နိုဝင်ဘာ ၈ရက် တနင်္ဂနွေနေ့ တွင် မြန်မာနိုင်ငံရှိ နိုင်ငံရေး ပါတီများအကြား အကြိတ်အနယ်ဖြစ်လာမည့် အထွေ ထွေရွေးကောက်ပွဲ စတင်ပြီဖြစ်သည်။
ယခုတကြိမ် ရွေးကောက်ပွဲက ပြီးခဲ့သည့် ရွေးကောက်ပွဲများထက် နိုင်ငံရေး ပွတ်တိုက်မှု ပိုများသည်ဟု ဆိုရမည်။
အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် အတိုက်အခံပါတီဟု ဆိုမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တို့ အကြား ပြိုင်ဆိုင်မှု ပြင်းထန်လာသလို၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ မှားယွင်းမှုများ အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ဝေဖန်ပြောဆိုမှု၊ ယင်းမှားယွင်းမှုကို လက်ရှိ အာဏာရ အစိုးရက တာဝန်ခံရမည်ဟု ပြောဆိုမှုများကြောင့် တပ်မတော်၏ ရပ်တည်ချက် သဘောထားကြောင့် လူထု အကြား တွေးထင်မှု အမျိုးမျိုး ဖြစ်ပေါ်ခဲ့ရသည်။
သို့သော် အာဏာရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနေ့တွင် တည်ငြိမ်မှုရှိရန်၊ တစုံတရာ အထစ်အငေါ့ ရှိပါက ဥပဒေဘောင်အတွင်းမှ တည်တည်ငြိမ်ငြိမ်ဖြေရှင်း ပြောကြားခဲ့သလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရွေးကောက်ပွဲ အဆင်ပြေပြေနှင့် အောင်အောင်မြင်မြင် ပြီးဆုံးဖို့ လိုကြောင်း စစ်တိုင်းမှူးများနှင့် တယ်လီကွန်ဖရင့်ပြုလုပ်ရာတွင် ပြောဆိုခဲ့ကြသည်။
ထိုသို့သော အခြေအနေများအကြား ပဲခူးတိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဗုံးဖြင့် ခြိမ်းခြောက်တိုက်ခိုက်မှု အကြမ်း ဖက် လုပ်ရပ်များက ရွေးကောက်ပွဲကို ပြိုင်ဆိုင်မှုကို ပိုမို တွန်းအားပေးလာနိုင်သလို၊ ရွေးကောက်ပွဲ အလွန်ကာလများ တွင်လည်း ပိုမိုထိန်းသိမ်းကာ ဂရုစိုက်ရမည့် အနေအထားဖြစ်သည်။
မြန်မာပြည် ရွေးကောက်ပွဲများနှင့် ပတ်သက်လျှင် အခြေအနေ အရပ်ရပ်အရ တပ်မတော်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ချည်းသာ ဖြစ်သည်။
တပ်မတော်သည် အဓိကကျသော ဒီမိုကရေစီ ရွေးကောက်ပွဲကြီးများနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက် ပြုလုပ်သည့် ၁၉၆၀ ရွေးကောက်ပွဲတွင် တကြိမ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက် ပြုလုပ်သည့် ၁၉၉၀ ရွေးကောက်ပွဲဟု ၂ ကြိမ်ဖြတ်သန်းခဲ့ပြီး ဖြစ်သကဲ့သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ထိုနှစ် သြဂုတ်လ ကတည်းက တခြားသော တပ်မတော်ခေါင်းဆောင်းများနှင့် အတူ ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ဖြစ်သော်လည်း သူ၏ အစီအစဉ်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးခဲ့သည်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် သက်တမ်းအတွင်း ၂၀၁၅ ရွေးကောက်ပွဲနှင့် ယခုတကြိမ် ၂၀၂၀ ရွေးကောက်ပွဲတို့နှင့် ထိတွေခဲ့သည်ဟု ဆိုနိုင်သည်။
၂၀၁၀ ရွေးကောက်ပွဲမှ လွဲ၍ ကျန် ရွေးကောက်ပွဲများတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ၏ သဘောထား ပြောဆိုချက်များသည် အရေးကြီးသည့် သမိုင်းဝင် ပြောဆိုချက်များ ဖြစ်သည်။
၁၉၆၀ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်က ၁၉၅၈ ခုနှစ်က တပ်မတော်သည် ဝန်ကြီးချုပ် ဦးနုထံမှ အာဏာကို လွှဲပြောင်း ယူကာ ဗိုလ်ချုပ်ကြီးနေဝင်းက အိမ်စောင့် အစိုးရအဖြစ် တာဝန်ယူ အုပ်ချုပ်ခဲ့ပြီး နောက် ရွေးကောက်ပွဲကို ပြန်လည် ကျင်းပပေးခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းအပါအဝင် တပ်မတော် ခေါင်းဆောင်များမှာ နိုင်ငံရေး ရပ်တည်ချက်တွင် ၎င်းတို့နှင့် ပိုမိုနီးစပ်သည့် တည်မြဲ ဖဆပလဘက်သို့ ယိမ်းယိုင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဆိုသည်။
သို့သော် ၁၉၆၀ ရွေးကောက်ပွဲတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း၏ တပ်မတော်အနေဖြင့် မည်သည့် ဘက်မှ မလိုက်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ဘက်မလိုက်ရေး ညွန်ကြားချက်မှာ “တပ်မတော် အနေဖြင့် နိုင်ငံရေး ပါတီများနဲ့ ကင်းကင်းရှင်းရှင်း ရှိရမည်၊ ဘက်လိုက်ပါဝင်ခြင်း မပြုသင့်၊ ရွေးကောက်ပွဲမှာ မိမိတို့ တဦးချင်း ဆန္ဒအတိုင်း မဲပေးနိုင်ခွင့်ရှိသည်၊ တပ်မတော် ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ကိစ္စမှန်သမျှ ရှောင်ကြဉ်ရမည်” ဟူ၍ ဖြစ်သည်။
တကယ်တမ်းတွင်မူ ဝါရင့် တပ်မတော်အရာရှိကြီးများဖြစ်သည်။ဗိုလ်မှူးချုပ် မောင်မောင်၊ တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ရွှေ၊ တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးကြီး ကြည်ဝင်း၊ တပ်မဟာ (၁၀) တပ်မဟာမှူး ဒု ဗိုလ်မှူးကြီး ကျော်မြင့်၊ တပ်မဟာ (၁၁) တပ်မဟာမှူး ဒု ဗိုလ်မှူးကြီး ဘဖြူ၊ တပ်မဟာ (၁၂) တပ်မဟာမှူး ဗိုလ်မှူးကြီး တင်မောင် (မြတ်ထန်)၊ ဒု ဗိုလ်မှူးကြီး ချစ်ခိုင် တို့သည် ဦးကျော်ငြိမ်း၊ ဦးဘဆွေခေါင်းဆောင်သော (တည်မြဲ) ဘက်သို့ လိုက်ခဲ့သည့်ပြစ်ချက်ဖြင့် တပ်မှ ထုတ်ပယ်ခံခဲ့ရသည်။
ထို့နောက် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ကာ တပ်မတော်မှ အာဏာသိမ်းကာ နိုင်ငံရေး လမ်းစဉ်ကို တပါတီစနစ်ဖြင့် သွားရောက်ခဲ့သဖြင့် ပါလီမန် ဒီမိုကရေစီစနစ် နိဂုံးချုပ်ခဲ့ရပြန်သည်။
တပါတီအာဏာရှင်စနစ်သည်လည်း ၂၆နှစ်အကြာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြောင့် ပြုတ်ကျသွားခဲ့ရာမှ တပ်မတော်မှ အာဏာသိမ်းပြီးနောက် အများတောင်းဆိုသည် ပါတီစုံ ဒီမိုကရေစီစနစ်အရ ၁၉၉၀ခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။
ယင်းရွေးကောက်ပွဲတွင်လည်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်က တပ်မတော်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ အပေါ် ထားရှိရမည့် သဘောထားကို အောက်ပါအတိုင်း ပြောဆိုခဲ့သည်။
(က) လွတ်လွတ်လပ်လပ်နှင့် တရားမျှတမှု အရှိဆုံး ဖြစ်အောင် အဂတိလေးပါး မလိုက်စားဘဲ တပ်မတော်သား တဦးချင်းအနေဖြင့် မိမိဆန္ဒအတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ပြီး တိကျစွာ လိုက်နာကြရန်၊
