ရွေးကောက်ပွဲ ရလဒ်များ အတည်ပြု ကြေညာပြီးနောက် အစိုးရ ဖွဲ့စည်းနိုင်ရေး အပြတ်အသတ် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ အစိုးရ ဒုတိယသက်တမ်း လူရွေးချယ်ခန့်ထားရေးမှာ ပြည်သူများ၏ စိတ်ဝင်တစား စောင့်ကြည့်နေရသည့် ကိစ္စရပ် တခုဖြစ်လာခဲ့သည်။
၅ နှစ်တာ အုပ်ချုပ်ရေး အတွေ့အကြုံ ရှိခဲ့သည့် NLD အနေဖြင့် လူရွေးချယ်ခန့်ထားရေးတွင် ကြိုတင်ပြင်ဆင်ထားမည်မှာ အသေအချာပင် ဖြစ်သော်လည်း ဝန်ကြီးချုပ်အသစ် မဖြစ်မနေ ခန့်အပ်ရမည့် ရန်ကုန်တိုင်းဒေသကြီးအတွက်မူ အပြန် အလှန် ယူဆချက်များဖြင့် စိတ်ဝင်စားမှု အများဆုံး ဖြစ်နေခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လက်ရှိဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိသည့် အတွက် တိုင်းဒေသကြီး လွှတ်တော်မှ ရွေးကောက်ခံ ကိုယ်စားလှယ်တဦးအား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ရမည်ဖြစ်သည်။
ရွေးကောက်ပွဲ ရလဒ်အရ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ်ဦးရေး ၈၈ ဦး အနိုင်ရခဲ့ သည့်အထဲတွင် ယခင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း အများစု ပြန်ပါခဲ့သလို ပါတီထိပ်ပိုင်းမှ ညွှန်ကြားချက်ဖြင့် ပါဝင် လာသူများလည်း ရှိနေသည်။
ထိုထဲသူများတွင် ဝန်ကြီးချုပ်အဖြစ် အထူး ရေပန်းစားနေသူ နှစ်ဦးမှာ ဒဂုံမြို့နယ် မဲဆန္ဒနယ်(၁) မှ အနိုင်ရခဲ့သည့် ဦးရဲမင်းဦးနှင့် ဒေါပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ အနိုင်ရခဲ့သည့် ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချို တို့ ဖြစ်သည်။
အထူးသဖြင့် ဦးရဲမင်းဦးသည် လက်ရှိတွင်လည်း ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး တာဝန်ယူထားသူ ဖြစ်ပြီး နေပြည်တော် ဒုတိယ မြို့တော်ဝန်၊ နေပြည်တော်စည်ပင်ဘဏ် ဥက္ကဋ္ဌ စသည့် တာဝန်များကိုလည်း ပူးတွဲ ယူထားသူ လည်း ဖြစ်သည်။
၎င်းအနေဖြင့် နိုင်ငံရေးအရ လှုပ်ရှားမှုများတွင် NLD နှင့် ရှေးယခင်ကတည်းက လက်တွဲခဲ့သူ မဟုတ်သော်လည်း၊ NLD ပါတီ အပေါ် ယုံကြည်သူဖြစ်သည့်အလျှောက် ၂၀၁၀ခုနှစ် နောက်ပိုင်းတွင် ပါတီရေးရာများတွင် စတင်လှုပ်ရှားရင်း ပါတီ၏ ဗဟို စီးပွားရေးကော်မတီဝင်တဦးအဖြစ် တာဝန်ယူကာ အချိန်တို အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်မှု ရရှိခဲ့ကာ အရေးပါသည့် ရာထူးတာဝန်များအား ထမ်းဆောင်ခွင့်ရသူအဖြစ် လူသိများ လှသည်။

စီးပွားရေးဆိုင်ရာ ပညာရပ်များကို လေ့လာသင်ကြားပြီး ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတဦးအဖြစ် ရပ်တည်ကာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်လည်း ရန်ကုန်တိုင်း ဒေသကြီး အောင်နိုင်ရေးအဖွဲ့အား ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။
