၂၀၂၀ ခုနှစ်သည် ဧရာဝတီလင်းပိုင် အသေအပျောက် အများဆုံးနှစ်ဖြစ်သည်။ ယခုနှစ်အတွင်း မတ်လမှ အောက်တိုဘာလကုန်အထိ ၈ ကောင်သေဆုံးပြီးဖြစ်သည်။ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးကာလတလျှောက် အသေအပျောက်အများဆုံးနှစ်အဖြစ် သတ်မှတ်ခဲ့ရသည့် ၂၀၁၈ ခုနှစ်ထက်ပင် ပိုများနေပြီဖြစ်သည်။
ငါးလုပ်ငန်းဦးစီးဌာန နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) (Wildlife Conservation Society-Myanmar) တို့မှ နှစ်စဉ်ဖေဖော်ဝါရီလတွင် သုတေသနပြုကောက်ယူသည့် အချက်အလက်အရ ၂၀၂၀ ခုနှစ်သည် ဆယ်စုနှစ် ၂ ခုအတွင်း ဧရာဝတီလင်းပိုင်းတွေ့ရှိမှု အများဆုံးအဖြစ် ၇၉ ကောင်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော် အဆိုပါအချက်အလက်မှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအထိ နောက်ဆုံးရ အချက်အလက်သာဖြစ်သည်။
ဖေဖော်ဝါရီလမှစ၍ နောက်ပိုင်းကာလများတွင်တော့ ဧရာဝတီလင်းပိုင် အသေအပျောက်တွေ့ရှိမှုကို ရံဖန်ရံခါကြားလာရသည်။ အချက်အလက်များကို ပုံမှန် စုစည်းကြည့်သည့်အခါ ၂၀၁၈ ခုနှစ်ကဲ့သို့ပင် အရေအတွက်များနေသည်ကို တွေ့ရသည်။ သို့ဖြစ်၍ သားငှက်ထိန်းသိမ်းရေးအဖွဲ့ မှ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်လှသိန်းကို ဆက်သွယ်မေးမြန်းကြည့်ရာ လက်ရှိအချိန် (၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ) အထိ စုစုပေါင်း ၈ ကောင်သေဆုံးခဲ့ပြီးဖြစ်သည်။
၂၀၁၈ ခုနှစ်ထက် ၂ ကောင် ပိုများနေပြီဖြစ်သည်။
သေဆုံးသည့် ၈ ကောင်မှာ သားပေါက် ၁ ကောင်၊ အရွယ်မရောက်သေးသည့် တနှစ်ကျော်အရွယ် ၁ ကောင်၊ အလျား ၇ ပေအထက်ရှိသည့် သက်ကြီးကောင် ၂ ကောင်နှင့် ကျန်အကောင်များမှာ အရွယ်ကောင်းများဖြစ်သည်။
သေဆုံးသည့် ၈ ကောင်မှာ သားပေါက် ၁ ကောင်၊ အရွယ်မရောက်သေးသည့် တနှစ်ကျော်အရွယ် ၁ ကောင်၊ အလျား ၇ ပေအထက်ရှိသည့် သက်ကြီးကောင် ၂ ကောင်နှင့် ကျန်အကောင်များမှာ အရွယ်ကောင်းများဖြစ်သည်။
၈ ကောင်အနက် ၄ ကောင်မှာ လူ့ပရောဂကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ခန့်မှန်းသုံးသပ်ထားသည်။ အဓိက သေဆုံးရခြင်းအကြောင်းရင်းများမှာ ပိုက်ညိခြင်းနှင့် လျှပ်စစ်ရှော့တိုက် ငါးဖမ်းခြင်းတို့ကြောင့်ဖြစ်သည်။
၂၀၁၈ ခုနှစ်သေဆုံးမှုများ၏ အကြောင်းရင်းများမှာလည်း ထို့အတူပင်ဖြစ်သည်။ ကျမ၏ ဧရာဝတီလင်းပိုင် အသေအပျောက် အချက်အလက် စုစည်းမှုကို ပြန်ကြည့်သည့်အခါမှာလည်း ပိုက်ညိခြင်းနှင့် ဘတ်ထရီရှော့တိုက် ငါးဖမ်းခြင်းများကြောင့် အဖြစ်များသည်ကို တွေ့ရသည်။ အဆိုပါ အကြောင်းအရင်းများကို သေချာဆန်းစစ်ရန် လိုအပ်ပါပြီ။
အကြောင်းရင်း ကွင်းဆက်
