ဆောင်းပါး

ဘာလဲဟဲ့ ဒဿနိကဗေဒ

Want create site? Find Free WordPress Themes and plugins.

မေးခွန်းထုတ်ခြင်း၊ တွေးခေါ်မျှော်မြင်ခြင်း၊ ကိုယ်ကျင့်တရားစတဲ့ အခြေခံတန်ဖိုးတွေနဲ့ ဒဿနိကဗေဒ ဘာသာရပ်ဟာ မြန်မာနိုင်ငံမှာ လူစိတ်ဝင်စားမှု အနည်းဆုံး ဘာသာရပ်တခုလို့ ဆိုရမယ့် အခြေအနေပါ။ ဒါပေမယ့်လည်း ဒဿနိကဗေဒ ဘာသာရပ်ကို စိတ်ဝင်တစားရှိသူတွေ ရှိပြီး ဒဿနိကဗေဒဟာ လူ့ဘဝကို မောင်းနှင်နေတာလို့ သူတို့က ယုံကြည်ကြပါတယ်။

ဒါကြောင့်လည်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ကမ္ဘာ့ဒဿနိကဗေဒနေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ နိုဝင်ဘာလရဲ့ တတိယအပတ် ကြာသပတေးနေ့ကို ကမ္ဘာ့ဒဿနိကဗေဒနေ့ World Philosophy Day ရယ်လို့ ဆိုပြီး ၂၀၀၂ ခုနှစ်က စတင်လို့ ယူနက်စကိုက သတ်မှတ်ထားခဲ့တာ ၁၈ နှစ် တိတိရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ၂၀၁၄ ခုနှစ်ကစပြီး နှစ်စဉ် ကျင်းပနိုင်ခဲ့ပါတယ်။

ဂရိ ဒဿနပညာရှင် ဆိုကရေးတီး၊ ပလေတို တို့က စလို့ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ ဒဿနိကပညာရပ်ဟာ လူမှုဝန်းကျင်ကို အလွန်အကျိုးပြုတဲ့ ဘာသာရပ်တခု၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေရလည်း မဖြစ်မနေလိုအပ်တဲ့ ဘာသာရပ်တခုလို့ ဒဿနိကပညာရှင်တွေက ဆိုပါတယ်။

“နိုင်ငံတခုမှာဆိုရင်လည်း နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်က အရေးကြီးပါတယ်။ အလားတူပဲ နိုင်ငံ့ခေါင်းဆောင် တွေရဲ့ အတွေးအခေါ်က အရေးကြီးသလို အဲဒီနိုင်ငံမှာ ရှိတဲ့ နိုင်ငံသား တယောက်ချင်းစီရဲ့ အတွေးအခေါ်က အရေးကြီး ပါတယ်။ အဲဒါမှ ကျနော်တို့က ညီညွတ်တဲ့ အတွေးအခေါ် တခုကိုရောက်သွားမှာ ဒီအတွေးအခေါ်တွေကမှ နောက်ကနေ တွန်အားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒဿနိကဗေဒပညာရပ်ဆိုတာ အင်မတန်မှ အရေးပါတဲ့ ပညာရပ်လို့ ပြောပါရစေ”

“နိုင်ငံတခုမှာဆိုရင်လည်း နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်က အရေးကြီးပါတယ်။ အလားတူပဲ နိုင်ငံ့ခေါင်းဆောင် တွေရဲ့ အတွေးအခေါ်က အရေးကြီးသလို အဲဒီနိုင်ငံမှာ ရှိတဲ့ နိုင်ငံသား တယောက်ချင်းစီရဲ့ အတွေးအခေါ်က အရေးကြီး ပါတယ်။ အဲဒါမှ ကျနော်တို့က ညီညွတ်တဲ့ အတွေးအခေါ် တခုကိုရောက်သွားမှာ ဒီအတွေးအခေါ်တွေကမှ နောက်ကနေ တွန်အားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒဿနိကဗေဒပညာရပ်ဆိုတာ အင်မတန်မှ အရေးပါတဲ့ ပညာရပ်လို့ ပြောပါရစေ”လို့ အငြိမ်းစားဒဿနိကဗေဒပါမောက္ခ ဒေါက်တာဆန်းထွန်းက ဆိုပါတယ်။

