ဆောင်းပါး

ထိုင်းနိုင်ငံ ကိုဗစ်ဒုတိယလှိုင်းတွင် ခွဲခြားဆက်ဆံခံနေရသည့် မြန်မာလုပ်သားများ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်ရှိ ပင်လယ်စာ လက်ကား ဈေးကြီးတခုတွင် COVID-19 ရောဂါပိုး တွေ့ရှိမှုနှင့်ပတ်သက်ပြီး ထိုင်းခေါင်းဆောင်အချို့က မြန်မာ ရွှေ့ပြောင်းလုပ်သားများကို အပြစ်တင်ပြောဆိုခဲ့ပြီးနောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများ ခွဲခြား ဆက်ဆံခံရမှုသည် နေ့စဉ်ဘဝ အစိတ် အပိုင်းတခုကဲ့သို့ ဖြစ်လာပြီး သယ်ယူပို့ဆောင်ရေးမှသည် ဘဏ်အသုံးပြုမှု အထိ ကြုံနေကြရသည်။

စမွတ်ဆခွန်ခရိုင်၊ မဟာချိုင်မြို့နယ်ရှိ တလာကု ခေါ် ပုစွန်ဈေး၌ ဒီဇင်ဘာ ၁၇ ရက်နေ့က အသက် ၆၇ နှစ် အရွယ် ထိုင်းဈေးသည် တဦးထံတွင် COVID-19 ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ရပြီးနောက် မြန်မာရွှေ့ပြောင်းလုပ်သား များစွာ အလုပ်လုပ်နေသော ထိုဈေးကို ယာယီပိတ်ထားလိုက်သည်။

ယင်းနေ့နောက်ပိုင်း ထိုင်းသတင်းဖော်ပြမှုများတွင် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ဗိုင်းရပ်စ် ကူးစက်မှု အတွက် တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားများကို စွပ်စွဲ အပြစ်တင်ခဲ့သည်။ ထိုင်းနိုင်ငံရှိ ပင်လယ်စာ ဈေးများနှင့် ပင်လယ်စာ ထုတ်လုပ်ရေးစက်ရုံများတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သိန်း မှ ၄ သိန်းခန့် အထိ အလုပ်လုပ် နေကြသည်။

ရက်အနည်းငယ်အတွင်း ရောဂါအပေါ် ကြောက်ရွံ့မှုနှင့် သတင်းအချက်အလက် အမှားများကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများကို ဆန့်ကျင်သည့် အမုန်းစကားများ အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့ရုံသာမက အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်များ အသုံးပြုရာတွင် ခွဲခြားဆက်ဆံမှု ကြုံရသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။

အဖြစ်အပျက် တခုတွင် ခရစ်စမတ် အကြိုနေ့က မြန်မာစုံတွဲ တတွဲမှာ ဘန်ကောက်ရှိ မော်ချစ် ဘတ်စ်ကားဂိတ်တွင် Koh Chang (Trat) သို့ ထွက်ခွာမည့် Green Bus ကုမ္ပဏီက ပြေးဆွဲသော ဘတ်စ်ကားပေါ်မှ အတင်းအကျပ်မောင်းထုတ်ခြင်း ခံခဲ့ရသည်။ ထိုသို့ကြုံခဲ့ရသူ ကိုစောထူးထူးက သူ၏ Facebook စာမျက်နှာတွင် “ငါတို့က မြန်မာနိုင်ငံသားတွေ ဖြစ်လို့ ဘတ်စ်ကားပေါ် ကနေ မောင်းထုတ်ခံရတယ်” ဟု ရေးသားခဲ့သည်။

