၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ဖြစ်ခွင့် ကန့်သတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ်မှာ သူ အာဏာရလာတဲ့အခါ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးတခုကို ဖန်တီးပြီး အစိုးရ အဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။
ဒီရာထူးက နိုင်ငံတော်သမ္မတ ပြီးရင် တိုင်းပြည်မှာ အာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်တာကြောင့် အစိုးရအဖွဲ့ အတွင်းမှာ ရှိတဲ့ လုပ်ငန်းတွေကို ချုပ်ကိုင်ထားနိုင်တဲ့ နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးနဲ့ ဆင်တူပြီး ပြည်ထောင်စု အင်္ဂါစဉ်မှာလည်း သမ္မတ ပြီးရင် နံပါတ် ၂ နေရာမှာ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ခုနှစ်မှာ NLD ပါတီ ရွေးကောက်ပွဲ နိုင်လာတဲ့အခါ သူ သမ္မတ မလုပ်ရရင်လည်း သမ္မတ ဘေးနားမှာ ထိုင်ပြီး တိုင်းပြည်ကို စီမံခန့်ခွဲမှာလို့ သတင်းထောက်တွေကို ပြောဖူးတဲ့အတွက် သူပြောတဲ့အတိုင်းပဲ ဖြစ်လာခဲ့ တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်၊ အာဏာရပါတီ ခေါင်းဆောင်ဆိုတာနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးတို့ကြောင့် နိုင်ငံတကာကို အလုပ်သဘော သွားရောက်လည်ပတ်တဲ့အခါ ကောဇောနီခင်း ကြိုဆိုကြပြီး ဝန်ကြီးချုပ် အဆင့်အတန်းမျိုးပေးပြီး ဆက် ဆံတာမျိုး ခံရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတရုံး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးတာဝန်တွေကိုပါ ပူး တွဲ ထမ်းဆောင်ခဲ့တာ အခုဆိုရင် ၅ နှစ် ပြည်တော့မှာ ဖြစ်ပြီး အတိုင်ပင်ခံရာထူးဟာ နိုင်ငံတော် သမ္မတ သက်တမ်း အတိုင်းပဲ ဖြစ်တာမို့ သူ့အနေနဲ့ ဒီနေရာမှာ ဆက်ရှိ၊ မရှိဆိုတာကို နိုင်ငံရေး အသိုင်းအဝိုင်းသာမက ပြည်သူတွေကပါ စိတ်ဝင်စားနေကြပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး ပေါ်ပေါက်လာပုံ
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို မကွေးတိုင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင် ကြည်ညွှန့်က ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ အမျိုးသား လွှတ်တော်မှာ အဆိုအဖြစ် စတင်ခဲ့ပါတယ်။
နောက်တရက် ဧပြီလ ၁ ရက်နေ့မှာ အဲဒီ ဥပဒေကြမ်းအတွက် ကော်မတီ အစီရင်ခံစာတင်၊ ပြည်သူ့လွှတ်တော်ကို ချက်ချင်းပို့၊ ပြည်သူ့လွှတ်တော်ကလည်း အမျိုးသား လွှတ်တော်ကို ပြင်ဆင်ချက် မရှိဘဲ ပြန်ပို့တဲ့အခါ ဧပြီလ ၆ ရက်နေ့မှာပဲ သမ္မတ ဦးထင်ကျော်ကလက်မှတ်ထိုး အတည်ပြုပေးလို့ ရက်သတ္တပတ်ပဲ ကြာခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် ပုဒ်မ ၅၉ (စ) နဲ့ ကန့်သတ်ထားနိုင်ပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၁၇ ကို NLD ဘက်က တွေ့ရှိသွားတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတအိမ်တော်မှာ အတိုင်ပင်ခံရာထူးနဲ့ ရုံးတက်နိုင်ခဲ့ပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရတာပါ။ သူ့ကို သမ္မတကိုယ်တိုင်က ဖြုတ်ချလို့ မရသလို သူ့သက်တမ်းကလည်း နိုင်ငံတော် သမ္မတရဲ့ ရာထူး သက်တမ်းအတိုင်းပါပဲ။
အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေရဲ့ အခန်း(၃) တာဝန်ပေးအပ်ခြင်းဆိုတဲ့ အခန်းမှာ ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုနဲ့ တခဲနက် ထောက်ခံမဲ ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စု လွှတ်တော်က တာဝန်ပေးအပ်သည်လို့ ဖော်ပြထားပါတယ်။
တိုင်းပြည်မှာ သမ္မတပြီးရင် အာဏာ အရှိဆုံး ဖြစ်လာအောင် လုပ်ပေးထားတဲ့ အဲဒီ ဥပဒေကြမ်းကို ဘယ်သူက စတင် တွေ့ ရှိခဲ့သလဲဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
အဲဒီ ဥပဒေကြမ်းကို တင်သွင်းခဲ့တဲ့ ဦးအောင်ကြည်ညွှန့် ကိုယ်တိုင် ဆွဲခဲ့တာလား၊ အဲဒီအချိန်က NLD ပါတီရဲ့ ဥပဒေ အကြံ ပေး ဦးကိုနီ ဆွဲခဲ့သလားဆိုတာ အခုချိန်အထိ မရှင်းလင်းသေးပေမယ့် အဲဒီ ဥပဒေကြမ်းကို တင်သွင်းခဲ့သူ ဦးအောင်ကြည် ညွှန့် ကတော့ သူတယောက်တည်း လုပ်ခဲ့တဲ့ ပုံစံမျိုး မဟုတ်သလို ပါတီက ညွှန်ကြားတာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။
ဦးအောင်ကြည်ညွှန့်က “ဥပဒေ ပညာရှင်တွေရဲ့ အကြံညဏ်နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တာပါ။ ပါတီက ဆွဲပေးတာ လည်း မဟုတ်ဘူး။ တယောက်တည်း ဆွဲတာလည်း မဟုတ်ဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
အခုလာမယ့် ပြည်ထောင်စု လွှတ်တော်မှာရော ဒီဥပဒေကြမ်းကို ဆက်ပြီး အသက်သွင်းမှာလားလို့ မေးကြည့်တဲ့အခါ အခု အချိန်ထိတော့ ပါတီက ညွှန်ကြားချက် မရှိသေးသလို ပြောရမှာလည်း စောသေးတယ်လို့ ဆိုပါတယ်။
“ဒီပုဒ်မနဲ့ ပတ်သက်ပြီး တာဝန်ယူပြီး ဒိုင်ခံစာဖွဲ့ ရသူကတော့ ကိုဝင်းမြင့်ပေါ့။ ဥပဒေတခု ပြုစုရာမှာ Spirit of Law လို့ ခေါ်ရမယ့် ဥပဒေရဲ့ ရည်ရွယ်တဲ့ အနှစ်သာရ ရှိသလို Letter of Law လို့ ခေါ်ရမယ့် ဥပဒေနဲ့တူတဲ့ အရေးအသားလည်း ဆီလျော်ဖို့ လိုပါတယ်။ အဲဒီ ဥပဒေအရ ဖန်တီးတဲ့ ရာထူးကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်ပါတယ်”
NLD ပါတီရဲ့ နာယက ဦးဝင်းထိန်ရဲ့ “သံသရာတကွေ့” စာအုပ်မှာတော့ ဒီပုဒ်မ ၂၁၇ ကို အဓိက ဖော်ထုတ်ဖို့ အကြံပေးခဲ့ သူကတော့ ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံခဲ့ရသူ တရားလွှတ်တော် ရှေ့ နေ ဦးကိုနီ ဖြစ်ကြောင်း၊ ဦးကိုနီဟာ ဥပဒေရေးရာ မှာ အလွန်ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်သလို ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို လုံးဝ ဆန့်ကျင်တဲ့သူတယောက် ဖြစ်တယ်လို့ ရေးသားထားပါတယ်။
“ဒီပုဒ်မနဲ့ ပတ်သက်ပြီး တာဝန်ယူပြီး ဒိုင်ခံစာဖွဲ့ ရသူကတော့ ကိုဝင်းမြင့်ပေါ့။ ဥပဒေတခု ပြုစုရာမှာ Spirit of Law လို့ ခေါ်ရမယ့် ဥပဒေရဲ့ ရည်ရွယ်တဲ့ အနှစ်သာရ ရှိသလို Letter of Law လို့ ခေါ်ရမယ့် ဥပဒေနဲ့တူတဲ့ အရေးအသားလည်း ဆီလျော်ဖို့ လိုပါတယ်။ အဲဒီ ဥပဒေအရ ဖန်တီးတဲ့ ရာထူးကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်ပါတယ်” လို့ ဦးဝင်းထိန်က ရေးသားထားပါတယ်။
