အမေရိကန်ပြည်ထောင်စု၏ သမ္မတအနေဖြင့် ဒေါ်နယ်ထရမ့်က ရာဇဝတ်ကြောင်းအရဖြစ်စေ တရားမ ကြောင်းအရဖြစ်စေ ဥပဒေအရ အရေးယူခြင်းမှ အထူးကင်းလွတ်ခွင့် အကာအကွယ်ကို ရရှိထားခဲ့သည်။
သို့သော် ယခု ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲ ရှုံးနိမ့်သွားပြီးနောက် ဒေါ်နယ်ထရမ့်သည် မကြာမီမှာပင် သာမန် နိုင်ငံသားတယောက် ဖြစ်လာပါတော့မည်။
ဆိုလိုသည်မှာ သူ့ အနေဖြင့် သမ္မတတယောက်၏ အခွင့်ထူးများ ဆုံးရှုံးရတော့မည် ဖြစ်သည်။ တရားမမှု ရှေ့နေများ၊ အစိုးရ ရှေ့နေများ၏ ပစ်မှတ်ဖြစ်လာပါတော့မည်။
“သူ အိမ်ဖြူတော်ကနေ ထွက်လာတာနဲ့ အခြေအနေတွေက ပြောင်းသွားပါလိမ့်မယ်” ဟု အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်နှင့် နယူးယောက် ပြည်နယ် အစိုးရရှေ့နေဟောင်း တဦးဖြစ်သည့် Daniel R Alonso က ဘီဘီစီသို့ ပြောသည်။ “စုံစမ်း စစ်ဆေးမှုတွေကို တားဆီးဖို့အတွက် သမ္မတအာဏာကို ပိုင်ဆိုင်ထားမှု ဒါမှမဟုတ် ခြိမ်းခြောက်နိုင်မှုတွေ သူ့မှာ မရှိတော့ပါဘူး။”
နယူးယောက်ပြည်နယ်မှ ရာဇဝတ်မှုဆိုင်ရာ ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှု အမျိုးမျိုးက ဒေါ်နယ်ထရမ့်နှင့် သူ၏ အိမ်ခြံမြေ ကုမ္ပဏီဖြစ်သော Trump Organization အတွက် ဥပဒေကြောင်းအရ အများဆုံး စိုးရိမ်ဖွယ်ရာ ကိစ္စတခု ဖြစ်သည်။
ထို့ပြင် မိသားစုဝင်တဦး၏ လိမ်လည်မှု ဆိုင်ရာ စွပ်စွဲချက်များမှသည် မီဒီယာများတွင် အတိုင်ပင်ခံ ဖြေကြားပေးသူတဦးက စွပ်စွဲထားသည့် လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှု အထိ တရားစွဲဆိုမှုများ တသီတတန်း ရှိနေသည်။
တရားဥပဒေရေးရာ မုန်တိုင်းက အစပျိုးနေပြီ ဖြစ်သည်။ ဤနေရာတွင် အကြီးမားဆုံး ဟု ဆိုနိုင်သော ဥပဒေကြောင်းအရ တိုက်ပွဲ ၆ ခု မည်သို့ဖြစ်ပေါ်လာနိုင်ကြောင်းကို ဘီဘီစီက သုံးသပ်ထားပါသည်။
(၁) နှုတ်ပိတ်ခ ပေးခြင်းဆိုင်ရာ စွပ်စွဲချက်
သိထားသည်မှာ။ ။ Playboy မော်ဒယ် Karen McDougal နှင့် လူကြီးကြိုက် ရုပ်ရှင်များတွင် သရုပ်ဆောင်သည့် မင်းသမီး Stormy Daniels နှုတ်ဆိတ်နေရေး အတွက် ပူးပေါင်းကြံစည်မှု စွပ်စွဲချက်များသည် အရှုပ်တော်ပုံ၏ အဓိက အကြောင်းရင်း ဖြစ်သည်။ အမျိုးသမီး ၂ ဦး လုံးက သူတို့သည် ဒေါ်နယ်ထရမ့်နှင့် လိင်ကိစ္စပါဝင်သော ဆက်ဆံရေးရှိခဲ့ကြပြီး ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ တိတ်တိတ်ဆိတ်ဆိတ် နေပေးရန် ငွေ လက်ခံရရှိခဲ့သည်ဟု ပြောကြသည်။
သူတို့က ထိုအကြောင်းကို ၂၀၁၈ ခုနှစ်တွင် ထုတ်ဖော်ပြောခဲ့ကြသောအခါ ဒေါ်နယ်ထရမ့်၏ သမ္မတ ထိုင်ခုံအောက်သို့ ဒိုင်းနမိုက် ထည့်လိုက်သလို ဖြစ်ခဲ့ရပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ၂ ခုကို စတင် စေခဲ့သည်။
ပထမပိုင်းတွင် ဖက်ဒရယ် သို့မဟုတ် အမျိုးသားဥပဒေများကို ချိုးဖောက်မှုနှင့် ဒေါ်နယ်ထရမ့်၏ ယခင် ပုဂ္ဂလိက ရှေ့နေနှင့် “သူ့ အရှုပ်များကို လိုက်ရှင်းပေးရသူ” Michael Cohen ၏ အခန်းကဏ္ဍကို အလေးပေး အာရုံစိုက်ခဲ့သည်။
စုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ် Michael Cohen က အမျိုးသမီး ၂ ဦးအား ငွေပေးရန် စီစဉ်ခြင်းအတွက် ဝန်ခံခဲ့သည်။ ထိုသို့ ငွေပေးခဲ့ခြင်းကို မဲဆွယ်စည်းရုံးရေး ရန်ပုံငွေ ချိုးဖောက်မှုအဖြစ် တရားစွဲဆိုခဲ့ပြီး Michael Cohen ကို ၂၀၁၈ ခုနှစ်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။