အဆိုပါ ပို့စ်က အွန်လိုင်း ပေါ်တွင် ပျံ့နှံ့သွားသည့် အခါ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာလ ၂၇ ရက် နေ့တွင် လူသိရှင်ကြားတောင်းပန်ခဲ့ပြီး “ဒါက ကျနော်တို့ရဲ့ မူဝါဒ မဟုတ်ပါဘူး။ ဖြစ်သွားခဲ့ ရတဲ့အတွက် ကျနော်တို့ ဝမ်းနည်းပါတယ်။ ဒီလိုမျိုး နောက်ထပ်မဖြစ်ဘူး လို့မျှော်လင့်ပါတယ်” ဟု ပြောဆိုခဲ့သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများကွန်ရက် ်(ဘန်ကောက်) မှ မဦး က ဘန်ကောက်ရှိ အခြားခရိုင်များမှ မြန်မာ ရွှေ့ ပြောင်း အလုပ်သမားများသည် စမွတ်စခွန်သို့ သွားရောက်ခဲ့ဖူးခြင်း မရှိသည့် တိုင်အောင် ဘဏ်အချို့တွင် မြန်မာနိုင်ငံသား များအား ငွေလွှဲ ဝန်ဆောင်မှုများ အသုံးပြုခြင်းကို ငြင်းပယ် ခံခဲ့ရကြောင်း ယခင်လက ဧရာဝတီ သို့ ပြောဆိုခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သူတို့က ဗိုင်းရပ်စ်ပိုး သယ်ဆောင်သူများဖြစ်နိုင်သည်ဟု ထိုင်းဘဏ်ဝန်ထမ်းအချို့က ယုံကြည်နေကြ၍ ဖြစ်သည်ဟု ဆိုသည်။

တလာကု ခေါ် ပုဇွန်ဈေးမှ ရွှေ့ပြောင်း လုပ်သားမိခင်များကို ဇန်နဝါရီလ ၈ ရက်နေ့က ဘောလုံးကွင်းသို့ ရွှေ့ပြောင်းပေးနေမှု (ဓာတ်ပုံ – မြန်မာအလုပ်သမားသံအရာရှိရုံး)

ထိုနောက်ပိုင်းတွင် မြန်မာနိုင်ငံသားများအပေါ် ခွဲခြားဆက်ဆံမှု မလုပ်ရန် ပြောဆိုမှုများ ထွက်လာပြီးနောက် ထိုင်းနိုင်ငံသား အများအပြားက COVID-19 ကူးစက်ရောဂါသည် ကမ္ဘာလုံး ဆိုင်ရာ ပြဿနာတရပ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံသား များအပေါ် ဆန့်ကျင်သည့် ခွဲခြားဆက်ဆံမှု၊ အမုန်းစကား နှင့် စွပ်စွဲချက် များကို ပြစ်တင် ရှုတ်ချ ခဲ့ကြသည်။

ထိုင်းနိုင်ငံ စိတ်ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် Panpimol Wipulakorn က ရွှေ့ပြောင်း အလုပ်သမားများ အပေါ် စိတ်ဓာတ် ရေးရာ ပံ့ပိုးမှုများပေးရန်နှင့် ထိုင်းနိုင်ငံအတွင်း ကူးစက်မှု အသစ်များ အတွက် ၎င်းတို့ကို အပြစ်တင် ခြင်းမပြုရန် ထိုင်းနိုင်ငံသားများကို တိုက်တွန်းခဲ့သည်။

ဒီဇင်ဘာလ နောက်ဆုံး အပတ်တွင် ထိုင်းနိုင်ငံ ခေါင်းဆောင်ပိုင်းက လေသံ ပြောင်းလဲ လာခဲ့ပြီး ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်မှုဆိုင်ရာ သတင်းထုတ်ပြန်ချက် များတွင် “မြန်မာရွှေ့ပြောင်းလုပ်သားများ” ဆိုသည့် စကားလုံးကို သုံးစွဲခြင်း မှ ရှောင်ရှားခဲ့ကြသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက် နေသည့် ကူးစက်မှု အရေအတွက် ကိုလည်း လူသိရှင်ကြားထုတ်ပြန် ပေးခြင်း မရှိတော့ပေ။

သို့သော်လည်း ပြဿနာများ ရှိနေဆဲ ဖြစ်သည်။

ဇန်နဝါရီလ ၈ ရက် နေ့တွင် မြန်မာအလုပ်သမား ၂  ဦး မှာ ဘန်ကောက်ရှိ Krungsri Ayudhya ဘဏ်ခွဲ တခု အတွင်း သို့ ဝင်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရသည်။

လစာငွေ စစ်ကြည့်စဉ် ATM စက်ထဲ ATM ကဒ် ဝင်သွားပြီး ပြန်ထွက်မလာသည့်အတွက် ရွှေ့ပြောင်းအလုပ်သမား ကိုဟိန်းထက်က ATM ကဒ်အသစ်ထုတ်ယူရန် အတွက် ဘဏ်ခွဲကို အကြောင်းကြားခြင်း ဖြစ်သည်။ သို့သော် သူသည် မြန်မာ လူမျိုးဖြစ်ကြောင်း သိသွားပြီးနောက် ဘဏ်အတွင်း ဝင်ခွင့်မပြုဟု ဆိုသည်။