ဒဿနိကဗေဒလို့ ဖွင့်ဆိုတဲ့ အင်္ဂလိပ်စာလုံး Philosophy ဟာ ဂရိစာလုံး philein နှင့် sophia ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ Philein မှာ နှစ်သက်မြတ်နိုးခြင်း to love  ဖြစ်ပြီး sophia မှာ ဉာဏ်ပညာ wisdom ဖြစ်တာကြောင့် Philosophy ကို အသိပညာကို နှစ်သက်မြတ်နိုးခြင်း love of wisdom ရယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။

“လူတွေရှိလို့ အတွေးအခေါ်ဆိုတာရှိလာတာ။ သိပ္ပံနဲ့ နည်းပညာတွေ တိုးတက်လာပြီးတော့ ရုပ်ပိုင်းဆိုင်ရာတွေမှာ တအား တိုးတက်လာတဲ့ အခါ လူမှုပြဿနာတွေရဲ့ အခြေခံဟာ အတွေးအခေါ် အားနည်းတဲ့ အပိုင်းတွေ ခံစားမှုအပိုင်းမှာ ရုပ်ဝတ္ထု ဆန်လာတဲ့ အပိုင်းတွေအပေါ်မှာ အခြေခံပြီး ဖြစ်လာတာတွေ ရှိတယ်”လို့  ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ ပါမောက္ခ (ဌာနမှူး)  ဒေါက်တာလဲ့လဲ့ဝင်းက ဆိုပါတယ်။

မန္တလေးတက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာမြတ်မွန်ဦး ကလည်း ဒဿနိကဗေဒပညာရပ်ဟာ စဉ်းစားဆင်ခြင်ဉာဏ်ကို လေ့လာတာဖြစ်ပြီး ပညာရေး၊ သိပ္ပံ၊ ကျင့်ဝတ်စတဲ့ ဒဿနအမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာလေ့လာ နိုင်တယ်လို့ ပြောပါတယ်။

“လူတွေရဲ စဉ်းစားတတ်တဲ့ အရည်အချင်းကို ဘာသာရပ် တရပ်အနေနဲ့ ဟိုးရှေးကတည်းက လေ့လာနေတာပါ။  အခု ခေတ်စားနေတဲ့ critical thinking skill တို့၊ creative thinking skill တို့ problem solving skill တို့ကို ပေးစွမ်းနိုင်တယ်။ နေရာတိုင်းမှာ လိုအပ်နေတဲ့ ကျင့်ဝတ်ပညာ၊ ကိုယ်ကျင့်တရား ပညာ ဒါကလည်း လူတွေအတွက် အရေးကြီးပါတယ်” လို့ ဒေါက်တာမြတ်မွန်ဦးက ဆိုပါတယ်။

ဒဿနိကဗေဒ ဘာသာရပ်ဟာ နိုင်ငံတကာမှာ အလယ်တန်း၊ အထက်တန်းကတည်းက သင်နေပေမယ့် မြန်မာနိုင်ငံမှာတော့ တက္ကသိုလ်ရောက်မှသာ ဘာသာရပ်တခုအနေနဲ့ သင်ရတာကြောင့်လည်း စိတ်ဝင်စားမှုအားနည်းတာ ဖြစ်တယ်လို့ ဒေါက်တာဆန်းထွန်းက ဆိုပါသေးတယ်။

“နိုင်ငံတကာမှာကျ အလယ်တန်း အထက်တန်းမှာကိုက ဒီပညာရပ်ကို သင်နေရပြီ။ ကျနော်တို့နိုင်ငံမှာကျတော့ တက္ကသိုလ်ရောက်မှ သင်ရတာ ဆိုတော့ စိတ်ဝင်စားမှုက အခြေခံမှာကတည်းက မသင်ရတော့ အစိမ်းတခု ဖြစ်သွား တာပေါ့။ စိတ်ဝင်စားမှုက နိုင်ငံတကာလောက်တော့ အားမကောင်းဘူးပေါ့”

“နိုင်ငံတကာမှာကျ အလယ်တန်း အထက်တန်းမှာကိုက ဒီပညာရပ်ကို သင်နေရပြီ။ ကျနော်တို့နိုင်ငံမှာကျတော့ တက္ကသိုလ်ရောက်မှ သင်ရတာ ဆိုတော့ စိတ်ဝင်စားမှုက အခြေခံမှာကတည်းက မသင်ရတော့ အစိမ်းတခု ဖြစ်သွား တာပေါ့။ စိတ်ဝင်စားမှုက နိုင်ငံတကာလောက်တော့ အားမကောင်းဘူးပေါ့”
လို့ သူက ပြောပါတယ်။