၂၀၀၈ အခြေခံ ဥပဒေထဲမှာ အခုလို ထူးခြားတဲ့ ပုဒ်မ ၂၁၇ ရဲ့ အဓိပ္ပါယ်ကတော့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ အုပ်ချုပ်မှု အာဏာဟာ နိုင်ငံတော် သမ္မတမှာပဲ ရှိတယ်။ ဒါပေမယ့် ဒီလို ပြောလို့ ပြည်ထောင်စု လွှတ်တော် အနေနဲ့ အာဏာပိုင် အဖွဲ့ အစည်း တရပ်ရပ်ကိုပဲ ဖြစ်ဖြစ်၊ အာဏာပိုင် ပုဂ္ဂိုလ်တဦးဦးကိုပဲ ဖြစ်ဖြစ် တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ပေးအပ်ခြင်း မပြုနိုင်လို့ မမှတ်ယူရ ဆိုတာပါ။
ဆိုလိုတာကတော့ နိုင်ငံတော် သမ္မတပြီးရင် လူပုဂ္ဂိုလ်တဦးဦးကို ဖြစ်စေ၊ အဖွဲ့ တခုခုကို ဖြစ်စေ အာဏာ အမြင့်ဆုံး ပေးလို့ ရပါတယ်။ အဲဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီက အိုင်ဒီယာ ရခဲ့တာဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပေမယ့် အတည်ပြုလို့တော့ မရပါဘူး။
၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီး အဲဒီတုန်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းရဲ့ အစီအစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ တွေ့ ဆုံစဉ်မှာ ဦးသန်းရွှေက ဒီပုဒ်မ ရှိတာကို ဒေါ်အောင်ဆန်းစုကြည် ကို ထုတ်ပြောလိုက်တယ်လို့ ယုံကြည်နေကြသူတွေ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းမှာ အများအပြား ရှိပါတယ်။
အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို အထောက်အကူ ပြုရတဲ့ ဝန်ကြီးဌာန
နိုင်ငံတော် သမ္မတအတွက် သမ္မတရုံး ဆိုတာ ရှိသလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဆိုတာလည်း NLD အစိုးရလက်ထက်မှာ ရှိလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အထောက်အကူ ပြုရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနဟာ ပြည်တွင်း ငြိမ်းချမ်းရေး ရ ရှိဖို့၊ ရခိုင်အရေး ပြဿနာတွေကို ပြေလည်ဖို့ အဓိက ကြိုးပမ်းရတဲ့ ဝန်ကြီးဌာနတခု ဖြစ်ပြီး အခု NLD အစိုးရရဲ့ ၅ နှစ်တာ ကာလမှာလည်း ဒီကိစ္စတွေကို ဦးစားပေးလုပ်တာ တွေ့ရပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ ဝန်ကြီးကတော့ စစ်အစိုးရလက်ထက်က ဝါရင့် သံတမန်တဦး ဖြစ်ခဲ့သူ ဦးကျော်တင့်ဆွေပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် ဆက်ဆံရပြီး တခြား ဝန်ကြီးတွေထက် ပိုပြီး အရေးပါခဲ့ပါတယ်။
နောက်ဒုတိယ ဝန်ကြီးကတော့ ဦးခင်မောင်တင့်ပါ။ သူဟာ အတိုင်ပင်ခံရုံး ဒုတိယ ဝန်ကြီး မဖြစ်ခင်က ပြည်ထောင်စု လွှတ်တော်မှာ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် အဖွဲ့ ဝင်ပါ။
တပ်မတော်(လေ)က အငြိမ်းစား အရာရှိတဦး ဖြစ်သလို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဟောင်းလည်း ဖြစ်ပါတယ်။သူကတော့ ရခိုင်အရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိက ကိုင်တွယ်ရသူပါ။