ပထမဆုံး ဒေါ်နယ်ထရမ့်ကို စွဲချက်တင်ရန် အစိုးရရှေ့နေများအနေဖြင့် Michael Cohen ကို ငွေပေးရန် အမှန်တကယ် ညွှန်ကြားခဲ့ကြောင်း သက်သေပြရန် လိုအပ်မည် ဖြစ်သည်။
ငွေပေးရန် ဒေါ်နယ်ထရမ့် သူ့ကို ညွှန်ကြားခဲ့ကြောင်း Michael Cohen က စွပ်စွဲခဲ့သော်လည်း သမ္မတအပေါ် မည်သည့် စွဲချက်မျှ မတင်ခဲ့ကြပါ။ အဘယ်ကြောင့်ပါနည်း။
ပထမဆုံး ဒေါ်နယ်ထရမ့်ကို စွဲချက်တင်ရန် အစိုးရရှေ့နေများအနေဖြင့် Michael Cohen ကို ငွေပေးရန် အမှန်တကယ် ညွှန်ကြားခဲ့ကြောင်း သက်သေပြရန် လိုအပ်မည် ဖြစ်သည်။
ဒုတိယ အချက်အနေဖြင့် အစိုးရရှေ့ နေများထံတွင် လုံလောက်သော သက်သေအထောက်အထားများ ရှိခဲ့လျှင်ပင် တာဝန်ထမ်းဆောင်ဆဲ သမ္မတတဦးအား ဖယ်ဒရယ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်းသည် အမေရိကန်အစိုးရ၏ မူဝါဒကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟု ဥပဒေ ကျွမ်းကျင်သူများက ဆိုသည်။
အမှုက ပိတ်သွားပြီး ဖြစ်သည် ဆိုသည်မှာ မှန်ပါသလား။ အတိအကျတော့ မဟုတ်ပါ။ နည်းလမ်းများ ရှိနေပါသေးသည်။
ရိုးရှင်းစွာ ဆိုရသော် နှုတ်ပိတ်ခ ငွေပေးခြင်းနှင့် ပတ်သက်၍ နယူးယောက် ပြည်နယ်တွင် ဒုတိယမြောက် စုံစမ်းစစ်ဆေးမှု တခုကို ပြုလုပ်နေဆဲဖြစ်သည်။
Trump Organization ၏ စီးပွားရေးမှတ်တမ်းများတွင် ငွေပေးချေမှုနှင့် ပတ်သက်၍ လိမ်ညာဖော်ပြထားခြင်း ရှိ မရှိ ကို Manhattan ခရိုင်ရှေ့နေ Cyrus Vance က စစ်ဆေးနေဆဲ ဖြစ်သည်။
ရာဇဝတ်ကြောင်းအရ တရားစွဲဆိုရန် ခရိုင်ရှေ့နေ Cyrus Vance ထံတွင် သက်သေအထောက်အထားများ ရှိ မရှိကို မသိရပါ။ ထိုအချက်က အရေးကြီးပါသည်။
နောက်ထပ်ဘာဖြစ်လာမလဲ ။ ။ စီးပွားရေးမှတ်တမ်းများကို လိမ်လည်ဖော်ပြခြင်း က နယူးယောက် ပြည်နယ် ဥပဒေအရ အမှားအယွင်း အသေးစားတခုသာ ဖြစ်သည်။ အသေးစားအမှား အယွင်းတခုကို ပြုခြင်းက ထောင်ဒဏ် အများဆုံး ၁ နှစ် အထိသာ ကျခံရနိုင်သော အသေးစားရာဇဝတ်မှုဖြစ်သည်။
ယခုအချိန်တွင် Cyrus Vance အတွက် ခက်ခဲသော အစိတ်အပိုင်းတခုလည်း ရှိနေသည်။
နယူးယောက် ပြည်နယ်၌ အသေးစား အမှားကျူးလွန်မှု အတွက် ရာဇဝတ်မှုဖြင့် တရားစွဲဆိုရန် အချိန် ၂ နှစ်သာ ကန့်သတ်ထားသည်။
နယူးယောက် ပြည်နယ်တွင် အခွန်လိမ်လည်မှုကဲ့သို့သော အခြားရာဇဝတ်မှုများကို ဖုံးကွယ်ရန် စီးပွားရေး မှတ်တမ်းများ လိမ်လည်ဖော်ပြခဲ့ပါက ရာဇဝတ်မှု အကြီးတခု အဖြစ် တရားစွဲဆိုခြင်း ပြုလုပ်နိုင်သည်။
“ဒါကြောင့် ဒီငွေပေးမှုသည် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဖြစ်ခဲ့တာ ဖြစ်နေတာက အစိုးရရှေ့နေတွေအတွက် ကံမကောင်းသလို ဖြစ်နေပါတယ်” ဟု Daniel R Alonso က ပြောသည်။
သို့တိုင်အောင်ပင် အခြားသော ဖြစ်နိုင်ခြေများလည်း ရှိပါသေးသည်။
နယူးယောက် ပြည်နယ်တွင် အခွန်လိမ်လည်မှုကဲ့သို့သော အခြားရာဇဝတ်မှုများကို ဖုံးကွယ်ရန် စီးပွားရေး မှတ်တမ်းများ လိမ်လည်ဖော်ပြခဲ့ပါက ရာဇဝတ်မှု အကြီးတခု အဖြစ် တရားစွဲဆိုခြင်း ပြုလုပ်နိုင်သည်။
