အငြင်းပွား တရုတ်စီမံကိန်းတွေ ရှိနေတဲ့ ကရင်နယ်ခြား စောင့်တပ် (BGF) ထိန်းချုပ်ရာ မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ် စု၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာကို အစိုးရအုပ်ချုပ်ရေး ရုံးစိုက်ရာ မြို့အဆင့် သတ်မှတ်ပေးနိုင်ဖို့ လိုအပ်တဲ့ ကွင်းဆင်း စစ်ဆေး မှုတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ဆောင်ခဲ့ကြပါတယ်။
ရွှေကုက္ကိုလ်မြိုင်ကျေးရွာဟာ မြန်မာ- ထိုင်းနယ်စပ်မျဉ်း သောင်းရင်းမြစ်ကမ်းမှာ တည်ရှိပြီး နှစ်နိုင်ငံ စီးပွားရေးဇုန် ဖြစ်တဲ့ မြဝတီမြို့နဲ့ မြောက်ဘက် ၁၀ မိုင်ခန့်သာ ကွာဝေးပါတယ်။
တချိန်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) တပ်ရင်း အခြေစိုက်စခန်း ဖြစ်ခဲ့တဲ့ ရွှေ ကုက္ကိုလ်မြိုင် ကျေးရွာဟာ လက်ရှိ အချိန်မှာတော့ ဖွံ့ဖြိုးမှုနဲ့အတူ အိမ်ခြေ ၁၆၄၃ အိမ်၊ အိမ်ထောင်စု ၁၆၄၇ စု၊ လူဦးရေ ၁၀၈၆၇ ဦး ရှိတဲ့ ရွာကြီးတရွာ ဖြစ်နေပါပြီ။
တရားမဝင် နယ်စပ် ကုန်သွယ်ရေးနဲ့ ကာစီနိုရုံ လည်ပတ်ခဲ့တဲ့ ရွှေကုက္ကိုလ်မြိုင်ဟာ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်မှုနဲ့ အတူ ၂၀၁၇ ခုနှစ်က စတင်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာကာ ဝေဖန်မှုတွေဖြစ်ပွားနေတဲ့ မြို့သစ်စီမံကိန်ကြီးတခုကို တည်ဆောက်လျက်ရှိနေပါတယ်။
မြို့သစ် စီမံကိန်းဟာ ထောင်နဲ့ချီတဲ့ တရုတ်တွေကို ခေါ်ဆောင်ခဲ့ပြီး မြန်မာအစိုးရ တရားဝင် ခွင့်ပြုထားတဲ့ ပမာဏ ထက် ကျော်လွန်ဆောက်လုပ်မှုတွေကြောင့် စီမံကိန်း ရပ်တန့်ထားဖို့ တပ်မတော်ရော အစိုးရကပါ သတိပေးတားမြစ်ထားရတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ BGF အနေနဲ့ကတော့ တရုတ် ရင်းနှီးမြှုပ်နှံသူတွေနဲ့ မြို့သစ်စီမံကိန်း စတင်ပြီး နောက် ပိုင်း ၂၀၁၈ ခုနှစ်မှာ ၎င်းတို့ထိန်းချုပ်တဲ့ ရွှေကုက္ကိုလ်မြိုင်ကို မြို့အဆင့် တိုးမြှင့်ပေးဖို့ ပြည်နယ်အစိုးရထံ တင်ပြခဲ့ပါတယ်။
ဒီလိုတင်ပြရာမှာ ရွှေကုက္ကိုလ်မြိုင် ပတ်ဝန်းကျင်မှာရှိတဲ့ ကျောက်စက်၊ လက်ညိုးကွေး၊ ဝမ်ခသစ် စတဲ့ နေရာတွေ ကိုပါ ထည့်သွင်းခဲ့ပြီး စုစုပေါင်းဧက ၁၃၀၀၀ ကျော်နဲ့ မြို့အဆင့်တိုးမြှင့်ဖို့ လျှောက်ထားခဲ့တာလို့ သိရပါတယ်။ အစိုးရဘက်က တော့ ဒီလျှောက်ထားမှုကို လက်မခံခဲ့ပါဘူး။
မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက “ပထမအကြိမ်တုန်းက သူက ဘေးပတ်ချာလည် ရွာတွေပါထည့်ပြီးတော့ သူက မြို့အဖြစ် တိုးချင်တာ။ ဘေးနားမှာရှိတဲ့ တဝိုက်လုံးကို မြို့အဖြစ် တိုးချဲ့ချင်တာ။ ဧက ၁၃၀၀၀ ကျော်လောက် ရှိတယ်။ အဲဒီထဲမှာ သစ်တောဧရိယာတွေ ပါနေတယ်။ အမည်မပေါက်တဲ့ ရွာတွေ ပါနေတယ်။ အခု အဲဒါတွေကို ပြန်ပယ် ဖျက်ပြီးတော့မှ အမှုတွဲပြန်တည် ဆောက်တာပေါ့” လို့ ပြောပါတယ်။