တဖက်တွင်လည်း စစ်အစိုးရ လက်ထက် သူဌေးကြီးတဦး ဖြစ်သည့် ဦးတေဇ ထံတွင် အလုပ် လုပ်ကိုင်ခဲ့ခြင်း၊ ကြံ့ခိုင်ရေး ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်နှင့် စီးပွားရေး ပေါင်းစပ် လုပ်ကိုင်ခဲ့ခြင်းတို့အပြင် ပုဂ္ဂလိက ဘဏ်များနှင့် ကုမ္ပဏီများစွာတွင် ရာထူး လက်ကိုင်ဖြင့် ဆောင်ရွက်နေခဲ့ခြင်း စသည့် ကိစ္စရပ်များကြောင့် နိုင်ငံရေးရာထူး ထမ်းဆောင် နေသူ တဦးအနေဖြင့် အကျိုးစီးပွား ပဋိပက္ခများ ဖြစ်လာမည်ကို စိုးရိမ်နေကြသူများလည်း ရှိနေကြသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ဦးပြုံးချိုကမူ နိုင်ငံရေးဖြတ်သန်းမှု သမိုင်းကြောင်းအရ ကောင်း မွန်သူ တဦးဖြစ်ပြီး ဒီမိုကရေစီအရေးတွင် နိုင်ငံရေး အင်အားစုများနှင့် အစဉ်တစိုက် လက်တွဲ ဆောင်ရွက်ခဲ့သူ တဦးဖြစ် သည်။
ပြီးခဲ့သည့် လွှတ်တော် သက်တမ်းတွင်လည်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့တွင် ပါဝင်ခဲ့ သည့်အပြင် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
၎င်းတို့နှစ်ဦးနှင့် ပတ်သက်ပြီး ဦးရဲမင်းဦး အနေဖြင့် စီးပွားရေး အမြင်ရှိမှုနှင့် စကားပြော အတတ်ပညာ ကျွမ်းကျင်မှုနှင့် လူ ကြိုက်များမှုတွင် အားသားချက်ရှိပြီး၊ ဦးပြုံးချို အနေဖြင့်မူ ယုံကြည်စိတ်ချရမှုနှင့် နိုင်ငံရေး ဖြတ်သန်းမှု အားကောင်းသည့် အားသာချက်များ ရှိကြောင်း NLD ပါတီ ဗဟိုသုတေသန အရာရှိဟောင်း ဦးမျိုးရန်နောင်သိမ်း က သုံးသပ်ထားသည်။
ယင်းသို့ နိုင်ငံရေးအရ အရှိန်အဝါ ရှိသူနှင့် စီးပွားရေး လောကတွင် လူသိများ အားသာချက်ရှိသူတို့၏ အားပြိုင်မှုတွင် လူထု ကြား ထင်မြင်ချက် အမျိုးမျိုး ရှိနေကြပြီး အကယ်၍ ဦးရဲမင်းဦးအနေဖြင့် ဝန်ကြီးချုပ် ဖြစ်လာပါက ဦးပြုံးချိုအနေဖြင့် တိုင်း လွှတ်တော် ဥက္ကဋ္ဌ ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ချက်များ ရှိနေသည်။
“ရန်ကုန်က တကယ် အရေးကြီးတယ်။ စီးပွားရေးက အဓိကဖြစ်တဲ့ မြို့ကြီးဗျ။ နိုင်ငံတကာသိတဲ့ မြို့ကြီး၊ ဒီမြို့ကြီးမှာ ကိုင် တွယ် အုပ်ချုပ်တဲ့သူက တကယ့်ကို စွမ်းဆောင်ရည်မြင့်တဲ့သူ၊ စွမ်းဆောင်ရည်မြင့်ရုံနဲ့ မရဘူးဗျ။ နိုင်ငံရေးအရ ပြတ်သား တဲ့ လူလည်း ဖြစ်ရမယ်။ ဒါ့ပြင် ပြည်သူလူထုလည်း ကြည်ညိုတဲ့သူ ဖြစ်ရမှာ” ဟု NLD ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက် တာ ဇော်မြင့်မောင်က ပြောသည်။