အဓိကအကြောင်းအရင်းဖြစ်သည့် ဘက်ထရီရှော့နှင့် ပိုက်တန်းချငါးဖမ်းသည့်အတွက် မြစ်ထဲတွင် ကျင်လည်သွားလာနေသည့် လင်းပိုင်များကိုပါ ထိခိုက်စေသည့်အချက်မှာ အများသိရှိထားပြီးဖြစ်သည်။ ရှော့တိုက်မှုကြောင့် လင်းပိုင်များနှင့် ငါးများ မျိုးမပွားနိုင်တော့ဘဲ မြုံသွားစေသည်။ ငါးတိုးပွားမှုကို လျော့ကျစေသည်။ ထို့အတွက်လည်း အဆိုပါ ငါးဖမ်းနည်းနာများကို မလုပ်ဆောင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပညာပေးမှုများ၊ အစိုးရက ဥပဒေဖြင့်တင်းကြပ်စွာ အပစ်ပေးအရေးယူမှုများ လုပ်ဆောင်နေပါသော်လည်း လက်ရှိတွင် ပိုတိုး၍လုပ်ဆောင်နေကြသည်ကိုသာ ကြားသိနေရပါသည်။
လျှပ်စစ်ရှော့တိုက် ငါးဖမ်းမှုနှင့် ပတ်သတ်၍ ယူဆချက်အမျိုးမျိုးရှိသည်။ ငါးကိုလွယ်လွယ်နဲ့ များများရလို့၊ အချောင်လိုချင်လို့၊ စားဝတ်နေရေးခက်ခဲလာလို့၊ ဆက်စပ်ထိခိုက်မှုများကို မသိလို့ လုပ်ကြတာဟူ၍ အမြင်အမျိုးမျိုးရှိကြသည်။ အဆိုပါ ယူဆချက်များအပြင် အရင်းခံအကြောင်းရင်းတခုဖြစ်သည့် ငါးသယံဇာတ ကျဆင်းလာသည့် အခြေအနေကိုလည်း ထည့်သွင်းဆန်းစစ်သင့်သည်။
“မြစ်ထဲမှာ ငါးမရတော့ဘူး၊ ဒီတော့ မရ ရတဲ့နည်းနဲ့ လုပ်လာကြတာပဲ” ဆိုသည့် အပြောကို ကျမ၏ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း သွားခဲ့သည့် ဧရာဝတီမြစ်ကြောင်းခရီးစဉ်တလျှောက် ကြားခဲ့ရသည်။ ဒီလို မရ၊ ရတဲ့နည်းနဲ့ လုပ်ကြသောကြောင့် မြစ်ထဲရှိ ငါးများမျိုးပွားနိုင်မှု၊ ကြီးထွားမှု အခြေအနေများနှင့် ဧရာဝတီလင်းပိုင်များ လွတ်လပ်စွာ ရှင်သန်ကျက်စားနိုင်ရေးကို အန္တရာယ်ပြု ခြိမ်းခြောက်နေတော့သည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ငါးသယံဇာတအရေးသည် ဒွန်တွဲနေပါသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ငါးသယံဇာတအရေးသည် ဒွန်တွဲနေပါသည်။
ငါးသယံဇာတကျဆင်းလာမှုအခြေအနေ
အစိုးရ၏ ငါးသယံဇာတ အချက်အလက်များကို မြန်မာစာရင်းအင်းအချက်အလက် Myanmar Statistical Information Service (MMSIS) တွင်လေ့လာကြည့်ရာ ကုန်းတွင်းရေချိုငါးထုတ်လုပ်နိုင်မှုမှာ ၁၉၈၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နှစ်စဉ် တိုးမြှင့်ထုတ်လုပ်နိုင်မှု ပမာဏကိုသာ စဉ်ဆက်မပျက်တွေ့ရှိရပါသည်။ သို့သော် လက်တွေ့အခြေအနေမှာ မြစ်ထဲ၊ ချောင်းထဲ၊ အင်းတွေထဲတွင် ငါးရရှိမှု လျော့ကျနေပါပြီ။
၂၀၁၈ ခုနှစ်ထုတ် Marine Policy ပညာရပ်ဆိုင်ရာစာစောင်တွင် ဖော်ပြပါရှိသည့် မြန်မာ့ငါးသယံဇာတ လက်ရှိအခြအနေနှင့် မူဝါဒအပြောင်းအလဲအတွက် အခွင့်အလမ်းများ ဆိုသည့် ပညာရပ်ဆိုင်ရာ စာတမ်းတွင် အစိုးရမှ ထုတ်ပြန်သည့် အချက်အလက်များသည် လက်တွေ့အခြေအနေများနှင့် ကွာဟနေသည်ကို ထောက်ပြထားသည်။
အစိုးရ၏ထုတ်ပြန်ချက်တွင် ၂၀၁၆ ခုနှစ်အတွက် ငါးထုတ်လုပ်မှုပမာဏ မက်ထရစ်တန် ၅.၆ သန်း ဟု ညွှန်ပြသော်လည်း ကမ္ဘာ့ကုသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း၏ အချက်အလက်အလက်အရ မက်ထရစ်တန် ၃ သန်း နှင့် အကျဖက်သို့ ညွှန်ပြနေသည်ဟု ဖော်ပြထားသည်။ အထူးသတိချပ်ရန်မှာ အစိုးရ၏ ၂၀၁၈ ခုနှစ် ကုန်းတွင်းရေချိုငါးထုတ်လုပ်မှု အချက်အလက်အရ ၂၀၁၇ ခုနှစ်နှင့် ၎င်းမတိုင်ခင်နှစ်ကာလများထက် ၅၀ ရာခိုင်နှုန်းကျော်လျော့ကျလာနေပြီကို တွေ့ရသည်။
