ဆောင်းပါး

၂၀၂၀ ပြည့်နှစ်ထဲက ထင်ရှားသူများ

Want create site? Find Free WordPress Themes and plugins.

၂၀၂၀ ပြည့်နှစ်ဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်မယ့်နှစ်၊ ထူးခြားတဲ့နှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ တကမာ္ဘလုံးမှာ ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး (COVID 19) ကို မြန်မာနိုင်ငံမှာ၂၀၂၀ မတ်လအတွင်းမှာ စတင် တွေ့ရှိခဲ့ပြီးတော့ လက်ရှိအချိန်ထိ ကိုဗစ်ရဲ့ ရိုက်ခတ်မှုကို ခံစားနေရဆဲ ဖြစ်ပါတယ်။ ကိုဗစ်ရဲ့ရိုက်ခတ်မှုကြောင့် နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးက လုပ်ငန်းများစွာ ရပ်တန့်ခဲ့ရသလို၊ မြန်မာ့စီးပွားရေးလည်း တုံ့နှေးသွားခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းတွေ ရပ်နားခဲ့ရသလို လူအများစုကလည်း အိမ်ကနေပြီး အလုပ်လုပ်ခဲ့ကြရတဲ့ နှစ် တနှစ်ဖြစ်ခဲ့ပါတယ်။ အဲဒီလို ကိုဗစ်ရောဂါပိုး ကူးစက်ပျံ့နှံ့နေတဲ့ကြားထဲ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ကိုဗစ်ကာကွယ်ရေးအတွက် ထုတ်ထားတဲ့ စည်းမျည်းစည်းကမ်းများနဲ့အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ကိုဗစ်ကာလအတွင်း ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကပဲ ဆက်လက် အောင်ပွဲခံခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကြားထဲမှပဲ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပခဲ့နိုင်တာကြောင့် တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေ ဆွေးနွေးခွင့် ရခဲ့ပြီးတော့၊ ညှိနှိုင်းချက် သဘောတူညီမှုအချို့ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါ့ပြင် မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်စစ်တပ်တို့ကြား နေ့စဉ်ရက်ဆက် ဆိုသလို စစ်တလင်း ဖြစ်နေခဲ့တဲ့၊ ထိခိုက်ဒဏ်ရာရ သေကြမှု များခဲ့ရတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေ ရပ်တန့်သွားခဲ့ပြီး ဒေသခံပြည်သူတွေ စစ်ရှောင်စခန်းက ပြန်လာ နိုင်ခဲ့ကြသလို၊ စစ်ဒဏ်ကို ရှောင်ပြေးနေရတဲ့ ဘဝကနေ မိမိတို့ စိုက်ပျိုးထားတဲ့ လယ်ယာမြေ လုပ်ငန်းခွင်တွေမှာ ပြန်လည် ဝင်ရောက် လုပ်ကိုင်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာလည်း၂၀၂၀ ရဲ့ ထူးခြားဖြစ်စဉ်တခု ဖြစ်ခဲ့ပါတယ်။

ဒီနှစ်ထဲမှာပဲ ကိုဗစ်ကြောင့် ပြည်ပ ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်လာခဲ့ရသလို၊ ပြည်တွင်း အလုပ်လက်မဲ့ဦးရေ တိုးလာခြင်း၊ လုပ်ငန်း အများစု ရပ်နားထားရတဲ့အတွက် အခြေခံ လူတန်းစားများ စားဝတ်နေရေး ကျပ်တည်းလာခြင်းတို့ကြောင့် အစိုးရအပြင် ပုဂ္ဂလိက အသင်းအဖွဲ့တွေ၊ ပရဟိတအသင်းအဖွဲ့၊ အလှူရှင်တွေ အားလုံး တက်ညီလက်ညီ ဝင်ကူခဲ့ရတဲ့ နှစ်လည်း ဖြစ်ခဲ့ပါတယ်။

သမိုင်းမှာ မှတ်တမ်းတင်မယ့် နှစ်တနှစ် ဖြစ်ခဲ့သလို စိန်ခေါ်မှု အခက်အခဲ အကျပ်အတည်းများတဲ့ ၂၀၂၀ ခုနှစ်အတွင်း အများပြည်သူက သတိထားမိရအောင် ထင်ရှားကျော်ကြားခဲ့တဲ့သူတွေ ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီထဲက တချို့ကို ဧရာဝတီက ရွေးချယ်ဖော်ပြလိုက်ပါတယ်။

ကိုဗစ် ၁၉ တိုက်ပွဲကြားက ရှေ့တန်းရောက် ကျန်းမာရေးဝန်ထမ်းများ

၂၀၂၀ ပြည့်နှစ်အတွင်းမှာပဲ မြန်မာနိုင်ငံဟာ ကမာ္ဘလုံးဆိုင်ရာ ကပ်ရောဂါဆိုးဖြစ်တဲ့ ကိုဗစ်ရောဂါကို အခြားသော ကမာ္ဘ့ နိုင်ငံများနည်းတူ အပြင်းအထန် ရင်ဆိုင်နေရပါတယ်။

၂၀၂၀ မတ်လ မတ်လ၂၃ ရက်ကနေ ဒီဇင်ဘာလ၂၁ ရက်အထိ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၁၁၆,၁၃၄ ဦး ရှိပြီး၂,၄၄၃ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီလို လူဦးရေသောင်းနှင့်ချီ ကူးစက်ခံနေရချိန်မှာ ဆက်စပ် ပတ်သက်နေတဲ့ လူဦးရေ သိန်းနဲ့ချီကိုလည်း အသွားအလာ ကန့်သတ်ရာ (Quarantine) စင်တာတွေမှာ စောင့်ရှောက်ထားရပါတယ်။

ရန်ကုန်ရှိ ကွာရင်တင်းစင်တာတခုတွင် ကိုရိုနာဗိုင်းရပ်စ် ရှိ မရှိ စမ်းသပ်ရန်တို့ပတ်နမူနာယူနေစဉ်/ထက်ဝေ/ဧရာဝတီ

အဲဒီလို အခြေအနေတွေမှာ ကိုဗစ် ရောဂါဆိုးကို ရင်ဆိုင်တိုက်ခိုက်ရာ စစ်မြေပြင် ရှေ့တန်း ခံစစ်မှူးများကတော့ ဆရာဝန်၊ ဆရာဝန်မများ၊ သူနာပြုများ၊ အခြားအကူများ၊ အုပ်ချုပ်ရေး ဝန်ထမ်းများ စတဲ့ ကျန်းမာရေး ဝန်ထမ်းများ ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ထမ်းများဟာ နေ့စဉ် မူလ တာဝန်ချိန်ထက်၂ ဆခန့်အထိ လုပ်ကိုင်နေရသလို ကိုဗစ်လူနာများကို တိုက်ရိုက် ထိတွေ့ကုသနေရသူတွေ ဆိုရင်လည်း နေအိမ်၊ မိသားစုနဲ့ တကွဲတပြား သီးခြား နေထိုင်ရပြီး လုပ်ကိုင်နေရတာလည်း ဖြစ်ပါတယ်။ တာဝန်ချိန်တွေတင် ပိုလာတာ မဟုတ်ဘဲ နေ့စဉ် တာဝန်ယူ လုပ်ကိုင်ရတဲ့ အလုပ်ပမာဏတွေမှာလည်း အလွန် မြင့်တက်နေပြီး နားချိန်၊ စားချိန်တွေ လုကာ လုပ်ကိုင်နေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ရောဂါ မကူးစက်ရစေဖို့ ပြည်သူတွေ နေအိမ်မှာ နေထိုင်နေရချိန်မှာ ရောဂါကူးစက်မှု အခြေအနေပေါ် မူတည်ပြီး လိုအပ်တဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်ကို အပြေးအလွှား သွားရောက် အားဖြည့်ပြီး တာဝန်ထမ်းဆောင်ရတာကလည်း ရှေ့တန်းခံစစ်မှူး ကျန်းမာရေး ဝန်ထမ်းတွေပဲ ဖြစ်ပြန်ပါတယ်။