နောက်ဒုတိယ ဝန်ကြီးတဦးကတော့ ဦးမင်းလွင်ဖြစ်ပြီး ရခိုင်အရေးကို အကြောင်းပြုလို့ နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တ ရားရုံး (ICJ) မှာ မြန်မာက တရားစွဲခံရတဲ့အခါ လိုအပ်ချက်အရ သူ့ကို ထပ်ခေါ်ပြီး ခန့်ခဲ့တာလို့ သိရပါတယ်။ သူကလည်း အာဆီယံဆိုင်ရာ သံတမန်ဟောင်းတဦး ဖြစ်ပါတယ်။
အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှာ ဝန်ကြီးရုံးနဲ့ ဌာန ၂ ခု ရှိပါတယ်။ ဝန်ကြီးရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်က ဦးကျော်လွင် ဖြစ်ပြီး တပ်မတော်မှ ဗိုလ်ကြီးအဆင့်နဲ့ အငြိမ်းစား ယူခဲ့သူတဦး ဖြစ်ပါတယ်။
မူဝါဒရေးရာ ဦးစီးဌာနနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာနတို့လည်း ရှိပြီး မူဝါဒရေးရာ ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်က ဦးဝင်းကျော်အောင်ပါ။ သူက သမ္မတရုံးက ပြောင်းရွေ့ လာတာ ဖြစ်ပြီး တပ်မတော် အရာရှိဟောင်း တဦး ဖြစ်ပါတယ်။
နောက်တယောက်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာန ညွှန်ချုပ် ဦးဇော်ဌေးပါ။ သူဟာ သမ္မတ ရုံးရဲ့ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်ပါတယ်။
ဦးဇော်ဌေးဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၇ က ဖြစ်ပြီး တပ်မတော် အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီး စိုးဝင်းဟာ ဝန် ကြီးချုပ်အဖြစ် အစိုးရ အဖွဲ့ ရုံးကို ပြောင်းလာတဲ့အခါ ၎င်းနှင့်အတူ အစိုးရရုံးကို ဗိုလ်မှူးရာထူးနဲ့ လိုက်ပါ ပြောင်းရွေ့ လာခဲ့ သူတဦး ဖြစ်ပါတယ်။
အတိုင်ပင်ခံရုံးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်း ခရီးစဉ်တွေ၊ ငြိမ်းချမ်းရေး စကားဝိုင်းတွေ၊ လူထု တွေ့ ဆုံပွဲတွေကို အထောက်အကူပေးရပြီး ဝန်ထမ်းအင်အား ၁၀၀ နီးပါး ရှိမယ်လို့ ခန့်မှန်းရပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်လား၊ ပြည်သူ့ အတိုင်ပင်ခံ ကောင်စီလား
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၁၇ အရ ဆိုရင် သမ္မတပြီးရင် လူပုဂ္ဂိုလ်တဦးဦးပဲ ဖြစ်ဖြစ်၊ အဖွဲ့ အစည်း တခုခုပဲ ဖြစ်ဖြစ် အာဏာလုပ်ပိုင်ခွင့်တွေကို ပြည်ထောင်စု လွှတ်တော်ကနေတဆင့် ယူလို့ ရတာဖြစ်လို့ ၂၀၂၀ ရွေးကောက်ပွဲ အပြီး နိုင်ငံရေး အခင်းအကျင်းမှာလည်း ဘယ်လို ပုံစံမျိုး ပေါ်ထွက်လာမလားဆိုတာ ဆွေးနွေးကြည့်ရအောင်ပါ။
တကယ်တော့ ပုဒ်မ ၂၁၇ အရ ဖြစ်လာမယ့် သမ္မတပြီးရင် အာဏာအရှိဆုံးပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ ဆိုတာ အသစ်တော့ မဟုတ်ပါဘူး။ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ၂၀၀၈ အခြေခံ ဥပဒေကို ရေးဆွဲပြီး ၂၀၁၀ ရွေး ကောက်ပွဲနဲ့ သူ့လူတွေကို အာဏာလွှဲပေးပြီးနောက်ပိုင်းမှာလည်း ဒီပုဒ်မအရ “နိုင်ငံ့ ဥသျှောင် အဖွဲ့” ဆိုပြီး အာဏာကို ဆက်ချုပ်ကိုင်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။
ဒါပေမယ့် အဲဒီအချိန်တုန်းက စစ်အစိုးရရဲ့ ဒုတိယ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက လက်မခံတော့ တာကြောင့် အစီအစဉ် ပျက်သွားခဲ့ရတာပါ။