လက်တွေ့အခြေအနေတွင်လည်း “ဧရာဝတီမြစ်ထဲမှ ငါးရရှိမှုပမာဏမှာ ၁၉၉၀ ခုနှစ် မတိုင်ခင်ကာလများနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းလောက်သာ ကျန်ရှိတော့သည်ဟု ဒေသခံများက ခန့်မှန်းကြောင်း” ကုန်းတွင်းရေချိုငါးသယံဇာတ စီမံခန့်ခွဲမှုနယ်ပယ်ရှိ အရပ်ဖက်အဖွဲ့အစည်းတခုတွင် ၁၀ နှစ်ကျော်လုပ်ကိုင်ခဲ့သည့် ငါးသယံဇာတအရေးကျွမ်းကျင်သူ ဦးရင်ငြိမ်းက သူ၏ ကွင်းဆင်းလေ့လာတွေ့ရှိချက်တခု ပြောပြသည်။
ထို့အတူ သဘာဝပတ်ဝန်းကျင်အရေးကို နှစ်ရှည်လများဆောင်ရွက်နေသူ ဦးမောင်မောင်ဦးကလည်း သူ၏ ကွင်းဆင်းလေ့လာတွေ့ရှိချက်များ၊ ရေလုပ်သားများနှင့် တွေ့ဆုံမေးမြန်းချက်များအရ ဧရာဝတီမြစ်၏ ငါးသယံဇာတမှာ ဆယ်စုနှစ် ၃ ခုအတွင်း ၈၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာပြီဆိုသည့် ခန့်မှန်းချက်များသည် မှန်ကန်နေပြီဖြစ်ကြောင်း ဆိုသည်။
ထို့အတူ ကျမ၏ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း မန္တလေး၊ စကျင်၊ မောင်းကုန်း၊ ထီးချိုင့်၊ ကသာ၊ ဗန်းမော်မြို့များသို့ သွားရောက်လေ့လာခဲ့သည့် မှတ်တမ်းအရ ဧရာဝတီမြစ်အတွင်း ငါးရရှိမှုပမာဏမှာ သိသိသာသာ လျော့ကျလာကြောင်းကို အဆိုပါဒေသများရှိ အင်းလုပ်သား၊ ရေလုပ်သားနှင့် ဒေသခံများက ပြောပြကြပါသည်။
အင်းအိုင်အလွန်ပေါသည့် ထီးချိုင့်မြို့နယ်မှ မိတ်ဆွေတဦးက သူ၏အိမ်တွင် နေ့လည်စာကျွေးရာ သူ၏အပြောကို ယနေ့တိုင်အမှတ်ရနေမိသည်၊
“အရင်ကဆို တို့တွေက ငါးချောသား (အကြေးခွံမပါတဲ့ငါး) မစားဘူး၊ ညှီလို့၊ အခုတော့ ငါးရှားလို့ အဲ့ဒါတွေပါ စားနေပြီ” ဟုပြောသည်။
ခရီးစဉ်တလျှောက်တွင် မြို့ဈေး၊ ရွာဈေးများသို့လည်း ဝင်ရောက်စူးစမ်းကြည့်ရာ ရေခဲပုံးများဖြင့်လာသည့် ရေခဲရိုက်ငါး၊ မွေးမြူရေးငါးများ အရောင်းများသည်ကိုသာ တွေ့ရသည်။ မြစ်ငါး ကြီးကြီးမားမား မတွေ့ရပါ။
ခရီးစဉ်တလျှောက်တွင် မြို့ဈေး၊ ရွာဈေးများသို့လည်း ဝင်ရောက်စူးစမ်းကြည့်ရာ ရေခဲပုံးများဖြင့်လာသည့် ရေခဲရိုက်ငါး၊ မွေးမြူရေးငါးများ အရောင်းများသည်ကိုသာ တွေ့ရသည်။ မြစ်ငါး ကြီးကြီးမားမား မတွေ့ရပါ။
မြစ်ငါး ချောင်းငါး ငါးသေး၊ ငါးနုတ် ရောင်းသူအနည်းငယ်သာ တွေ့ရသည်။
ကသာမြို့ပေါ်ရှိ ငါးချဉ်လုပ်ငန်းများလည်း ငါးအရနည်းသည့်အတွက် လုပ်ငန်းအဆင်မပြေကြောင်း ပြောသည်။ ငါးအရများသည့်နှစ်များတွင် တနေ့အချိန် ၁၀၀ ခန့် ငါးချဉ်သိပ်သော်လည်း ယခုနှစ် (၂၀၁၉ ခုနှစ်) တွင်တော့ အချိန် ၃၀ မှ ၄၀ ခန့်သာ လုပ်ဖြစ်ကြောင်း ကသာမြို့ပေါ်ရှိ ငါးချဉ်လုပ်ငန်းရှင်တဦးက ပြောပြသည်။
ကုန်းတွင်းရေချို ငါးသယံဇာတ အလွန်အမင်းကျဆင်းလာနေပြီဆိုသည့် အချက်မှာ သံသယဖြစ်ဖွယ် မရှိတော့ပြီ။
စနစ်၏အားနည်းချက်