“သူတို့က ကျမတို့ကို မြန်မာပြည်သားတွေမို့ဆိုပြီး Krungsri Ayudhya ဘဏ်ထဲ ကို ဝင်ခွင့်မပေးဘူး၊ အေတီအမ် (ငွေထုတ်ကဒ်) အသစ်ထုတ်ပေးဖို့ ပြန်လျှောက်ဖို့အတွက် သွားတာပါ” ဟု ကိုဟိန်းထက်ကို ကူညီပေးခဲ့သည့် ထိုင်းစကား ကျွမ်းကျင်သော ရွှေ့ပြောင်း အလုပ်သမား မစန်းက ဧရာဝတီသို့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြောသည်။

“မြန်မာတွေကို သူတို့ဘဏ်ထဲကို ဝင်ခွင့်မပြုဖို့ ထိုင်းဥပဒေ တခု ရှိတယ်လို့ မန်နေဂျာက ကျမကို ပြောတယ်။ တကယ်လို့ သူက ATM ကဒ် အသစ်ကိုလိုချင်ရင် တနင်္လာနေ့ ကျရင် လက်မှတ်ထိုးပေးဖို့ ထိုင်းနိုင်ငံသား တယောက် ခေါ်လာရမယ်၊ အဲဒီ တော့မှ ရလိမ့်မယ်လို့ ဆိုတယ်” ဟု မစန်းက ပြောသည်။

ထိုင်းတွင် COVID-19 ရောဂါဖြစ်ပွားမှု တိုးမလာမီ ဒီဇင်ဘာလအထိ စမွတ်ပရာကန် ခရိုင်ရှိ စက်ရုံတခုတွင် ၃ နှစ်ကြာ အလုပ်လုပ်နေသော ကိုဟိန်းထက် အနေဖြင့် ဘဏ်၏ ဝန်ဆောင်မှုများကို အခက်အခဲမရှိ အသုံးပြုနိုင်ခဲ့ သည်။

၎င်းတို့ လစာ ကို အီလက်ထရောနစ်နည်းဖြင့် ပေးချေသည့် အတွက် ရွှေ့ပြောင်းအလုပ်သမားအများစုက ဘဏ် ဝန် ဆောင်မှု များကို အသုံးပြုကြသည်။ ထို့အပြင် အချို့က လစာငွေထဲမှ မြန်မာနိုင်ငံရှိ မိသားစုများထံသို့ ငွေပြန်လွှဲ ပို့ပေးကြရာတွင်လည်း ဘဏ်ဝန်ဆောင်မှုကို အသုံးပြုကြရသည်။

ထိုင်းနိုင်ငံ အလုပ်အကိုင် ဦးစီးဌာန၏ အဆိုအရ ၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ မှတ်ပုံတင်ထားသော မြန်မာ ရွှေ့ပြောင်း လုပ်သား ၁.၈ သန်းရှိသည်။ သို့သော် အထောက်အထား စာရွက်စာတမ်း မရှိသော အလုပ်သမား အရေအတွက်ကိုမူ မသိရပါ။

ခွဲခြားဆက်ဆံမှုက ရွှေ့ပြောင်းအလုပ်သမားများ၏ နေ့စဉ် အသုံးစရိတ်အတွက်နှင့် မိသားစုထံ ငွေပြန်လွှဲခြင်း အတွက် အတား အဆီးဖြစ်စေသည်ဟု မစန်း က ဆိုသည်။

၎င်းတို့ ကိုယ်တိုင် ကြုံတွေ့ရခြင်း မရှိမီက ထိုင်းဘဏ် အချို့၏ ခွဲခြားဆက်ဆံမှုကို မယုံကြည်ခဲ့ကြောင်း ၂ ဦးလုံးက ပြော သည်။ သို့သော်လည်း လူမှုကွန်ရက် ဝက်ဘ်ဆိုက်များ (Facebook နှင့် tiktok) တို့တွင် ထိုင်းဘဏ်များက မြန်မာနိုင်ငံ သား များအား သူတို့၏ ဝန်ဆောင်မှုများ အသုံးပြုခွင့် မပေးခြင်း နှင့် ပတ်သက်၍ စောဒက တက်မှုများရှိခဲ့ပြီးဖြစ်သည်။

