ဧရာဝတီတိုင်းဒေသကြီးမှာ နိုဝင်ဘာလ ၈ ရက်က ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၉၂ ခုမှာ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲဆန္ဒနယ် အားလုံးမှာ အနိုင်ရခဲ့ပြီး တိုင်းလုံးကျွတ် အနိုင်ရတဲ့ စံချိန်တင်သွားခဲ့ပါတယ်။
ဧရာဝတီတိုင်းမှာ ပြည်သူ့ လွှတ်တော်၂၆ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် ၅၂ နေရာ၊ ကရင်နဲ့ရခိုင် တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်တွေ အပါအဝင် မဲဆန္ဒနယ် ၉၂ ခု ရှိပါတယ်။ အဆိုပါ မဲဆန္ဒနယ် ၉၂ ခု မှာ နိုင်ငံရေးပါတီ ၂၁ ခုက ကိုယ်စားလှယ်လောင်း ၄၅၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ NLD ပါတီကိုယ်စား လှယ်လောင်းတွေကို မဲဆန္ဒရှင်ပြည်သူ အများစုက မဲပေးရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
“၂၀၁၅ တုန်းက ပြည်သူက သိပေမယ့် အကြောက်တရားတွေက ရှိနေသေးတဲ့အတွက် ဒီလောက်အထိ အင်တိုက် အားတိုက် မဖြစ်ခဲ့ဘူး။ အခုကျတော့ ပြည်သူတွေရဲ့ နိုင်ငံရေး ရေချိန်ကလည်း မြင့်လာတယ်။ အစိုးရရဲ့ပြောင်းလဲမှု အပေါ်ကိုလည်း ယုံကြည်လာတာရယ် ပြီးတော့ ကျမတို့ ခေါင်းဆောင် အမေစု (ဒေါ်အောင်ဆန်းစုကြည်)အပေါ်မှာ ယုံကြည်မှုကြောင့်ရယ် ဒီအချက်တွေကြောင့်ပဲ ဧရာဝတီတိုင်းမှာ စံချိန်တင် အနိုင်ရခဲ့တာပါ” လို့ NLD ပါတီ ဧရာဝတီ တိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နီနီမိုး က ဧရာဝတီကို ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲနေ့ မတိုင်မီက အင်အားကြီး NLD ပါတီအနေနဲ့ ဧရာဝတီတိုင်းမှာ ရွေးကောက်ပွဲ အနိုင်ရဖို့ ရုန်း ကန်ရနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူအများစုက ခန့်မှန်းခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ NLD ပါတီက ခန့်အပ် ခဲ့တဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ၂ ဦးဖြစ်တဲ့ ဦးမန်းဂျော်နီနဲ့ ဦးလှမိုးအောင်တို့ စွမ်းဆောင်ရည် အားနည်းခဲ့တာ၊ တိုင်းအ တွင်း စီမံအုပ်ချုပ်မှု ကိစ္စရပ်တွေ၊ ဌာနဆိုင်ရာတွေကို နိုင်နင်းစွာ မကိုင်တွယ်နိုင်တာ၊ ပြည်သူလူထု အခက်အခဲ ပြဿ နာတွေကို အလျင်အမြန် ဖြေရှင်းဆောင်ရွက်ဖို့ နှောင့်နှေး ပျက်ကွက်ခဲ့တာတွေကြောင့်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ဒါ့ပြင် ဧရာဝတီတိုင်းလွှတ်တော်ရဲ့ တိုက်တွန်းဆုံးဖြတ်ချက်၊ ကတိကဝတ်တွေကို တိုင်းအစိုးရက အကောင်အထည် ဖော်မှု အားနည်းတာ၊ ဧရာဝတီတိုင်းလွှတ်တော်ရဲ့ စွမ်းဆောင်ရည် သိသာစွာ ကျဆင်းခဲ့တာ၊ ရွေးကောက်ပွဲအတွက် အမတ်လောင်း ပြန်လည် ရွေးချယ်ရာမှာ ထက်မြက်ပြီး ပြည်သူလူထု ထောက်ခံမှုအားကောင်းတဲ့ လွှတ်တော် ကိုယ် စားလှယ်တွေ ပြန်ပါမလာတဲ့ ကိစ္စရပ်တွေဟာလည်း NLD ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။