ပြစ်မှုကြီးများကို ပိုမိုကြာရှည်သော ကာလအတွင်းတွင် တရားစွဲဆိုခြင်း ပြုလုပ်နိုင်ပြီး ပိုမိုပြင်းထန်သော ထောင်ဒဏ်များ အပြစ်ပေးခြင်းကိုလည်း ခံရနိုင်သည်။
သို့သော်လည်း တရားစွဲဆိုရေး လမ်းကြောင်းက မရေရာသေးပါ။ ဒေါ်နယ်ထရမ့်ကို Michael Cohen ထောင်ကျခဲ့သော ဖက်ဒရယ်ရာဇဝတ်မှု ဖြစ်သည့် နယူးယောက်ပြည်နယ် ဥပဒေ ဖြစ်သော မဲဆွယ်စည်းရုံးရေးဘဏ္ဍာငွေ အလွဲသုံးစား လုပ်မှုဖြင့် တရားစွဲဆိုနိုင်ခြင်း ရှိ မရှိက မသေချာသေးပါ။
Cyrus Vance ၏ အခြား စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်ရမည် ဖြစ်သည်။
(၂) အခွန်နှင့်ဘဏ် လိမ်လည်မှု စုံစမ်းစစ်ဆေးခြင်း
သိထားသည်မှာ။ ။ ၎င်းသည် “နိုင်ငံရေးတိုက်ခိုက်မှု” တခုဟု Trump Organization မှ ရှေ့နေတဦးက Cyrus Vance ၏ စုံစမ်းမှုနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ပြောခဲ့သည်။
ရှေ့နေ၏ ကြေညာချက်တွင် ဒေါသများ ပါဝင်နေခဲ့သည်။
Cyrus Vance က တရားရုံးဆင့်ခေါ်စာအတွက် တောင်းဆိုမှုတခုကို ထုတ်ပြန်ခဲ့သည်။ သူက ရရှိရန် အလွန်ခက်ခဲသည့် ဒေါ်နယ်ထရမ့်၏ အခွန်ဆိုင်ရာ အထောက်အထားများ (ဝင်ငွေ၊ အသုံးစရိတ်နှင့် အခြားသော ငွေရေးကြေးရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ပတ်သက်၍ အခွန်ဌာနက ပြုစုထားသည့် မှတ်တမ်းများ) အပါအဝင် နှစ်ပေါင်းများစွာအတွက် ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများကို ကြည့်ခွင့်ရရှိရန် တောင်းဆိုခဲ့သည်။ ၈ နှစ် စာအတွက် ဖြစ်သည်။
ထိုအချိန်မှစ၍ ဒေါ်နယ်ထရမ့်က တရားရုံးဆင့်ခေါ်စာကို ပိတ်ဆို့ရန် ကြိုးစားခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းသည် နိုင်ငံရေးအရ နှောင့်ယှက်ခြင်းနှင့် အလားတူကြောင်း တရားရုံးများတွင် ချေပခဲ့သည်။ အောက်တိုဘာလတွင် ဖက်ဒရယ် အယူခံ တရားရုံး တရုံးက Cyrus Vance ၏ တောင်းဆိုချက်ကို သဘောတူညီမှု မပေးခဲ့ဘဲ ဒေါ်နယ်ထရမ့်၏ အခွန်ဆိုင်ရာ မှတ်တမ်း အထောက်အထားများကို အစိုးရရှေ့နေများ လက်လှမ်းမီခွင့် မပေးခဲ့ပါ။
အမှန်တကယ်တွင် Cyrus Vance က ဒေါ်နယ်ထရမ့်၏ အခွန်ဆိုင်ရာ မှတ်တမ်း အထောက်အထားများ၏ အရေးပါမှုကို တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။
စက်တင်ဘာလက နောက်ထပ် တရားစွဲဆိုမှုတခုတွင် အခွန် မသမာ မှုတခုသည် ၎င်းကို အထောက်အပံ့ပြုမည့် သက်သေအထောက်အထားများ တွေ့ရှိပါက ရာဇဝတ်မှုအဖြစ် တည်ဆောက်၍ ရနိုင်ကြောင်း ရည်ညွှန်းခဲ့သည်။
သြဂုတ်လအတွင်းက ဒေါ်နယ်ထရမ့်၏ အခွန်ဆိုင်ရာ မှတ်တမ်း အထောက်အထားများ တောင်းခံနေသည့် အချိန်တွင် Cyrus Vance က ဖြစ်နိုင်ချေရှိသော အာမခံနှင့် ဘဏ်ဆိုင်ရာ မသမာမှု စွပ်စွဲချက်များအပါအဝင် Trump Organization ၏ ကျယ်ပြန့်ပြီး ရှည်လျားသော ရာဇဝတ်မကင်းသည့် အပြုအမူများအကြောင်းနှင့် ပတ်သက်သည့် လူသိရှင်ကြား ထုတ်ပြန်ပေးသော သတင်းအချက်အလက်များကို ရည်ညွှန်းခဲ့သည်။
စက်တင်ဘာလက နောက်ထပ် တရားစွဲဆိုမှုတခုတွင် အခွန် မသမာ မှုတခုသည် ၎င်းကို အထောက်အပံ့ပြုမည့် သက်သေအထောက်အထားများ တွေ့ရှိပါက ရာဇဝတ်မှုအဖြစ် တည်ဆောက်၍ ရနိုင်ကြောင်း ရည်ညွှန်းခဲ့သည်။
