အမေရိကန် ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများဖြစ်သည့် Pfizer နှင့် BioNTech တို့က သူတို့ စမ်းသပ်ထားသည့် ကာကွယ်ဆေးသည် COVID-19 ကို တားဆီးရာတွင် ၉၀ ရာခိုင်နှုန်း ထိရောက်မှု ရှိနိုင်ကြောင်း ပြောခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ် ကူးစက် ကပ်ရောဂါ တိုက်ဖျက်ရေးတွင် အဓိက အောင်မြင်မှု တခုအပေါ် မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။
နိုဝင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အဆိုပါကြေငြာချက်က ကမာ္ဘတဝန်းသို့ ရောက်ရှိသွားခဲ့ပြီးချိန်တွင် အဖြေမရသေးသည့် မေးခွန်းများကျန်နေဆဲ ဖြစ်ကြောင်း သိပ္ပံပညာရှင်များနှင့် ဆရာဝန်များက သတိပေးခဲ့ကြကာ အောင်ပွဲခံရန် အချိန်မတန်သေးဟု သတိပေးခဲ့သည်။ သို့သော် စတော့ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်ပြီး အကောင်းမြင် တုံ့ပြန်ခဲ့ကြကာ နိုင်ငံရေး ခေါင်းဆောင်များက နောက်ဆုံးအဆင့် စမ်းသပ်မှု ရလဒ်များကို ကြိုဆိုခဲ့ကြသည်။
စုစုပေါင်း လူ ၁.၂၅ သန်းကျော် သေဆုံးပြီး ကမာ္ဘတဝှမ်းမှ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပျက်စီးစေခဲ့သည့် ရောဂါတခုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတခု အနေဖြင့် အလားအလာ ကောင်းနေသော အဆိုပါ ကာကွယ်ဆေးနှင့် ပတ်သက်၍ သိထားရန် လိုအပ်သည်များကို အောက်တွင် ဖော်ပြလိုက်ပါသည်။
ဘာကို ကြေငြာခဲ့သလဲ
ဆေးဝါးထုတ်လုပ်သူများ၏ စမ်းသပ်မှုတွင် နိုင်ငံ ၆ နိုင်ငံမှ လူပေါင်း ၄၄၀၀၀ ခန့် ပါဝင်ခဲ့ပြီး ၎င်းတို့ထဲမှ တဝက်ကို ကာကွယ်ဆေး ထိုးပေးခဲ့သည်။ ကျန်တဝက်ကို ဆေးအာနိသင် သက်ရောက်မှု မရှိသည့် ဟန်ဆောင် ကာကွယ်ဆေး (placebo) ပေးခဲ့သည်။
နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သော အချက်အလက်များသည် ကြားဖြတ်လေ့လာဆန်းစစ်မှု တခု ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၄ ဦးတွင် ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ထဲတွင် ကာကွယ်ဆေးရရှိထားသူက ၉ ဦးထက် နည်းသည်။
ထိရောက်မှုနှုန်းကို အတည်ပြုရန် အတွက် (စမ်းသပ်မှုတွင် ပါဝင်ပေးသည့်) စေတနာ့ဝန်ထမ်းများထဲ၌ COVID-19 ဖြစ်ပွားမှု ၁၆၄ ခု တွေ့ရှိသည်အထိ ဆက်လက် စမ်းသပ်မည်ဖြစ်ကြောင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန (FDA) က သဘောတူထားပြီး ဖြစ်သည့် ထိုပမာဏသည် ကာကွယ်ဆေးက မည်မျှကောင်းစွာ အလုပ်လုပ်သည်ကို ပြောပြရန် လုံလောက်ကြောင်း PFizer က ပြောသည်။