ခွဲခြားဆက်ဆံမှုများကြုံနေရခြင်းအတွက် “ဒီရောဂါ (COVID-19) က မြန်မာပြည်သားတွေကိုပဲ ကူးစက်တာလား လို့ ကျမ မေးချင်တယ်” ဟု မစန်း က ပြောသည်။

ခွဲခြားဆက်ဆံခြင်းက ဘန်ကောက်တွင်သာ ရှိနေခြင်း မဟုတ်ပါ။

ထိုနေ့ မတိုင်မီ တရက်က ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့မှ မြန်မာဆရာတဦး ဖြစ်သူ စာရေးသူ၏ သူငယ်ချင်း တဦးသည် လည်း Siam Commercial ဘဏ်ခွဲ တခုတွင် ခွဲခြားဆက်ဆံခြင်းခံခဲ့ရသည်။

“ခွဲခြားဆက်ဆံတာက ထင်ရှားလွန်းပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။

တလာကု ခေါ် ပုဇွန်ဈေးမှ ရွှေ့ပြောင်း လုပ်သားမိခင်များကို ဇန်နဝါရီလ ၈ ရက်နေ့က ဘောလုံးကွင်းသို့ ရွှေ့ပြောင်းပေးနေမှု (ဓာတ်ပုံ – မြန်မာအလုပ်သမားသံအရာရှိရုံး)

ကောင်တာရှိ ဘဏ် ဝန်ထမ်းက သူ၏မှတ်ပုံတင်ကိုမြင်သောအခါ “ဒါက ခွန်ဖမာ့ (ထိုင်းစကားဖြင့် မြန်မာလူမျိုး ဟု သုံးနှုန်းသည်)” ဟု  အော်ဟစ် ပြောဆိုခဲ့သည်ဟု ဆိုသည်။ “ COVID” ဆို သော စကားလုံးကို ကြားလိုက်ရ ပြီး နောက် အကြီးတန်း ဝန်ထမ်း တဦး ထိုနေရာ သို့ အလျင်အမြန်ရောက်ရှိ လာခဲ့သည်။

“သူတို့က ထိုင်းလို ပြောတော့ ကျမ အပြည့်အစုံ နားမလည်ဘူး၊ ပြီးတော့သူတို့က ကျမကိုတောင် ဘာမှမပြောဘဲ ကျမရဲ့ မှတ်ပုံတင် ID၊ ဘဏ်စာအုပ်နဲ့ ငွေထုတ်စလစ်ကို ကျမမျက်နှာ နောက်ခံထားပြီး ဓာတ်ပုံရိုက်တယ်။ ကျမ ထိုင်းနိုင်ငံမှာ နေ တာ ၆ နှစ်ရှိနေပြီ၊ ပြီးခဲ့တဲ့နှစ် ကတည်းက တိုင်းပြည် အပြင်ဘက်ကိုလည်း ခရီး မသွားခဲ့ဘူးလို့ သူတို့ကို ပြောပြရတယ်။ ထိုင်း မိတ်ဆွေတဦး က အကူအညီပေးတာကြောင့် မကြာမီ မှာပဲ မန်နေဂျာ က တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် ကျမ အ တွက်ကတော့ တကယ်ကို စိတ်မသက်သာစရာပါ” ဟု သူကဆို သည်။

ဧရာဝတီ က ဘဏ် ၂ ခု လုံး ထံမှ မှတ်ချက်တောင်းခံရန် ကြိုးစား ခဲ့သော်လည်း ယခု သတင်းဖော်ပြသည့် အချိန်အထိ မရရှိ ခဲ့ပါ။

မှတ်ချက်တောင်းခံရန်အတွက် ဧရာဝတီ က မြန်မာသံရုံးသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း မအောင်မြင် ခဲ့ပါ။ သို့သော်လည်း တိုင်ကြားမှု များလက်ခံရရှိသည့် အခါ သံရုံးက သက်ဆိုင်ရာအာဏာပိုင်များနှင့် ကုမ္ပဏီများ သို့ ပြဿနာ ကို ညှိနှိုင်းဖြေရှင်းသွားမည်ဟု သံရုံးမှ သတင်းရင်းမြစ် တဦးက ပြောသည်။