ရန်ကုန်ဝန်ကြီးချုပ်သစ် ဖြစ်လာမည့်သူနှင့် ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းများ သွက်လက်မြန်ဆန်စွာ လည်ပတ်နိုင်ရေး ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားဖြင့် ဆောင်ရွက်နိုင်မည့် သူကိုသာ မျှော်လင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်း အဝိုင်းဘက်က ထုတ်ဖော် ပြောဆိုကြသည်။
“စီးပွားရေးကို ပြန်ပြီးဦးမော့လာအောင် ဆောင်ရွက်ပေးနိုင်မယ့် စီးပွားရေးကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တဲ့ သူမျိုးကိုပဲ ဖြစ်စေချင်တယ်၊ စီပွားရေးက ကိုဗစ်-၁၉ ကြောင့်ရော ထိခိုက်ခဲ့ရတယ်။ လက်ရှိအခြေအနေမှာ စီးပွားရေးက အဓိကဖြစ်နေ တယ်။ ရပ်တန့်သလိုဖြစ်နေတဲ့ ရန်ကုန်မြို့သစ်လို၊ ညောင်နှစ်ပင် စက်မှုဇုန်လို နိုင်ငံတော် စီမံကိန်းကြီးတွေ မြန်မြန်စတင်နိုင် ရင် အလုပ်အကိုင်တွေလဲရလာမယ်၊ လုပ်ငန်းတွေလည်း ပြန်လည်ပတ်လာမှာပါ” ဟု Great A.D Groups Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးစည်သူရွှေက ပြောသည်။
အလားတူ ဒဂုံ အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၊ အမှုဆောင် အရာရှိချုပ် ဦးသူရိန်အောင်ကတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဆိုသည်ထက် အားကောင်းသော အစိုးရအဖွဲ့မျုးိ ဖြစ်စေချင်ကြောင်း ပြောသည်။
“ရန်ကုန်ဝန်ကြီးချုပ် ဖြစ်လာမယ့်သူ ကို ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား လုပ်မယ့် လူစားမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ ဆုံးဖြတ်ထားတဲ့ ကိစ္စတွေကိုလည်း အကောင်အထည်ဖော်တဲ့နေရာမှာ ပြန်ပြီးတော့ အမြဲတမ်း စောင့်ကြည့်နေမယ့်၊ သုံးသပ်နေမယ့်သူမျိုး ကို မျှော်လင့်တယ်” ဟု ပြောသည်။
NLD အနေဖြင့် လူရွေးချယ်ခန့်ထားရေး စဉ်းစားရာ၌ အစိုးရအဖွဲ့ကိုသာ စဉ်းစားခြင်းမဟုတ်ဘဲ အပြန်အလှန် ထိန်းကျောင်း မည့် လွှတ်တော်ပိုင်းတွင် အားကောင်းမောင်းသန် ဖြစ်ရေးမှာလည်း အရေးကြီးကြောင်း ဒေါက်တာ ဇော်မြင့်မောင် က ဆို သည်။
“နှစ်ဖက်စလုံးမှာ Check and Balance ဖြစ်ရမယ်။ ရန်ကုန်ကတော့ အရေးကြီးတယ်။ ရန်ကုန်မှာ ဘယ်သူတွေ တော် တယ်၊ မတော်ဘူး။ ဘယ်သူတွေ စွမ်းဆောင်ရည် ရှိတယ်၊မရှိဘူး ဆိုတာ ပြည်သူတွေလည်း ပြောနေကြတာပဲ။ ပြည်သူ့ အသံတွေလည်း နားထောင်ရတယ်။ အခုကတော့ ပြည်သူ့အသံတွေလည်း တော်တော်များများ ထွက်လာပြီ။ ဒါပေမယ့် လော်ဘီလုပ်တာတော့ မဖြစ်မိစေနဲ့။ တကယ့်ကို စစ်မှန်တဲ့ အကြံပြုချက်တွေတော့ ဖြစ်ဖို့ကောင်းတယ်ပေါ့နော်” ဟုလည်း ၎င်းက ပြောဆိုသည်။
လက်ရှိ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေဖြင့် ရန်ကုန်မြို့သစ်အပါအဝင် အချို့သော စီမံကိန်းများနှင့် ပတ်သက်၍ လွှတ်တော်အတွင်း တင်ပြရှင်းလင်းမှုများ အားနည်မှုရှိခဲ့သည့်အခြေအနေတွင် ဝေဖန်းမှုများစွာရှိခဲ့ပြီး တိုင်းအစိုးရ အဖွဲ့နှင့် လွှတ်တော်အကြား ပွတ်တိုက်မှုများလည်း ရှိခဲ့သည်။