အခုတကြိမ်မှာလည်း NLD ပါတီက သောင်ပြိုကမ်းပြိုအောင် ထပ်နိုင်တဲ့အခါ အစိုးရသစ်ကို သူ့တပါတီတည်း လွတ်လွတ် ကျွတ်ကျွတ် ဖွဲ့နိုင်သလို အတိုင်ပင်ခံဆိုင်ရာ ဥပဒေကိုလည်း ပြည်ထောင်စုလွှတ်တော်မှာ သက်တမ်းတိုးပြီး ဒေါ်အောင် ဆန်းစုကြည်ဟာ အာဏာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ဆက်နေလို့ရပါတယ်။
အတိုင်ပင်ခံဆိုင်ရာ ဥပဒေကြမ်းကို ၂၀၁၆ ခုနှစ်က လွှတ်တော်ထဲမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တဲ့ တပ်မတော်ဟာလည်း အခုတကြိမ်မှာရော ဆက်လက်ကန့်ကွက်နေဦးမှာပါလား။
တပ်မတော်အနေနဲ့လည်း ဆက်ကန့်ကွက်ဖို့ မလိုဘဲ ၂၀၂၁ မှာ အသက် ၆၅ နှစ် ပြည့်လာမယ့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လည်း တိုင်းပြည်အတွက် ဆက်ပြီး အလုပ်လုပ်လို့ ရနိုင်မယ့် အမျိုးသား ရင်ကြားစေ့ရေးအတွက် မဟာဗျူဟာ မြောက်ထွက်ပေါက်တခုကိုလည်း စဉ်းစားသင့်တယ်လို့ နေပြည်တော် နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပုဒ်မ ၂၁၇ အရ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်လိုမျိုး တဦးတည်း မဟုတ်တော့ဘဲ အရပ်ဘက်၊ စစ်ဘက် ခေါင်းဆောင်တွေ ပါဝင်တဲ့ အဖွဲ့မျိုးကို ထူထောင်နိုင်ရင် NLD က ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စတွေပါ ပြေလည်သွားနိုင်မယ်လို့ နေပြည်တော်က သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
ဒီရက်ပိုင်းမှာပဲ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား တွေ့ဆုံမှုတွေ ရှိတယ် ဆိုတဲ့ သတင်းတွေ၊ သူတို့ ၂ ယောက်ကိုယ်တိုင် မဟုတ်ရင်လည်း သူတို့ရဲ့ ကိုယ်စားလှယ်တွေကြားမှာ တွေ့ ဆုံနေကြ တယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပေါ်နေခဲ့တာပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလိုသာ ၂ ဖက် စကားပြောလို့ရရင် တိုင်းပြည်အတွက် အလုပ်ဖြစ်မှာ မိုလို့ အချင်းချင်း ညီညီ ညွှတ်ညွှတ်နဲ့ လက်တွဲလုပ်နိုင်ရင် တိုင်းပြည်အနာဂတ်၊ တိုင်းရင်းသားအရေး၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွေမှာပါ မြန်မာပြည်ဟာ ပိုအောင်မြင်လာလိမ့်မယ်လို့ အကောင်းမြင်နေကြတာပါ။
အစိုးရ ခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တတ်သိပညာရှင်တွေ ပါဝင်လာမယ့် အာဏာပိုင် အဖွဲ့ တခု ဖြစ်လာရင် တိုင်းပြည်မှာ အကြပ်အတည်းတွေ ကြံုံလာတိုင်း ဖြေရှင်း ဆွေး နွေးနိုင်မယ့် နေရာတခု ဖြစ်လာတော့မှာလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်၊ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့ ၂၀၁၅ မှာ ရွေးကောက်ပွဲ နိုင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ငန်းရှင်၊ ဘော့စ်နေရာကနေ တိုင်းပြည်ကို စီမံခန့်ခွဲမယ်လို့ ယူဆခဲ့ပေမယ့် သူကိုယ်တိုင်က မန်နေဂျာ ဝင်လုပ်သွားလို့ တွက်ကိန်း လွဲခဲ့တယ်လို့ ဆိုပါတယ်။