ငါးသယံဇာတကျဆင်းလာခြင်းမှာလည်း ငါးလုပ်ငန်းစီမံအုပ်ချုပ်မှုစနစ်၏ အားနည်းချက်နှင့် သက်ဆိုင်နေပါသည်။ ပြဿနာမှာ လက်တွေ့တွင် ငါးသယံဇာတလျော့ကျနေသော်လည်း ထုတ်လုပ်မှုပမာဏနှင့် နှစ်စဉ်အစိုးရဘဏ္ဍာငွေတိုးမြှင့်ရရှိရေးကို အဓိက ဦးတည်သည့် ငါးသယံဇာတ စီမံခန့်ခွဲအုပ်ချုပ်မှုစနစ်ဖြစ်နေသည်။
အထက်ပါ Marine Policy စာစောင်၏ စာတမ်းတွင်ရေးသားထားချက်များအရ ဗြိတိသျှကိုလိုနီခေတ်မှစတင်၍ မြန်မာ့ငါးသယံဇာတ စီမံအုပ်ချုပ်မှုမူဝါဒတွင် အဓိကအပြောင်းအလဲများဖြစ်ခဲ့ရာ ကုန်းတွင်းရေချိုငါးလုပ်ငန်းကို အစိုးရဝင်ငွေအရင်းအမြစ်အဖြစ် စီမံဆောင်ရွက်လာခဲ့သည်။
စစ်အစိုးရလက်ထက်တွင် နိုင်ငံစီးပွားရေးကိုမြှင့်တင်ပေးသည့် သယံဇာတထုတ်ယူသုံးစွဲရေးထောက်တိုင်တခုအဖြစ် တိုးမြှင့် ဆောင်ရွက်ခဲ့ပြီး ကြမ်းခင်းလေလံဈေးကို နှစ်စဉ် ၁၀ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ရာ ယနေ့တိုင် အဆိုပါလမ်းစဉ်အတိုင်းလုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည်ဟု ထောက်ပြထားသည်။
၂၀၁၀ ခုနှစ် နောက်ပိုင်းတွင်တော့ ကုန်းတွင်းရေချိုငါးသယံဇာတစီမံခန့်ခွဲမှုနှင့် ဝင်ငွေကို ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်ပေးသည့် ဗဟိုဖြေလျော့မှုကို လုပ်ဆောင်ခဲ့သည်။ ၂၀၁၆ အလွန်ကာလများတွင် ရေလုပ်သားများအစုအဖွဲ့ငယ်များအနေနှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ပိုမိုလက်လှမ်းမီလာခဲ့သည်။
ဥပမာ ၂၀၁၂ ခုနှစ်မှစတင်၍ ဧရာဝတီတိုင်းရေချိုငါးလုပ်ငန်းဥပဒေအရ အင်းနှင့်တင်ဒါများ တိုက်ရိုက်ရောင်းချသည့်စနစ်မှ ဈေးပြိုင်လေလံစနစ်သို့ ပြောင်းလဲခဲ့သည်။
သို့သော်လည်း ရေလုပ်ငန်းကို အမှန်တကယ်လုပ်သူများ မဟုတ်သည့် ငွေကြေးတတ်နိုင်သူများက အစုအဖွဲ့များဖွဲ့၍ ဝင်ရောက်လေလံဆွဲသည်များလည်းရှိနေသည်။ ထိုသို့မလုပ်ဆောင်ရန် ထိုသူများကို ရေလုပ်ငန်းအမှန်တကယ်လုပ်သူအစုအဖွဲ့က ပန်းကြေးပေးပြီးမှ လေလံအောင်ရသည်။
သို့သော်လည်း ရေလုပ်ငန်းကို အမှန်တကယ်လုပ်သူများ မဟုတ်သည့် ငွေကြေးတတ်နိုင်သူများက အစုအဖွဲ့များဖွဲ့၍ ဝင်ရောက်လေလံဆွဲသည်များလည်းရှိနေသည်။ ထိုသို့မလုပ်ဆောင်ရန် ထိုသူများကို ရေလုပ်ငန်းအမှန်တကယ်လုပ်သူအစုအဖွဲ့က ပန်းကြေးပေးပြီးမှ လေလံအောင်ရသည်။
ထို့အတွက် ရေလုပ်ငန်းအမှန်တကယ်လုပ်သူများမှာ ကုန်ကျစရိတ်ကို ထပ်ဆင့်ကုန်ကျနေရသည်။
၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း ဧရာဝတီတိုင်းအတွင်းရှိ အင်း ၁၁၆ အင်းကို လေ့လာခဲ့သည့် ဖျာပုံမြို့ငါးလုပ်ငန်းသင်တန်းကျောင်းမှ အငြိမ်းစားကျောင်းအုပ် ဦးဆန်းအောင်၏ စစ်တမ်းတွေ့ရှိချက်အရ ပန်းကြေးအမြင့်ဆုံးမှာ သိန်း ၈၀ အထိရှိကြောင်း သိရှိရသည်။ အင်းအရွယ် အကြီး အသေးအပေါ်မူတည်ပြီးလည်း ပန်းကြေးမတူပါ။