“အသစ်တက်တာလတဲ့ ဝန်ကြီးချုပ်အနေနဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကြားထဲမှာ အပြန်အလှန် နားလည်မှုတွေ တည်ဆောက်ဖို့၊ အဆက်အသွယ်မပြတ်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ပွတ်တိုက်မှုတွေကို လျော့ချပြီး စီမံကိန်းကြီးတွေကို ဆက်လုပ်ဖို့ ညှိနှိုင်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
ပြည်ထောင်စု အဆင့်လွှတ်တော်မှ တိုင်းဒေသကြီး လွှတ်တော်သို့ ပြန်လည် ဆင်းပြိုင်ခဲ့သည့် ဦးဘိုဘိုဦးနှင့် ဒေါ် အေးမြမြ မျိုး တို့မှာ ဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစား အာရုံစိုက်ခံရခြင်း မရှိကြသော်လည်း အစိုးရအဖွဲ့တွင် ပါဝင်လာမှု ရှိမရှိကို စောင့်ကြည့်ရမည်ဖြစ်သည်။
ပြည်ထောင်စုအဆင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေ ရာတွင် ဝင်ရောက် ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည့် နော်စူစန်နာလှလှစိုး အနေဖြင့် NLD ကိုယ်စားပြုကာ ရန်ကုန်တိုင်း အစိုးရ အဖွဲ့သစ်တွင် ရေးရာဝန်ကြီး အဖြစ် ပါဝင်လာမည် ဖြစ်သည်။
ထို့အတူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါ်ထုမေ အနေဖြင့်လည်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာတွင် အနိုင်ရခဲ့သည့်အတွက် အစိုးရအဖွဲ့သစ်တွင် ပါဝင်လာမည်ဖြစ်သည်။
လက်ရှိ ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည် တို့မှာလည်း သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် ပြန်လည် အနိုင်ရထားသည့်အတွက် အစိုးရသစ်တွင် ပြန်လည် ပါဝင်လာနိုင်ခြေ ရှိသူများလည်း ဖြစ်ကြသည်။
လက်ရှိ အစိုးရအဖွဲ့ သက်တမ်းမှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကုန်ဆုံးမည် ဖြစ်ကာ၊ မတ်လအတွင်း၌ အစိုးရ ဖွဲ့စည်း ရေး လုပ်ငန်းများ လုပ်ဆောင်ကြမည် ဖြစ်ပြီး၊ ဧပြီလဆန်းတွင် အစိုးရသစ် အဖြစ် တာဝန်ယူမည့်သူများ ပေါ်ထွက်လာမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်၊ အချက်အချာမြို့တော် ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် တင်စားပြောဆိုခဲ့သလို နှလုံးသားမြို့တော် ရန်ကုန်၏ ဝန်ကြီးချုပ်ကို လာမည့် ၂၀၂၁ ဧပြီလအတွင်း၌ ပြည်သူများဆန္ဒနှင့် ထပ်တူ ကျမကျ မြင် တွေ့ရမည် ဖြစ်ပေသည်။
You may also like these stories:
“ထောက်ပံ့ကြေးကြောင့် ကျနော်တို့ နိုင်တာ မဟုတ်ဘူး”
အာဏာရ NLD ပါတီရဲ့ အစိုးရ အဖွဲ့သစ်မှာ ဘယ်သူတွေ ပါမှာလဲ