နယူးယောက်ပြည်နယ်တွင် အခွန်လိမ်လည်မှု အမျိုးအစားအချို့ကို ထောင်ဒဏ်နှစ်ရှည်ကျခံရနိုင်သော ရာဇဝတ် ပြစ်မှုများအဖြစ် တရားစွဲနိုင်သည်။ သို့သော်လည်း ယခုအချိန်တွင် Cyrus Vance ၏ရုံးမှ ရည်ညွှန်းခဲ့သော ဖြစ်နိုင်ချေရှိသည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ အများပြည်သူဆိုင်ရာ သတင်းထုတ်ပြန်ချက်များသည် စုံစမ်းစစ်ဆေးရန် အကြောင်းပြချက်မျှသာဖြစ် နေသည်။
နောက်ထပ်ဘာဖြစ်လာမလဲ ။ ။ ဒေါ်နယ်ထရမ့်က သူ၏ အခွန်ဆိုင်ရာ မှတ်တမ်းအထောက်အထားများ လွှဲပြောင်းပေးရန် တောင်းဆိုချက်ကို တရားရုံးချုပ်တွင် အယူခံဝင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ထိုကိစ္စကို တရားရုံးချုပ်တွင် ဖြေရှင်းကောင်း ဖြေရှင်းနိုင်ပါလိမ့်မည်။
ဒေါ်နယ်ထရမ့်အတွက်မူ အရင်းအနှီး မြင့်မားသည်။
George Washington တက္ကသိုလ်မှ ဥပဒေပါမောက္ခ တဦးဖြစ်သည့် Jonathan Turley က “ရာဇဝတ်မှုဆိုင်ရာ အရေးကြီးဆုံး စုံစမ်းစစ်ဆေးမှုတွေဟာ သူရဲ့ အခွန်နဲ့ ဘဏ်ငွေစာရင်း ဆိုင်ရာ ရှာဖွေဖော်ထုတ်မှုတွေ ဖြစ်ပါတယ်”ဟု ဘီဘီစီ သို့ ပြောသည်။ “ဒါပေမယ့် ရာဇဝတ်မှု တခု မြောက် မမြောက် သက်သေကတော့ အထင်အရှား ဖြစ်မလာသေးပါဘူး။”
အကယ်၍ Cyrus Vance က ဒေါ်နယ်ထရမ့်၏ အခွန်ဆိုင်ရာ မှတ်တမ်း အထောက်အထားများကို ရရှိသွားပါက ရာဇဝတ်မှုတခု ထင်ရှားပေါ်ပေါက်လာနိုင်သည်။ သို့မဟုတ် ပေါ်ချင်မှလည်း ပေါ်လာနိုင်မည်။ မည်သို့ပင်ဖြစ်စေ Cyrus Vance အနေဖြင့် သူ၏ စုံစမ်းစစ်ဆေးမှုကို ရှေ့ဆက် ဆောင်ရွက်ရန် အဆိုပါ အခွန်ဆိုင်ရာ မှတ်တမ်း အထောက်အထားများ ရရှိရန် လိုအပ်နေသည်။
(၃) အိမ်ခြံမြေ မသမာမှု စုံစမ်းစစ်ဆေးရေး
သိထားသည်မှာ။ ။ နယူးယောက် ပြည်နယ် ရှေ့နေချုပ် Letitia James သည်လည်း ဒေါ်နယ်ထရမ့်အတွက် နောက်ထပ် ဆူးတချောင်း ဖြစ်နေခဲ့သည်။
၂၀၁၉ ခုနှစ် မတ်လမှ စ၍ Letitia James က Trump Organization သည် အိမ်ခြံမြေ ဆိုင်ရာ မသမာမှု ကျူးလွန်ခြင်း ရှိ မရှိ ကို တရားမ ကြောင်းအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
တနည်းဆိုရသော် ထိုစုံစမ်းစစ်ဆေးမှု၏ အရင်းအမြစ်များက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကွန်ဂရက်လွှတ်တော်သို့ ဒေါ်နယ်ထရမ့်သည် ချေးငွေများ ရရှိ စေရန် သူ၏ ပိုင်ဆိုင်မှု ပစ္စည်းများ၏ တန်ဖိုးကို တိုးမြှင့်ခြင်းနှင့် အခွန်များကို လျှော့ချရန် လျှော့ပေါ့ဖော်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည့် Michael Cohen ဆီသို့ ပြန်၍ ဦးတည်နေသည်။
Michael Cohen ၏ သက်သေခံချက်က ဒေါ်နယ်ထရမ့်၏ ပိုင်ဆိုင်မှုအင်ပါယာနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ရှာဖွေရန် Letitia James ကို အကြောင်းပြချက်များ ပေးခဲ့သည်။ Cyrus Vance ကဲ့သို့ပင် Letitia James သည် လည်း သတင်းအချက်အလက်များအတွက် တရားရုံးများ၌ တိုက်ပွဲဝင်ခဲ့ရသည်။
Trump Organization ၏ အမှုဆောင်ဒုဥက္ကဌ ဖြစ်သည့် သမ္မတ၏သား Eric Trump က Letitia James ကို “နိုင်ငံရေးအရ လက်စားချရန်” ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့သည်။ သို့သော်လည်း Letitia James က ရုံးတွင် သက်သေခံ ထွက်ဆိုပေးရန် တောင်းဆိုချက်ကို အောက်တိုဘာလတွင် သူက လိုက်နာခဲ့သည်။