ဒဿနိကဗေဒပညာရှင်တွေကတော့ တီထွင်ဖန်တီးမှု တခု တိုင်းမှာ စဉ်းစားတွေးခေါ် ရတဲ့ philosophy process တွေပါဝင်တာကြောင့် ဒဿနိကဗေဒပညာရပ်သာမရှိရင် လူတွေရဲ့ အခုလို တီထွင်ဖန်တီးမှုတွေလည်း မရှိလာနိုင်ဘူးလို့လည်း ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒဿနိကဗေဒဟာ နေရာပေးခြင်းမခံရတဲ့အတွက် ပျင်းရိ ငြီးငွေ့စရာ ကောင်းတဲ့ ဘာသာရပ်တခုလို့ တောင် မြင်ကြတာမျိုး ရှိခဲ့ပါတယ်။

တကယ်တမ်းတော့ ဒဿနိကဗေဒဟာ တီထွင်ဖန်တီးမှုတွေနဲ့တင်မဟုတ်ဘဲ ကျင့်ဝတ်တွေ၊ ကိုယ်ကျင့်တရားတွေနဲ့ ဆက်စပ်တဲ့ စာရိတ္တဗေဒနဲ့လည်း တိုက်ရိုက်ဆက်စပ်တဲ့ ဘာသာရပ်ဖြစ်ပါတယ်။

“ကျမတို့ philosophy မှာ ပညာရေးဒဿန၊ သိပ္ပံဒဿနတို့၊ ကျင့်ဝတ်ဒဿနတို့ ဒဿနတွေကလည်း အများကြီးရှိပါတယ်။ အဲဒီလိုမျိုး လေ့လာတဲ့အတွက်ကြောင့် လူတွေအတွက်ကို ပိုပြီး အကျိုးဖြစ်ထွန်းစေပါတယ်” လို့ ဒေါက်တာမြတ်မွန်ဦးကလည်း ဆိုပါတယ်။

ငြိမ်းချမ်းရေးလို နိုင်ငံရေးကိစ္စရပ်တွေမှာဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင်အရေးလို လူမှုဝန်းကျင် ကိစ္စရပ်တွေမှာဖြစ်ဖြစ် တွေးခေါ်မြော်မြင်မှုနဲ့ဆိုင်တဲ့ ဒဿနိကပညာရပ်ဟာ အရေးပါလှပါတယ်။

“Environmental ethics ပေါ့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ လူတွေက ထားရှိရတဲ့ ကိုယ့်ကျင့်တရား ပညာလို့ အဓိပ္ပာယ်ရပါတယ်။ သဘာဝပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်တဲ့ အသိတော့ရှိတယ် ဒါပေမယ့် လူတွေက လက်တွေ့မှာ ပြုပြင်နေထိုင်ခြင်း မရှိကြဘူး။ မစောင့်ရှောက်နိုင်ဘူး။ မထိန်းသိမ်းနိုင်ကြဘူး။ ဒါမျိုးတွေကို environmental ethics က ထောက်ပြတယ်” လို့ ဒေါက်တာလဲ့လဲ့ဝင်းက ဆိုပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့လည်း  ဒေါက်တာဆန်းထွန်းက “ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ အခါမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေ တပ်မတော် ခေါင်းဆောင်တွေ နိုင်ငံတော် အစိုးရခေါင်းဆောင်တွေ သက်ဆိုင်ရာ အရပ်ဖက် အဖွဲ့ အစည်းတွေ ဒါတွေဟာ ညီညီညွတ်ညွတ်နဲ့ အပြန်အလှန် နားလည်မှုတွေ တည်ဆောက်ပြီးတော့ မေတ္တာတရားနဲ့ ဉာဏ်ပညာတွေ သုံးပြီးတော့ ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုလည်း ရနိုင်တယ်”လို့ ဆိုပါတယ်။

ဒဿနိကဗေဒ ဘာသာရပ်ကို ပစ်ပယ်လာတာနဲ့အမျှ လူတွေဟာ တွေးခေါ်မြော်မြင်မှုနဲ့ ဝေးကွာလာရင် အတွေးအခေါ်ချိနဲ့လာတဲ့ လူမှုဝန်းကျင်ဖြစ်လာနိုင်ပါတယ်။