ဒါတင် မကသေးပါဘူး။ ဧရာဝတီတိုင်းမှာ အဓိက ပြိုင်ဘက်ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လူသိများသူတွေဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး၊ ဦးစိုးနိုင်၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်နဲ့ ဝန်ကြီးဟောင်းတွေ ရွေးကောက်ပွဲ ပြန်လည်ယှဉ်ပြိုင်မှု၊ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့ ကောင်းကျိုးဆောင်ပါတီ၊ ဦးကိုကိုကြီးရဲ့ ပြည်သူ့ ပါတီနဲ့ ကရင်တိုင်းရင်းသား ခေါင်းဆောင်တွေ ဦးဆောင်တဲ့ ကရင်ပြည်သူ့ပါတီတို့ အားကောင်း စွာနဲ့ ပါဝင်ယှဉ်ပြိုင်မှုက ဧရာဝတီတိုင်း ရွေးကောက်ပွဲကို အကြိတ်အနယ် ဖြစ်စေခဲ့ပါတယ်။
အဲဒါအပြင် နိုင်ငံရေးလောကမှာ လူသိများတဲ့ ဖဒို မန်းငြိမ်းမောင်၊ ရန်ကုန်တိုင်းက ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဟောင်း ဦးဇော်အေးမောင်၊ သာသနာရေးနဲ့ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့် စတဲ့သူတွေ ပါဝင် ယှဉ်ပြိုင်မှုတွေကြောင့်၂၀၁၅ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ် ၈၈ ခုထဲက နေရာတချို့တွေကို NLD ပါတီ ဆုံးရှုံးရလိမ့်မယ်လို့ ခန့်မှန်းမှုတွေ ပေါ်ထွက်ခဲ့တာပါ။ သို့သော် တကယ်တမ်း ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ တော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အားကိုးယုံကြည်ကြတဲ့ မဲဆန္ဒရှင်အများစုဟာ NLD ပါတီကို ပုံအောလို့ မဲပေးခဲ့ ကြတယ်ဆိုတာ အဖြေထွက်ခဲ့ပါတယ်။
“အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေက ကိုဗစ်ရောဂါဘေးကြောင့် စည်းရုံးရေး မဆင်းနိုင်ခဲ့တဲ့ ကျေးရွာတွေ ရှိခဲ့တယ်။ ပြီးတော့ အဓိကပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ အားကောင်းတဲ့ ကျေးရွာတွေလည်း ရှိတယ်။ အံ့သြဖို့ကောင်းတာက စည်း ရုံးရေး မဆင်းနိုင်တဲ့ ကျေးရွာတွေမှာလည်း ကျနော်တို့ ပါတီနိုင်သလို အရင်က ကြံ့ခိုင်ရေးအားကောင်းခဲ့တဲ့ ရွာတွေ လည်း ကျနော်တို့ အနိုင်ရရှိခဲ့ပါတယ်” လို့ ဧရာဝတီတိုင်း NLD ပါတီ သဘာပတိ အဖွဲ့ဝင် ဦးမျိုးသန့်က ပြောပါတယ်။
ဧရာဝတီရဲ့မေးမြန်းချက်တွေအရ မဲဆန္ဒရှင်တချို့တွေဟာ NLD ပါတီအမတ်လောင်းတွေကို မမြင်ဖူးသော်လည်း ဒေါ် အောင်ဆန်းစုကြည်ကို ကြည့်ပြီး မဲထည့်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ NLD အမတ်လောင်းတွေဟာ ဒုတိယနေရာက နေ မဲအများဆုံး ရခဲ့ကြတဲ့ ကြံ့ခိုင်ရေးပါတီ အမတ်လောင်းတွေကို မဲအရေအတွက် ၅ ထောင်ကျော်ကနေ ၅ သောင်း ကျော်အထိ ခိုင်လုံမဲ အသာစီးနဲ့ အပြတ်အသတ် အနိုင်ရခဲ့ ကြပါတယ်။
“ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ဒီလောက်အထိတော့ တိုင်းလုံးကျွတ် နိုင်မယ်လို့ မျှော်လင့်မထားဘူး။ နိုင်တော့နိုင် ချင်တာပေါ့။ ဒါပေမယ့် မျှော်လင့် မထားတာ။ အဓိကက ပြည်သူတွေ နိုင်ငံရေး ရေချိန် မြင့်လာတာကြောင့်ပါ။ ဒီအောင် ပွဲက တကယ်တော့ ပြည်သူ့အောင်ပွဲ ဖြစ်ပါတယ်” လို့ တိုင်းအောင်နိုင်ရေး ပြောရေးဆိုခွင့်ရှိသူ ဒေါ်နီနီမိုးက ပြောပါ တယ်။