ဒါပေမယ့်လည်း ကျန်းမာရေး ဝန်ထမ်းတွေဟာ လူသားတွေပဲ ဖြစ်ပြန်တာကြောင့် ကပ်ရောဂါဆိုးရဲ့ ကူးစက်ခံရမှုကို လွန်ဆန်နိုင်ခဲ့ခြင်း မရှိပြန်ပါဘူး။ အဲဒါကြောင့် ကျန်းမာရေး ဝန်ထမ်း တထောင်ကျော် ရောဂါကူးစက်ခံရပြီး ၁ ဦး သေဆုံးခဲ့ရပါတယ်။

ပထမဦးဆုံး ရောဂါ ကူးစက်ခြင်းခဲ့ရသူကတော့ ပြည်မြို့နယ်က မေ့ဆေးဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်ဖြစ်ပြီး လူနာကို အသက်ရှူ အားကူစက် တပ်ဆင်ခဲ့စဉ်အချိန်မှာပဲ ကူးစက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဧရာဝတီ ကိုဗစ်စင်တာ၏ အရေးပေါ်လူနာဆောင်တွင် တာဝန်ထမ်းနေသော ကျန်းမာရေးဝန်ထမ်းများ/ Ayeyarwady Foundation

ကိုဗစ်ရောဂါ ကူးစက်နိုင်ခြေ အမြင့်ဆုံးသူများ ဖြစ်ပေမယ့်လည်း လူထုကျန်းမာရေးအတွက် ရင်ဆိုင် တိုက်ပွဲဝင်နေရသူ ကျန်းမာရေးဝန်ထမ်းတွေဟာ ၂၀၂၀ ရဲ့ သူရဲကောင်းတွေ ဖြစ်ပါတယ်။

ဒေါက်တာ မြင့်ထွေး
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကို ရှိသမျှ အရင်းအမြစ်နဲ့ ခုခံကာကွယ်ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ရှေ့တန်းတိုက်စစ်မှူးတွေလို့ ဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက တပ်မှူးကြီးလို့ ဆိုရမယ်။

ရောဂါပိုးကို ဩဂုတ်လ အစောပိုင်းထိ ကောင်းစွာ ထိန်းချုပ်ခဲ့နိုင်ပေမယ့် နောက်ပိုင်း ကူးစက်သူ နေ့စဉ် ထောင်ကျော်လာတဲ့ ဒုတိယလှိုင်းကာလအတွင်း  ရှိသမျှ ဆရာဝန်၊ သူနာပြု၊ ဆေးရုံ၊ ဆေး ပစ္စည်းကိရိယာနဲ့ ရောဂါကပ်ဘေးကို ရေရှည် ဆက်လက် တွန်းလှန်နိုင်ဖို့ စိန်ခေါ်မှုများစွာကို ဒေါက်တာမြင့်ထွေး ရင်ဆိုင်နေခဲ့ရပါတယ်။

ဒေါက်တာ မြင့်ထွေး ကိုယ်တိုင်ကလည်း နိုင်ငံ လူဦးရေနဲ့နှိုင်းယှဉ်ရင် နည်းပါးလှတဲ့ ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဆိုင်ရာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အထောက်အကူပြု ပညာရှင်တွေဟာ ဝန်နဲ့အား မမျှစွာ နေ့မအား ညမနား ဆောင်ရွက်နေရကြောင်း၊ ကိုဗစ်-၁၉ ကူးစက်မှုတွေ ဆက်လက်များပြားနေရင် မနိုင်မနင်း ဖြစ်လာမှာ စိုးရိမ်ကြောင်း မကြာသေးခင်ကပဲ ထုတ်ဖော်ပြောဆိုထားပါတယ်။

သူ့အနေနဲ့ ကျန်းမာရေးစနစ်ရဲ့ အရင်းအမြစ်တွေကို စုစည်းပြီး ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ဖို့ ကြိုးစားဆောင်ရွက်သလို တဖက်မှာလည်း မရှိမဖြစ် ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကိုလည်း အရှိန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးလည်း ကြိုးပမ်းရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး/မျိုးမင်းစိုး/ဧရာဝတီ

လက်ရှိမှာ လုံးချာလည်နေတဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်တွေကို  အတိုးအလျှော့တွေ လုပ်ပြီး သတ်မှတ်ပြီး ထုတ်ပြန်နေသလို ကပ်ရောဂါကာလ ရှည်ကြာလာမှု၊ စီးပွားရေး အဆင်မပြေမှုတွေ ကြုံလာခဲ့ရတာမို့ စီးပွားရေး ပြန်လည်ဖွင့်လှစ်ဖို့ ဗျူဟာသစ်တွေ ဖော်ဆောင်ခဲ့ရပါတယ်။

ကာကွယ်ဆေးကိုလည်း အခြားနိုင်ငံများနောက် သိပ်မကျစေဘဲ လာမယ့်နှစ်အတွင်း စတင်ထိုးနှံရေး သေချာစေဖို့ စီစဉ်ဆောင်ရွက်နေခဲ့ရပါတယ်။

အသက် ၇၂ နှစ်အရွယ် ဒေါက်တာမြင့်ထွေးဟာ ရန်ကုန်ဆေးတက္ကသိုလ် (၁) ကနေ ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ ၁၉၇၆ ကနေ ၁၉၉၄ အထိ ကျန်းမာရေးဝန်ကြီးဌာနမှာ ၁၈ နှစ်အကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ အရှေ့ တောင်အာရှရုံးရဲ့ ဒေသဆိုင်ရာ အကြံပေးအဖြစ် ၁၉၉၄ ကနေ ၂၀၁၀ အထိ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

ပြည်သူ့ကျန်းမာရေးဆိုင်ရာ အထူးကျွမ်းကျင်သူ တယောက်ဖြစ်တဲ့ ဒေါက်တာ မြင့်ထွေးဟာ ကုသရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတွေမှာ အားနည်းချက်တွေရှိပြီး ပြည်သူ့ကျန်းမာရေးသမား ရှုထောင့်ဘက်ကပဲ ကြည့်တာများတယ်လို့ ဝေဖန်ထောက်ပြ ခံရပေမယ့် ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အပိုင်းမှာတော့ တော်ပြီး ထူးချွန်ကြောင်း၊ အလုပ်ကြိုးစားသူဖြစ်ကြောင်း မှတ်ချက်ပြု ခံရပါတယ်။