“တချို့အင်းကြီးများတွင် လေလံစရိတ်နှင့် ပန်းကြေးပေါင်းလိုက်ပါက ငွေသိန်းထောင်ဂဏန်းအထိ ရှိတတ်ကြောင်း” ငါးသယံဇာတနယ်ပယ်တွင် ကာလရှည်ဆောင်ရွက်ခဲ့သည့် ဦးရင်ငြိမ်းကလည်း ပြောပြသည်။ ထို့အတွက် ရေလုပ်ငန်းလုပ်သူများမှာ အရင်းကြီးပြီး၊ တဖက်မှာ ငါးရရှိမှုကျဆင်းလာသည့်အတွက် ဝင်ငွေပြန်လည်ရရှိမှုခက်ခဲနေသည့် အခြေအနေဖြစ်သည်။ အဆိုပါအခြအနေများကိုလည်း ကျမ၏ ဧရာဝတီမြစ်ကြောင်းခရီးစဉ်အတွင်း ထီးချိုင့်၊ ကသာနယ်ရှိ အင်းလုပ်သူများမှထံမှ ကြားသိခဲ့ရသည်။
လက်ရှိတွင် ဗဟိုချုပ်ကိုင်မှု ဖြေလျော့သည့် ငါးလုပ်ငန်းစီမံအုပ်ချုပ်မှု အခင်းအကျင်း ရှိလာပြီဖြစ်သော်လည်း ထုတ်လုပ်မှုပမာဏ မြှင့်တင်ရေးနှင့် နိုင်ငံတော်ဝင်ငွေရရှိရေးဆိုသည့် ဦးတည်ချက်ကိုသာ အဓိကဦးတည်ဆဲဖြစ်သည်။ မြစ်များ ချောင်းများကို အကြားအလပ်မကျန် ငါးလုပ်ငန်းရေပြင်အဖြစ် လုပ်ကွက်လိုင်စင်ချပေးပါသည်။ တဖက်တွင်လည်း အခွန်အခကိုလည်း နှစ်စဉ်တိုးကောက်လျက်ရှိသည်။
သို့သော် ငါးပမာဏမှာ လျော့ကျလာနေပြီဖြစ်ရာ တင်ဒါလိုင်စင်ရ လုပ်ကွက်များနှင့် အငှားဂရန်အင်းလုပ်ကွက်များတွင် အခကြေးငွေပေးပြီး အဆင့်ဆင့် လုပ်ကိုင်စားသောက်သူများအတွက်ပါ အခက်တွေ့စေတော့သည်။ တွက်ခြေကိုက်သည့် ငါးလွယ်လွယ်ကူကူရသည့် နည်းနာများကို လုပ်ဆောင်လာကြတော့သည်။
အသိပညာအားနည်း၍၊ ဝမ်းရေးခက်ခဲ၍ အလွယ်နည်းလမ်းဖြင့် လုပ်ဆောင်ကြသည်မှာလည်း အရှိတရားဖြစ်ပါသည်။ ရေရှည်အတွက် မကောင်းမှန်းသိလျှက်နှင့်ပင် လုပ်ဆောင်ကြသည်များလည်း ရှိနေသည်ကို သိခဲ့ရသည်။
အသိပညာအားနည်း၍၊ ဝမ်းရေးခက်ခဲ၍ အလွယ်နည်းလမ်းဖြင့် လုပ်ဆောင်ကြသည်မှာလည်း အရှိတရားဖြစ်ပါသည်။ ရေရှည်အတွက် မကောင်းမှန်းသိလျှက်နှင့်ပင် လုပ်ဆောင်ကြသည်များလည်း ရှိနေသည်ကို သိခဲ့ရသည်။
ထို့သို့လုပ်ဆောင်ကြသည့်အတွက်လည်း တဖက်တွင် ငါးသယံဇာတကိုကျဆင်းစေသည်။
တပြိုင်နက်တည်းတွင်လည်း မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေဝပ်နေရာများကို အရှည်သဖြင့် ထိန်းသိမ်းသည့်အစီအမံများကို လက်တွေ့အကောင်အထည်ဖော်မှုအပိုင်းတွင် အားနည်းလျှက်ရှိသည်။ အခွန်ငွေတိုး၍ကောက်ခံရှိရေးကိုသာ ရှေးရှု့သည့်အတွက် ထိန်းသိမ်းရေးကို ချည်းကပ်လုပ်ဆောင်သည့် အစီအမံများတွင် အားနည်းသည်ဟု မြန်မာ့ငါးလုပ်ငန်းဆိုင်ရာ အစီရင်ခံစာများ၊ သုတေသနစာတမ်းများ အများအပြားကလည်း ထောက်ပြထားပြီးဖြစ်သည်။
အထက်ပါရည်ညွှန်းထားသည့် Marine Policy စာစောင်ပါ စာတမ်းကလည်း မြန်မာ့ငါးသယံဇာတ အခန်းကဏ္ဌတွင် အချက်အလက်ကောက်ယူ ဆန်းစစ်လေ့လာခြင်းအားနည်းပြီး၊ စီမံခန့်ခွဲမှုတွင်လည်း စွမ်းဆောင်ရည် အကန့်အသတ်ရှိသည်ဟု ထောက်ပြထားသည်။
၂၀၀၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ငါးလုပ်ငန်းစီမံအုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး ၁၀ နှစ်တာခရီး စာတမ်းတွင်လည်း ဗဟိုဖြေလျော့ခြင်းနှင့် ရပ်ရွာအခြေပြုစုပေါင်းစီမံခန့်ခွဲခြင်းလုပ်ငန်းစဉ်များ လက်တွေ့ထိရောက်စွာ လုပ်ဆောင်ရန် ရည်ရှည်အစီအမံများနှင့် စွမ်းဆောင်ရည်စိုက်ထုတ်မှုများ လိုအပ်သည်ဟု အကြံပြုထားသည်။