“အခုလည်း သူပဲ လုပ်မယ်ဆိုရင် ဒီဥပဒေကိုပဲ သက်တမ်းတိုးပြီးတော့ ဒီအတိုင်းပဲ ဆက်လုပ်လိမ့်မယ် ထင်တယ်။ အဲလို မဟုတ်လို့ အဖွဲ့ အစည်းတွေ ပုံစံနဲ့ ဖြစ်လာမယ်ဆိုရင်လည်း ပိုကောင်းတယ်။ အဲဒီမှာ အကြံပြုချက်တွေကို လေးလေးစားစားနဲ့ နားထောင်မယ်ဆိုရင်လည်း မဆိုးဘူးဗျ” လို့ ဦးရဲထွန်းက ပြောပါတယ်။
NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ်အနေနဲ့ ပြည်တွင်း၊ ပြည်ပအခြေအနေတွေ အားလုံးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သလို ၂၁ ပင်လုံ ညီ လာခံ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“အခု ကိုဗစ် အခြေအနေအထိ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြည်တွင်း၊ ပြည်ပ စီးပွားရေးရာစတဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာပါ ထဲထဲဝင်ဝင်နဲ့ ထက်ထက်မြက်မြက်နဲ့ ဦးဆောင်ပါဝင်ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေမျိုး အပေါ်မှာ ဒီလိုမျိုး မေးစရာတောင် မလိုဘူးလို့ ပြောရမှာ” လို့ ဦးအောင်ကြည်ညွှန့်က ပြောပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ ဒေါ်အောင်ဆန်းစုကြည်သာ အစိုးရအဖွဲ့ထဲမှာ ဆက်ရှိမယ် ဆိုရင် အတိုင်ပင်ခံ ဥပဒေနဲ့ အတိုင်ပင်ခံရာထူးဟာ ဆက်ရှိဖို့ လိုပြီး လာမယ့် လွှတ်တော်မှာ ပထမဆုံး တင်ပြမယ့် ဥပ ဒေကြမ်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမျိုး ဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။
“ပုဒ်မ ၅၉ (စ) အရ သမ္မတ တာဝန်ကို ထမ်းဆောင်လို့ မရတဲ့အခါကျတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ဥပဒေနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတဲ့ ရာထူးက လိုအပ်နေသေးတယ်”လို့ သူက ပြောပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတဲ့ ရာထူးကို ပြည်ထောင်စု လွှတ်တော်က တာဝန်ခံရတာကြောင့် သူ့အနေနဲ့ ဆောင်ရွက်ချက်တွေကို ပြည်ထောင်စု လွှတ်တော်ကို ပုံမှန် အစီရင်ခံတာမျိုး လုပ်သင့်ပြီး သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ရှင်းလင်းအောင် ပိုင်းခြားထားနိုင်ရင် အစိုးရအဖွဲ့ ဟာ ပိုပြီး အလုပ်ဖြစ်လိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။
ဘယ်လိုပဲဆိုစေကာမူ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး ရှေ့ဆက်နိုင်ဖို့၊ ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ် ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ဆိုရင် အခု တာဝန်ရှိနေသူတွေရဲ့ နိုင်ငံရေး စေတနာ အဆုံး အဖြတ်တွေပေါ်မှာ မူတည်မှာဖြစ်လို့ လာမယ့် ၂ လအတွင်း နေပြည်တော် နိုင်ငံရေး အခြေအနေက ပိုပြီး စိတ်ဝင်စားစရာ တွေ အပြည့်နဲ့ ရှိနေတော့မှာပါ။
You may also like these stories:
ပါတီတွင် ရှီကျင့်ဖျင်၏ ထိန်းချုပ်မှု ခိုင်မာကြောင်း နယ်ပယ်စုံမှ ဖြိုခွဲမှုများက ပြသနေ
NLD ရဲ့အမျိုးသားညီညွတ်ရေး ခေါ်သံအပေါ် တိုင်းရင်းသားပါတီတွေရဲ့ မျှော်လင့်ချက်
အမေရိကန်နှင့် မြန်မာတို့၏ ရွေးကောက်ပွဲ ဇာတ်လမ်း