စမွတ်စခွန် နှင့် ဆက်နွယ်သော COVID-19 ရောဂါကူးစက်မှု ဒီဇင်ဘာလ ၁၇ ရက်တွင် ပေါ်ထွက်ခဲ့ပြီး နောက် COVID-19  ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ ရှိရသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများကို အစိုးရဆေးရုံသို့ ပို့ဆောင် ပေးခြင်း မရှိဘဲ သူတို့၏ အိမ်များတွင် အသွားအလာကန့်သတ် (quarantine) ထားရှိခဲ့သည်။ ယာယီ ဆေးရုံများ မတည်ဆောက်မီ အထိ အသွားအလာ ပိတ်ပင် ကန့်သတ် ထားသည့် ၎င်းတို့ ရပ်ကွက်များ အတွင်းရှိ နေအိမ်များတွင်သာ နေထိုင်စေခဲ့သည်။

ရွှေ့ပြောင်းအလုပ်သမားများကို ကုသပေးရေး အတွက် ယာယီ ဆေးရုံ ၂ ခုကို ဒီဇင်ဘာလကုန်ပိုင်းတွင် မဟာချိုင်၌ တည်ဆောက် ပြီးစီးခဲ့သည်။ တတိယ တခုမှာ တည်ဆောက်နေဆဲဖြစ်ပြီး စတုတ္ထမြောက် ဆေးရုံတခု ကိုလည်း ဆောက် လုပ်ရန် ပြင်ဆင်နေ ကြောင်း ထိုင်းမီဒီယာများ၏ အဆိုအရသိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် ဘန်ကောက်ရှိ မြန်မာသံရုံးမှ သံမှူးကြီး ဦးမော်ဗလ က မဟာချိုင် ပုစွန်ဈေး မှ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့ထဲမှ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိသူများအား ယာယီကုသရေးဆေးရုံသို့ ပြောင်းရွှေ့ရန် ကျန်နေသူများကို လာရောက်အကြောင်းကြားခဲ့သည်။

၎င်းက “ရောဂါပိုး ရှိကြောင်း စစ်ဆေးတွေ့ ရှိရသူ တွေကို နောက်ထပ် ၁၀ ရက် ဆေးရုံမှာ အသွားအလာကန့်သတ် (quarantine) ထားရှိမှာ ဖြစ်ပါတယ်။ ရောဂါကင်းစင် သွားပြီး ရင်တော့ လက်ရှိနေရာ ကို ပြန်သွားနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပင်လယ်စာလက်ကားဈေး မှ အသွားအလာပိတ်ဆို့ထားသော ဧရိယာများရှိ ရွှေ့ပြောင်း လုပ်သားများအား COVID-19 ရောဂါပိုး ကူးစက်ခံထား ရသူများ အတွက် အနီရောင် လက်ပတ်ကြိုး၊ COVID-19 ရောဂါ မှ ပြန်လည်သက်သာလာ သူများ အတွက် အစိမ်းရောင် လက်ပတ်ကြိုး နှင့် ရောဂါကင်းသော သူများ အတွက် အဖြူ ရောင် လက်ပတ်ကြိုး များ ပေးထားသည်။

ကိုဗစ်စစ်ဆေးမှု မခံယူရသေးသူများကိုလည်း လာရောက်စစ်ဆေးခံရန်နှင့်၊ စာရွက်စာတမ်း အထောက် အထားများ မရှိသော သို့မဟုတ် ဗီဇာကျော်လွန်ပြီးသော အလုပ်သမားများအား ဖမ်းဆီးမည် မဟုတ်ကြောင်း ထိုင်းအာဏာပိုင်များက အာမခံထားပြီး ဖြစ်သည်ဟု ဦးမော်ဗလ က အလုပ်သမားများအား ပြောကြားခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံသားများ အနေဖြင့် အိမ်ရှင်နိုင်ငံ၏ စည်းမျဉ်းများကို လိုက်နာရန် နှင့် COVID-19 စစ်ဆေးမှုတွင် ပါဝင်ကြရန် သူက တိုက်တွန်းခဲ့သည်။

“ဒါပေမယ့် ကလေးရှိတဲ့ သူတွေ အနေနဲ့ တကယ်လို့ သူတို့မှာ ရောဂါပိုး ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့မယ် ဆိုရင်တောင် အိမ်မှာပဲ နေချင်ကြတယ်၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ကလေးတွေကို အိမ်မှာထားခဲ့ ရမှာကို စိုးရိမ်ကြတယ်” ဟု မဟာချိုင် အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ၏ ဒါရိုက်တာ ဦးအောင်ကျော်က ပြောသည်။