ဤခရီးမနီးပါ။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအတွက် ငါးသယံဇာတ စီမံခန့်ခွဲမှုစနစ်၏ အနည်းချက်နှင့် အလားအလာတို့ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာပါပြီ။
အခြားထည့်သွင်းစဉ်းစားရမည့် အခြေအနေများ
ဧရာဝတီမြစ် ငါးသယံဇာတ ကျဆင်းလာစေသည့် အကြောင်းရင်းများတွင် ငါးရှော့တိုက်ဖမ်းဆီးခြင်းအပြင် ဧရာဝတီမြစ်ကမ်းအနီးတဝိုက်ရှိ ကုန်ထုတ်စက်ရုံများ၊ စက်မှုဇုံများဆီမှ ရေဆိုးများ တိုက်ရိုက်စွန့်ထုတ်ခြင်းများ၊ မြစ်ကမ်းနဖူးပေါ်ရှိ တစ်ရှုးငှက်ပျောစိုက်ခင်းများမှာ ရေဆိုးများမြစ်ထဲသို့ စီးဝင်ခြင်း၊ ငှက်ပျောဆေး၊ ဓာတုဆေးများဖြင့် ငါးဖမ်းခြင်း၊ မြစ်ကမ်းတလျှောက် စိုက်ခင်းများမှ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အလွန်အကျွံသုံးစွဲမှုများကြောင့် ရေညစ်ညမ်းပြီး ငါးများသေဆုံးခြင်း၊ ငါးများဥချ သားပေါက်ရာ ရေဝပ်ဧရိယာများ နည်းပါးလာခြင်း၊ မြစ်ချောင်းများကောလာခြင်း စသည့် အကြောင်းရင်းများစွာကိုလည်း မေ့လျော့ထား၍မရပါ။
ကျမ၏ အပြန်ရေစုန်ခရီးတွင် ဗန်းမော်မြို့အလွန် စင်းခန်းတံတားမရောက်ခင်တွင် မြစ်ယာဖက်တကြောကမ်းပါးတွင် တစ်ရှုးငှက်ပျောစိုက်ခင်းများကိုတွေ့ခဲ့သည်။ အဆိုပါ မြစ်ယာဖက်တစ်ကြောမှာ ဧရာဝတီလင်းပိုင်များကျက်စားလေ့ရှိသည့် လင်းပိုင်ကျင်းနေရာဖြစ်သည်ဟု စက်လှေသမားက ပြောပြသည်။
ယခုနောက်ပိုင်းတွင် တစ်ရှုးငှက်ပျောစိုက်ခင်းများသည် ကချင်ပြည်နယ်တွင်သာမက အောက်အရပ် စစ်ကိုင်းတိုင်းနယ်ဖက် ဧရာဝတီမြစ်ကမ်းပါးများအထိ ပြန်နှံ့လာပြီးနောက် ငါးဖမ်းသည့်အခါ ငှက်ပျောဆေးများသုံးပြီး အဆိပ်ချငါးဖမ်းလာကြသည်ကိုလည်း ကြားခဲ့ရသည်။
ယခုနောက်ပိုင်းတွင် တစ်ရှုးငှက်ပျောစိုက်ခင်းများသည် ကချင်ပြည်နယ်တွင်သာမက အောက်အရပ် စစ်ကိုင်းတိုင်းနယ်ဖက် ဧရာဝတီမြစ်ကမ်းပါးများအထိ ပြန်နှံ့လာပြီးနောက် ငါးဖမ်းသည့်အခါ ငှက်ပျောဆေးများသုံးပြီး အဆိပ်ချငါးဖမ်းလာကြသည်ကိုလည်း ကြားခဲ့ရသည်။
ထို့အပြင် ဆည်၊ တာတမံများတည်ဆောက်လာပြီးနောက် ဆယ်စုနှစ်များအကြာတွင် မြစ်ရေစီးဆင်းမှုနှင့် နုန်းအနည်အနှစ်ပို့ချမှုများ နည်းပါးလာရာ မြေနုကျွန်းများသည်လည်း ရှေးယခင်ကဲ့သို့ မြေဆီမြေနှစ် မကောင်းတော့ပါ။ ဧရာဝတီမြစ်ထဲသို့ စီးဝင်နေသည့် တာပိန်မြစ်၊ ရွှေလီမြစ်၊ မူးမြစ်၊ မြစ်ငယ် (ခေါ် ) ဒုဌဝတီမြစ် တို့မှာလည်း ရေစီးအားနှင့် နုန်းအနည်ပို့ချနိုင်မှု အလွန်နည်းပါးလာနေပြီဖြစ်ပါသည်။
ထို့အတွက် စိုက်ခင်းများတွင် ဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများ တွင်တွင်ကျယ်ကျယ် သုံးလာမှုကြောင့် မြစ်ရေအဆိပ်သင့်ခြင်းများ ဖြစ်လျက်ရှိသည်။ ဧရာဝတီမြစ်ကမ်းတလျှောက် စိုက်မျိုးမြေဧက များပြားစွာတည်ရှိရာ စိုက်ပျိုးရေးဆေးများကြောင့် မြစ်ရေအဆိပ်သင့်ခြင်းနှင့် ငါးပေါက်ဖွားနိုင်မှု အဟန့်အတားဖြစ်ခြင်း အခြေအနေများကို သေချာစွာ လေ့လာစူးစမ်းရန် လိုအပ်နေပါပြီ။