ဦးလှသိန်း
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ

၂၀၂၀ ခုနှစ်အတွင်း အငြင်းပွားစရာ အဖြစ်ဆုံးသူက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ရွေးကောက်ပွဲ ပဲ့ကိုင်ရှင် ဦးလှသိန်းပဲ ဖြစ်မယ်။  ဦးလှသိန်း ဦးဆောင်တဲ့ ကော်မရှင်ဟာ ရွေးကောက်ပွဲ မကျင်းပမီကတည်းက နိုင်ငံရေး ပါတီများ၊ ပြည်တွင်း ပြည်ပ လေ့လာ စောင့်ကြည့်သူများအပြင် တပ်မတော်ရဲ့ ဝေဖန်မှုပေါင်း အမြောက်အမြားကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ကိုဗစ်- ၁၉ ကူးစက်မြန် ကပ်ရောဂါ အန္တရာယ်ကြားထဲက ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးကလည်း ကော်မရှင်အတွက် ပိုဖိအား ဖြစ်စေခဲ့ပါတယ်။

ကော်မရှင်က အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပေါ် ဘက်လိုက်တဲ့ ပုံစံမျိုးရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်များ ကြုံတွေ့ရပါတယ်။ စွပ်စွဲချက်များနဲ့ အတူ ကော်မရှင်ကို အယုံအကြည် မရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲ ကျင်းပမယ့် ရက်မတိုင်ခင်ကတည်းက ဝေဖန်ခဲ့ဖူးပါတယ်။ တပ်မတော်ကလည်း  သတင်းစာရှင်းလင်းပွဲမှာ တကြိမ်၊ တပ်ချုပ်နဲ့ ပေါ်ပြူလာ သတင်းနဲ့ တွေ့ဆုံစဉ်မှာ တကြိမ် နှစ်ကြိမ်တိုင် ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

ဒါ့ပြင် ကော်မရှင်အနေနဲ့ ပြည်တွင်း အခြေစိုက် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ကြမယ့် အရပ်ဘက် အဖွဲ့အစည်းဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ (PACE) ကို ကနဦးမှာ လေ့လာစောင့်ကြည့်ခွင့် မပေးခဲ့ခြင်းကလည်း ကော်မရှင်ကို ထောက်ပြစရာ ဖြစ်ခဲ့ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း/ဧရာဝတီ

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး “လေ့လာသည်”ကိုသာ လက်ခံပြီး “စောင့်ကြည့်” ဆိုတဲ့ စကား အသုံးအနှုန်းကို လျစ်လျူရှုတဲ့ ကော်မရှင်ဟာ မဲထည့်ပိုင်ခွင့်သူများ စာရင်းထုတ်ပြန်ရာမှာ  မှားယွင်းမှုတွေ၊ လေ့လာစောင့်ကြည့်သူများအတွက် အရေးပါတဲ့ လုပ်ပိုင်ခွင့်အချို့ကို မသိကျိုးကျွံပြုမှုတွေ၊ နိုင်ငံရေးပါတီ အချို့ရဲ့ မဲဆွယ်ဟောပြောမှု ရုပ်သံမိန့်ခွန်းမှာ ဆင်ဆာ ဖြတ်တောက်မှုတွေ၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့မှုတွေကြောင့် ပြင်းပြင်းထန်ထန် ပြစ်တင်ခံခဲ့ရပါတယ်။

အဲဒီလို ပြစ်တင်ခံရတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ငြိမ်ခံနေလေ့ မရှိဘဲ တတ်နိုင်သမျှ ပြန်လည် တုံ့ပြန်တတ်သူလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အကြိုကာလ ဝေဖန်မှုများကို ကြက်ခေါင်း ဆိတ်မခံ တုံ့ပြန်တတ်တဲ့ ဦးလှသိန်းက ရွေးကောက်ပွဲ လုပ်ငန်းနဲ့ အလှမ်းဝေးလှသူတော့ မဟုတ်ပေ။

သူဟာ မန္တလေးတိုင်း မိတ္ထီလာခရိုင် ကော်မရှင် ဥက္ကဋ္ဌ လုပ်ခဲ့ဖူးသူဖြစ်ပြီး မိတ္ထီလာ တက္ကသိုလ်ရဲ့အငြိမ်းစား ပါမောက္ခချုပ် တဦးလည်း ဖြစ်ကာ ဘူမိဗေဒဘာသာ အထူးပြုဖြင့် ပါရဂူဘွဲ့ရထားသူလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့၂၀၀၈ ခုနှစ်က မိတ္ထီလာ တက္ကသိုလ် ပါမောက္ခချုပ်ရာထူးမှ အငြိမ်းစားယူခဲ့ပြီး၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်နဲ့၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတို့မှာ ခရိုင်ကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန် စယူကတည်းက ဦးလှသိန်းအနေနဲ့ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလဒ် တထပ်တည်း ကျစေရန် လုပ်ပြမယ်လို့ DVB သတင်းဌာနနှင့် အင်တာဗျူးမှာ ကြွေးကြော်ခဲ့ပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါကာလတွင်းမှာပဲ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို ပြဿနာကြီးကြီးမားမား တစုံတရာ မရှိဘဲ ပြည်သူအများစု ဆန္ဒကို ထင်ဟပ်ကာ အောင်အောင်မြင်မြင် ပြီးဆုံးအောင် လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။

နိုင်ငံတနံတလျားက မဲဆန္ဒရှင် ပြည်သူ သန်းပေါင်းများစွာကလည်း မနက် ၆ နာရီ မဲရုံစဖွင့်ချိန်ကတည်းက စီတန်းမဲထည့်ခဲ့ကြပါတယ်။ မဲရုံတွေကလည်း မဲလာပေးသူတိုင်းကို နှာခေါင်းစည်းနဲ့ မျက်နှာကာတွေ ဝေငှပေးခဲ့ကြပါတယ်။

ရွေးကောက်ပွဲနေ့ ရန်ကုန်ရှိ မဲရုံတရုံတွင် မဲရေတွက်နေသော မဲရုံဝန်ထမ်းများ/ထက်ဝေ/ဧရာဝတီ

ဒီလို ဒီမိုကရေစီ ရွေးကောက်ပွဲကို နည်းလမ်းတကျ လုပ်ဆောင်ဖော်ထုတ်နိုင်ရေး မနက် မဲရုံဖွင့်ချိန်မှ ညဘက် မဲရေတွက် သိမ်းဆည်းပြီးချိန်အထိ အလုပ်လုပ်ခဲ့ကြသူ မဲရုံဝန်ထမ်း အထူးသဖြင့် ဆရာ ဆရာမတွေကလည်း အထူး အသိအမှတ်ပြုသင့်သူတွေပါ။

ကမာ္ဘ့နိုင်ငံ အသီးသီးကလည်း NLD ပါတီက အများစု နိုင်ခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုကြပါတယ်။

ကြံ့ခိုင်ရေးပါတီလို ရွေးကောက်ပွဲရလဒ်အပေါ် သံသယရှိတဲ့ နိုင်ငံရေးပါတီအချို့ ပြည်တွင်းမှာ ရှိသော်လည်း ပြည်သူအများစုက ရွေးကောက်ပွဲရလဒ်ကို လက်ခံကြပြီး ဦးလှသိန်း ဦးဆောင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အပေါ် လက်ခုပ်တီး ဩဘာပေးကြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးမှာ အဓိကကျတဲ့ အင်စတီကျူးရှင်းတွေဖြစ်ကြတဲ့ မြန်မာ့တပ်မတော်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကြား ဆက်ဆံရေးက ဒီဇင်ဘာလကုန်ခါနီးအထိ အဆင်မချောသေးဘဲ ရှိနေပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများ ကူးယူခွင့်ရရေး မေတ္တာရပ်ခံ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး UEC နဲ့ တပ်မတော် ကြား ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များအပေါ် ကြေညာချက် ထုတ်ပြန်ကာ အပြန်အလှန် အငြင်းပွားနေကြသလို ရွေးကောက်ပွဲမကျင်းပရသေးတဲ့ ရခိုင်မြောက်ပိုင်းအရေးကလည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းအတွက် စိန်ခေါ်မှုတခုပါ။

ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်

၂၀၂၀ ခုနှစ်က အသက် ၇၅ နှစ်အရွယ် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အတွက် အပင်ပန်းဆုံးနှစ် ဖြစ်မယ်။ ကမာ္ဘ့ကပ်ရောဂါ ကိုဗစ် ၁၉ ကို အနိုင်တိုက်ဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့  ဦးစီးဦးဆောင် လုပ်ခဲ့ရလို့ပါ။

လူသိန်းချီ ပိုးကူးလာခဲ့ပြီးဖြစ်တဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကို ထိန်းချုပ်ကိုင်တွယ်ဖို့ အစိုးရကဘဏ္ဍာငွေကြေးကို ပိုမိုသုံးစွဲလာခဲ့ပြီး ရောဂါပိုး ကူးစက်ခံရသူတိုင်း အခမဲ့ ကုသနိုင်ခဲ့ခြင်းက သူ့ ခေါင်းဆောင်မှုကို လူအများ ပိုမိုယုံကြည်လာစေခဲ့ပါတယ်။

ကိုဗစ်ရောဂါတိုက်ဖျက်ရေးတင်မက ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်၊ အဖွဲ့အစည်း အနည်းဆုံး ၁၃ ခုမှာ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူနေပြီး တိုင်းပြည် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဆိုင်ရာတွေမှာ ဆုံးဖြတ်ချက် ချမှတ် ပေးနေပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်/ သီဟလွင်/ဧရာဝတီ

၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ NLD ပါတီ တောင်ပြိုကမ်းပြို ပြန်နိုင်မှုကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လူထုက ဘယ်လောက်ယုံတယ်ဆိုတာနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။

ပြီးခဲ့တဲ့ အစိုးရထက် ပိုမိုကောင်းမွန် ထက်မြက်တဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်ရေးက လတ်တလော ဒေါ်အောင်ဆန်းစုကြည်အတွက် အကြီးမားဆုံး စိန်ခေါ်မှုတခု ဖြစ်ပါတယ်။

တပ်မတော်နဲ့ ဆက်ဆံရေးက မချစ်သော်လည်း အောင့်ခါနမ်းနေရတဲ့ အခြေအနေမျိုး ဖြစ်ပြီး လာမယ့် အစိုးရသက်တမ်းအတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထပ်ကျိုးစားတဲ့အခါ အကျပ်အတည်း တွေ့ရဦးမယ့် အနေအထားပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်

၂၀၂၀ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ကံက အဆိုးရော အကောင်းရော ဒွန်တွဲလို့ လာခဲ့ပါတယ်။

တပ်ချုပ်အတွက် ရှည်ကြာတဲ့ အိပ်မက်တခုဖြစ်တဲ့ ရေငုပ်သင်္ဘောတစင်း ပိုင်ဆိုင်ရေးက အရာထင်လာခဲ့ပါတယ်။ အိန္ဒိယက ပြန်ရောင်းချပေးတဲ့ ရုရှားနိုင်ငံထုတ် ကီလိုအမျိုးအစား ရေငုပ်သင်္ဘောဟာ မြန်မာ့တပ်မတော် ရေ အတွက် ပထမဆုံး ရေငုပ်သဘောင်္အဖြစ် ဂုဏ်ယူဝံကြွားစရာ ဖြစ်လာပြီး မြန်မာရေတပ်ဟာ တိုက်ပွဲဝင်အဆင်သင့် တပ်မတော်အဆင့်မှ ဒေသတွင်း ရေပြာ တပ်မတော်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါတယ်။

လေတပ်ကိုလည်း အဆင့်မြင့်တင်ခဲ့ပြီး စတုတ္ထမျိုးဆက် လေယာဉ်များပါ ဝယ်ယူဖြည့်တင်းနိုင်ခဲ့ပါတယ်။ ဘက်စုံသုံး တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေပါ ရှိလာပါတယ်။

တပ်ချုပ်ဟာ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ ကာလရှည်ကြာ အားကိုးနေခဲ့ရတဲ့ တရုတ်နဲ့ ဆက်ဆံရေး အနေအထားကို ပြန်သုံးသပ်ခဲ့ပြီး ခပ်ခွာခွာနေတဲ့ ပုံစံ ပြောင်းလဲခဲ့ပါတယ်။ တရုတ်အစား အိန္ဒိယ၊ ရုရှားနဲ့ ဂျပန်နိုင်ငံတွေနဲ့ ပိုမို နီးကပ်စွာ ဆက်ဆံခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်/ဧရာဝတီ

ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မေးခွန်းထုတ် ဖိအားပေးခဲ့ပြီး ရွေးကောက်ပွဲနောက်ပိုင်းလည်း တပ်မတော်နဲ့ ကော်မရှင်ကြား ဆက်လက် အချင်းများနေပါတယ်။ ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်လို့ ရွေးကောက်ပွဲနေ့မှာ ဧရာဝတီက မေးမြန်းရာမှာ ပြောပါတယ်။ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှုံးနိမ့်သွားလို့ သူ့အတွက် သမ္မတ အိမ်မက်ကတော့ ရပ်ဆိုင်းသွားခဲ့ရပါပြီ။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးဟာ ၂၀၂၀ ရွေးကောက်ပွဲအပြီး နှစ်ကုန်ပိုင်း စစ်တိုက်ဖို့ထက် ငြိမ်းချမ်းရေးဘက်ကို ပို အားသန်လာပုံရပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းမှာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေး AA က ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက တဆင့် တောင်းဆိုတဲ့အခါ ချက်ခြင်း ယာယီ အပစ်ရပ်နိုင်ရေး သဘောတူခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါတဲ့တပ်ကိုယ်စားလှယ်တွေကို ပန်ဆန်းထိ လွှတ်ပြီးလည်း AA နဲ့ ဆွေးနွေးခိုင်းပါတယ်။

လာမယ့် ၂၀၂၁ ခုနှစ်မှာ အသက် ၆၅ နှစ် ပြည့်တော့မယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူကိုယ်တိုင် ထုတ်ပြန်ထားတဲ့ စစ်ဥပဒေ အမိန့် များအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဆက်နေဖို့ ခက်နေပါတယ်။ ဒါပေမယ့် ယနေ့အချိန်ထိ အနားယူတော့မယ်လို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးတာကြောင့် ဘယ်လိုဆက်စခန်းသွားမလဲ စောင့်ကြည့်ကြရပါဦးမယ်။

မစ္စတာ ဆာဆာကာဝါယိုဟီ
ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်

ရခိုင်ပြည်နယ်က စိတ်မချမ်းမြေ့စရာ စစ်ပွဲတွေ ဗြုန်းဆို ရပ်လိုက်နိုင်တာဟာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်နဲ့ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာ ဆာဆာကာဝါယိုဟီရဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုကြောင့်လို့ ဆိုရပါမယ်။

နိုဝင်ဘာလထဲမှာ ဆာဆာကာဝါဟာ ရခိုင်ပြည်နယ်နဲ့ နေပြည်တော်အကြား လွန်းပျံ သံတမန်ရေးရာလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတို့နဲ့ တွေ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးဖို့ ဆာဆာကာဝါက တောင်းဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ချက်ချင်း ပြန်ကျင်းပခွင့် မပြုထားတဲ့ ဥပဒေပါ ပြဋ္ဌာန်းချက် ရှိကြောင်း ထောက်ပြပြောဆိုမှုတွေ ရှိတာကြောင့် ယတိပြတ် အဖြေမပေးနိုင်လို့ ရွေးကော်ကို စိတ်ပျက်တယ်လို့ ဆာဆာကာဝါက ဖိအားပေးပြောပါတယ်။

ဒါဟာ မစ္စတာ ဆာဆာကာဝါရဲ့ သံတမန်မဆန်မှုလို့ ဝိုင်းဝေဖန်ကြပေမယ့် စစ်ဘေး ရှောင် မြောက်မြားစွာနဲ့ နှစ်ဖက် အထိအခိုက် အကျအဆုံးများစွာ ရှိခဲ့တဲ့အပြင် လူမျိုးရေး အမုန်းတရားမီးတွေ ဟုန်းဟုန်းတောက်ခဲ့တဲ့ ရခိုင်စစ်ပွဲကို ရပ်ဆိုင်းလိုက်နိုင်တာက အလုပ်ဖြစ်ကြောင်း ပြနေပါတယ်။

မစ္စတာ ဆာဆာကာဝါ တည်ထောင်ထားသည့် နီပွန်ဖောင်ဒေးရှင်းက မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် အကူအညီ ပေးနေတာ ကြာပါပြီ ။

ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်နဲ့ ရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာ ဆာဆာကာဝါယိုဟီ/ဧရာဝတီ

မစ္စတာ ဆာဆာကာဝါသာမက ဂျပန်နိုင်ငံ အစိုးရရဲ့ အခြား အကူအညီ အထောက်အပံ့တွေကလည်း ပြန်လည်ထူထောင်ရေးကို အကျပ်အတည်းတွေကြား ရုန်းလုပ်နေရတဲ့ မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းပီသမှုကို ဖော်ပြတာပါပဲ။

ရခိုင်မြောက်ပိုင်းနေ မွတ်စလင်ဒုက္ခသည်အရေး အနောက်နိုင်ငံတွေက အပြစ်ချည်းပဲ ဝိုင်းပြောကြချိန်မှာကတည်းက ဂျပန်ဟာ မြန်မာနဲ့အတူတကွ ရပ်ခဲ့တာပါ။

ဂျပန်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အလှူရှင်နိုင်ငံလည်း ဖြစ်ပါတယ်။ ရန်ကုန်အပါအဝင် အခြား တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ မြို့ပြဖွံ့ဖြိုးရေး၊ လျှပ်စစ်မီး ဖြန့်ဖြူးရေးနဲ့ စီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁ ဘီလီယံ (မြန်မာကျပ်ငွေ ၁ ဒဿမ ၅ ထရီလျံ) ဒီနှစ်အတွင်း ပေးလှူခဲ့ပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ထိခိုက်ရတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် အတိုးနှုန်း နည်းတဲ့ အရေးပေါ်ချေးငွေ ယန်း ၅ ဘီလျံ (မြန်မာကျပ်ငွေ ၆၆ ဒဿမ ၁ ဘီလီယံ)ကိုလည်း ပေးပါတယ်။

အနောက်နိုင်ငံ မီဒီယာတွေက မြန်မာမဲဆန္ဒရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအစွဲနဲ့ ထောက်ခံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မျက်လုံးစုံမှိတ် မဲပေးခဲ့ကြတယ်လို့ ရေးတာကို ဂျပန်က ပယ်ချပြီး ရွေးကောက်ပွဲ အောင်နိုင်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး ကြိုဆိုခဲ့တဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။

မြန်မာပြည်တောင်ပိုင်း ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးမှာလည်း ရင်းနှီးမြှုပ်နှံဖို့ ကတိပြုထားပြီးပါပြီ။

ကပ်ဘေးအလှူရှင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ

ကိုဗစ် ၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါကို ဖွံ့ဖြိုးမှု နိမ့်ပါးတဲ့ မြန်မာနိုင်ငံက ရင်ဆိုင်ကိုင်တွယ်ရာမှာ အစိုးရချည်းသက်သက်နဲ့ဆို အင်မတန် ခက်ခဲပါလိမ့်မယ်။ ပုဂ္ဂလိက အလှူရှင်တွေက သူတို့ပိုက်ဆံအိတ်တွေကို ဖွင့်ပြီး စေတနာ ရက်ရောစွာ ပါဝင်လှူဒါန်းမှု အစုစုတို့ကလည်း ရောဂါထိန်းချုပ်ကုသရေး တဝက်ပြီးမြောက်စေပါတယ်။

ဒီထဲမှာ ရှေ့တန်း အရောက်ဆုံးကတော့ မက်စ်မြန်မာအုပ်စု ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ ကမ္ဘောဇစီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းတို့ပါပဲ။

ဧရာဝတီ ဖောင်ဒေးရှင်းက ကိုဗစ် ၁၉ လူနာများကို လက်ခံကုသပေးမယ့် ခုတင် ၁၀၀၀ ဆံ့ ဧရာဝတီ ကိုဗစ်ကုသရေး စင်တာ(သုဝဏ္ဏ) ကို စက်တင်ဘာလအတွင်းမှာ စတင် တည်ဆောက် လှူဒါန်းခဲ့ပါတယ်။

ဒီ စင်တာအတွက် အဆောက်အဦးနဲ့ အခြေခံ အဆောက်အအုံ လိုအပ်ချက်၊ ဆေးဝါးများ၊ အသုံးအဆောင် ပစ္စည်းများနဲ့ အခြား လိုအပ်မှုများအတွက် ဧရာဝတီဘဏ်၊ AYA SOMPO အာမခံကုမ္ပဏီနှင့် မက်စ်မြန်မာအုပ်စုတို့က ငွေကျပ် သိန်း ၁၀၀၀၀ မတည် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပြင် ရောဂါပြင်းထန် ခံစားနေရသူများကို ကုသမယ့် ICU/HCU ကုသဆောင် အတွက် မက်စ်မြန်မာ အုပ်စုက ငွေကျပ်သိန်း ၁၀၀၀၀ နှင့် ဧရာဝတီဖောင်ဒေးရှင်းက ကျပ်သိန်း ၅၀၀၀ ကို ထပ်မံ မတည် လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်ရှိ နယ်မြေခံများအား ကိုဗစ်ကာလ ထောက်ပံ့မှုတွေ လုပ်နေတဲ့ ကမ္ဘောဇစီးပွားရေးလုပ်ငန်းစု ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း / Shan State COVID-19 Relief Committee

