ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ ရက္ခိုင်စစ်တပ် (AA) တို့အကြား ၂၀၁၈ နိုဝင်ဘာ ကစပြီး ၂ နှစ်ကျော်ကြာအထိ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအကြားမှာ လူထုက အလူးအလဲ ခံစားခဲ့ကြရပါတယ်။ ဒီအခြေအနေတွေဟာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အပြီးမှာဘဲ သေနတ်သံတွေ တိတ်သွားလို့ ငြိမ်းချမ်းရေးအတွက် လမ်းစတခု တွေ့ပြီလားလို့ မျှော်လင့်ချက်တော့ ရှိလာပါတယ်။
တပ်မတော်နဲ့ AA တို့ရဲ့ အပြုသဘောဆောင်တဲ့ အပြန်အလှန်ထုတ်ပြန်ချက်တွေထွက်လာပြီး သေနတ်သံတွေ တိတ်ဆိတ်သွားတဲ့ တချိန်တည်းမှာဘဲ စစ်ပဋိပက္ခအရှိန်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေဟာလည်း နေရပ်ရင်း ကျေးရွာတွေကို တစတစ ပြန်နေကြပါပြီ။
နိုင်ငံတကာ သံရုံးတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ရခိုင်အရေး၊ တိုင်းရင်းသားအရေးကို စောင့်ကြည့်နေကြသူတွေကလည်း တပ်မတော်နဲ့ AA တို့ရဲ့အပြုသဘောဆောင်တဲ့ အပြန်အလှန် ထုတ်ပြန်ချက်တွေ၊ မြေပြင်မှာ သေနတ်သံတိတ်သွားတဲ့ အခြေအနေတွေအပေါ် ကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်လို့ အသိအမှတ်ပြုရင်း ကြိုဆိုခဲ့ကြပါတယ်။
ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ (MIPS) ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး ကတော့
ရခိုင်ပြည်နယ်ထဲက အခြေအနေတွေနဲ့ ပတ်သက်ပြီး “ဘာမှ စိတ်မချရသေးပါဘူး။ အချိန်မရွေး (စစ်ဆင်ရေးကြီးတွေ) ထဖြစ်နိုင်တယ်” လို့ သူ့ရဲ့သုံးသပ်ချက်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းတဲ့ အခါမှာ ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ တပ်မတော်ရဲ့ လက်နက်ခဲယမ်း စုပုံထားမှု၊ တပ်တွေနေရာချထားမှုကို သုံးသပ်ပြီး ပြောဆိုသွားတာဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ထဲက အခြေအနေဟာ ရုတ်ချည်း ငြိမ်သက်သွားပေမယ့် စာချုပ်စာတမ်း အခိုင်အမာ၊ သဘောတူညီချက်နဲ့ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားတာ မဟုတ်တာကြောင့် သေနတ်ပြန်မပေါက်ဘူးဆိုတဲ့ အာမခံချက် ရှိမနေပါဘူး။
တကယ်တမ်း တိုက်ပွဲတွေကို လုံးလုံးလျားလျား ရပ်ဆိုင်းနိုင်ဖို့ဆိုရင် တပ်မတော်နဲ့ AA ကြား Bilateral လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ပဏာမ အပစ်ရပ်စာချုပ် တစောင်ကို ချုပ်ဆိုရမှာ ဖြစ်ပါတယ်။
အဲ့ဒီလို စာချုပ် ချုပ်ဆိုပြီး တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းနိုင်ဖို့အတွက်လည်း AA က သူ့ရဲ့ နိုင်ငံရေး၊ စစ်ရေး မဟာမိတ်တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နဲ့ အတူ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းထားပြီး အဲ့ဒီ့အဖွဲ့က အစိုးရ၊ တပ်မတော်တို့နဲ့ ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုဖို့ ဆွေးနွေး နေတာ ရှိပါတယ်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့က Bilateral ညှိနှိုင်းရာမှာ တဖွဲ့ချင်း ဆွေးနွေးတာကို ကန့်ကွက်ပြီး ၄ ဖွဲ့ အတူတကွ ဆွေးနွေး၊ အတူတကွ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ရပ်တည်ပြီး အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။