တဆက်တည်းတွင် ရေဆိုးစွန့်ပစ်မှုနှင့်ပတ်သတ်၍ ဧရာဝတီမြစ်ကမ်းပေါ်ရှိ စက်ရုံအလုပ်ရုံများကို သေချာစွာစီစစ်ရန် လိုအပ်နေပါပြီ။ ဥပမာ ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်ကမ်းပေါ် မောင်းကုန်းရွာရှိ ဂရိတ်ဝေါသကြားစက်ရုံမှ စွန့်ပစ်ရေဆိုးများ မြစ်ထဲသို့ တိုက်ရိုက်စွန့်ထုတ်ရာ အဆိုပါစွန့်ထုတ်သည့်နေရာ၏ မြစ်အောက်ပိုင်းတလျှောက် ရေနေသတ္တဝါ၊ ငါး၊ လင်းပိုင်များ မနေနိုင်တော့ကြောင်း၊ မြစ်ရေသုံးမရကြောင်းကို မြင်တွေ့ခဲ့၊ ကြားသိခဲ့ရသည်။ အဆိုပါစက်ရုံသည် ရေဆိုးစွန့်ပစ်မှုကို ယနေ့တိုင်စနစ်တကျ လုပ်ဆောင်မှုမရှိဘဲ ရေဆိုးများစွန့်ပစ်လျက်ရှိနေသည်။
ထို့အတူ မန္တလေးမြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ စွန့်ပစ်ရေဆိုးများကြောင့် ဒုဌဝတီမြစ်နှင့် ဧရာဝတီမြစ်ရေ ညစ်ညမ်းမှုများလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကို ကိုယ်တိုင် တွေ့ခဲ့ရသည်။ မြစ်အလယ်ပိုင်း တလျှောက်တွင်တော့ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မြစ်သဲ၊ ကျောက် ထုတ်ယူခြင်းများကို အများအပြားလုပ်ဆောင်လျက်ရှိရာ မြစ်အတွင်း ငါးများလွတ်လပ်စွာရှင်သန် သွားလာနိုင်ရေးကို အဟန့်အတားဖြစ်နေစေသည်။
WWF ၏ ၂၀၁၈ ခုနှစ် ဧရာဝတီမြစ်နှင့် မြန်မာ့စီးပွားရေး အစီရင်ခံစာတွင် မြစ်အထက်ပိုင်းနှင့် မြစ်လယ်ပိုင်းတွင် အဓိကသက်ရောက်မှုအများဆုံး ပြဿနာမှာ မြစ်ရေညစ်ညမ်းမှုကိစ္စ ဖြစ်သည်ဟု ဖော်ပြထားပြီးဖြစ်သည်။
ဧရာတီလင်းပိုင်များမျိုးတုန်းမည့်အရေး
ဧရာဝတီလင်းပိုင်အရေးကို ပြောကြပြီဆိုလျှင် မြစ်တစ်ခုလုံး၏ အရေးကိုပါ ပြောမှ ကျိုးကြောင်းညီညွတ်ပါတော့မည်။ အဓိကအနေနှင့် ပြောလိုသည်မှာ ဧရာဝတီငါးသယံဇာ ကျဆင်းလာမှုအခြေအနေနှင့် ငါးသယံဇာတစီမံအုပ်ချုပ်မှုစနစ်၏ အားနည်းချက်ကို မေ့လျော့ထား၍မရပါ။
စီမံအုပ်ချုပ်မှုတွင် နှစ်စဉ်အစိုးရဘဏ္ဍာငွေတိုးရလိုမှုကိုသာ အဓိကဦးတည်သည့်စနစ်ရှိခြင်းနှင့် ထိန်းသိမ်းမှုအစီအမံများ အားနည်းခြင်း၊ ဧရာဝတီမြစ်၏ဂေဟဝန်းကျင်ပျက်စီးလာခြင်း၊ မြစ်ထဲတွင် ငါးသယံဇာတလျော့နည်းလာခြင်း၊ တားမြစ်ထားသည့် ငါးဖမ်းနည်းနာများ အသုံးတွင်ကျယ်လာခြင်း ဆိုသည့် အကြောင်းရင်းကွင်းဆက်ကို လွှမ်းခြုံဆန်းစစ်ဖို့ လိုအပ်ပါပြီ။
စီမံအုပ်ချုပ်မှုတွင် နှစ်စဉ်အစိုးရဘဏ္ဍာငွေတိုးရလိုမှုကိုသာ အဓိကဦးတည်သည့်စနစ်ရှိခြင်းနှင့် ထိန်းသိမ်းမှုအစီအမံများ အားနည်းခြင်း၊ ဧရာဝတီမြစ်၏ဂေဟဝန်းကျင်ပျက်စီးလာခြင်း၊ မြစ်ထဲတွင် ငါးသယံဇာတလျော့နည်းလာခြင်း၊ တားမြစ်ထားသည့် ငါးဖမ်းနည်းနာများ အသုံးတွင်ကျယ်လာခြင်း ဆိုသည့် အကြောင်းရင်းကွင်းဆက်ကို လွှမ်းခြုံဆန်းစစ်ဖို့ လိုအပ်ပါပြီ။