ယခု အကြိမ်မှာတော့ ၂၀၁၅ ခုနှစ်ခန့် ကတည်းက မဲပလဲ သစ်တောကြိုဝိုင်းဧရိယာထဲက သစ်တောမြေအဖြစ်ကနေ ပယ် ဖျက်ပေးထားတဲ့ ၁၄၆၁ ဒသမ ၂၇ ဧကကို ပြန်လည် တိုင်းတာ ပိုင်းခြားပေးခဲ့ပြီး မြို့အဆင့်တိုးမြှင့် ဖွဲ့စည်းနိုင်ရေး ပြန်လည် တင်ပြဖို့ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ မူလအမည်ပေါက် ရွှေကုက္ကိုလ်မြိုင်ကျေးရွာ ဧရိယာဟာ ဧက ၂၀၀-၃၀၀ ကြား သာ ရှိတယ်လို့လည်း သိရပါတယ်။
အသစ်လျှောက်ထားမယ့် ဧရိယာ ၁၄၆၁.၂၇ ဧကဟာ ရွှေကုက္ကိုလ်မြိုင်အဝင် ဆိုင်းဘုတ်အနီးက နယ်နိမိတ်စတင်ပြီး လက် ရှိ တရုတ်မြို့သစ်စီမံကိန်းအတွင်းက ဆောက်လုပ်ထားတဲ့ ဧရိယာအားလုံးပါဝင်တဲ့ သောင်းရင်းမြစ်ကမ်းအထိ ဖြစ်ပါတယ်။
သစ်တောပယ်ဖျက်မြေနဲ့ သစ်တောဧရိယာ နယ်နိမိတ်မှတ်တိုင် စိုက်ထူခြင်း လုပ်ငန်းတွေကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
သူပုန်စခန်းမှသည် မြို့ပြဆီသို့
ရွှေကုက္ကိုလ်မြိုင် ကျေးရွာအဖြစ် ပေါ်ပေါက်မလာခင် ၁၉၇၇-၈၀ ခုနှစ် ကာလတွေမှာ ကရင်အမျိုးသား အစည်းအရုံး(KNU) အနေနဲ့ ရွှေကုက္ကိုလ်မြိုင်ရဲ့ တောင်ဘက်အနီးအနား သောင်းရင်းမြစ်ကမ်းဘေးမှာ စစ်ရေး၊ ဘဏ္ဍာ ကုန်သွယ်ရေးအရ အရေးပါတဲ့ ကော်မူရာ(သို့) ဝမ်ခ စခန်းကို တည်ဆောက်ခဲ့ပါတယ်။
“ဝမ်ခတိုက်ပွဲ” ဆိုလျှင် KNU နှင့် တပ်မတော်အကြား လူအသေအပျောက်များပြီး ထင်ရှညးတဲ့ တိုက်ပွဲကြီးတွေ ဆင်နွှဲခဲ့တဲ့ နေရာဆိုတာကို သိကြပြီးသားဖြစ်ပါတယ်။ ဒါအပြင် လက်ရှိ ရွှေကုက္ကုလ်မ ဧရိယာဟာ KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဗိုလ်မြ ခေါ် ဗိုလ်ချုပ်မြ ရဲ့ ကိုယ်ရံတော် တပ်ဖြစ်တဲ့ KNU ၁၀၁ အထူးတပ်ရင်းရဲ့ ရေကျော် စခန်း တည်ရှိခဲ့ဖူးတဲ့ နေရာလည်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာ KNU ကနေ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အဖြစ် ခွဲထွက်တည်ထောင် ခဲ့ပြီးနောက် အဓိက ခံစစ်စခန်းတခုဖြစ်တဲ့ ဝမ်ခ စခန်းအား တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ DKBA တပ်ဖွဲ့င်တွေ လည်း ပူးပေါင်း ကူညီတိုက်ခိုက်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
