ယခုရက်ပိုင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ အစိုးရက စတုထ္တအကြိမ် ကိုဗစ်ကာလ ထောက်ပံ့ကြေး ပေးရာ အငြင်းပွားမှု ပြဿနာများ ဆက်တိုက် ဆိုသလို ထွက်ပေါ်လာသည်ကို တွေ့ရသည်။
နိုင်ငံအဝှမ်း အခြေခံလူတန်းစားများအား ယခင်က အိမ်ထောင်စု ၁ စု ကျပ် နှစ်သောင်း ထောက်ပံ့ရာမှ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး ၄ ကြိမ်မြောက် ပေးရာတွင် ယခင်ထက် နှစ်ဆ တိုးကာ ကျပ် ၄သောင်း တိုးမြှင့်ပေးခဲ့သည်။
အစိုးရ၏ ဒုတိယနှင့် တတိယ အကြိမ် ကိုဗစ်ထောက်ပံ့ငွေကြေးပေးချိန်တွင်လည်း ထောက်ပံ့ငွေကြေးအပြည့်အဝ မရှိ ရခြင်းနှင့် အမှန်တကယ် ဆင်းရဲသော အခြေခံလူတန်းစားများ ကျန်ရှိနေခြင်းကြောင့် အုပ်ချုပ်ရေး တာဝန်ရှိသူ များနှင့် အများပြည်သူများကြား အငြင်းပွားမှုများ ရှိခဲ့သည်။
သို့သော် ယခု ၄ ကြိမ်မြောက်တွင် အငြင်းပွားမှု ပြဿနာများ ပိုမိုလာကာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ် မှူးများကို ရန်ပြုခြင်း၊ အကြမ်းဖက်ခြင်းနှင့် လူစုလူဝေးအလိုက် ဆန္ဒပြခြင်းများအထိ ဖြစ်ပေါ်လာသည်။
ထို့အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ထံ တင်ပြသည့် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်းသည့် မိန့်ခွန်းတွင် အခြေခံလူတန်းစားများကို ပေးသည့် ထောက်ပံ့ကြေးနှင့် ပတ်သက် ၍ မည်သူကိုမျှ ချန်လှပ်ထားမည်မဟုတ်ကြောင်း၊ အကြောင်းကြောင်းကြောင့် ကျန်ခဲ့ပါက တိုင်ကြားနိုင်ရန် ဌာနဖွင့်ထား ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
အစိုးရ၏ ထောက်ပံ့ငွေကြေး အငြင်းပွားမှု ပြဿနာများသည် ပြီးခဲ့သော နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက် အတွင်း၌ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားခဲ့သည်။
ထိုသို့ ဖြစ်ရခြင်းမှာ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု စာရင်းများကို စနစ်တကျ စိစစ် ကောက်ခံမှု မရှိခြင်း၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိတို့နှင့် နီးစပ်သူများကို ထည့်သွင်းခြင်း၊ ငွေကြေးချောင် လည် သူများလည်း ထောက်ပံကြေးငွေ ရရှိခြင်း စသည့် အချက်များကို တွေ့ရသည်။
အမှန်တကယ် ငွေကြေးထောက်ပံမှု လိုအပ်နေပြီး အစိုးရ ထောက်ပံမှု တကြိမ်တခါမှ မရသေးသည့် တချို့သော အခြေခံ လူတန်းစားများမှာ ထို့ဖြစ်ရပ်များကြောင့် ခွဲခြားဆက်ဆံခံရ သကဲ့သို့ စိတ်ခံစားမှုများ ရှိနေကြပြီး၊ ထိုမှတဆင့် ဒေါသမီး ပိုမို ပွားလာခြင်းဖြစ်သည်။
ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်တွင် ကုန်စိမ်းများပစ္စည်းများ သယ်ပို့ရသည့် အနှေးယာဉ် လုပ်သား ၁ဦးဖြစ်သည့် ဦးမင်းအောင်သည် ယခု ကိုဗစ် ဒုတိယလှိုင်းကာလအတွင်း တနေ့ဝင်ငွေမှာ ကျပ် ၃၀၀၀ မှ ၅၀၀၀ ကြားဖြင့်သာ မိသားစုစားဝတ် နေရေး အဆင်ပြေအောင် ဖြေရှင်းနေရပြီး၊ တကြိမ်တခါမှ အစိုးရ ထောက်ပံ့ကြေး မရဟု ရင်ဖွင့်သည်။
“အရင် ဆန်ဆီ၊ ဆား ပေးတုန်းကရော အခု နောက်ဆုံး ပိုက်ဆံပေးတာရော တခုမှ မရဖူးဘူး။ ဦးလေး တို့နားက ကျူးကျော်တွေအကုန်လုံးတော့ ကောက်ပြီး ပေးတယ်လို့ ကြားတယ်။ သက်သက်ကို ခွဲခြား ဆက်ဆံတယ်လို့ ခံစားရတယ်”ဟု သူက ဆိုသည်။
အလားတူဖြစ်စဉ်များသည် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများ အများဆုံးနေထိုင်ရာ လှိုင်သာယာ၊ မင်္ဂလာဒုံနှင့် ဒဂုံဆိပ်ကမ်းအပါအဝင် မြို့နယ်တချို့မှ ကိုဗစ်ထောက်ပံ့ကြေး မရရှိသော ပြည်သူများက အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများကို ဆန္ဒပြကြသည့် ဖြစ်ခဲ့သည်။
လှိုင်သာယာမြို့နယ်တွင် ဆိုလျှင် အစိုးရထောက်ပံ့ကြေး မရှိခြင်းကြောင့် မြို့နယ်ခန်းမ ရှေ့ လူစုကာ အုပ်ချုပ်ရေးမှူးကို ပိတ်ဆို့သည့်အထိ မကျေနပ်မှု မြင့်ခဲ့ပြီး ထောက်ပံ့ကြေး မရှိသေးသူများကို ပြန်လည်စာရင်းပြုစုပေးရန် တောင်းဆို ခဲ့ကြသည်။
တချို့မြို့နယ်များရှိ ပြဿနာက အစိုးရ၏ ထောက်ပံ့ကြေးသည် အိမ်ထောင်စုတိုင်းကို ပေးသည်ဟု နားလည်မှုလွဲ နေခြင်း ပင်ဖြစ်ပြီး ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၏ အဆိုအရ အစိုးရ၏ အစီအစဉ်မှာ ပုံမှန်ဝင် ငွေ မရှိသော အခြေခံလူတန်းစားများ အားလုံး ရရှိရေးပင်ဖြစ်သော်လည်း သူ၏ မြို့နယ်တွင် လူတိုင်း အိမ်ထောင်စုတိုင်းက ရယူချင်နေကြောင်း သိရသည်။
ဤသည်ကလည်း သဘာဝကျသော တောင်းဆိုမှုဟု ယူဆရမည်ဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေချိန် လူတိုင်းက စီးပွားရေး ပျက်လုမတတ် ဖြစ်နေသည် မဟုတ်ပါလော။
ဦးထွန်းရင်က “ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံခွဲဝေပေးကတည်းက ရသင့်ရထိုက်တဲ့သူကိုပဲ ပေးပါ မရသင့်မရထိုက်တဲ့ သူကိုတော့ မပေးပါနဲ့ သတ်မှတ်ချက်တွေ နဲ့ အညီလုပ်ပါဆိုပြီး မြို့နယ် အုပ်ချုပ်ရေးကိုယ်တိုင်က ပြောထားပြီးသားပါ” ဟု ပြောဆိုသည်။