(ခ) ရာထူး၊ အဆင့်အလိုက် အရှိန်အဝါ၊ သြဇာအာဏာကို အသုံးပြုပြီး မိမိလက်အောက်ခံ တပ်ဖွဲ့များသို့ လည်းကောင်း၊ မိမိရောက်ရှိရာ ဒေသရှိ ပြည်သူများသို့ လည်းကောင်း၊ မိမိလိုလားသည့် အဖွဲ့အစည်းတခုခုတွင် ပါဝင်သော ကိုယ်စားလှယ်ကို မဲထည့်ပါဟု အမိန့်ပေးခြင်း၊ ညွှန်ကြားခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ ခြောက်လှန့်ခြင်း၊ စည်းရုံးခြင်း လုံးဝမပြုလုပ်ရန် ဖြစ်ကြောင်း၊
(ဂ) ရွေးကောက် တင်မြှောက်ပွဲအတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းပညာဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို တိကျလေးစားစွာ လိုက်နာစောင့်ထိန်းရမည် ဖြစ်ကြောင်း၊
(ဃ) ဤအချက်များကို အရာရှိများအဆင့်သာ သိရှိနေရုံသာမက အောက်ခြေအဆင့်နှင့် မိသားစုများ အတွင်းအထိ သိရှိနားလည်ရန်အတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
(င) မိမိတို့သည် တပ်မတော်သားများ ဖြစ်သည်နှင့်အညီ နယ်ဘက် ဥပဒေသာမက တပ်မတော်ဆိုင်ရာ ဥပဒေများကို လိုက်နာကျင့်သုံးရသူများ ဖြစ်ကြောင်း အမြဲသတိချပ်ပြီး မကြာမီ ကျင်းပမည့် ရွေးချယ် တင်မြှောက်ပွဲကို တပ်မတော် သား တဦးချင်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် အပြောအဆို အမူအကျင့်များ မပြုလုပ်မိရန် အထူးသတိပြု လိုက်နာရန် တို့ဖြစ်သည်။
ထို ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)သည် တပ်မတော်နှင့် နီးစပ်သည့် အငြိမ်းစား ဗိုလ်ချုပ်ကြီးများနှင့် တပ်မတော်သားဟောင်းတချို့ ပါဝင်သည့် ယခင်အာဏာရပါတီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် တဖြစ်လဲ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ(တစည)ဖြင့် အဓိက ယှဉ်ပြိုင်ခဲ့ရသည်။
NLD သည် တပ်မတော်၏ အမာခံနယ်မြေများဟု ယူဆထားသော မင်္ဂလာဒုံ၊ မှော်ဘီ စသည့် တပ်နယ်မြေများတွင် သာမက တနိုင်ငံလုံး အတိုင်းအတာနှင့် သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၃၉၂ ဦး ရွေးချယ် တင်မြှောက်ခံခဲ့ရသည်။ သို့သော် အစိုးရဖွဲ့ခွင့် မရပေ။
ထို့နောက် တပ်မတော်ကသာ အာဏာကို ဆက်လက်ကိုင်ဆွဲကာ အမျိုးသားညီလာခံ ခေါ်ယူကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲကာ ၂၀၀၈ ခုနှစ်တွင် ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းခဲ့သည်။
၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရာ ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက်မရှိ အနိုင်ရကာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်ကာ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရသည် ၅နှစ်သက်တမ်းအတွင် တပ်မတော်နှင့် နီးစပ်သည့် အစိုးရဖြစ်သည်ဟု ဆိုကြသည်။
၂၀၁၅ ရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၉၉၀ ရွေးကောက်ပွဲ အတွေ့အကြုံရှိသူများ အဖို့ သတိကြီးစွာ စောင့်ကြည့်ရသည့် ရွေးကောက်ပွဲ ဖြစ်ခဲ့သည်။
ယင်းရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားကို အများက စိတ်ဝင်တစား လေ့လာခဲ့ကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်မှာလည်း အောက်ပါအတိုင်း ဖြစ်သည်။
နိုင်ငံရေးနှင့် ပတ်သက်ပြီး မကြာမီ ကိုယ်တိုင် ရွေးချယ်ပေးကြရတော့မည်ဖြစ်၍ ရွေးချယ်မှု မှန်ကန်ရန် လိုအပ် ကြောင်း၊ တိုင်းပြည်ကို ခေါင်းဆောင်နေသူသည် နိုင်ငံနှင့်ဒေသကို ဖွံ့ဖြိုးအောင်လုပ်မည့်သူ၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့်သူ၊ တပ်မတော်အပေါ် နားလည်မှု ရှိသူ၊ အမြင် လေးမြင် (နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး) ရှိသူ၊ အမျိုး ဘာသာ သာသနာနှင့် ပတ်သက်ပြီး မှန်မှန်ကန်ကန်နှင့် စနစ်တကျ ထိန်းသိမ်းစောင့် ရှောက်နိုင်သူ၊ နိုင်ငံခြားသား၊ နိုင်ငံခြား တိုင်းပြည်အဖွဲ့အစည်း တစ်ခုခုဖြင့် တစ်နည်းနည်းဖြင့် ဆက်သွယ်မှုမရှိသူ၊ လွှမ်းမိုးမှု မရှိသူဖြစ်ရန် လိုကြောင်း” ဟု ပြောဆိုထားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၅ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပထမ အကြိမ် စက်တင်ဘာလက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးတွင် စတင် ပြောဆိုစဉ်က တပ်မတော် ၏ ရပ်တည်ချက် မူဝါဒမှာ မိမိနိုင်ငံ၊ မိမိဒေသအတွက် ကောင်းအောင်ဆောင် ရွက်နိုင်သူ၊ ဒို့တာဝန် အရေးသုံးပါးအား သိရှိနားလည် စောင့်ထိန်းနိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ကာကွယ်ရေး အမြင်လေးမြင်ရှိပြီး တပ်မတော် အပေါ် နားလည်မှုရှိသူ ဖြစ်စေလိုသည်ဟု ရည်ညွန်း ပြောဆိုသော်လည် နောက်ပိုင်း နောက်ပိုင်း နေပြည်တော် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၌ ပြောကြားသည့် မိန့်ခွန်းမှ စတင်၍ အမျိုးဘာသာ သာသနာကို ထိန်းသိမ်း စောင့် ရှောက်သူ၊ နိုင်ငံခြားသား၊ နိုင်ငံခြားတိုင်းပြည် အဖွဲ့အစည်း တခုခုဖြင့် တနည်းနည်းဖြင့် ဆက်သွယ်မှု မရှိသူ၊ လွှမ်းမိုးမှု မရှိသူဖြစ်ရန် လိုကြောင်း ထည့်သွင်းပြောဆိုလာခြင်း ဖြစ်သည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး၊ တပ်မတော်နှင့် နီးစပ်သည့် ဗိုလ်ချုပ်ကြီးဟောင်းများနှင့် ဖွဲ့စည်းထားသော် USDP မှာ ရှုံးနိမ်ခဲ့ရာ တပ်မတော် အနေဖြင့် ယခင် နိုင်ငံရေး အတိုက်အခံဖြစ်ခဲ့သည် NLD ပါတီအား အစိုးရတရပ်အနေဖြင့် စတင် ထိတွေ့ ဆက်ဆံခဲ့ရသည်ဟု ဆိုရမည်။
NLD အစိုးရ လက်ထက်တွင် တပ်မတော်နှင့် ဆက်ဆံရေး ကောင်းများ ရခဲ့သလို နိုင်ငံရေး ပွတ်တိုက်မှုများကလည်း အကြိမ်ကြိမ်ဟု ဆိုရမည်။
အစိုးရသက်တမ်း ၅နှစ်တာ ကာလအတွင်း နောက်ဆုံးအကြိမ်ပွတ်တိုက်မှုမှာ မကြာသေးမီက ဖြစ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပတ်သက်၍ တပ်မတော်မှ ထုတ်ပြန်ချက်ထုတ်ကာ ထောက်ပြ ဝေဖန်သကဲ့သို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်လည်း Popular News သတင်းဌာနနှင့် သီးသန့် အင်တာဗျူး လုပ်ကာ သတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
ထိုအခြေအနေကို နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် သံတမန်များက တပ်မတော်အနေဖြင့် အာဏာသိမ်းမှု ဘက်ကို ဦးတည်နေပြီလား ဆိုသည့် မေးခွန်းထုတ် ပြောဆိုဝေဖန်မှုများ ရှိခဲ့သည်။
သို့သော် ရွေးကောက်ပွဲ ကျင်းပရန် ၃ရက်အလို နိုဝင်ဘာ ၅ရက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် ထိပ်တန်းအရာရှိကြီးများနှင့် စစ်တိုင်းမှူးများကို Video Teleconference ခေါ်ယူကာ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်မတော်ရပ်တည်ချက်ကို အောက်ပါအတိုင်း ပြောဆိုခဲ့သည်။
“မဲပေးတဲ့အခါမှာလည်း စစ်သည်နဲ့ မိသားစုများက လွတ်လွတ်လပ်လပ် မဲပေးနိုင်ပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် အချက် တစ်ချက် နှစ်ချက် ပြောချင်ပါတယ်။ အဲ့ဒါကတော့ ဘာလဲဆိုလို့ရှိရင် တစ်အချက်ကတော့ ဒို့တာဝန်အရေး သုံးပါးကို အလေးထားတဲ့ ကိုယ်စားလှယ်ကောင်းတွေကို စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
တပ်မတော်အနေဖြင့် လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်ရန် ကြိုးစားဖို့၊ ရှောရှောရှူရှူဖြင့် အောင်မြင်ဖို့၊ ကြိုတင်မဲကိစ္စ အားနည်းချက်ကြောင့် ချောမွေ့စေရေး သက်ဆိုင်ရာ ကော်မတီနှင့် ပေါင်းစပ်ဆောင်ရွက်ဖို့ ပြောဆိုခဲ့သည်။
အချုပ်အားဖြင့် ဆိုရလျှင် မြန်မာ့နိုင်ငံ ရွေးကောက်ပွဲများကို ပြန်ကြည့်ပါက ၁၉၆၀ ဖေဖေါ်ဝါရီလ ရွေးကောက်ပွဲ၌ ဘက်မလိုက်ရေး ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းသည် နောင် ၂ နှစ်အကြာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် သူအကာကွယ် ပေးခဲ့သည့် ဦးနု၏ ပထစ အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည်။
အလားတူ ဘက်မလိုက်ရေး ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲအလွန် အနိုင်ရပါတီကို အာဏာလွှဲပေးကာ စစ်တန်းလျား ပြန်မည်ဟု ပြောဆိုခဲ့သည့် ဗိုလ်ချုပ်မှူးကြီး စောမောင်သည်လည်း အနိုင်ရ NLD ပါတီကို အာဏာလွှဲအပ်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ရက်ပိုင်းသာလိုတော့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ မတိုင်မီ တင်းမာမှု ပွတ်တိုက်မှုများ ဖြစ်ခဲ့သည့် မြန်မာ နိုင်ငံရေးနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲအလွန် တပ်မတော်အနေဖြင့် မည်သို့ ရပ်တည်မည်ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရမည့် အချိန်ဖြစ်သည်။
You may also like these stories:
တပ်မတော်အကြီးအကဲ၏ သတိပေးချက် ရွေးကောက်ပွဲလွန်ကာလအတွက် ပူပန်စရာ ဖြစ်လာ
ဒို့တာဝန် အရေး ၃ ပါးကို ကာကွယ်သည့် ပါတီနှင့် လက်တွဲမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
နိုင်ငံတော် သမ္မတရုံး ဝေဖန်ချက် တပ်မတော် တုံ့ပြန်