ဝမ်ခစခန်း သိမ်းပိုက်ရရှိရေး ၁၉၈၄ ခုနှစ် ၁၉၉၅ ခုနှစ်အတွင်း ကာလတွေမှာ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး ဒေသခံ အများအပြား ထိုင်းနိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ရသလို KNU အနေနဲ့လည်း ဝမ်ခစခန်းကို လက်လွှတ်ခဲ့ရပါတယ်။
ဝမ်ခစခန်း သိမ်းပိုက်ရရှိပြီးနောက် ဗိုလ်မှူးကြီး စောချစ်သူအနေနဲ့ DKBA တပ်ဖွဲ့တွင် နေရာရလာခဲ့ပြီး ဝမ်ခစခန်း၏ မြောက် ဘက် အနီးအနားသို့ ပြောင်းရွှေ့ကာ အခြေစိုက်ရာမှ ရွှေကုက္ကိုလ်မြိုင်အဖြစ် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
၂၀၁၀ မှာတော့ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ တပ်ရင်းအပါအဝင် BGF တပ်ရင်း ၁၃ ရင်းအနေနဲ့ နယ်ခြားစောင့် တပ် အဖြစ် အသွင်ပြောင်း ဝင်ရောက်ခဲ့ပြီး ဗိုလ်မှူးကြီး စောချစ်သူကို BGF အထွေထွေအတွင်းရေးမှူး ရာထူးခန့်အပ်ခဲ့သလို ရွှေကုက္ကိုလ်မြိုင်လည်း BGF စစ်ဌာနချုပ် ဖြစ်လာခဲ့ပါတယ်။
အငြင်းပွားဖွယ် တရုတ်မြို့သစ် စီမံကိန်း
ရွှေကုက္ကိုလ် ဒေသကို တပ်မတော် လက်အောက်ခံ BGF အနေနဲ့ အပြည့်အဝ ထိန်းချုပ်ခွင့်ရလာတဲ့အခါ စီးပွားရေး လုပ် ကိုင်ခွင့်တွေလည်း ပူးတွဲပါလာခဲ့ပြီး အငြင်းပွားဖွယ်မြို့သစ် စီမံကိန်းကြီးတခုကို တရုတ် ရင်းနှီးမြှုပ်မှု Yatai International လုပ်ငန်းစုနဲ့ BGF ရဲ့ ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ခဲ့ကြပါတယ်။
စီမံကိန်း သဘောတူညီမှုအရ ရင်းနှီးမြှုပ်နှံမှုကို တရုတ်လုပ်ငန်းစုဘက် စိုက်ထုတ်ပြီး အကျိုးအမြတ်ကို တရုတ်လုပ်ငန်းစု ၇၀ ရာခိုင်နှုန်းနဲ့ BGF ရဲ့ ချစ်လင်းမြိုင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း ခွဲဝေမှာဖြစ်တယ်လို့ ချစ်လင်းမြိုင် ကုမ္ပဏီဘက်က ပြော ထားပါတယ်။
တရုတ်လုပ်ငန်းစု အနေနဲ့ မြို့သစ်စီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံပြီး သောင်းနဲ့ချီတဲ့ မြေဧက တွေပေါ်မှာ နိုင်ငံတကာ အဆင့်မီ ဟိုတယ်၊ အိမ်ရာ၊ ကာစီနိုရုံ၊ အပန်းဖြေစခန်း အစရှိသဖြင့် တည်ဆောက်ဖို့အထိ ရည် ရွယ်ထားပါတယ်။
အစိုးရဘက်ကတော့ မြေ ၆၂ ဧက သတ်မှတ်ပေးထားတဲ့ အထဲကမှ ၂၅ ဒသမ ၅ ဧကပေါ်မှာ ရင်းနှီးမြှုပ်နှံမှု ၂၂ ဒသမ ၅ သန်းဖြင့် အဆင့်မြင့်အိမ်ရာ (Villa) ဆောက်လုပ်ရန်သာ ခွင့်ပြုခဲ့ပေမယ့် အစိုးရရဲ့ ခွင့်ပြုချက်ကို လျစ်လျူရှုပြီး အဆောက် အအုံများစွာကို ဥပဒေကျော်လွန်ကာ ဆောက်လုပ်ခဲ့ကြပါတယ်။