နောက်ထပ်ဘာဖြစ်လာမလဲ ။ ။ Letitia James အနေဖြင့် စုံစမ်းစစ်ဆေးမှုကို ရှေ့ဆက်ရန် သက်သေခံ ထွက်ဆိုခြင်းများနှင့်သတင်း အချက်အလက်များ ပိုမို လိုအပ်နေသည်။
Letitia James အနေဖြင့် အကာအကွယ် မရှိတော့သော ဒေါ်နယ်ထရမ့်ကို သူ၏ သားဖြစ်သူကဲ့သို့ပင် ကျမ်းကျိန်၍ ထွက်ဆိုချက်ပေးရန် ဖိအားပေးခြင်း ပြုလုပ်နိုင်ပါသည်။
သမ္မတတာဝန် ထမ်းဆောင်နေစဉ် ဒေါ်နယ်ထရမ့်က တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းရန် မအားလပ်အောင် အလွန်အလုပ်များခဲ့ကြောင်း စောဒက တက်ခဲ့သည်။ ယခုအခါတွင် ထိုဆင်ခြေကို သူ အသုံးမပြုနိုင်တော့ပါ။
Letitia James အနေဖြင့် အကာအကွယ် မရှိတော့သော ဒေါ်နယ်ထရမ့်ကို သူ၏ သားဖြစ်သူကဲ့သို့ပင် ကျမ်းကျိန်၍ ထွက်ဆိုချက်ပေးရန် ဖိအားပေးခြင်း ပြုလုပ်နိုင်ပါသည်။
“တရားရုံးအများစုက ဥပမာပြောရရင် တရားခွင်သို့ လာရောက်ရန် အစီအစဉ်ဆွဲခြင်း လိုမျိုးကိစ္စတွေမှာ တရားစွဲခံရတဲ့ သမ္မတတယောက်ကို အများကြီး လိုက်လျောမှု ပေးကြရပါလိမ့်မယ်။ သာမန် နိုင်ငံသား တယောက်အတွက် ဆိုရင်တော့ အဲဒီလောက် မဟုတ်ဘူးလေ” ဟု Daniel R Alonso က ပြောသည်။
အကယ်၍ အမှားပြုလုပ်မိသည့် အထောက်အထားများတွေ့ရှိပါက ဤကဲ့သို့သော တရားမ ကြောင်း ဆိုင်ရာ စုံစမ်း စစ်ဆေးမှုများအတွက် ဒဏ်ငွေ ပြစ်ဒဏ်များ ကျခံရနိုင်သည်။ ထိုသို့ဖြစ်လျှင် အခြား ရာဇဝတ်ကြောင်း အရ စုံစမ်း စစ်ဆေးမှုကို ပယ်ဖျက်၍ မရပါ။
(၄) ခံစားခွင့် ဆိုင်ရာ အမှုများ
သိထားသည်မှာ။ ။ Emolument ခံစားခွင့်ဆိုသည်မှာ တရားရေးဆိုင်ရာ ကိစ္စများ မှလွဲ၍ ယနေ့ခေတ်တွင် အသုံးနည်းသော ရှေးစကားလုံးဖြစ်သည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်က အငြင်းပွားဖွယ်ရာ ဖြစ်သော်လည်း ယေဘုယျအားဖြင့် ဆိုလျှင် ၎င်းသည် အများပြည်သူဆိုင်ရာ အလုပ်အကိုင် သို့မဟုတ် ရာထူးကို ရရှိခြင်းမှ အမြတ်၊ သို့မဟုတ် အကျိုးစီးပွား ရရှိခြင်းကို ဆိုလိုသည်။
ဤသို့ ဆိုလျှင် ဒေါ်နယ်ထရမ့်နှင့် မည်သို့ သက်ဆိုင်နေပါသနည်း။
သူ၏ သမ္မတသက်တမ်းအတွင်း ခံစားခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်သည်ဟု စွပ်စွဲခံခဲ့ရသည်။ အကျိုးခံစားခွင့်ဆိုင်ရာ အပိုဒ်များ ဟု လူသိများသော ထိုစည်းမျဉ်းများကို နိုင်ငံ၏ အခြေခံအကျဆုံး ဥပဒေဖြစ်သော အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရေးသားထားခဲ့သည်။
စာပိုဒ် တပိုဒ် အရဆိုလျှင် သမ္မတအပါအဝင် ဖက်ဒရယ် အစိုးရ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံခြား တိုင်းပြည်များထံမှ မည်သည့်အကျိုးအမြတ်ကို မဆို လက်ခံခြင်းမပြုမီ ကွန်ဂရက် လွှတ်တော်၏ သဘောတူညီမှုကို ရယူရန် လိုအပ်သည်။
ထိုသို့ သဘောတူညီချက်ကို ဒေါ်နယ်ထရမ့် ရယူခဲ့ခြင်း မရှိကြောင်း စွပ်စွဲထားသည့် တရားမကြောင်းအရ သီးခြားစီ စွဲဆိုချက် ၃ ခု ရှိသည်။ စွဲချက်တခုတွင် ဒေါ်နယ်ထရမ့်က ဝါရှင်တန်ဒီစီရှိ (သူပိုင်ဆိုင်သော) Trump International Hotel တွင် နိုင်ငံခြား အရာရှိများကို တည်းခိုစေခဲ့ခြင်းသည် ဥပဒေချိုးဖောက်မှုတခု ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။
ဒေါ်နယ်ထရမ့်က ” အတု ခံစားခွင့်ဆိုင်ရာ အပိုဒ်” ဟု သရော်ခဲ့ပြီး အခြား သမ္မတ များသည်လည်း တာဝန်ထမ်းဆောင်စဉ်အတွင်း ငွေရှာခဲ့ကြကြောင်း ပြောသည်။