သို့သော်လည်း အချက်အလက်များကို သက်ဆိုင်ရာ ဆေးပညာရှင်များ အချင်းချင်းကြား ပြန်လည် စစ်ဆေးသုံးသပ်ခြင်း သို့မဟုတ် ဆေးပညာဆိုင်ရာ ဂျာနယ် တခုတွင် ဖော်ပြထုတ်ဝေခြင်း မပြုရသေးပါ။ စမ်းသပ်မှု တခုလုံးမှ ရလဒ်များ ရရှိသည်နှင့် တပြိုင်နက် ထိုသို့ပြုလုပ်မည်ဟု Pfizer က ဆိုသည်။
ပြင်ပကျွမ်းကျင်သူများက အချက်အလက်များ၏ အဓိကကျသော အသေးစိတ်များကို ဆန်းစစ်ရန် လိုအပ်ကြောင်း ပြောကြသည်။ ကာကွယ်ဆေးက ပြင်းထန်သောရောဂါ သို့မဟုတ် နောက်ဆက်တွဲ ရောဂါများကို ကာကွယ်နိုင်ခြင်း ရှိ မရှိ၊ ရောဂါကူးစက်မှုကို မည်မျှကြာအောင် ကာကွယ်ပေးမည်၊ သက်ကြီးရွယ်အိုများကို မည်မျှ ထိရောက်စွာ ကာကွယ်ပေးနိုင်မည် စသည်တို့ အပါအဝင် မေးခွန်းများစွာ ကျန်ရှိနေသေးကြောင်းလည်း သတိပေးခဲ့သည်။
ကာကွယ်ဆေးက ဘယ်လို အလုပ်လုပ်သလဲ
သင် ကာကွယ်ဆေးထိုးသည့်အခါ ယေဘုယျအားဖြင့် အားနည်းနေသော သို့မဟုတ် ဗိုင်းရပ်စ်ပိုး၏ သေဆုံးနေသော အပိုင်းတခု သို့မဟုတ် ရောဂါဖြစ်စေသော ဘက်တီးရီးယားများ သင့်ကို ပေးလိုက်ခြင်း ဖြစ်သည်။ ထိုသို့့ပြုလုပ်ခြင်းကြောင့် ကာကွယ်ဆေးက သင့်ကို မကျန်းမမာ ဖြစ်စေမည် မဟုတ်ပါ။ သို့သော်လည်း သင်၏ ကိုယ်ခန္ဓာက ၎င်းသည် ပြင်ပမှ ဒြပ်တခုဖြစ်ကြောင်း သိရှိသွားပြီး ကိုယ်ခံအားတုန့်ပြန်မှု တခုကို ဖြစ်ပေါ်စေသည်။ အဓိပ္ပါယ်မှာ သင်၏ ခန္ဓာကိုယ်က ထိုရောဂါကိုဖြစ်စေသော ပိုးကို အမှန်တကယ်တွေ့ရသောအချိန်တွင် ချက်ချင်း တိုက်ထုတ်ပစ်ရန် အဆင်သင့်ဖြစ် နေလိမ့်ပါမည်။
ဤကာကွယ်ဆေး အသစ်၏ အလုပ်လုပ်ပုံကို mRNA ဟု ခေါ်သည်။ ဆိုလိုသည်မှာ သင့်ကို ဗိုင်းရပ်စ် အစိတ်အပိုင်းများ သို့မဟုတ် ၎င်း၏ အားနည်းသော ပုံစံများ အမှန်တကယ် ထိုးပေးလိုက်ခြင်း မဟုတ်သော်လည်း ကိုရိုနာဗိုင်းရပ်၏ မျိုးရိုး ဗီဇကုဒ် အစိတ်အပိုင်းတခု ပေးလိုက်ခြင်း ဖြစ်သည်။ ၎င်းက ခန္ဓာကိုယ်ကို ဗိုင်းရပ်စ် ပရိုတိန်းအချို့ ကိုယ့်ဖာသာ ထုတ်လုပ်ရန် လှည့်စားလိုက်သည်။ သို့မှသာ ကိုယ်ခံအားစနစ်က ထိုပရိုတိန်းများကို အာရုံခံမိပြီး တုန့်ပြန် ခုခံမှု တခုကို စတင် ပြုလုပ်မည် ဖြစ်သည်။
တုံ့ပြန်မှုက ဘာတွေလဲ
ကိုရိုနာဗိုင်းရပ်ကြောင့် ပေါ်လာသည့် ပိတ်ဆို့မှုများနှင့် ခရီးသွားမှု တားမြစ်ခြင်းများ၏ နှောင့်ယှက်ခြင်းကို လနှင့် ချီ၍ ခံခဲ့ရသော ဘဏ် စတော့ရှယ်ယာများ၊ လေကြောင်းလိုင်းများနှင့် စီးပွားရေးအရ ထိခိုက်လွယ်သည့် အခြားကုမ္ပဏီများတွင် စုပုံနေကြသော ရင်းနှီးမြှုပ်နှံသူများက အမေရိကန်မှ အဓိက စတော့ရှယ်ယာ ညွှန်းကိန်းများကို စံချိန်တင် မြင့်တက်စေခဲ့သည်။