ဒေသတွင်း လက်နက်ကိုင်အဖွဲ့ပါဝင်ပြီး ဥပဒေကျော် လုပ်ဆောင်မှုတွေ၊ တရုတ်နိုင်ငံသား အများအပြား ဝင်ရောက်လာမှုနဲ့ လောင်းကစား လုပ်ငန်းတွေ လုပ်ဆောင်လာတဲ့အခါမှာ စီမံကိန်းကို ထိန်းချုပ်ပေးဖို့ ဒေသခံများက အစိုးရထံ တောင်းဆိုခဲ့ ကြပြီး အမေရိကန်အခြေစိုက် (US. Institute of Peace) အဖွဲ့အစည်းကလည်း တရုတ်ရင်းနှီးမြှုပ်နှံသူတွေဟာ တရုတ် ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်နေကြောင်း ဖော်ထုတ်တင်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အစိုးရအနေနဲ့ကတော့ ရွှေကုက္ကိုလ်မြို့သစ်ကဲ့သို့ စီမံကိန်းတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်ပတ်သက်နေတာဖြစ် လို့ ကိုင်တွယ်ရ ခက်ခဲနေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇူလိုင်လအတွင်းက ထုတ်ဖော်ပြောကြား ခဲ့ပြီး စီမံကိန်း စိစစ်ရေးအဖွဲ့ တဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။
ယနေ့ အထိတော့ ဥပဒေမဲ့ ဆောက်လုပ်မှုတွေ၊ အငြင်းပွားဖွယ် တရုတ်ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပတ်သက်လို အစိုးရဘက်က တစုံတရာ ထုတ်ဖော် ပြောကြားခြင်းမရှိသေးဘဲ ရွှေကုက္ကိုလ်မြိုင်ကျေးရွာကိုသာ မြို့အဆင့် တိုးမြှင့်ရေး ကြိုတင်ဆောင် ရွက်ချက်တွေကို တွေ့မြင်လာရတာ ဖြစ်ပါတယ်။
မြဝတီမြို့နယ် ဒေသခံတွေကြားမှာတော့ ဒီလို ဆောင်ရွက်မှုတွေဟာ အစိုးရ၊ တပ်မတော်နဲ့ BGF တို့ကြား စီမံကိန်းနဲ့ ပတ် သက်လို့ တစုံတရာ ညှိနှိုင်းသဘောတူညီမှုအဖြစ် ခန့်မှန်းနေကြသလို မြို့အဆင့်တိုးမြှင့်ပြီး BGF အပေါ် ပိုမိုလုပ်ပိုင်ခွင့် ပေး တဲ့ အနေအထား ရောက်ရှိလာမှာကိုလည်း မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
ဒေသတွင်း တရုတ်ဩဇာ လွှမ်းမိုးမှုနဲ့ ရာဇဝတ်မကင်းတဲ့ ပတ်သက်ဆက်နွယ်မှုတွေကြောင့် စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိ ရာမှာ အရေးပါတဲ့ နယ်စပ်ဒေသအား BGF လက်နက်တွေကို အပြည့်အဝ ထိန်းချုပ်ခွင့် ဆက်လက်ပေး မထားလိုတဲ့ သဘောထားအဖြစ် ရှုမြင်သူများလည်းရှိကြပြီး အငြင်းပွားဖွယ် ရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ နေရာအား အစိုးရအုပ်ချုပ်ရေး အောက် ပြန်လည် ထည့်သွင်းသည့် လုပ်ဆောင်မှု အဖြစ်လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
မြို့အဆင့် တိုးမြှင့်ရေးနဲ့ပတ်သက်လို့ ဥပဒေအရ အချက်၂၁ ချက်နဲ့ ကိုက်ညီရမှာဖြစ်ပြီး ကျောင်း၊ ဆေးရုံ၊ ဘောလုံးကွင်း၊ အမှိုက်ပုံ၊ သုဿာန်မြေ အစရှိသဖြင့် သတ်မှတ် အကျယ်အဝန်း တည်နေရာတွေ ရှိရမှာဖြစ်သလို အုပ်ချုပ်ရေးယန္တရား တွေဖြစ်တဲ့ အုပ်ရေးမှူးရုံး၊ ရဲစခန်း၊ စိုက်ပျိုး/မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် ဌာနဆိုင်ရာရုံး ၁၁ ရုံးခန့် အခြေ စိုက်ရမှာ ဖြစ်ပါတယ်။