ဧရာဝတီဖောင်ဒေးရှင်း အနေနဲ့ အမေရိကန်ဒေါ်လာ၂ သန်း တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ပြည်ပမှ ဝယ်ယူပေးခြင်း၊ ဧရာဝတီဘဏ် သင်တန်းကျောင်းနဲ့ အမျိုးသား ဘောလုံး အကယ်ဒမီ(ရန်ကုန်) တို့ကို Quarantine စင်တာများအဖြစ် လုပ်ဆောင်ပေးခြင်းတွေလည်း လုပ်ခဲ့ပါတယ်။

ဒါ့ပြင် လိုအပ်ချက်ရှိတဲ့ တိုင်းနဲ့ ပြည်နယ်အချို့က အစိုးရ ကိုဗစ်ဆေးရုံတွေနှင့် Quarantine စင်တာတွေမှာ လိုအပ်တဲ့ ဆေးရုံသုံး အသုံးအဆောင်ပစ္စည်းတွေနဲ့ ကုသရေး ပစ္စည်းကိရိယာတွေအပြင် ရောဂါစစ်ဆေးရေးစခန်းတွေကို တည်ဆောက်လှူဒါန်းမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်ပေးခဲ့ပါသေးတယ်။

ကိုဗစ် ဒုတိယလှိုင်းမှာ အစိုးရကို အကူအညီ အထောက်အပံ့ဖြစ်စေရေး ကမော္ဘဇဘဏ်ကလည်း ငွေကျပ် သိန်း ၇၀၀၀ မတည်ပြီး ခုတင် ၁၀၀၀ ဆံ့ အင်းယားလိတ် ကိုဗစ်စင်တာ YCC ကို တည်ဆောက် လှူဒါန်းမှု ပြုလုပ်ပေးခဲ့ပါတယ်။ ရွှေသံလွင် ကုမ္ပဏီ (Skynet) ကလည်း ငွေကျပ် သိန်း ၃၀၀၀ ထည့်ဝင် လှူဒါန်းလာခဲ့ပါတယ်။

ယာယီ ဆေးရုံအဖြစ် အသုံးပြုနိုင်တဲ့ YCC ကိုဗစ်စင်တာ တည်ဆောက်ခြင်း အပြင် အထူးဆေးဝါးများ အစားအသောက်များကို ထောက်ပံ့ခြင်း၊ ဆရာဝန်များ သူနာပြုများနဲ့ စေတနာ့ဝန်ထမ်း ၄၀၀ ဦး အတွက် သီးသန့် အဆောက်အဦးများလည်း တည်ဆောက်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းသို့ လာရောက်လှူဒါန်းသူတဦး၏ လှူဒါန်းမှုကို ဦးဇော်ဇော်က လက်ခံယူနေစဉ်/ Ayeyarwady Foundation

စင်တာမှာ တက်ရောက်ကုသမယ့် လူနာ ၅၀၀ အတွက်လည်း လိုအပ်မယ့် အထူး ဆေးဝါးများနဲ့ နံနက်၊ နေ့လယ်၊ ညစာတွေကို အခမဲ့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ဆရာဝန်များ၊ သူနာပြုများနဲ့ စေတနာ့ဝန်ထမ်း ၄၀၀ တွေအတွက်လည်း သီးသန့်အဆောက်အဦးများ တပါတည်း ပါဝင်ပြီး ၂၄ နာရီ အခမဲ့ Food Court များ ထားရှိပေးသွားရေး လုပ်ဆောင်ပေးပါတယ်။

ကမော္ဘဇ စီးပွားရေး လုပ်ငန်းစုကြီးလက်အောက်ရှိ ကမော္ဘဇဘဏ်က KBZ General Insurance၊ KBZ Life၊ MAI နှင့် Air KBZ တို့ကို ဦးဆောင်ပြီးတော့ ကိုဗစ် ၁၉ ရောဂါ မြန်မာနိုင်ငံတွင် စတင် မတွေ့ရှိမီ ဖေဖော်ဝါရီလက စပြီး အောက်တိုဘာလအတွင်းအထိ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ် ၇၃၉၃၆ သိန်း လှူဒါန်းခဲ့ပါသေးတယ်။

ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူ
နှင်းဆီပါတီ ဥက္ကဋ္ဌ

၂၀၂၀ မှာ လူပြောအများဆုံးစာရင်းထဲ မပါမဖြစ် ထည့်သွင်းရမှာကတော့ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူပါပဲ။

ထောင်ပြေးတယောက်ဖြစ်တဲ့ ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွားဟူဟာ ၁၉၉၈ ခုနှစ် ပုဒ်မ ၅(ည)၊ ပုဒ်မ ၁၈၉ တို့နဲ့ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရပြီး တနှစ်ခန့်အကြာ ၁၉၉၉ ခုနှစ် ဇန်နဝါရီလမှာ မန္တလေးထောင်က ထွက်ပြေးလွတ်မြောက်သွားပြီး ယခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ညက ရန်ကုန်မြို့မှာ ပြန်လည်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နီးပါး ကိုယ်စားလှယ်လောင်း ၁၁၃၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မယ့် နှင်းဆီပါတီရဲ့ ဥက္ကဋ္ဌဟာ ထောင်ပြေးတဦးဖြစ်ကြောင်း Myanmar Now သတင်းဌာနက ဖော်ထုတ်ရေးသားမှ အစိုးရက သိရှိအရေးယူနိုင်ခဲ့ပါတယ်။

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ခေါ် မိုက်ကယ်ကျော်မြင့် ခေါ် မိုက်ကယ်ဟွားဟူ ခေါ် ဇခုန်ဇုန်းဆောင်/ဧရာဝတီ

ဦးကျော်မြင့်ကိစ္စဟာ ခေတ်အဆက်ဆက် မြန်မာအစိုးရတွေရဲ့ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေ တာဝန်ပျက်ကွက်တာတွေကို ထင်ရှားစေခဲ့ပါတယ်။

နှစ်ပေါင်းများစွာ သူနဲ့ဆုံတွေ့ ခဲ့တဲ့ မြန်မာ့အရေး အကဲခတ်လေ့လာသူတွေက လက်စားချေခံရမှာ စိုးရိမ်တာကြောင့် သူ့အပေါ် လူသိရှင်ကြား ဝေဖန်ပြောဆိုဖို့ မဝံ့ရဲခဲ့ကြပါဘူး။ သူ့ကို လွန်ခဲ့တဲ့ အနှစ် ၃၀ ကတည်းက သိကျွမ်းခဲ့သူတွေက သူဟာ တရုတ်နိုင်ငံက နိုင်ငံ ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေနဲ့ ကောင်းစွာ အချိတ်အဆက်ရှိသူလို့ ဆိုကြပါတယ်။