သို့သော် လက်ရှိတွင် ဧရာဝတီလင်းပိုင် သေဆုံးမှုနှင့်ပတ်သတ်၍ သတင်းအချက်အလက်တင်ပြမှု၊ အသိပညာပေးမှု၊ စီမံဆောင်ရွက်မှုများတွင် တားမြစ်ငါးဖမ်းနည်းနာများနှင့် ကျူးလွန်သူများအပေါ်တွင်သာ အလေးကဲပြောဆိုကြ၊ အရေးယူဆောင်ရွက်ကြသည်ကို သတိထားမိပါသည်။ ဖမ်းဆီးအရေးယူမှုများလုပ်ဆောင်ရုံဖြင့် မလုံလောက်တော့ပါ။
စနစ်၏ အားနည်းချက်၊ လိုအပ်ချက်နှင့် မြစ်၏ဂေဟဝန်းကျင် ချွတ်ခြုံကျလာမှုအခြအနေများကိုလည်း ထောက်ပြသင့်ပါပြီ။ ဧရာဝတီမြစ်၏ ငါးသယံဇာနှင့် ဂေဟဝန်းကျင် ကျန်းမာမှုအခြေအနေတရပ်လုံးကို လွှမ်းခြုံစဉ်းစားမှသာ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအတွက် ပိုမိုကောင်းမွန်သည့် အစီအမံများကို လုပ်ဆောင်နိုင်ပါလိမ့်မည်၊ ဧရာတီလင်းပိုင်များမျိုးတုန်းမည့်အရေးကို ကာကွယ်နိုင်ပါလိမ့်မည်။
ကိုးကားစာရင်း
Improving Freshwater Fisheries Management in Myanmar (2015), Myanmar Fisheries Partnership, Vol.3
Myanmar Statistical Information Service, http://mmsis.gov.mm
Nyein, Y., Gregory, R., & Thein, A. K. (2020). TEN YEARS OF FISHERIES GOVERNANCE REFORMS IN MYANMAR (2008–2018). Living with Myanmar, 183.
Reeves, P., Pokrant, B., & McGuire, J. (1999). The Auction Lease System in Lower Burma’s Fisheries, 1870–1904: Implications for Artisanal Fishers and Lessees. Journal of Southeast Asian Studies, 30(2), 249-262.
Tezzo, X., Belton, B., Johnstone, G., & Callow, M. (2018). Myanmar’s fisheries in transition: Current status and opportunities for policy reform. Marine Policy, 97, 91-100.
The Ayeyarwady River And The Economy of Myanmar (2018), WWF, Vol (1)
ဦးဆန်းအောင်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အင်းနှင့်တင်ဒါ ငါးဖမ်းခြင်းလုပ်ငန်းအတွက် survey အစီရင်ခံစာ (ဒုတိယပိုင်း)၊ ၁၅ ရက်၊ သြဂုတ်လ၊ ၂၀၁၄။
ဦးကျော်လှသိန်း (ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးတာဝန်ခံ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS) ကို ဖုန်းနှင့်ဆက်သွယ်မေးမြန်းခြင်း၊ ၂၀ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၀။
ဦးရင်ငြိမ်းကို ဖုန်းနှင့်ဆက်သွယ်မေးမြန်းခြင်း၊ ၁၉ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၀။
(ခင်စန္ဒာညွန့်သည် အလွတ်တန်းသုတေသီတစ်ဦးဖြစ်သည်။ယဉ်ကျေးမှု၊ လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို သုတေသနပြုပြီး စာတမ်း၊ ဆောင်းပါများ ရေးသားနေသူဖြစ်ပါသည်။)
You may also like these stories:
တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်
သံလွင်မြစ်ဘေးက သဘာဝပတ်ဝန်းကျင် သူရဲကောင်း
နောက်မျိုးဆက်အတွက် ကပ်ဘေးတွေ အမွေပေးရတော့မယ်