မြေပြင် ကွင်းဆင်းစစ်ဆေးမှုနဲ့ ပတ်သက်လို့ “ရွှေကုက္ကိုလ်က ကိုက်ညီပါတယ်၊ သူက တော်တော်ကို ပြည့်ပြည့်စုံစုံလည်း ရှိပါတယ်။ စုကလိ၊ ဝေါလေတောင်မှ အဲဒီလောက် စည်ကားမှု မရှိဘူး။ မြို့အဆင့်က ဖြစ်လာနိုင်ပါတယ်။ တိုးမယ်၊ မတိုး ဘူးကတော့ ပြည်ထောင်စုအဆင့်က ဆုံးဖြတ်ရမှာပေါ့။ မြို့ဖြစ်လာရင်တော့ မြို့အဆင့်အုပ်ချုပ်ရေး ထိုင်ရမှာပေါ့၊ ရုံးစိုက် မယ့်နေရာ အနေအထားလည်း ကြည့်ခဲ့ပါတယ်” လို့ ဦးဖြိုးဇော်ကိုကို ပြောပါတယ်။
လက်ရှိ မြဝတီမြို့နယ်အောက်မှာတော့ မြို့အဆင့် သတ်မှတ်ထားသည့် ဝေါလေမြို့နှင့် စုကလိမြို့တို့ ရှိနေပါတယ်။
“ဝေါလေမြိုင်နဲ့ စုကလိမြို့ ဖွဲ့ထားရှိတယ်။ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ပြီး မြို့ဖွဲ့ချင်လည်း ဖွဲ့မယ်၊ ရွာဖွဲ့ချင်လည်း ဖွဲ့မယ်၊ ဒါကတော့ အစိုးရ အစီအစဉ်ပဲ၊ ပေးနိုင်တဲ့ Facility ကြည့်ပြီးဖွဲ့ရတာ” လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။
အကယ်၍ ရွှေကုက္ကိုလ်မြိုင်အား မြို့အဆင့် သတ်မှတ်လိုက်ပါက မြဝတီမြို့နယ်အတွင်း တတိယမြောက် မြို့ဖြစ်လာမည် ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး၊ ကုန်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အစရှိတဲ့ ဖွံ့ဖြိုးရေးကဏ္ဍများမှာလည်း လူထု အတွက် အကျိုးဖြစ်ထွန်းလာမှာ ဖြစ်တယ်လို့ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး စိန်ဗိုလ်က ပြောပါ တယ်။
“မြို့ဖြစ်လာရင်တော့ ကဏ္ဍအလိုက် အဆင့်တိုးမြှင့်မှုတွေ လုပ်ရမှာပေါ့၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေ ရှိပြီဆိုရင် BGF က လည်း သူ့တာဝန်သူ ရှိမှာပေါ့။ သူကလည်း ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်မှာပဲလေ။ သူ့ဟာနဲ့သူတော့ ဖြစ်သွား မှာပဲလေ။ အမှန်ကတော့ အစိုးရ အုပ်ချုပ်ရေး ယန္တရားက လုပ်တယ်ဆိုရင်တော့ ပီပီပြင်ပြင်ဖြစ်မှာပါပဲ။ အဲဒီအခါကျရင် သူ့ အလုပ်သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ သီးခြားစီ ဖြစ်သွားမှာပါပဲ” လို့ ဦးစိန်ဗိုလ်က သုံးသပ်ပါတယ်။
You may also like these stories:
မြဝတီမြို့တွင် စစ်တပ် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်
မြဝတီအနီး စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံသူ တရုတ်ဂိုဏ်းခေါင်းဆောင်ကို အမေရိကန်က လူဆိုးစာရင်းသွင်း
လုံခြုံရေး စိုးရိမ်ဖွယ်ရာဖြစ်လာတဲ့ တရားမဝင် တရုတ်နိုင်ငံသားတွေအရေး
ရွှေကုက္ကိုလ် စီမံကိန်းနှင့် ပတ်သက်သည့် တပ်အရာရှိကြီးတချို့ စုံစမ်းစစ်ဆေးခံနေရ