။

လွန်ခဲ့သောနှစ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရန် ကြိုးစားရာတွင် NLD က NDSC အတွင်း စစ်ဘက်လွှမ်းမိုးမှုကို လျှော့ချရန် ကြိုးစားသည်။ NDSC တွင် သမ္မတ၊ ဒုတိယ သမ္မတ နှစ်ဦး ( ၎င်းတို့အနက် တဦးကို တပ်က ခန့်သည်)၊ လွှတ်တော်နှစ်ရပ် ဥက္ကဌများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် စစ်တပ်က ခန့်အပ်သော ဝန်ကြီးများဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ ပါဝင်သည်။ သို့သော် လွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ်များက ထိုအဆိုပြုချက်ကို ပယ်ချခဲ့သည်။

တပ်မတော်နှင့်အစိုးရတို့သည် ရွေးကောက်ပွဲလွန်ကာလအထိ ဆက်လက်ပေါ်ပေါက်နေမည့် ထိပ်တိုက်တွေ့မှုမှ ရုန်းမထွက်နိုင်ဘဲဖြစ်နေသည်။ ထိုတင်းမာမှုသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမည့် စိုးရိမ်ပူပန်မှုများကို ဖြစ်စေသည်။ သို့သော် ၂၀၀၈  အခြေခံဥပဒေကို စစ်ဘက်က စိတ်တိုင်းကျရေးဆွဲထားသောကြောင့် စစ်တပ်က မည်သည့်အတွက် အာဏာသ်ိမ်းမည်နည်း။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Military Chief’s Warnings Raise Specter of Post-Election Chaos ကို ဘာသာပြန်သည်။)

You may also like these stories:

တပ်မတော်ရဲ့ သတိပေးချက် နိုင်ငံရေးအသိုင်းအဝိုင်းက ဘယ်လိုတုံ့ပြန်သလဲ

တပ်ချုပ်နှင့် တပ်မတော်၏ ထုတ်ပြန်ချက် ဥပဒေနှင့် မညီဟု သမ္မတရုံး တုံ့ ပြန်

နိုင်ငံတော် သမ္မတရုံး ဝေဖန်ချက် တပ်မတော် တုံ့ပြန်

Loading