နောက်ထပ်ဘာဖြစ်လာမလဲ ။ ။ မည်သို့ပင်ဆိုစေ၊ အကျိုးစီးပွားခံစားခွင့် ဆိုင်ရာ တရားစွဲဆိုမှုများမှာ ပယ်ချခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် ကြုံရနိုင်သည်ဟု ဥပဒေကျွမ်းကျင်သူများက ဆိုသည်။ ကွန်ဂရက်လွှတ်တော်မှ ဒီမိုကရက်များက တင်သွင်းခဲ့သည့် အမှုတခုကို တရားရုံးချုပ်က ပယ်ချခဲ့ပြီးဖြစ်သည်။
အခြေခံဥပဒေဆိုင်ရာ ဥပဒေကျွမ်းကျင်သူ တဦးလည်း ဖြစ်သည့် Jonathan Turley က “ခံစားခွင့်ဆိုင်ရာ ကိစ္စတွေက ဘယ်လို ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်တွေ အတွက်မဆို အခြေခံ ဖြစ်လိမ့်မယ် မဟုတ်ပါဘူး” ဟု ပြောသည်။
“ဒေါ်နယ်ထရမ့် တာဝန်ထမ်းဆောင်စဉ် ကာလနဲ့ ပတ်သက်တဲ့ ဒီခံစားခွင့်ဆိုင်ရာ အမှုတွေက သူ သမ္မတ ရာထူးက ထွက်ခွာသွားတဲ့အခါမှာ ပညာရှင်တွေနဲ့ အဓိက သက်ဆိုင်တဲ့ အငြင်းပွားဖွယ်ရာ ကိစ္စတခုသာ ဖြစ်လာပါလိမ့်မယ်။”
(၅) လိင်မှုဆိုင်ရာ အကျင့်ပျက်မှု စွဲချက်များ
သိထားသည်မှာ။ ။ ဆယ်စုနှစ်များစွာအတွင်း ဒေါ်နယ်ထရမ့် အပေါ် လိင်ပိုင်းဆိုင်ရာ မသင့်မလျော် ပြုမူမှုများဖြင့် စွပ်စွဲသည့် အမျိုးသမီးများ ရှိခဲ့သည်။ ဒေါ်နယ်ထရမ့်က အဆိုပါ စွပ်စွဲချက်များကို “သတင်း အတုအယောင်များ”၊ နိုင်ငံရေး ထိုးနှက်မှုများနှင့် ပူးပေါင်းကြံစည်မှုများ အဖြစ် ပယ်ချခဲ့ပြီး စွပ်စွဲချက် အားလုံးကို ငြင်းပယ်ခဲ့သည်။
၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ အနိုင်မရရှိမီ စွပ်စွဲသူ အများစုက ရှေ့တိုးလာခဲ့သည်။ သူတို့ အားလုံးကို တရားစွဲမည်ဟု ဒေါ်နယ်ထရမ့်က ပြောသော်လည်း ယခုထိ ဘာမှ မလုပ်ရသေးပါ။
၁၉၉၀ နှစ်များအတွင်းက Manhattan မှ ကုန်တိုက်တခု၏ အဝတ်လဲခန်းတွင် ဒေါ်နယ်ထရမ့်က သူ့ကို မတရား ပြုကျင့်ခဲ့သည်ဟု သူက စွပ်စွဲခဲ့သည်။ ဒေါ်နယ်ထရမ့်က ငြင်းပယ်ခဲ့ပြီး အသရေဖျက် ပြောဆိုချက်အတွက် ရင်ဆိုင်ဖြေရှင်းရသည်။
၎င်းအစား အချို့က ဒေါ်နယ်ထရမ့်ကို တရားစွဲခဲ့ကြသည်။ သူတို့ကို လူလိမ်ဟု ခေါ်သည့် အတွက် အမျိုးသမီး ၂ ဦး က ဒေါ်နယ်ထရမ့်ကို အသရေဖျက်မှုဖြင့် တရားစွဲဆို ခဲ့ကြသည်။
Elle မဂ္ဂဇင်းတွင် ကာလရှည်ရေးသားခဲ့သော ဆောင်းပါးရှင်တဦး ဖြစ်သည့် E Jean Carroll က သူတို့ထဲမှ တဦး ဖြစ်သည်။
၁၉၉၀ နှစ်များအတွင်းက Manhattan မှ ကုန်တိုက်တခု၏ အဝတ်လဲခန်းတွင် ဒေါ်နယ်ထရမ့်က သူ့ကို မတရား ပြုကျင့်ခဲ့သည်ဟု သူက စွပ်စွဲခဲ့သည်။ ဒေါ်နယ်ထရမ့်က ငြင်းပယ်ခဲ့ပြီး အသရေဖျက် ပြောဆိုချက်အတွက် ရင်ဆိုင်ဖြေရှင်းရသည်။
သူ၏ စွဲချက်တွင် E Jean Carroll က “သူမသည် သူကြိုက်နှစ်သက်သည့် ပုံစံမျိုး” မဟုတ်သောကြောင့် မတရား မပြုခဲ့ဟု ဒေါ်နယ်ထရမ့်က ပြောဆိုခြင်းအားဖြင့် သူ့ကို အသရေဖျက်ခဲ့သည်ဟု စွပ်စွဲထားသည်။ သူ၏ တရားစွဲဆိုမှုမှာ ရှင်းလင်းစွာ ဖော်ပြမထားသော လျော်ကြေးနှင့် ထရမ့်၏ ပြောဆိုချက်များ ရုပ်သိမ်းပေးရေး ဖြစ်သည်။
E Jean Carroll နှင့် ထရမ့် အမှုသည် အမေရိကန်တရားရေးဌာနက ကြားဝင်လာသည့် စက်တင်ဘာလအထိ ဖြောင့်ဖြောင့်တန်းတန်း ရှိခဲ့ပုံရသည်။
သို့သော်လည်း တရားရေးဌာနက ထိုအမှုတွင် တရားပြိုင်နေရာ၌ ဒေါ်နယ်ထရမ့်အစား အမေရိကန် ပြည်ထောင်စု (E Jean Carroll နှင့် နိုင်ငံတော်အမှုအဖြစ်) ကို အစားထိုးရန် ပုံမှန်မဟုတ်သော ခြေလှမ်းကို လုပ်ဆောင်ခဲ့သည်။
နောက်ဆုံးတွင် ဖက်ဒရယ်တရားသူကြီးတဦးက တရားရေးဌာန၏ ဝင်ရောက်စွက်ဖက်မှုကို ပယ်ချလိုက်ပြီး “စွပ်စွဲချက်များသည် အမေရိကန် ပြည်ထောင်စု၏ တရားဝင် အရေးကိစ္စများနှင့် ဆက်နွှယ်မှု မရှိကြောင်း” ပြောကြားခဲ့သည်။
နောက်ထပ်ဘာဆက်ဖြစ်မလဲ။ ။ ယခုအခါ အမှုကို ဆက်လက်ဆောင်ရွက်နိုင်ပြီ ဖြစ်ပြီး E Jean Carroll ၏ ရှေ့နေများက သက်သေ အထောက်အထားများ စုဆောင်းနိုင်ပြီ ဖြစ်သည်။
ဥပမာအားဖြင့် စွပ်စွဲထားသည့် စော်ကားမှု ဖြစ်ပွားစဉ်တွင် E Jean Carroll ဝတ်ဆင်ထားသည်ဟု ပြောသော အဝတ်အစားပေါ်၌ ဒေါ်နယ်ထရမ့်၏ DNA ရှိ/မရှိ စစ်ဆေးပေးရန် ကြိုးပမ်းခြင်းအားဖြင့် သူတို့က ဖိအားပေးနိုင်သည်။ ထိုသို့ ဆောင်ရွက်ရန် ဒေါ်နယ်ထရမ့်ထံမှ DNA နမူနာ လိုအပ်လိမ့်မည် ဖြစ်သည်။
အလားတူ နောက်ထပ် အသရေဖျက်မှု သီးခြားစွဲချက်တခု ကို Summer Zervos ကလည်း အလားတူ ပြုလုပ်နိုင်သည်။ သူက ဒေါ်နယ်ထရမ့်၏ ရုပ်မြင်သံကြား အစီအစဉ်တခု ဖြစ်သည့် The Apprentice မှ ပြိုင်ပွဲဝင်ဟောင်း ဖြစ်သည်။
၂၀၀၇ ခုနှစ်က Beverly Hills မှ ဟိုတယ်တခုတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်သည့် တွေ့ဆုံမှု တခုအတွင်း ဒေါ်နယ်ထရမ့်က သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဟု Summer Zervos က စွပ်စွဲခဲ့သည်။
အဆိုပါ စွပ်စွဲချက်ကိုလည်း ဒေါ်နယ်ထရမ့်က အတုအယောင်တခုအဖြစ် ပယ်ချခဲ့ပြီး Summer Zervos က သူ့ကို လူသိများစေရန် ထွင်လုံးလုပ်ခြင်းသာ ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ ထို့နောက် Summer Zervos က ၂၀၁၇ ခုနှစ်တွင် သူ့ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ပြီး အနည်းဆုံးဒေါ်လာ ၃၀၀၀ လျော်ကြေးတောင်းခံရန် ကြိုးစားခဲ့သည်။
ဒေါ်နယ်ထရမ့်က သူ၏ သမ္မတသက်တမ်းအတွင်း ထိုအမှုကို ပယ်ဖျက်ရန် ကြိုးစားခဲ့သည်။ သမ္မတအနေဖြင့် ပြည်နယ် တရားရုံးများတွင် တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသင့်သည်ဟု သူ၏ ရှေ့နေများက အကြံပြုခဲ့ကြသည်။
“အဲဒီ စောဒကတက်မှုက ဇန်နဝါရီလ ၂၀ ရက်နေ့ (သမ္မတသစ် ရာထူးလက်ခံမည့်ရက်) မှာ လုံးဝ အငွေ့ပျံသွားမှာပါ” ဟု Michigan တက္ကသိုလ်မှ ဥပဒေပါမောက္ခ Barbara L McQuade က ဘီဘီစီ သို့ ပြောသည်။ “အဲ့ဒါ ဖြစ်လာပြီ ဆိုတာနဲ့ ကျမတို့က ဒီအမှုရဲ့ ရှာဖွေဖော်ထုတ်မှု အဆင့်ကို ရွှေ့ ပါမယ်။ အဲဒီမှာ အရွေ့ တချို့ ရှိနိုင်ပါတယ်။”
(၆) Mary Trump ၏ တရားစွဲဆိုမှု
သိထားသည်မှာ။ ။ ” ဒေါ်နယ်ထရမ့်၊ သူ၏ ညီမ Maryanne Trump နှင့် ကွယ်လွန်သူ ညီဖြစ်သည့် Robert Trump တို့အတွက် လိမ်လည်မှု ဆိုသည်မှာ မိသားစု စီးပွားရေးလုပ်ငန်းမျှသာ မဟုတ်၊ ဘဝလမ်းစဉ်တခု ဖြစ်သည်” ဟု သူ၏ ဦးလေး ဒေါ်နယ်ထရမ့်အပေါ် Mary Trump ၏ တရားစွဲဆိုချက်၏ ပထမဆုံး စာကြောင်းတွင် ဖော်ပြထားသည်။
အဖွင့် စာသားတခုထက် ပို၍လည်း မထီမဲ့မြင်ပြုရန် မဖြစ်နိုင်ပါ။
တရားစွဲဆိုချက်တွင် ဒေါ်နယ်ထရမ့်နှင့် သူ၏ မွေးချင်း ၂ ဦး (Maryanne နှင့် Robert Trump) တို့က သူတို့ မောင်နှမ ၂ ဦးကို မိသားစု၏ စီးပွားရေးမှ အကျိုးစီးပွားများအား စွန့်လွှတ်ရန်နှင့် အမွေဆက်ခံခြင်း မပြုနိုင်ရန် လိမ်လည်လှည့်ဖျားခဲ့သည်ဟု စွပ်စွဲထားသည်။