ဒဿနိကဗေဒ ဘာသာရပ်ကို ပစ်ပယ်လာတာနဲ့အမျှ လူတွေဟာ တွေးခေါ်မြော်မြင်မှုနဲ့ ဝေးကွာလာရင် အတွေးအခေါ်ချိနဲ့လာတဲ့ လူမှုဝန်းကျင်ဖြစ်လာနိုင်ပါတယ်။

၂၀ ရာစုနောက်ပိုင်းမှာတော့ ဒဿနိကဗေဒဟာ တကျော့ပြန်ခေတ်စားလာတဲ့ ဘာသာရပ်တခု ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာလည်း စိတ်ဝင်စားမှုတွေတော့ ယခင်ထက်စာရင် ပိုမြင့်တက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ဒဿနိကဗေဒနေ့လို နေ့မျိုးကို မြန်မာနိုင်ငံမှာ မြင်တွေ့လာရတာပဲဖြစ်ပါတယ်။

“လူသားတွေပြုလုပ်သင့်တဲ့ ကျင့်ကြံသင့်တဲ့ တာဝန်တွေ အပေါ်မှာ ကောင်းစွာ သိမြင် နားလည်ဖို့ အတွက်အတွေးအခေါ် ပညာရပ် ဒဿနပညာရပ် ကနေပြီး တန်ဖိုးတွေ ထုတ်ဖော်ပေးမယ် အကြံပြုပေးမယ်ဆိုတဲ့ သဘောနဲ့ ဒီလိုနဲ့ ကမ္ဘာ့ ဒဿနိကဗေဒနေ့ဆိုတာ ဖြစ်ပေါ်လာတာပေါ့”လို့ ဒေါက်တာလဲ့လဲ့ဝင်းက ဆိုပါတယ်။

ဒဿနိကဗေဒ ဘာသာရပ်ကို တခြား နိုင်ငံတွေမှာတော့ ကျောင်းသင်ရိုးတွေမှာကို ထည့်သွင်းပြီး Logic, Aesthetics, Ethics တွေကို အခြေခံလို့ ဝေဖန်ဆန်းစစ်နိုင်တဲ့ အတွေးအခေါ် Critical Thinking, တီထွင်ကြံဆနိုင်တဲ့အတွေးအခေါ် Creative Thinking, ရိုင်းပင်းကူညီမှု Care & Collaboration စတဲ့ ဒဿနိကဗေဒ သဘောတရားတွေနဲ့ ပညာရေးစနစ်ကို အဆင့်မြှင့်တင်လာကြပါတယ်။

ဝေဖန်ဆန်းစစ်နိုင်တဲ့ အတွေးအခေါ် ဆိုတာကတော့ ပြဿနာ တရပ်အပေါ် ဝေဖန်ပိုင်းခြားပြီး အဖြေရှာတဲ့အခါ လူသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ တွေးခေါ်မှု စွမ်းရည်တခုဖြစ်ပါတယ်။ Critical Thinking တွေကြောင့်ပဲ ပညာရေးနဲ့ စီးပွားရေး နယ်ပယ်၊ သိပ္ပံနဲ့ နည်းပညာနယ်ပယ်တွေမှာ နားမလည်နိုင်တဲ့အရာတွေကို ပိုမို သိရှိလာတယ်လို့ ဆိုရမှာပါ။

တီထွင်ကြံဆနိုင်တဲ့ အတွေးအခေါ် (Creative Thinking) ကနေ တွေ့ရှိမှုအသစ်တွေ ဖန်တီးတီထွင်မှုအသစ်တွေ ပေါက်ဖွားလာခဲ့ပြီး အခုဆိုရင် မြန်မာနိုင်ငံအပါအဝင် တကမာ္ဘလုံးဟာ 4.0 လို့ ခေါ်တဲ့ စတုတ္ထမြောက် စက်မှု တော်လှန် ရေးဆီကို ခုန်ကူးနေရတာပဲဖြစ်ပါတယ်။

ကူညီရိုင်းပင်းခြင်း (Care and Collaboration) ကတော့ စာရိတ္တပညာ Ethic နဲ့ ဆက်စပ်ဆိုင်ပြီး လူလူချင်း ရိုင်းပင်းတတ်တဲ့စိတ်၊ စည်းလုံးတဲ့ စိတ်နေစိတ်ထား စတဲ့ အရာတွေကို ဆိုလိုပါတယ်။