ဧရာဝတီတိုင်းမှာ NLD ပါတီ တိုင်းလုံးကျွတ် အနိုင်ရပြီးတဲ့နောက် ပေါ်ထွက်လာတဲ့ မေးခွန်းကတော့ “ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ကို ဘယ်သူ ဦးဆောင်မလဲ” ဆိုတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ ရေပန်းစားနေသူ ၃ ဦး ရှိပါတယ်။ အဆိုပါ လူပုဂ္ဂိုလ်တွေကတော့ ဖျာပုံအမတ် ဦးသိမ်းဆွေ၊ ကျောင်းကုန်းအမတ် ဦးဝင်းဌေးနဲ့ ပန်းတနော်အမတ် ဒေါက်တာ တင်မင်းထွဋ်တို့ ဖြစ်ပါ တယ်။
လက်ရှိ ဝန်ကြီးချုပ် ဦးလှမိုးအောင်ကတော့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ခန့်ဖို့ ရေပန်းစားတဲ့ အမည်စာရင်းမှာ ပါဝင်လာ ခြင်း မရှိဘူးလို့ NLD ပါတီရဲ့ဧရာဝတီတိုင်း အလုပ်အမှုဆောင် အဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖျာပုံမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေကတော့ NLD ပါတီက ဖွဲ့စည်းမယ့် ဧရာဝတီတိုင်း အစိုးရအဖွဲ့သစ်မှာ ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ ထိပ်ဆုံးက တစ်ပြေးနေသူပါ။ ရန်ကုန်တက္ကသိုလ်ကနေ သချာင်္ဘာသာ အဓိကနဲ့ ဘွဲ့ရထားတဲ့ ဦးသိမ်းဆွေဟာ ကျောင်းဆရာ၊ ဘာသာရပ်သင် ကျူရှင်ဆရာဟောင်းတဦး ဖြစ် ပါတယ်။ ၁၉၈၉ နဲ့ ၉၀ ခုနှစ်တွေမှာ ဖျာပုံမြို့နယ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှာ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ ဖျာပုံခရိုင်နဲ့ ဖျာပုံမြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉၅ ခုနှစ်ကနေ စတင်ကာ လက်ရှိအချိန်အထိ NLD ပါတီမှာ တာဝန်ထမ်း ဆောင်နေသူ ဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် ၁၉၈၉ ခုနှစ်ကနေ ၁၉၉၁ အထိ ရဲစခန်း အချုပ်မှာ မကြာခဏ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသလို ခြေချုပ် ပုဒ်မတွေနဲ့ ၂ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။
ဦးသိမ်းဆွေဟာ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ၁၉၉၁ ခုနှစ်မှာ ပုဒ်မ ၅ (ည)နဲ့ ထောင်ဒဏ် ၁၀ နှစ်ကို အင်းစိန် ထောင်မှာ ကျခံခဲ့ရပြီး ၁၉၉၆ ခုနှစ်မှာ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဥပဒေနဲ့ ဖျာပုံထောင်မှာ ထောင်ဒဏ် ၃ နှစ် ၉ လ ချမှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင်၂၀၀၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ အကျယ်ချုပ် ၁ လ၊ အင်းစိန် ထောင်မှာ နိုင်ငံရေး ပုဒ်မ ၅(ည)နဲ့ အချုပ် ၄ လ စသဖြင့် ထိန်းသိမ်းခံခဲ့ရပါတယ်။
နောက်ဆုံးအကြိမ် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရတာကတော့ ၂၀၀၇ စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ သံဃာတော်များ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေးမှာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရက ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ရာမှာ အင်းစိန်ထောင်နဲ့ စစ်တွေထောင်တွေမှာ ထောင်ဒဏ်တွေ ကျခံခဲ့ရပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ NLD ပါတီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ် ပြိုင်ခဲ့ရာမှာ ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်ပါဝင်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀ မှာ ဦးသိမ်းဆွေက NLD ပါတီ ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပါတယ်။၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဦးသိမ်း ဆွေက အဲဒီ မဲဆန္ဒနယ်မှာပဲ ဆက်လက် ယှဉ်ပြိုင်ခဲ့ရာမှာ ထပ်မံ အနိုင်ရခဲ့ပြန်ပါတယ်။
၂၀၂၀ ခုနှစ်မှာတော့ ပါတီက တာဝန်ပေးတဲ့အတွက် မူလအနိုင်ရခဲ့တဲ့ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်ကနေ ဖျာပုံ မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်ကို ပြောင်းလဲ ယှဉ်ပြိုင်ပြီး ရွေးကောက်ပွဲ ၃ ကြိမ်ဆက် အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၅၄ နှစ် အရွယ်ရှိပြီး အမျိုးသားလွှတ်တော်မှာ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့တဲ့ အတွက် ဦးသိမ်းဆွေသာ ဧရာ ဝတီတိုင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့ရင် ယခင် NLD ဝန်ကြီးချုပ်များထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်မယ်လို့ တိုင်း အတွင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
ဧရာဝတီတိုင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌဖြစ်ပြီး ရွှေဆိုင်လုပ်ငန်းရှင်လည်း ဖြစ်သူ ဦးသီဟက “ကိုသိမ်းဆွေက လူလတ်ပိုင်း လည်း ဖြစ်တယ်။ သမိုင်းအရ နိုင်ငံရေး ဖြတ်သန်းမှုလည်း ရှိတယ်။ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု မှာလည်း သက်တမ်း ၂ ကြိမ်၊ ၈ နှစ်လောက် လုပ်ခဲ့သူဆိုတော့ စီမံ အုပ်ချုပ်ကိစ္စရပ်တွေ အတွေ့အကြုံ ရှိထားတာဖြစ် လို့ ဘာပဲပြောပြော ယခင် ဝန်ကြီးချုပ်များထက်တော့ ဧရာဝတီတိုင်းကို ပိုပြီး အောင်မြင်အောင် ဆောင်ရွက်ပေးနိုင် လိမ့်မယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။
ဦးသိမ်းဆွေ ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ ရေပန်းစားရတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကလည်း ခိုင်မာစွာ ရှိနေ ပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရပြီးတဲ့နောက် ပြည်သူ့လွှတ်တော်ကနေ တိုင်းဒေသကြီးအဆင့်ကို ဆင်းပြိုင်ခဲ့တဲ့ ကရင်လူမျိုး ဦးမန်းဂျော်နီက ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ အခုလည်း အမျိုး သား လွှတ်တော် ကိုယ်စားလှယ်ကနေ တိုင်းဒေသကြီးအဆင့်ကို ပြန်ဆင်းပြိုင်တဲ့အတွက် ဦးသိမ်းဆွေက NLD ပါတီ က ခန့်အပ်မယ့် တတိယမြောက် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။