ယခုအခါမှာတော့ ဦးကျော်မြင့် ခေါ် မိုက်ကယ်ကျော်မြင့် ခေါ် မိုက်ကယ်ဟွားဟူ ခေါ် ဇခုန်ဇုန်းဆောင်ဟာ ငွေကြေးခဝါချမှု၊ မြန်မာ့ စီးပွားရေးဥပဒေများကို လိမ်လည်လှည့်ဖျားမှုနဲ့ ယခင် စစ်အစိုးရလက်ထက် သူ့ကို ထောင်ဒဏ်ချမှတ်ခံထားရစဉ် ထောင်က ထွက်ပြေးမှုတို့အတွက် သူ့ကို ဖမ်းဆီးပြီး တရားရုံးတင် စစ်ဆေးနေပါတယ်။ သူ့ရဲ့ တရားမဝင် ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုတွေကြောင့် ပါတီလည်း ဖျက်သိမ်းခံလိုက်ရပါတယ်။

ဒေါက်တာ ဆာဆာ
Health and Hope အဖွဲ့ တည်ထောင်သူ


“ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးနဲ့ တိုင်းရင်းသား တွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့အတွက် NLD ပါတီနဲ့ မဖြစ်မနေ ပူးပေါင်း ဆောင်ရွက်မှရမယ်”  “တိုင်းရင်းသား ခေါင်းဆောင် တွေ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေနဲ့ နိုင်ငံရေး လုပ်နေတာတွေကို ရပ်တန့်ပြီး နိုင်ငံအဆင့်နဲ့ နိုင်ငံတကာအဆင့် နိုင်ငံရေး လုပ်ကြဖို့ လိုပြီ” စသဖြင့် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ အကြိုကာလမှာ ပြောဆိုလိုက်တဲ့ ချင်းတောင်တန်းပေါ်က ဒေါက်တာ ဆာဆာကို လူအများက စိတ်ဝင်စားလာကြပါတယ်။

ဒေါက်တာ ဆာဆာဟာ လိုင်လင်းပီ ဒေသက ပညာရေးချို့တဲ့ပြီး ဆင်းရဲတဲ့ မိဘနှစ်ပါးက မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။ မိခင်ဖြစ်သူက သူ့ကို မွေးခဲ့တဲ့နေ့ရက် မပြောပြနိုင်လို့ မိမိရဲ့မွေးနေ့ကိုတောင် ဒေါက်တာဆာဆာ အတိအကျ မသိပါဘူး။ ဝေးလံခေါင်ဖျားတဲ့ဒေသမှာ ပညာရေးကို ကြိုးစားသင်ယူခဲ့တဲ့ ဒေါက်တာဆာဆာဟာ ကျေးရွာက မိဘဆွေမျိုးတွေ၊ ဒေသခံတွေ ဝိုင်းဝန်းထောက်ပံ့မှုနဲ့ ရန်ကုန်မြို့မှာ တက္ကသိုလ်ဝင်တန်း တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံမှာ တက္ကသိုလ်ပညာ ဆက်လက် ဆည်းပူးခဲ့ပါတယ်။ ထိုမှတဆင့် အာမေးနီးယားနိုင်ငံမှာ ဆေးတက္ကသိုလ် တက်ခွင့်ရခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံ မှာ ဆေးဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။

ချင်းပြည်နယ် မတူပီက လူထုကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဖွံ့ဖြိုးမှုတွေ ပေးနေခဲ့တဲ့ ဒေါက်တာဆာဆာ/ Health and Hope

၂၀၀၈ ခုနှစ်မှာ ဆရာဝန်ဘွဲ့ ရရှိ ခဲ့ပြီးနောက် အဲဒီနှစ်မှာပဲ Health and Hope အဖွဲ့ကို တည်ထောင်ကာ သူမွေးဖွားခဲ့ရာ မတူပီမြို့နယ် လိုင်လင်းပီဒေသကို ပြန်လာခဲ့ပြီး ချင်းပြည်နယ် တောင်ပိုင်းတခုလုံးအတွက် စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ မိခင်နဲ့ကလေး ကျန်းမာရေး လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ သင်တန်းများကို ၁၃ နှစ်ကြာ ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ရိုးသားမှုနဲ့ ကြိုးစားမှုကြောင့် ဗြိတိန်နိုင်ငံရဲ့ ချားစ်မင်းသား (Prince of Wales) ဟာ ဒေါက်တာဆာဆာရဲ့ Health and Hope အဖွဲ့မှာ နာယက အဖြစ် ပါဝင်လာခဲ့ပါတယ်။

အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်ဘဝနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆယ်စုနှစ် တခုကျော်ကြာအောင် ဆောင်ရွက်ခဲ့တဲ့ ဒေါက်တာ ဆာဆာဟာ ၂၀၂၀ စက်တင်ဘာလမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဝင်ရောက် ပြီး ချင်းပြည်နယ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှာ ပါဝင်ကာ စည်းရုံးမှုများ ဆောင်ရွက်ခဲ့ရာမှာ NLD ပါတီ ချင်းပြည်နယ်မှာ မဲဆန္ဒနယ် ၃၉ နေရာ ရှိတဲ့အနက် မဲဆန္ဒနယ် ၃၆ နေရာအထိ စံချိန်တင် အနိုင်ရရှိခဲ့ပါတယ်။

နိုင်ငံခြားမှာ ဆရာဝန်ဘွဲ့ရခဲ့သူ၊ ဗြိတိန်တော်ဝင် မိသားစုရော နိုင်ငံတကာ အစိုးရများကိုပါ Advocacy လုပ်နိုင်ခဲ့သူ၊ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပရဟိတ လုပ်ငန်းတွေကို ၁၃ နှစ်ကြာအောင် လုပ်ဆောင်နေခဲ့တဲ့ ဒေါက်တာဆာဆာဟာ မဝေးတဲ့ အနာဂတ်မှာ ချင်းပြည်နယ်သာမက ဆင်းရဲနွမ်းပါးတဲ့ အခြားတိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တာဝန်တွေ ပိုမိုထမ်းရွက်ရဖွယ် အလားအလာကောင်းတွေ ရှိနေသူတဦးပါ။

ဦးထိုက်ဇော်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု ဖြစ်စဉ်တွေ ၁၀ ခုထက်မနည်း ဖြစ်ခဲ့တဲ့ အထဲမှာ  အဆိုးဆုံးကတော့ အနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ကို သေနတ်သမားတဦးက လုပ်ကြံ သတ်ဖြတ်သွားတဲ့  ဖြစ်ရပ်ပါ။

ရွေးကောက်ပွဲအပြီး ၁၃ ရက်အကြာ၊ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်တိန်  ကျေးရွာက နေအိမ်ရှေ့မှာပဲ ဆိုင်ကယ်မောင်းလာတဲ့ သေနတ်သမားက ဦးထိုက်ဇော်ကို အနီးကပ် ပစ်ခတ်သွားတာပါ။

ဦးထိုက်ဇော်ဟာ သီပေါ၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်တို့အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာမှာ အနိုင်ရရှိသူ ဖြစ်တဲ့ အပြင် သူအနိုင်ရရှိထားတဲ့ မဲဆန္ဒနယ်ဟာ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေတုန်းက ဒေသခံရှမ်းပါတီတွေကပဲ အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်မရခဲ့ဖူးတဲ့ နေရာပါ။

ဦးထိုက်ဇော် ပစ်ခတ်မခံရခင် ရက်ပိုင်းအလိုမှာလည်း ကျောက်မဲမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ နေအိမ်ကို သေနတ်သမား တဦးက လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