ဒါတွေကို ပညာရေးစနစ်တွေမှာ ထည့်သွင်းတဲ့ နိုင်ငံတွေမှာ ပညာရေး စနစ် မြင့်မားလာတာနဲ့အမျှ လူတွေရဲ့ တွေးခေါ်ပုံတွေ၊ လုပ်ရပ်တွေက ဆင်ခြင်တုံတရား အပြည့်အဝနဲ့ အားကျစရာကောင်းလှပြီး တီထွင်ကြံဆမှုတွေကလည်း တဖြည်းဖြည်း ပိုမိုမြင့်မားလာနိုင်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးစနစ်တွေ၊ ခေတ်ရေစီးကြောင်းတွေကလည်း လူတဦးချင်းစီရဲ့ အတွေးအခေါ်တွေကို ပုံဖော်ထုဆစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးစနစ်တွေ၊ ခေတ်ရေစီးကြောင်းတွေကလည်း လူတဦးချင်းစီရဲ့ အတွေးအခေါ်တွေကို ပုံဖော်ထုဆစ်ပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ က မြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့ ကမာ္ဘ့ဒဿနိကဗေဒပညာနေ့ အထိမ်းအမှတ် ဆွေးနွေးပွဲမှာ စာရေးဆရာကြီး ညီပုလေးက ခေတ်နဲ့စနစ်က လူတယောက်ကို ဖန်တီးတယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

“ခေတ်တွေ စနစ်တွေက လူတယောက်ကို ထုဆစ်ပါတယ်။ ဆရာဆန်းထွန်းသောင်ကိုလည်း ခေတ်တွေ၊ စနစ်တွေက ထုဆစ်ခဲ့တာပါ။ ဆရာမ ဒေါ်အေးအေးမာကိုလည်း ခေတ်တွေ စနစ်တွေက ထုဆစ်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။

သူ့ခေတ်သူ့အခါက ထွက်ပေါ်ခဲ့တဲ့ ကာတွန်း၊ ကဗျာ၊ ဝတ္ထုစာပေနဲ့ နိုင်ငံရေးစနစ်တွေ ယဉ်ကျေးမှုတွေက သူတို့ကို ဘယ်လိုပုံဖော်ခဲ့တယ်ဆိုတာကို အဲဒီ ဆွေးနွေးဝိုင်းမှာ ဆရာ ညီပုလေးက ပြန်ပြောင်းပြောပြတာပါ။

ဒါ့ကြောင့်လည်း အလွတ်ကျက်ပညာရေးစနစ် ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်အတွက် အတွေးအခေါ်တွေကို မောင်းနှင်ပေးမယ့် ဒဿနပညာရပ်ဟာ ငယ်စဉ်ဘဝကတည်းက လေ့လာသိကျွမ်းသင်ကြားရမယ့် ဘာသာရပ်လည်း ဖြစ်တယ်လို့ ဒဿနပညာရှင်တွေက ပြောပါတယ်။

“လူတိုင်းလူတိုင်းက တွေးတတ်ကြတယ်ပေါ့။ တွေးတဲ့အခါမှာ စနစ်တကျ တွေးနိုင်အောင်လို့ ဒဿနိကဗေဒ ပညာက ကူညီပေးတာပေါ့” လို့ ဒေါက်တာဆန်းထွန်းက ဆိုပါတယ်။

ဒဿနိကဗေဒကို သိရှိလာတာနဲ့အမျှ တွေးခေါ်မျှော်မြင်မှုနဲ့ ဆင်ခြင်တုံတရားတွေ မြင့်မားလာပြီး တီထွင်ဖန်တီးမှုသာမက ကျင့်ဝတ်လိုက်နာမှု၊ နိုင်ငံကြီးသားပီသမှုတွေနဲ့ ပြည့်စုံတဲ့ လူမှုဝန်းကျင်တခုကို ဖန်တီးပုံဖော်လာနိုင်မယ်လို့ ဒဿနိကပညာရှင်တွေကတော့ ယုံကြည်နေကြပါတယ်။

You may also like these stories:

ကမ္ဘာ့ဒဿနိကဗေဒနေ့

Did you find apk for android? You can find new Free Android Games and apps.
Loading