BioNTech ၏ အမေရိကန် စတော့ရှယ်ယာက ၁၈ ရာခိုင်နှုန်း ခုန်တက်သွားချိန်၌ Pfizer ၏ ရှယ်ယာက နယူးယောက်တွင် ၆ ရာခိုင်နှုန်း မြင့်မားသွားခဲ့သည်။
ရလဒ်များက အလွန် အလားအလာကောင်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောသည်။ သို့သော်လည်း ဘဏ္ဍာငွေ လိုအပ်မှု ဒေါ်လာ ၄.၅ ဘီလီယံရှိနေခြင်းက ဝင်ငွေနိမ့်နှင့် ဝင်ငွေ အလယ်အလတ် ရှိသော နိုင်ငံများတွင် စမ်းသပ်မှုများ၊ ဆေးဝါးများနှင့် ကာကွယ်ဆေးများ ရရှိနိုင်မှုကို နှေးကွေးစေနိုင်ကြောင်း သတိပေးခဲ့သည်။
ကျွမ်းကျင်သူများကလည်း ကာကွယ်ဆေးဖြန့်ဖြူးရာတွင် အထူးသဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု မလုံလောက်သည့် ဆင်းရဲသောနိုင်ငံများတွင် အဓိက စိန်ခေါ်မှုများရှိနိုင်ကြောင်း ပြောကြားကြသည်။ ဆေးအာနိသင် ထိရောက်မှုရှိစေရန် အလွန် အေးခဲသော အချိန်တွင် သိုလှောင်ထားရမည် ဖြစ်သောကြောင့် ဖြစ်သည်။
နောက်ထပ် ဘာဖြစ်မလဲ
Pfizer နှင့် BioNTech တို့က စမ်းသပ်မှုတွင်ပါဝင်သူများ၏ ထက်ဝက်ခန့်နှင့် ပတ်သက်၍ ၂ လ တာအတွက် ဘေးကင်း စိတ်ချရသော အချက်အလက်များ ရရှိမည့် လကုန်ပိုင်းတွင် ကာကွယ်ဆေးအတွက် FDA မှ အရေးပေါ်အတည်ပြုချက် ရရှိရေး လျှောက်ထားရန် စီစဉ်ထားကြောင်း ပြောသည်။ ထို့ကြောင့် အစောဆုံး အနေဖြင့် ဒီဇင်ဘာလတွင် တရားဝင် ဆုံးဖြတ်ချက် ချမှတ်ပေးရန် ဖြစ်နိုင်ခြေက မြင့်မားသည်။
အချိန်ကုန် သက်သာစေရန် ကုမ္ပဏီများက ကာကွယ်ဆေး ထိရောက်မှု ရှိ မရှိ ကို မသိနိုင်သေးခင် ထုတ်လုပ်ရေးကို စတင်ခဲ့ကြသည်။ ယခုအခါ သူတို့က ယခုနှစ်အတွင်းတွင် ဆေး သန်းပေါင်း ၅၀ အထိ သို့မဟုတ် လူ ၂၅ သန်းကို အကာအကွယ်ပေးရန် လုံလောက်သည်အထိ ထုတ်လုပ်ရန် မျှော်လင့်နေကြသည်။
၂၀၂၁ ခုနှစ်တွင် ကာကွယ်ဆေးကို ၁.၃ ဘီလီယံ အထိ ထုတ်လပ်ရန် မျှော်လင့်ကြောင်း Pfizer က ပြောကြားခဲ့သည်။
ဘယ်သူတွေက ဝယ်သလဲ
Pfizer နှင့် BioNTech ကာကွယ်ဆေး သန်း ၁၀၀ ပေးရန် အမေရိကန်အစိုးရနှင့် ဒေါ်လာ ၁.၉၅ ဘီလျံတန် စာချုပ်တခု ယခုနှစ် အစ၌ ပြုလုပ်ခဲ့သည်။ သူတို့က ဥရောပသမဂ္ဂ၊ အင်္ဂလန်၊ ကနေဒါနှင့် ဂျပန်နိုင်ငံ တို့နှင့်လည်း ထောက်ပံ့ရေး သဘောတူညီချက်များ ရရှိထားခဲ့သည်။
ကိုးကား ။ ။ Aljazeera ၏ Everything you need to know about Pfizer’s COVID-19 vaccine
You may also like these stories:
Pfizer ရဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု ၉၀ ရာခိုင်နှုန်းအောင်မြင်
လူကြီးလူငယ်နဲ့ သက်ကြီး စမ်းသပ်လူနာများကြား အောက်စ်ဖို့ဒ် ကာကွယ်ဆေး အခြေအနေကောင်း
ကိုဗစ်ပိုးကူးမှု ရပ်နိုင်စေသော ကိုယ်ခံအားလမ်းကြောင်း Johns Hopkins သုတေသီများ ရှာတွေ့