ရွေးကောက်ပွဲ ရလာဒ်ကို မကျေနပ်သူတွေက လာပစ်ခတ်တာဖြစ်နိုင်တာကြောင့် ဦးထိုက်ဇော်ကို ရှောင်တိမ်းနေဖို့ ဝိုင်းပြောပေမယ့် အပြစ်မလုပ်ထားဘူးလို့ ယုံကြည်တဲ့ ဦးထိုက်ဇော်က နေအိမ်မှာပဲ ဆက်နေခဲ့တဲ့နောက် ပစ်ခတ်ခံခဲ့ရတာပါ။

ကျောက်မဲက လုပ်ကြံခံရတဲ့ အမျိုးသားလွှတ်တော်အမတ် ဦးထိုက်ဇော်

ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရတဲ့ သတင်းဟာ ကျောက်မဲမြို့နယ်တင်မက ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်က ပဋိပက္ခဒေသမှာ ရှိတဲ့ နိုင်ငံရေးသမားတွေကိုလည်း တုန်လှုပ်သွားစေသလို လက်နက်ကိုင်ပြီး အကြမ်းဖက်တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ချက်တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

တဖက်မှာတော့ NLD က ရွေးကောက်ပွဲပြီးနောက်မှာ အစိုးရသစ်ဖွဲ့ရာမှာ တိုင်းရင်းသားပါတီတွေကို ကမ်းလှမ်းဖို့ တရားဝင် ပြောဆိုထားချိန်မှာ ရှမ်းနိုင်ငံရေးအသိုင်းအဝိုင်းနဲ့  NLD ကြား သံသယပွားအောင် အခြေအနေတွေ ရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိ အစုအဖွဲ့တခုက လုပ်နေတယ်လို့လည်း တိုင်းရင်းသားနိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။

ကျောက်မဲမြို့နယ်က  တပ်မတော်အပြင် ရှမ်း၊ ပလောင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အခြေစိုက် လှုပ်ရှားတဲ့ ဒေသဖြစ်သလို တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးလည်း အားနည်းပြီး  အရပ်သားအုပ်ချုပ်ရေးမှူးတွေ ဒေသခံစီးပွားရေး လုပ်ကိုင်သူ  တွေကို လူမြင်ကွင်း၊ နေ့လည်  ကြောင်တောင် မှာတောင် သေနတ်နဲ့ ပစ်ခတ် လုပ်ကြံသတ်ဖြတ်တာတွေ မကြာခဏ ဖြစ်ပွားနေတဲ့ မြို့နယ်တခု လည်း ဖြစ်ပါတယ်။

ဦးထိုက်ဇော် လုပ်ကြံခံရပြီး ၄ ရက်အကြာမှာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က အထူးအမှုစစ်အဖွဲ့ ဖွဲ့ပြီး သေနတ်သမားကို ရှာဖွေနေပေမယ့် တရားခံကိုတော့ ယနေ့ထိ ဖမ်းမမိသေးပါဘူး။

ရွေးကောက်ပွဲကာလတွင်း အကြမ်းဖက်မှု နောက်တခုကတော့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင်းမှာ မဲဆွယ် စည်းရုံးရေး ဆင်းနေတဲ့ NLD ရဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးကို အောက်တိုဘာ ၁၄ ရက်မှာ ရက္ခိုင့်စစ်တပ် (AA) က   ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ဖမ်းဆီးသွားခဲ့တဲ့ ဖြစ်စဉ်ပါ။

ကိုယ်စားလှယ်လောင်း ၃ ဦးဖြစ်တဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့က AA တပ်ဖွဲ့ဝင်တွေ လာဖမ်းဆီးစဉ်မှာ အသာတကြည် လိုက်ခဲ့မယ်လို့ ပြောဆိုပေမယ့် ကောင်းကောင်း မွန်မွန် ခေါ်ဆောင်သွားတာ မဟုတ်ပဲ ဆဲဆိုအော်ဟစ်ပြီး ရိုက်နှက်ခေါ်ဆောင်သွားတာပါ။

ရက္ခိုင့်စစ်တပ် (AA) က ဖမ်းထားတဲ့ ပြည်သူ့ကိုယ်စားလှယ် ၃ ဦးဖြစ်တဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချော

မဲဆွယ်စည်းရုံးရေးခရီးမှာ အတူရှိနေတဲ့ အခြား NLD ပါတီဝင်တွေကို အရပ်ဝတ်နဲ့ လက်နက်ကိုင်ထားတဲ့ AA တပ်ဖွဲ့ဝင် တွေက ရိုက်နှက်တဲ့အပြင် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကိုလည်း ဆဲဆိုရင်း ရိုက်နှက်ခေါ်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံခဲ့ရသူ ၃ ဦးထဲက ဦးမင်းအောင်နဲ့ ဒေါ်နီနီမေမြင့်ဟာဆိုရင်  လက်ရှိ လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင် နေသူတွေလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပလုနီးနီးမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်တွေကို ဖမ်းဆီးတဲ့ အပြင် အဆိုပါ ကိုယ်စားလှယ်လောင်း ၃ ဦး ဟာ ရခိုင်အမျိုးသားရေးကို သစ္စာဖောက်ကြောင်းနဲ့ ဒေသခံရခိုင်လူထုတွေ ဖမ်းဆီး သတ်ဖြတ်ခံရအောင် တပ်မတော်ကို သတင်းပေးတယ်ဆိုပြီး သက်သေတစုံတရာ မပါရှိဘဲ စွပ်စွဲတဲ့ ထုတ်ပြန်ချက်တစောင်ကိုလည်း AA က  ထုတ်ခဲ့ပါတယ်။

နိုဝင်ဘာအတွင်း တပ်မတော်နဲ့ AA ကြား အပစ်အခတ်ရပ်ဆိုင်းနိုင်ပြီး ပြေလည်မှုတွေ ရှိလာပေမယ့် သူတို့ ၃ ဦးကိုတော့ ဆက်ဖမ်းထားဆဲဖြစ်ပြီး အစိုးရဘက်က အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲဆိုထားတဲ့ ရခိုင်လူမျိုးတွေကို လွှတ်ပေးရင် အပေးအယူအနေနဲ့ ပြန်လွှတ်ပေးမယ်လို့ပဲ AAက ပြောဆိုထားပါတယ်။

AAက အစိုးရက တရားစွဲဆိုထားသူတွေနဲ့ အပေးအယူ အလဲအလှယ်လုပ်ဖို့ ပြောဆိုနေပေမယ့် AA ရဲ့ လုပ်ရပ်က လူထုရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တွေကို ဖမ်းဆီးတာဖြစ်လို့ လူထုကို မလေးစားရာ ရောက်တဲ့အပြင် လက်နက်ကိုင်တပ်ဖွဲ့နဲ့ သဘောထားအမြင် မတူတဲ့ နိုင်ငံရေးသမားတွေကို လွတ်လပ်စွာ ရပ်တည်လို့ မရအောင် ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့  လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့   နိုင်ငံရေးသမားတွေက ရှုမြင်ကြပါတယ်။

You may also like these stories:

တနှစ်တာမြန်မာ့စီးပွားရေးကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၀ ခုနှစ်၏ ကြယ်တာရာများ

Did you find apk for android? You can find new Free Android Games and apps.
Loading