ထိုစာသားက Mary Trump ၏ အသစ်ထုတ်ဝေခဲ့သော စာအုပ်မှ မုန်းတီးမှုကို ရောင်ပြန်ဟပ်ပြနေသည်။ (Too Much and Never Enough: How My Family Created the World’s Most Dangerous Man အမည်ရှိ) ထိုစာအုပ်တွင် သူ၏ ဦးလေးကို အမေရိကန်တိုင်း၏ အသက်ကို ခြိမ်းခြောက်နေသော ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ မူမမှန်သူတဦး အဖြစ် Mary Trump က ပုံဖော်ထားသည်။
မိသားစုတွင်း မကျေလည်မှုက ပုဂ္ဂိုလ်ရေးဖြစ်လာပြီး စက်တင်ဘာလအတွင်းက တင်သွင်းခဲ့သော Mary Trump ၏ တရားစွဲဆိုမှုက ထိုမပြေလည်မှုကို ထင်ဟပ်ပြနေသည်။
တရားစွဲဆိုချက်တွင် ဒေါ်နယ်ထရမ့်နှင့် သူ၏ မွေးချင်း ၂ ဦး (Maryanne နှင့် Robert Trump) တို့က သူတို့ မောင်နှမ ၂ ဦးကို မိသားစု၏ စီးပွားရေးမှ အကျိုးစီးပွားများအား စွန့်လွှတ်ရန်နှင့် အမွေဆက်ခံခြင်း မပြုနိုင်ရန် လိမ်လည်လှည့်ဖျားခဲ့သည်ဟု စွပ်စွဲထားသည်။
သူ၏ ဖခင်ဖြစ်သူ Fred Trump Jr (ဒေါ်နယ်ထရမ့်၏ အကိုအကြီးဆုံး) ၁၉၈၁ ခုနှစ်က အသက် ၄၂ နှစ်အရွယ်၌ ကွယ်လွန်ခဲ့ချိန်တွင် Mary Trump က မိသားစုစီးပွားရေးမှ တန်ဖိုးရှိသော အကျိုးစီးပွားများကို အမွေဆက်ခံခွင့် ရရှိခဲ့သည်။ Mary Trump သည် ထိုစဉ်က အသက် ၁၆ နှစ် အရွယ် ရှိပြီ ဖြစ်သည်။
ဒေါ်နယ်ထရမ့်၊ ဦးလေး နောက်တဦးနှင့် အဒေါ် တို့က ထိုအကျိုးစီးပွားများကို စောင့်ရှောက်ထိန်းသိမ်းပေးရန် ကတိပြုခဲ့သည်ဟု စွဲဆိုချက်တွင် ဖော်ပြထားသည်။
“သူတို့က လိမ်ညာခဲ့ပါတယ်” ဟု တရားစွဲဆိုချက်က ဆိုသည်။ “Mary Trump ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရမယ့်အစား သူတို့က အကျိုးအမြတ်က ငွေကြေးတွေကို လွှဲပြောင်းထုတ်ယူဖို့၊ သူတို့ရဲ့ မသမာမှုကို ဖုံးကွယ်ဖို့နဲ့ သူ ရရှိမယ့် အမွေရဲ့ တန်ဖိုး အစစ်အမှန်နဲ့ ပတ်သက်ပြီး Mary Trump ကို လှည့်ဖြားဖို့ ရှုပ်ထွေးတဲ့ အစီအစဉ်တခုကို ပုံစံချ အကောင်အထည် ဖော်ခဲ့ပါတယ်။”
တရားစွဲဆိုခြင်းက နစ်နာမှုအတွက် အနည်းဆုံး ဒေါ်လာ ၅၀၀ ၀၀၀ ရရှိရန် ရည်ရွယ်သည်။
နောက်ထပ်ဘာဆက်ဖြစ်မလဲ။ ။ Mary Trump ရေးသားသော စာအုပ်သည် အလိမ်အညာများဖြင့် ပြည့်နှက်နေသည်ဟု အိမ်ဖြူတော်က ပြောသော်လည်း တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်က ယခုထိ မတုန့်ပြန်သေးပါ။
အကယ်၍ စာရွက်စာတမ်းများနှင့် သက်သေခံထွက်ဆိုပေးရန် တောင်းဆိုမှုများ ရှိလာပါက ဒေါ်နယ်ထရမ့်အနေဖြင့် ငြင်းပယ်ရန် အကြောင်းပြချက်တခုအဖြစ် သူ၏ သမ္မတ၏တာဝန်များကို ရည်ညွှန်း၍ မရနိုင်တော့ပါ။
သမ္မတပင်ဖြစ်စေကာမူ မည်သည့် အမေရိကန်နိုင်ငံသားမျှ ဥပဒေ၏ အထက်တွင် လုံးလုံးလျားလျား ရှိမနေပါ။
(BBC သတင်းထောက် Joshua Nevett ၏ Trump’s legal battles: How six cases may play out ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ခါမလာဟဲရစ် သို့မဟုတ် ပထမဆုံး အမေရိကန် အမျိုးသမီး ဒုသမ္မတ
ထိုင်ဝမ်မရိန်းတပ်ကို လေ့ကျင့်ပေးရန် အမေရိကန်တပ်ဖွဲ့တဖွဲ့ ရောက်နေ
ဘေ့ဂျင်း စွက်ဖက်မှုကြောင့် ဟောင်ကောင်အတိုက်အခံများ လွှတ်တော်မှ နုတ်ထွက်