အစိုးရဘက်ကနေ ကိုယ်စားပြု ဆွေးနွေးနေတာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ ဖြစ်ပါတယ်။ တပ်မတော်ကလည်း လိုအပ်ရင် တဖွဲ့ချင်း သီးသန့်ဆွေးနွေးလို့ ရအောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အမြဲတမ်း ကော်မတီတခုကို ဖွဲ့စည်းပေးထားပါတယ်။
လက်ရှိ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ တပ်မတော်ကြားက စစ်ရေးအခြေအနေကို ကြည့်ကြရအောင်ပါ။
“မြောက်ပိုင်းမဟာမိတ်တွေနဲ့ တပ်မတော်ကြားက စစ်ရေး”
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေမှအပ ကျန်နယ်မြေအားလုံးမှာ နိုဝင်ဘာ လကုန်အထိ တဖက်သတ် အပစ်ရပ်ဆိုင်းပေးပါတယ်လို့ ကြေငြာထားပါတယ်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ထဲက TNLA၊ MNDAA နဲ့ AA တို့ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ၎င်းတို့ လှုပ်ရှားတဲ့ နယ်မြေတွေမှာ ဒီဇင်ဘာ လကုန်အထိ တဖက်သတ်အပစ်ရပ်ပေးပါတယ်လို့ ထုတ်ပြန်ထားပါတယ်။
နှစ်ဖက်လုံးက အပစ်ရပ်ကြောင်း ကြေငြာထားကြပေမယ့် ခြွင်းချက်မရှိ အပစ်ရပ်ပေးတာမျိုး မဟုတ်ပဲ တဖက်ဖက်က လှုပ်ရှားလာရင်၊ ရန်ပြုလာရင် ဒါမှမဟုတ် ထိပ်တိုက်တိုးရင် ပစ်ခတ်တိုက်ခိုက်မယ်လို့ ဆိုထားကြပါတယ်။
အပစ်ရပ်ထားတဲ့ ကာလတလျှောက် မြေပြင်အခြေအနေတွေကို ကြည့်မယ်ဆိုရင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ လှုပ်ရှားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်မှာ တပ်မတော်နဲ့ တိုက်ခိုက်တာ စစ်ရေးတင်းမာတာတွေက ဒီကနေ့ထိ ရှိနေဆဲပါပဲ။
KIA လှုပ်ရှားတဲ့ ပြည်နယ် ၂ ခုအနက် ကချင်ပြည်နယ်မှာတော့ တိုက်ပွဲဖြစ်တဲ့ သတင်းတွေ မကြားရသလို ငြိမ်သက်နေပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာတော့ ရာနှုန်းပြည့်တည်ငြိမ်မနေပါဘူး။
KIA ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နိုဝင်ဘာလအတွင်းမှာ KIA ရဲ့ တပ်ရင်း ၉ လှုပ်ရှားတဲ့ နယ်မြေထဲမှာ တပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
တပ်ရင်း ၉ ဆိုတာကတော့ KIA ရဲ့ တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်းတခုဖြစ်ပြီး တပ်ရင်း ၉ နယ်မြေဆိုတာကတော့ မူဆယ်မြို့နယ်ကို ဆိုလိုတာဖြစ်ပါတယ်။
MNDAA တပ်ဖွဲ့နဲ့ တပ်မတော်ကြားမှာလည်း နိုဝင်ဘာအတွင်း ကိုးကန့်ဒေသထဲမှာ တိုက်ခိုက်မှုတွေ ရှိထားပါတယ်။