ဦးထွန်းရင်၏ ဒလမြို့နယ်တွင် လူဦးရေ ၁သိန်း ၆သောင်း ကျော်ရှိပြီး၊ အိမ်ထောင်စုပေါင်း ၄၉၀၀၀ ကျော်ကို အစိုးရ၏ ကိုဗစ်ထောက်ပံ့ကြေး ပေးအပ်ပြီးပြီ ဖြစ်သော်လည်း တချို့ နေရာများတွင် ပုံမှန်ဝင်ငွေရှိသူများက ထောက်ပံ့ကြေးရပြီး ဆင်းရဲသော အခြေခံလူတန်းစားများ ကျန်ရှိနေ၍ တိုင်ကြားမှုများကို ရှိကြောင်း သိရသည်။
ဦးထွန်းရင်က “ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံခွဲဝေပေးကတည်းက ရသင့်ရထိုက်တဲ့သူကိုပဲ ပေးပါ မရသင့်မရထိုက်တဲ့ သူကိုတော့ မပေးပါနဲ့ သတ်မှတ်ချက်တွေ နဲ့ အညီလုပ်ပါဆိုပြီး မြို့နယ် အုပ်ချုပ်ရေးကိုယ်တိုင်က ပြောထားပြီးသားပါ” ဟု ပြောဆိုသည်။
တချိုှု မြို့နယ်များတွင် မြေပြင် အခြေအနေများကို အမှန်တကယ် ကွင်းဆင်း စိစစ်ကာ စာရင်းအတိအကျ ကောက်ခံရန် လုပ်ဆောင်နိုင်ခြင်း မရှိဘဲဖြစ်နေပြီး၊ ထို့အတွက်လည်း အချိန်အပြည့်အ၀ လုံလောက်မှု မရှိကြောင်း၊ ထို့အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး နှင့် ဆယ်အိမ်မှူးများ နှင့် နီးစပ်သူများသာ စာရင်းတွင် ပါနိုင်ကြောင်း လွှတ်တော် ကိုယ်စား လှယ်များ နှင့် အုပ်ချုပ်ရေးမှူးတချို့ မှတ်ချက်ပြုသည်။
ထိုသို့ အမှန်တကယ် စိစစ်နိုင်ခြင်း မရှိသည့် အပြင် ငွေကြေးပမာဏပါ ထပ်တိုးမြှင့်ပေးလိုက်ရာ ယခုလို ပြဿနာများ ဖြစ်ပွားခဲ့ရခြင်းလည်း ဖြစ်သည်။
တိုင်းနှင့် ပြည်နယ်ရှိ အိမ်ထောင်စုများသို့ ပေးရာတွင် အစိုးရ၏ သတ်မှတ်ချက်သည် အခြေခံလူတန်းစား ဖြစ်ခြင်း၊ ဈေးအရောင်းအဝယ် လုပ်သူဖြစ်ခြင်း၊ ဝန်ထမ်း၊ ပင်စင်စား မဖြစ်ရ၊ အငှားယာဉ်မောင်းသူ မဖြစ်ရ (ဥပမာ- ဆိုင်ကယ် ကယ်ရီ ဆွဲပါက ကိုယ်ပိုင် မဖြစ်ရ) ယင်းသို့သောသူများကို သတ်မှတ်ကောက်ခံပြီး ပေးခြင်း ဖြစ်သည်။
အစိုးရ၏ အခြေခံလူတန်းစား သတ်မှတ်ချက်များ ရှိသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် လူရွေးချယ်ကာ ပေးအပ်ခဲ့ခြင်းများလည်း ရှိကြောင်း၊ ဥပမာ တိုက် ၁ တိုက်ထဲတွင် အတူနေသူများ ဖြစ်သော်လည်း နီးစပ်ရာကိုသာ ပေးအပ်မှုများလည်း ရှိကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက် ဆီချယ်လမ်း ဒေါ်စန်းမိုးထွေးက ပြောသည်။
“ ယုဇနဥယျာဉ်မြို့တော်မှာ တိုက်နဲ့နေကြတယ်ဆိုပေမယ့် အကုန်လုံးက လက်လုပ်လက်စားတွေပဲ များပါတယ်။ ဒီကိုဗစ် ကာလမှာ အလုပ်အကိုင်တွေက အားလုံးအဆင်မပြေတာ ဖြစ်တဲ့အတွက် မျှမျှတတရစေချင်တယ်။ ဟိုလူ တွေတော့ ရတယ် ဒီလူတွေတော့ မရဘူးဆိုတာတော့ ကျမတို့က သိပ်မကျေနပ်ဘူး” ဟု သူက ဆက်လက် ပြောဆိုသည်။