ဖျာပုံအမတ် ဦးသိမ်းဆွေကတော့ ပါတီက တာဝန်ပေးလာခဲ့ရင် ဘယ်နေရာမဆို တာဝန်ကျေစွာ ဆောင်ရွက်သွားမယ် လို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော်ကတော့ ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက် ပါတီက တာဝန်ပေးလာရင် ပေးတဲ့အတိုင်း တာဝန်ကျေပွန် စွာ ဆောင်ရွက်ပါမယ်လို့ ကတိပြုထားတယ်။ အဲဒီအတွက် ပေးတဲ့တာဝန်ကို ထမ်းတာပါပဲ။ ဘယ်နေရာပဲဖြစ်ဖြစ်၊ ဘယ်လို တာဝန်မျိုး ဖြစ်ဖြစ် ထမ်းဆောင်ဖို့ ကျနော်က အဆင်သင့်ပါပဲ” လို့ ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက ပြောပါတယ်။
ဝန်ကြီးချုပ်ဖြစ်ဖို့ နောက်ထပ် ရေပန်းစားသူ တဦးကတော့ ပန်းတနော်မြို့သား ဒေါက်တာ တင်မင်းထွဋ် ဖြစ်ပါတယ်။ သူဟာ ၁၉၈၈ ခုနှစ်ကတည်းက NLD ပါတီကို ဝင်ရောက်ခဲ့တဲ့ အထွေထွေ ရောဂါကုဆရာဝန် တဦးဖြစ်ပြီး ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီ ကိုယ်စားပြုပြီး ပန်းတနော်မြို့နယ်မှာ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ၉၀ အမတ်ဟောင်း တဦးလည်း ဖြစ်ပါတယ်။
NLD ပါတီကို ဝင်ရောက် လှုပ်ရှားမှုကြောင့် စစ်အစိုးရရဲ့ဒုက္ခပေးမှုမျိုးစုံကို ခါးစည်းခံခဲ့ရသလို နိုင်ငံခြားငွေ လက်ဝယ် ထားရှိမှုနဲ့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတဲ့ နိုင်ငံအရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်ပါတယ်။
“ဒေါက်တာ တင်မင်းထွဋ်က ၉၀ တုန်းက စစ်အစိုးရရဲ့ နည်းမျိုးစုံ အပြစ်ရှာပြီး အဖမ်းခံရတဲ့အထဲမှာ ပါခဲ့တယ်။ သူ့ သားလေးရဲ့ခါးပတ်မှာ နိုင်ငံခြားငွေပုံစံ နမူနာလေးတွေကို ရိုက်နှိပ်ထားတယ်။ အဲဒါကို စစ်အစိုးရက နိုင်ငံခြားငွေ လက်ဝယ် ထားရှိမှုနဲ့ တရားစွဲပြီး ထောင်ချလိုက်တယ်။ ထောင်က ပြန်လွတ်လာတော့ သူ့အိမ်မှာ NLD ဆိုင်းဘုတ်တင် ထားလို့ ဆေးခန်း ဖွင့်မရလို့ အိမ်နဲ့ကိုက် ၁၅၀ လောက်ဝေးတဲ့ နေရာမှာ ဓနိမိုး၊ ထရံကာ တဲလေးနဲ့ ဆေးခန်းဖွင့်ခဲ့ရ တာ။ NLD ပါတီအတွက် နှစ်ပေါင်းများစွာ ဒုက္ခတွေ ခါးစည်းခံပြီး ရပ်တည်ခဲ့တဲ့သူပါ” လို့ ပုသိမ်မြို့က စာရေးဆရာ မောင်ညိုဝင်း (ဧရာဝတီ)က ပြောပါတယ်။
ရန်ကုန် ဆေးတက္ကသိုလ် ကျောင်းဆင်း ဒေါက်တာ တင်မင်းထွဋ်ဟာ လက်ရှိမှာတော့ အသက် ၆၈ နှစ်အရွယ်ရှိပြီ ဖြစ် ပြီး ဧရာဝတီတိုင်း NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပန်းတနော်မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မှာ အနိုင်ရပြီး ယခင် ၁၉၉၀ ခုနှစ်က လွှတ်တော် အမတ်ဖြစ်ပေမယ့် လွှတ်တော် မတက်ခဲ့ရတဲ့ ဒေါက်တာ တင်မင်းထွဋ်ဟာ နှစ်ပေါင်း ၃၀ အကြာမှာ ဧရာဝတီတိုင်း လွှတ်တော် တက်ရောက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီ တို့လိုပဲ ဧရာဝတီတိုင်းမှာ နိုင်ငံရေး အစဉ်အလာ ကြီးမားသူဖြစ်လို့ ဝန်ကြီးချုပ်ဖြစ် လာမယ်လို့ ရေပန်းစားနေသလို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌလည်း ဖြစ်လာနိုင်တယ်လို့ NLD ပါတီ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
“ဒေါက်တာ တင်မင်းထွဋ်က ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ ပြောနေတာရှိသလို လွှတ်တော် ဥက္ကဋ္ဌနေရာ တာဝန်ယူရမယ် လို့လည်း သတင်းတွေ ထွက်နေတယ်။ ဘာလို့လဲဆိုတော့ ဦးသိမ်းဆွေက ပြည်ထောင်စုက ဆင်းလာတဲ့သူ၊ ပြည် ထောင်စု အမတ်အဖြစ် ၈ နှစ်လောက် အလုပ်လုပ်ထားတော့ ဝန်ကြီးချုပ်အဖြစ် သင့်တော်ပြီး ဒေါက်တာ တင်မင်းထွဋ် ကတော့ အသက်အရွယ်အရ၊ နိုင်ငံရေးဖြတ်သန်းမှုအရ လွှတ်တော်ကနေ ထိန်းကွပ်ပေးဖို့ဆိုတာမျိုး ပါတီလူကြီးပိုင်း တွေက စဉ်းစားနေတာ ရှိတယ်” လို့ ဧရာဝတီတိုင်း NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
NLD ပါတီဝင် သက်တမ်း မရင့်သော်လည်း ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဖြစ်လာမယ်လို့ ရေပန်းစားနေသူ နောက်တဦး ကတော့ လက်ရှိ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ထောင်ဒဏ်ချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ဦးဝင်းဌေးဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ရဲ့ Max ဆောက်လုပ်ရေးလုပ်ငန်းမှာ အင် ဂျင်နီယာချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့ပြီးနောက် NLD ပါတီက ဖွဲ့စည်းခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ အရပ်သား ပညာရှင်ဝန်ကြီးအဖြစ် တာဝန်ပေးခန့် အပ်ခံရသူ ဖြစ်ပါတယ်။
ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားတဲ့ ဦးဝင်းဌေးဟာ အလုပ်ကြိုးစားသူ၊ သူတာဝန်ယူထားတဲ့ ဌာနတွေကို နိုင်နင်းစွာ စီမံခန့်ခွဲနိုင်သလို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဖြေရှင်းဆောင်ရွက်သူ၊ မာန်မာန မရှိသူ၊ ပြောဆိုဆက်ဆံရေး ကောင်းမွန်သူလို့ ဧရာဝတီတိုင်းက နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြု ကြ ပါတယ်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို ကျုံပျော်အမတ် ဦးမန်းဂျော်နီက၂၀၁၆ ခုနှစ်ကနေ၂၀၁၇ နှစ်ကုန်အထိ ဝန်ကြီးချုပ်အဖြစ် ဦးဆောင်ခဲ့ပြီး မြန်အောင်အမတ် ဦးလှမိုးအောင်က၂၀၁၈ ခုနှစ်ကနေ လက်ရှိအချိန်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ခဲ့ပါတယ်။ NLD ဝန်ကြီးချူပ်၂ ဦးစလုံးဟာ စီမံခန့်ခွဲမှုနဲ့ စွမ်းဆောင်ရည်ပိုင်း အားနည်းမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ကာလမှာ ဝန် ကြီး ဦးဝင်းဌေးဟာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို အနောက်ကနေ ဟန်ချက်မပျက်အောင် ထိန်းသိမ်း ဆောင်ရွက်ခဲ့ တယ်လို့ ဧရာဝတီတိုင်း အစိုးရနဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့မှာ စွမ်းဆောင်ရည် အကောင်းဆုံးဝန်ကြီးလို့ ညွှန်းဆိုခံထားရတဲ့ ဦးဝင်းဌေးဟာ၂၀၂၀ ရွေး ကောက်ပွဲမှာ NLD ပါတီ ကိုယ်စားပြုပြီး ကျောင်းကုန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ် ပြိုင်ခဲ့ပါတယ်။ ဦးဝင်းဌေး ဝင်ပြိုင်တဲ့နေရာဟာ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဧရာဝတီတိုင်းမှာ NLD ပါတီ ရှုံးနိမ့်ခဲ့တဲ့ မဲဆန္ဒနယ် ၄ ခုထဲက တခု အပါအဝင် ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီ အားကောင်းတဲ့ အဲဒီမဲဆန္ဒနယ်မှာ ဝန်ကြီး ဦးဝင်း ဌေးဟာ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ အမတ်လောင်းကို ခိုင်လုံမဲ ၅ ထောင်ကျော် အသာနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဝန်ကြီးချုပ် မဟုတ်သော်လည်း ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို ဟန်ချက်ညီအောင် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့တဲ့ ဦးဝင်း ဌေးရဲ့စွမ်းဆောင်ရည်ကို ဧရာဝတီတိုင်းက ပညာတတ်အလွှာ၊ နိုင်ငံရေး အလွှာနဲ့ အရပ်ဘက် အဖွဲ့အစည်းလောက သား အများစုက သဘောကျကြပြီး လာမယ့်၂၀၂၁ ကနေ ၂၀၁၆ အထိ တာဝန်ယူမယ့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ဝန်ကြီးချုပ်အဖြစ် မြင်တွေ့လိုကြောင်း ပြောဆိုကြပါတယ်။
“ဦးဝင်းဌေးက လက်ရှိ တိုင်းအစိုးရ ဝန်ကြီးဖြစ်လို့ ပြည်သူနဲ့ အမြဲ ထိတွေ့မှု ရှိနေတယ်။ အကြံဉာဏ်ပေးရင်လည်း နား ထောင်တယ်။ ပြည်သူအတွက် လုပ်သင့်တဲ့အရာဆို ချက်ခြင်း လုပ်တယ်။ မာန်မာန မရှိဘူး။ စီမံခန့်ခွဲမှုလည်းကောင်း တယ်။ ကျနော်တို့ တိုင်းအတွက်က ပါတီရာထူးတွေ၊ နိုင်ငံရေး ဖြတ်သန်းမှုတွေထက် စီမံခန့်ခွဲမှုကောင်းသူ လိုနေတာ။ ဝန်ကြီးဘဝနဲ့ ၅ နှစ် ဖြတ်သန်းခဲ့တဲ့ ဒီတိုင်းမှာ ဘာတွေပြောင်းလဲရမယ် ဆိုတာ ဦးဝင်းဌေး ကောင်းကောင်းသိတယ်။ အဲဒီတော့ ဧရာဝတီတိုင်းမှာ စွမ်းဆောင်ရည် ကောင်းနေတဲ့ ဦးဝင်းဌေးကို ဝန်ကြီးချုပ် ဖြစ်စေချင်တယ်” လို့ တောင်သူ လယ်သမားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောပါတယ်။
ဒေါက်တာ တင်မင်းထွဋ်ဟာ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ ဒုက္ခမျိုးစုံ ခါးစည်းခံရင်း NLD ပါတီနှင့်အတူ ရပ်တည် ခဲ့သူ၊ ဦးသိမ်းဆွေဟာ နိုင်ငံရေးဖြတ်သန်းမှုကောင်းတဲ့ လူလတ်ပိုင်းအရွယ် ပါတီ အရံဗဟိုကော်မတီဝင်ဖြစ်ပြီး NLD ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဆက်ဆံရေး ကောင်းမွန်သူ၊ ဦးဝင်းဌေးကတော့ ပါတီဝင် သက်တမ်း မရင့်သော်လည်း လက်ရှိ ဧရာဝတီတိုင်း အစိုးရသက်တမ်း ၅ နှစ်မှာ စွမ်းဆောင်ရည် အကောင်းဆုံးဝန်ကြီး၊ NLD ပါတီအနေနဲ့ ဒီ ၃ ဦးကို ဘယ်လို မူဝါဒနဲ့ ရွေးချယ်ပြီး ဝန်ကြီးချုပ်ခန့်အပ် သွားမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းက ပြည်သူတွေကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ၂၀၂၀ အထိ NLD အစိုးရလက်ထက် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဦးဆောင်သူ ဝန်ကြီးချုပ်၂ ဦးရဲ့ စွမ်းဆောင်ရည် အားနည်းမှုတွေကို ပြန်လည် ချေဖျက်ပြီး ဧရာဝတီတိုင်း ကို ယခင်ကထက် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ့် ဝန်ကြီးချုပ်အသစ်ကို NLD ပါတီ အနေနဲ့ မှန်ကန် စွာ ရွေးချယ်ခန့်အပ်ပေးဖို့ မျှော်လင့်နေကြပါတယ်။
You may also like these stories:
ရန်ကုန်ဝန်ကြီးချုပ်သစ် ဘယ်သူ ဖြစ်လာမလဲ
ဝန်ကြီးချုပ်နေရာမျိုး တိုင်းရင်းသားပါတီတွေ ပေးမယ်ဆိုရင် NLD အပေါ် ယုံကြည်လာလိမ့်မယ်