တလာကု ခေါ် ပုဇွန်ဈေးမှ ရွှေ့ပြောင်း လုပ်သားမိခင်များကို ဇန်နဝါရီလ ၈ ရက်နေ့က ဘောလုံးကွင်းသို့ ရွှေ့ပြောင်းပေးနေမှု (ဓာတ်ပုံ – မြန်မာအလုပ်သမားသံအရာရှိရုံး)

ဇန်နဝါရီလ ၇ရက်နေ့က မြန်မာသံတမန်များ နှင့်တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူများကလည်း ထိုကိစ္စကို ထုတ်ဖော် ပြောဆို ခဲ့ကြသည်။ “အမေက ရောဂါပိုး ကူးစက်ခံရတယ်ဆိုရင် ကျမတို့ ကလေးကိုရော စစ်ပေးသလား၊ ဘယ်လို ဖြစ်လာမလဲ” ကလေး မိခင် အမျိုးသမီးတဦး က ပြောသည်။

ကလေးရှိသည့် အမျိုးသမီးများ အပါအဝင် COVID-19 လူနာများ ကို  မဟာချိုင်ရှိ ယာယီ ဆေးရုံများ သို့ ပြောင်းရွှေ့ရန် သံတမန်များက ကူညီပေးခဲ့သည်ဟု မြန်မာအလုပ်သမားသံအရာရှိရုံးက ဇန်နဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင် နောက်ထပ် ကူးစက်မှု  ၂၀၅ ခုနှင့် အတူ ထိုင်းနိုင်ငံတွင် ကူးစက်မှု စုစုပေါင်း ၉၈၄၁ ခု ဖြစ်ပွားခဲ့ ပြီး ဖြစ်ပြီး သေဆုံးသူ ၆၇ ဦး ရှိခဲ့သည်။

ဒီဇင်ဘာလနှောင်းပိုင်း မှစ၍ ရောဂါကူးစက်မှုအများစုမှာ စမွတ်စခွန်၊ ရယောင်ရှိ လောင်းကစား ရုံများ၊ Ang Thong ရှိ ကြက်တိုက်ကွင်းများ နှင့် ဘန်ကောက်ရှိ Pin Klao ဒေသမှ ဖျော်ဖြေရေးနေရာ အများ အပြားနှင့် ဆက်စပ်နေသည်။

ထို့ပြင် နောက် လာမည့် ၂ ပတ်အတွင်း ကူးစက်မှု အသစ်များတိုးလာမည် ဟု မျှော်လင့်ရကြောင်း ဘန်ကောက်ပို့စ် (Bangkok Post) သတင်းစာက ထိုင်းနိုင်ငံ၏ ရောဂါထိန်းချုပ်ရေးဌာန လက်အောက်ရှိ ကူးစက်ရောဂါများဌာနခွဲ ဒါရိုက်တာ ကို ကိုးကား၍ ဇန်နဝါရီလ ၇ ရက်နေ့က ရေးသားခဲ့သည်။

COVID-19 ရောဂါကူးစက်မှု အသစ်များအတွက် အပြစ်တင်ခံရသည့် တရားဝင် လောင်းကစား ရုံများကို လုပ်ကိုင်ခွင့် ပေးခဲ့သော သို့မဟုတ် ဥပက္ခာပြုခဲ့သည့် အစိုးရအရာရှိများကို သာမက တရားမဝင် အလုပ်သမား မှောင်ခိုမှုများတွင် ပါဝင်သူ မှန်သမျှနှင့် အစိုးရ အရာရှိများကို ပြတ်ပြတ်သားသား အရေးယူရန် ထိုင်းအစိုးရက ကတိပြု ခဲ့သည်ဟုလည်း  Bangkok Post သတင်းစာက ဖော်ပြခဲ့သည်။

You may also like these stories:

မြဝတီ ကာစီနို၌ အလုပ်လုပ်သည့် ထိုင်းနိုင်ငံသားများထံမှ ကိုဗစ်ပိုးတွေ့

တရုတ်က ကိုဗစ်ကာကွယ်ဆေး ၃ သိန်းနှင့် ယွမ် ၃ သန်းတန် ဆေးပစ္စည်းများ ကူညီမည်

Did you find apk for android? You can find new Free Android Games and apps.
Loading