အုပ်ချုပ်ရေးမှူးများဘက်တွင်မူ မိမိရပ်ကွက်၊ ကျေးရွာရှိ အိမ်ထောင်စု အားလုံးကို စာရင်းတင်ပြ လုပ်ဆောင်သော်လည်း သက်ဆိုင်ရာ မြို့နယ် နှင့် ခရိုင်များ ဘတ်ဂျက်ခွဲတမ်း အရ ရှိသော အိမ်ထောင်စု အရေအတွက်ကို ပြန်လည်ခွဲဝေ ပေးရ သည့် အခြေအနေများလည်း ရှိသည်။
ထို့သို့ အစိုးရ၏ ကိုဗစ်ထောက်ပံ့ငွေကြေး ကိစ္စရပ် နှင့် ပတ်သက်ပြီး အများပြည်သူများ နှင့် အုပ်ချုပ်ရေး တာဝန်ရှိသူ များကြား အငြင်းပွားဖြစ်ပွားခြင်း နှင့် တိုင်တန်းမှုများ ရှိခြင်းကြောင့် ရန်ကုန်တိုင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် အဖွဲ့ဝင် အချို့မှာ တာဝန်မှ နှုတ်ထွက်များပင် ရှိလာသည်။
ထို့ပြင် အင်းစိန်မြို့နယ်မှ ရပ်ကွက်တချို့မှ အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှုး တချို့ကို တိုင်တန်းမှုများ ရှိလာခြင်းကြောင့် ဖမ်းဆီးစစ်ဆေးမှုများလည်း ရှိနေသည်ဟု သိရသော်လည်း ရဲတပ်ဖွဲ့ထံက အတည်ပြုချက် မရသေးပါ။
“အရင်အကြိမ်တွေတုန်းက ပြဿနာမဖြစ်ခဲ့ဘူး။ အခုတခေါက်ဆိုရင် အိမ်ထောင်စု ၁၇၀၀ ကျော်လောက်အတွက် စာရင်း တင်ပေးခဲ့တယ်။ ဒါပေမယ့် မြို့နယ်က အခြေခံလူတန်းစားအတွက် လုံလောက်တဲ့ ၇၈၅ စုအတွက်ပဲ စာရင်းပြန်ချ ပေးခဲ့ တယ်။ အဲဒါမျိုးမပေးခင်မှ ကျနော်ကို မြို့နယ်ကို အတိုင်ခံရတာတွေ ဘာတွေရှိခဲ့တယ် ” ဟု မှော်ဘီမြို့နယ် ရွှေမြယာကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေမိုး က ပြောသည်။
ယင်းသို့ အတိုင်ခံရသည့် ဖြစ်စဉ်ဖြစ်ပြီးနောက် ဥပဒေအရ အိမ်ထောင်စုဇယားရှိသူများကို နှင့် ယခင်အကြိမ်များက အစိုးရ ထောက်ပံ့ကြေးမရရှိသူများကိုသာ ဦးစားပေး၍ ထောက်ပံ့ကြေးများ ပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ဦးဝေမိုးက ” အဲဒီလိုလည်း လုပ်လိုက်ရရော ပိုက်ဆံချမ်းသာတဲ့ လူတစုက သူတို့ဝေစုကို မရမှာဆိုးလို့ ဆိုးပြီး ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့ကို ပြဿနာလာရှာတယ်။ ဆင်းရဲတဲ့သူတွေကလည်း သူတို့လည်း မရသေးဘူးဆိုပြီး ပြောတယ်။ ဒီလို အခြေအနေမျိုးတွေမှာ ကျနော်တို့ဘက်ကို ဘာဥပဒေနဲ့ ကာကွယ်ပေးတာမရှိဘူး ” ဟု ပြောဆိုသည်။