MNDAA က နိုဝင်ဘာ ၂၃ ရက်မှာ ကိုးကန့်ဒေသတွင်း စစ်ရေးအခြေအနေ၊ တပ်မတော်နဲ့ MNDAA ကြားက ဆက်ဆံရေး အခြေအနေတွေကို ဖော်ပြရေးသားထားတဲ့ ထုတ်ပြန်ချက်တစောင်ကို တရုတ်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါထုတ်ပြန်ချက်ထဲမှာ အစိုးရဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆက်ပါဝင်မှာ ဖြစ်တဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေးကို စောလျင်စွာ အကောင်အထည်ဖော်နိုင်ဖို့ လိုလားကြောင်း ဖော်ပြထားပေမယ့် တပ်မတော်နဲ့ပတ်သတ်လို့တော့ ပြစ်တင် ပြောဆိုချက်တွေကို ထည့်သွင်း ရေးသားထားပါတယ်။
နိုဝင်ဘာ ၁၆ ရက်က MNDAA တပ်သား ၃ ဦး မိဘအိမ်ပြန်တာကို ကိုးကန့်အာဏာပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးတာ၊ ဖမ်းဆီးရာမှာလည်း တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တွေက ရွာကို ပစ်ခတ်ပြီး ကြမ်းကြမ်း တမ်းတမ်း ပြုမူတာေ တွကြောင့် ဒေသခံအိမ်တွေ ပျက်ဆီးခဲ့ရတယ်လို့ ဆိုထားပါတယ်။
ဧရာဝတီက ကိုးကန့်ဒေသဦးစီးအဖွဲ့ကို ဆက်သွယ်ပေမယ့် ဆက်သွယ်မရတာကြောင့် MNDAA တပ်ဖွဲ့ပြောဆိုတဲ့ ဒေသခံ အိမ်တွေ ပျက်ဆီးတာနဲ့ သူတို့တပ်သားတွေ ဖမ်းခံရတဲ့ ကိစ္စကိုတော့ သီးခြားမှတ်ချက် ရယူနိုင်ခြင်း မရှိပါဘူး။
နိုဝင်ဘာ ၁၉ ရက်မှာလည်း တာကျိုကျိုင်းနယ်မြေထဲမှာ အခြေချထားတဲ့ MNDAA တပ်တွေကို တပ်မတော်က လာတိုက်ခိုက်တာတွေ ရှိတယ်လို့ ပြောဆိုထားပြီး တရုတ်နယ်စပ်မှာ တည်ငြိမ်အောင်လို့ ၎င်းတို့ဘက်က ရှောင်ရှားရင်း သည်းခံနေရတယ်လို့လည်း MNDAA က ဆိုထားပါတယ်။
၎င်းတို့ တောင်းဆိုတာတွေကို မလုပ်ပေးရင် ပြန်လည်တုန့်ပြန်တိုက်ခိုက်တာတွေ လုပ်မှာဖြစ်လို့ ပြဿနာကို စတင်ဖန်တီး သူတွေအနေနဲ့ ခါးသီးတဲ့ တုန့်ပြန်မှုတွေကို ပြန်ရပါလိမ့်မယ်လို့လည်း တဆက်တည်း ရေးသားထားတာပါ။
TNLA တပ်ဖွဲ့ဆိုရင်လည်း နိုဝင်ဘာလအတွင်း မိုးမိတ်၊ မိုးကုတ်မြို့နယ်တွေမှာ တပ်မတော်နဲ့ တိုက်ပွဲ ဖြစ်ပွားထားပါတယ်။
TNLA က နယ်မြေတည်ဆောက်တာနဲ့ အင်အားတိုးချဲ့တာတွေကို လုပ်ဆောင်နေတာကြောင့် တိုက်ခိုက်မှုတွေ ဖြစ်လာရတာလို့ တပ်မတော်ဘက်က ပြောပေမယ့် TNLA ကတော့ တပ်မတော်က သူတို့ကို လိုက်လံ ထိုးစစ်ဆင် နေတာလို့ ပြောဆိုပါတယ်။
မြေပြင်မှာ တင်းမာမှုတွေ တိုက်ခိုက်မှုတွေ ရှိနေပေမယ့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့လုံးက အစိုးရဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးရာမှာ ဆက်ပါဝင်မှာ ဖြစ်သလို Bilateral စာချုပ်ကိုလည်း ဆက်ဆွေးနွေးဖို့နဲ့ တွေ့ဆုံမှုတွေ ပြန်စ နိုင်ဖို့ အဆင်သင့်စောင့်နေပါတယ်လို့ ပြောဆိုထားကြပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း က AA နဲ့ တပ်မတော်ကြား စစ်ရေးလျော့ချနိုင်တဲ့ အခြေအနေ တွေကို နိုဝင်ဘာ ၂၇ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကာလနဲ့ နိုဝင်ဘာ ၁၂ ရက်က တပ်မတော်နဲ့ AA ကြား ထုတ်ပြန်ချက်တွေ အပြန်အလှန် ထုတ်ပြီးနောက်မှာတော့ ဒီကနေ့ထိ တိုက်ပွဲတွေ မရှိသလောက် ဖြစ်နေပါပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ထိတွေ့တိုက်ပွဲများ မရှိတော့မှ ယုံကြည်မှု တည်ဆောက်ခြင်း၊ တဖက်နဲ့တဖက် စောင့်ထိန်းရမည်များကို စောင့်ထိန်းခြင်း အားဖြင့် ယုံကြည်မှု ခိုင်မာစေခြင်း၊ ဒေသခံ ပြည်သူလူထုကလည်း လက်ရှိရရှိနေတဲ့ အခြေအနေကို စောင့်ထိန်းရန်အတွက် အားပေး ခြင်းတို့နဲ့ ငြိမ်းချမ်းရေး တိုးတတ်ခိုင်မာစေမယ်လို့ မျှော်လင့်ပါတယ်” လို့လည်း ပြောပါတယ်။
တပ်မတော်က ဖွဲ့စည်းပေးထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး ကော်မတီကလည်း ငြိမ်းချမ်းရေး အပြီးသတ် ရတဲ့ အထိ ညှိနှိုင်းဖို့ အသင့် ရှိတာကြောင့် တိုင်းရင်းသားတပ်ဖွဲ့တွေဘက်က လိုအပ်လို့ ညှိနှိုင်းချင်ရင် ဆွေးနွေးနိုင်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
“Bilateral အတွက် ဘာတွေညှိကြရမလဲ”
အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ကြား ပဏာမအပစ်ရပ်စာချုပ် (Bilateral) ချုပ်ဆိုနိုင်ဖို့အတွက် ၂၀၁၈ ခုနှစ် ကနေ စတင်ညှိနှိုင်းခဲ့ကြတာပါ။
၂၀၁၉ ခုနှစ်အတွင်းမှာဆိုရင် မူဆယ်၊ မိုင်းလားနဲ့ ကျိုင်းတုံမြို့တွေမှာ ၅ ကြိမ် တွေ့ဆံုံနိုင်ခဲ့ပေမယ့် ကျေနပ် အားရ လောက်အောင်ထိ သဘောတူညီနိုင်ခဲ့တာ မရှိဘူးလို့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေဘက်က ပြောဆိုထားပါတယ်။
Bilateral စာချုပ်ထဲမှာ အဓိက ထည့်သွင်းချုပ်ဆိုဖို့ ဆွေးနွေးနေတဲ့ အချက်တွေကတော့ အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီချက်ရန်၊ အပစ်ရပ်ချိန်မှာ သတ်မှတ်မယ့် နှစ်ဖက်တပ်တွေ မည်သည့်နေရာတွင် ရှိသည်ကို အသိအမှတ် ပြုကြောင်း ဖော်ပြသည့် တပ်နေရာချထားရေး၊ နှစ်ဖက် သတ်မှတ်ထားသည့် နယ်မြေများကို ကျော်လွန်ပြီး လက်နက် ကိုင်ဆောင်သွားလာခြင်း မပြုရန် သဘောတူညီချက်နှင့် အပစ်ရပ်ထားချိန်မှာ ပြန်လည် ပစ်ခတ်တာတွေ မပြုလုပ်ဖို့ စောင့်ကြည့်မယ့် ယန္တရား ဖွဲ့စည်းရေးဆိုတာတွေ ဖြစ်ပါတယ်။
အဆိုပါ အချက်တွေထဲကမှ တပ်နေရာချထားရေးကိစ္စကတော့ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေကြား အပြင်း အထန် ညှိနှိုင်းရမယ့် အချက်တခု ဖြစ်ပါတယ်။
နှစ်ဖက်တပ်တွေကြား တဖက်နယ်မြေကို တဖက် ကျူးကျော်မလာဖို့နဲ့ အပစ်ရပ်ဆိုင်းထားဖို့အတွက် တပ်နေရာတွေ အသိအမှတ်ပြုရေးကလည်း Bilateral စာချုပ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခုပါ။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ထဲမှာ တပ်နေရာချထားရေးနဲ့ ပတ်သတ်ရင် တပ်မတော်နဲ့ KIA ကြားမှာတော့ အသိအမှတ် မပြုတာ ပြင်းပြင်းထန်ထန် ငြင်းခုန်မှုတွေ မတွေ့ရပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ KIA ရဲ့ တပ်တွေကို ကချင်ပြည်နယ်ကို ပြန်ဆုတ်ခွာဖို့နဲ့ အသစ်ထပ်တိုးချဲ့တဲ့ တပ်မဟာတွေကို လက်မခံနိုင်ဘူးဆိုတာကိုတော့ တပ်မတော်ဘက်က KIA ထိပ်သီးခေါင်းဆောင်တွေကို ပြောဆိုဖူးပါတယ်။
MNDAA ကို ကိုးကန့်ဒေသထဲက ဟုန်အိုင်တောင်ကြောနေရာနဲ့ TNLA ကိုတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက နမ့်ဆန်၊ မန်တုံမြို့နယ်တွေမှာသာ လက်ခံနိုင်မယ်လို့ ပြောဆိုဖူးပါတယ်။
လက်ရှိမှာ MNDAA က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းက မြို့နယ်တွေအပြင် ကွမ်းလုံမြို့နယ်၊ မူဆယ်မြို့နယ်၊ လားရှိုးမြို့နယ်တွေထဲထိ သူ့ရဲ့ မဟာမိတ်တပ်တွေနဲ့ ပူးတွဲပြီး လှုပ်ရှားနေတာပါ။
TNLA ဆိုရင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မန်တုံ၊ နမ့်ဆန်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်၊ သိန္နီ၊ နမ္မတူ၊ ကျောက်မဲ ၊ မိုးမိတ်၊ နောင်ချိုတို့အပြင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ထဲအထိပါ ဖြန့်ကျက် လှုပ်ရှား နေတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တနှစ်ထက်တနှစ် အင်အားတိုးလာပြီး နယ်မြေဖြန့်ကျက် လှုပ်ရှားမှု ကျယ်ပြန့် လာနေကြပေမယ့် တပ်မတော် ဘက်တော့ AA တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ နေရာတွေကို တရားဝင် အသိအမှတ်ပြု ထားတာ မရှိသေးပါဘူး။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ မဆိုနှင့်၊ အစိုးရ၊ တပ်မတော်တို့နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးထိုးထားတာ ၅ နှစ် ကျော်ပြီဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နဲ့တောင် တပ်နေရာချထားရေးကို အတည်တကျ ယနေ့ထိ မဆွေးနွေးနိုင်တာကြောင့် တဖက်နဲ့ တဖက် နယ်မြေကျော်တယ် လို့ စွပ်စွဲတာ၊ တိုက်ခိုက်ကြတာတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ထဲမှာ AA ကတော့ တပ်မတော်က သဘောထားအတင်းမာဆုံး ထားရှိထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ တပ်မတော်က AA ကို အမြစ်ပြတ်ချေမှုန်းမယ်လို့ အကြိမ်ကြိမ်ပြောထားသလို ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ကြည်း၊ ရေ၊ လေ အသုံးပြု တိုက်ခဲ့တာ ရှိပါတယ်။
AA ကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်စခန်းချတာကို ခွင့်မပြုနိုင်တာကြောင့် စတင်ပေါက်ဖွားရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာပဲ လက်ခံမှာ ဖြစ်တယ်လို့ ပြောဖူးပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာတော့ လိုင်ဇာမှာ AA ကို ဆက်လက်ခံထားရင် KIA ကိုပါ တိုက်ခိုက်မယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စကားပါးခဲ့တာလည်း ရှိပါတယ်။
လက်ရှိမှာ AA က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပြင် ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ၊ ကျောက်ဖြူ၊ အမ်းအထိပါ တပ်ဖြန့် လှုပ်ရှား နေတာဖြစ်ပါတယ်။
တပ်မတော်ဘက်က AA နဲ့ပတ်သတ်ရင ်သဘောထား တင်းမာမှုတွေသာ ပြသခဲ့ပေမယ့် နိုဝင်ဘာ ၁၂ ရက်မှာတော့ ရွေးကောက်ပွဲ မကျင်းပခဲ့တဲ့ နေရာတွေမှာ ကြားဖြတ် ရွေးကောက်ပွဲပြန်ကျင်းပပေးဖို့ AA က မေတ္တာရပ်ခံ တောင်းဆိုတော့ တပ်မတော်ဘက်ကလည်း ချက်ချင်း လက်ခံကြောင်း၊ ကြိုဆိုကြောင်းကို ချက်ချင်း ပြန်တုန့်ပြန်ခဲ့ပါတယ်။
တပ်မတော်နဲ့ AA ကို ပြေလည်အောင် ကြားဝင်ညှိနှိုင်းပေးခဲ့တာကတော့ ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ဖြစ်ပါတယ်။
ဂျပန်အနေနဲ့ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ အပေါ်မှာ တပ်မတော်နဲ့ AA က ဘယ်လို သဘောတူညီချက်တွေနဲ့ သဘောထား ပျော့ပြောင်းလာတယ်ဆိုတာကို တိတိကျကျ ထုတ်ဖော်ပြောဆိုတာမျိုးတော့ မရှိပါဘူး။ တလျှောက်လုံး လက်မခံနိုင်ကြောင်း ပြောဆိုလာခဲ့တဲ့ AA ရဲ့တပ်ကိစ္စတွေမှာလည်း တပ်မတော်ဘက်က သဘောထား ပြောင်းလဲ လာမှုရှိမရှိကိုလည်း ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
ဒေါက်တာမင်းဇော်ဦးကတော့ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ၎င်းတို့ သက်ဆိုင်ရာ ပြည်နယ်တွေမှာ လှုပ်ရှားတာကို လက်ခံရင်တောင် အဓိက အရေးပါတဲ့ နေရာတွေမှာ ရှိနေရင်တော့ လက်သင့်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို ယှဉ်ကြည့်မယ်ဆိုရင်လည်း မြို့နဲ့ နီးတဲ့ နယ်မြေတွေ လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့ နယ်မြေတွေ လမ်းပိုင်းတွေမှာ နေရာယူထားရင်တော့ တပ်မတော်က စစ်ရေးနဲ့ ဖြေရှင်း ဖယ်ထုတ်လိုက်တာမျိုးတွေ ရှိခဲ့တယ်လို့လည်း ဒေါက်တာမင်းဇော်ဦးက ဆိုပါတယ်။
“ရခိုင်ပြည်နယ်မှာ အခြေချတာ လက်ခံလား၊ လက်ခံပြီဆိုရင်တောင် နေရာသတ်မှတ်တဲ့ နေရာမှာ အများကြီး စကားတွေ ပြောရဦးမယ်။ ဒီတော့ ကျနော်တို့က အပစ်အခတ်ရပ်စဲရေးက လုံးလုံးကြီးဖြစ်သွားနိုင်ဖို့ဆိုတာ စိန်ခေါ်မှု တွေက အများကြီး ရှိနေပါသေးတယ်” လို့လည်း ဒေါက်တာမင်းဇော်ဦးက သုံးသပ်ပါတယ်။
Bilateralမှာ နောက်ထပ် လိပ်ခဲတည်းလည်း ညှိနှိုင်းနေရတဲ့ အချက်တချက် ရှိပါသေးတယ်။
အဲ့တာကတော့ အပစ်ရပ်ဆိုင်းပြီးနောက် စောင့်ကြည့်မယ့် ယန္တရားတခု ဖွဲ့စည်းရာမှာ မြောက်ပိုင်းမဟာမိတ်တွေဘက်က နိုင်ငံတကာ အဖွဲ့အစည်း၊ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ယန္တရား တခု ထားရှိစေလိုတာ ဖြစ်ပြီး အစိုးရ၊ တပ်မတော်တို့ ကတော့ နိုင်ငံတကာ ပါဝင်မှုကို လက်သင့်မခံသေးတာကြောင့် ညှိနှိုင်းနေရဆဲပါပဲ။
အထက်မှာ ဖော်ပြခဲ့တာတွေကတော့ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကြား စာချုပ်စာတမ်းနဲ့ အပစ်အခတ်ရပ်စဲနိုင်ဖို့ အတွက် Bilateral စာချုပ် ညှိနှိုင်းရာမှာ အဓိက ကျတဲ့ အချက်တွေ ဖြစ်ပါတယ်။
ညှိနှိုင်းနေဆဲ အချက်တွေ ပြေလည်ရင်တော့ Bilateral ကို ချုပ်ဆိုနိုင်ဖို့ လမ်းခရီးက ပိုနီးလာမှာ ဖြစ်သလို တပ်မတော် နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြားက စစ်ရေးတင်းမာမှုနဲ့ တိုက်ပွဲတွေကလည်း အရှိန်လျော့ချ လာနိုင်မှာ ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်တွေအနေနဲ့ Bilateral ချုပ်ဆိုပြီးမှသာ ၎င်းတို့ တောင်းဆိုနေတဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကို တဆင့်တတ်ပြီး အစိုးရ၊ တပ်မတော် တို့နဲ့ ဆက်လက်ညှိနှိုင်းနိုင်မှာ ဖြစ်ပါတယ်။