ယင်းသို့ ပြဿနာများ ဖြစ်ပွားပြီးနောက်တွင် ဦးဝေမိုး အပါအဝင် မှော်ဘီမြို့နယ် ရွှေမြယာကုန်းကျေးရွာ၏ အုပ်ချုပ်ရေး အဖွဲ့ဝင် ၂၀ ဦး စလုံး နှုတ်ထွက်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အစိုးရ၏ ကိုဗစ်ထောက်ပံ့ငွေကြေးသည် ပမာဏများပြားခြင်း နှင့် အသွားအလာကန့်သတ်ထားခံသည့် မြို့နယ်များတွင် နေထိုင်သည့် အခြေခံလူတန်းစား အိမ်ထောင်စု အားလုံးရရှိသည်ဟု လွဲမှား နားလည်ထားခြင်းများကြောင့် ယခုပြဿနာ များ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် (အနောက်) အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းကလည်း ဧရာဝတီသို့ ပြောသည်။
တချို့မြို့နယ်များတွင် ရပ်ကွက်အလိုက်ရရှိသော ကိုဗစ်ထောက်ပံ့ကြေးများကို နေထိုင်သည့် အိမ်ထောင်စု အချိုးလိုက် အညီအမျှ ခွဲဝေပြီး အုပ်ချုပ်ရေးမှူးများ နှင့် အများပြည်သူများ ပူးပေါင်းကာ ညှိနှိုင်းဆောင်ရွက်ပြီး လုပ်ဆောင်ခြင်းများ လည်း ရှိသည်။
ယခုကဲ့သို့ အငြင်းပွားမှုများ ဖြစ်ပွားရခြင်းသည် နေရာဒေသအချို့တွင် သတင်းအချက်အလက် အပြည့်အစုံမရှိခြင်း၊ မူလ စာရင်းကောက်ယူချိန်တွင် မပြည့်စုံခြင်း၊ အိမ်ထောင်စုတစုစီတိုင်းကို ငွေကျပ် ၄ သောင်းထောက်ပံ့မည် ဆိုသည့် ကောလာ ဟလများ ပျံ့နှံပြီး မူလစာရင်းတွင် မပါဝင်ခဲ့သူများကပါ ထောက်ပံ့ကြေး ရယူရန် တောင်းဆိုလာခြင်းများကြောင့် ပြည်သူ နှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ကြား နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။
ယင်းကြောင့် နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး မြို့နယ်အဆင့် တိုင်ကြားမှှု ဖြေရှင်းရေးဌာနများ ဖွင့်လှစ်ပြီး ပြည်သူများ အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပတ်များ ထုတ်ပြန်ခြင်း နှင့် မြို့နယ်အဆင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးမှုများကို ခရိုင်အဆင့်က အနီးကပ်ကြီးကြပ် ကူညီဖြေရှင်းဆောင်ရွက်ပေးရန် သက်ဆိုင်တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကို အချိန်နှင့် တပြေးညီတင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။
ယခုအကြိမ်တွင် အစိုးရက ကိုဗစ်ထောက်ပံ့ကြေး အဖြစ် အိမ်ထောင်စုပေါင်း ၆ ဒသမ ၁ သန်းခန့်ကို ကျပ် ၁၆၃ ဒသမ ၉၀၅ ဘီလီယံ ထောက်ပံ့သွားမည်ဖြစ်သည်။
You may also like these stories:
ကိုဗစ်ကန့်သတ်ချက်များ ဖြေလျှော့ရန် အစိုးရ စီစဉ်
ခံတွင်းသန့်စင်ဆေးရည်မှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်နိုင်တဲ့ လက္ခဏာ တွေ့ရှိ
အသေးစား ချေးငွေ ပံ့ပိုးပေးနိုင်ရန် စီစဉ်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပြော