လမ်းမတွေပေါ်မှာ ဟိုတကွက်၊ ဒီတကွက် နီကြောင်ကြောင် ကွမ်းတံထွေးတွေ၊ အမှိုက်တွေကို နေ့စဉ် မြင်တွေ့နေရတာမျိုး က ကျမတို့နိုင်ငံရဲ့ ပစ္စက္ခတ် အခြေအနေပါ။ အခုတော့ နောက်အသစ်တမျိုး တိုးလာပါပြီ။ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ Mask တွေ ပါပဲ။
အလိပ်လိုက်၊ ဒါမှမဟုတ် အပြန့်လိုက်၊ အပြာရောင် လွင်လွင်လေး၊ ဒါမှမဟုတ် ခြေရာတွေနဲ့ ညစ်ထေးလျက် လမ်းမတွေ ထက်မှာ Mask တွေဟာ ပြန့်ကျဲနေတတ်ပါတယ်။
အမှန်တော့ Mask တွေဟာ အခြားသော အမှိုက်တွေလိုပဲ တဦးတယောက်ချင်းစီကနေ စည်းကမ်းမဲ့ လွှင့်ပစ်မှုရဲ့ ရလဒ် အနေနဲ့ ဖရိုဖရဲ ပြန့်ကျဲနေတာပါ။ ပလတ်စတစ်အိတ်တွေ၊ ကျွတ်ကျွတ်အိတ်တွေ၊ အချိုရည်ဘူးခွံတွေလိုပဲ လမ်းမတွေ ထက်မှာ တွေ့လာရတာပါ။
ဒီမြင်ကွင်းတွေကို စမြင်တွေ့လာရတဲ့ အချိန်ကို ခြေရာ ပြန်ကောက်မယ်ဆိုရင်တော့ ကိုဗစ်ကပ်ဆိုး မြန်မာနိုင်ငံကို စတင် ခြိမ်းခြောက်လာတဲ့ အချိန်လို့ ဆိုရပါမယ်။ အတိအကျ ဆိုရရင်တော့၂၀၂၀ မတ်လ နောက်ပိုင်းကာလတွေက စတင်ခဲ့ တာပါပဲ။
ကိုဗစ်ကို ကာကွယ်ဖို့အတွက် Mask တွေဟာ အင်မတန်မှ အရေးပါလာပါတယ်။ လူတိုင်း မဖြစ်မနေ Mask တပ်ကြရတာ ကြောင့် Mask ကို နေ့စဉ် သုံးစွဲမှုဟာ အဆပေါင်းများစွာ တိုးပွားလာခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ Mask ထုတ်လုပ် ရောင်းချမှုဟာ ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း ၈၀၀ လောက်ပဲ ရှိခဲ့ပေမယ့် ၂၀၂၀ မှာတော့ အမေရိကန်ဒေါ်လာ ၁၆၆ ဘီလီယံဖိုးအထိ မြင့်တက်လာတယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂ ကုန်သွယ်မှုနဲ့ ဖွံ့ဖြိုးမှု ဆိုင်ရာ ညီလာခံ United Nations Conference on Trade and Development (UNCTAD) က ခန့်မှန်းထားပါတယ်။
ကိုဗစ်ကပ်ဆိုး ကာလ ဘဝနေထိုင်မှု ပုံစံသစ်အရ Mask ဟာ လူတဦးချင်းစီရဲ့ တကိုယ်ရည်သုံး ပစ္စည်းဖြစ်လာသလို နေ့ စဉ် စွန့်ပစ်ရတဲ့ ပစ္စည်းတခုလည်း ဖြစ်လာနေပါတယ်။
လူတဦးချင်းစီက နေ့စဉ် သုံးစွဲပြီး စွန့်ပစ်နေရတဲ့ တခါသုံး မျက်နှာ၊ နှာခေါင်းစည်း Mask တွေဟာ ထိတ်လန့်စရာ စွန့်ပစ် ပစ္စည်းပုံကြီး ဖြစ်လာနေသလို တဖက်မှာ စည်းကမ်းမဲ့ စွန့်ပစ်တဲ့ Mask တွေကလည်း ကမ္ဘာ့ဂေဟ စနစ်ကို ခြိမ်းခြောက် လာနေပါတယ်။
University College London – UCL Plastic Waste Innovation Hub က ထုတ်ပြန်ခဲ့တဲ့ သုတေသန စာတမ်းတစောင် အရ ဗြိတိန်က လူတိုင်း တနေ့ကို တခါသုံး မျက်နှာဖုံး တခုနှုန်းနဲ့တနှစ် အသုံးပြုခဲ့မယ်ဆိုရင်တောင် ပလတ်စတစ် စွန့်ပစ် တန်ချိန် ၆၆,၀၀၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒီလိုမျိုး သီးခြားသုတေသန ပြုထားတာ မရှိပါဘူး။ ဒါပေမယ့်လည်း စွန့်ပစ်မှုနှုန်းထားက ဗြိတိန်ထက် တော့ လျော့ဖို့ မရှိပါဘူး။
ဥပမာဆိုရရင် ရှမ်းပြည်နယ် ညောင်ရွှေမြို့က ခေါင်တိုင် လမ်းမပေါ်မှာ ၃ နာရီကြာ အမှိုက်ကောက်တာ Mask ၂,၀၀၀ ကျော် လောက် တွေ့ခဲ့ရတယ်လို့ မြို့ခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတဦးဖြစ်တဲ့ မဆူးဆူးက သူ့ရဲ့ လူမှုကွန် ရက် စာမျက်နှာမှာ မျှဝေထားပါတယ်။
၂၀၁၄ ခုနှစ် သန်းကောင်စာရင်း ကောက်ယူတဲ့အချက်အလက်တွေအရ ညောင်ရွှေမြို့ဟာ လူဦးရေ၂ သိန်းနီးပါးပဲ ရှိတဲ့ မြို့ လေး ဖြစ်ပါတယ်။
ဒါကြောင့် ဒီမြို့ရဲ့ နေရာ ကွက်ကွက်လေးမှာတောင် ဒီ Mask တွေ ဒီလို ပြန့်ကျဲနေတာ ဆိုတော့ တနိုင်ငံလုံး အတိုင်း အတာနဲ့ဆိုရင် စိုးရိမ်စရာလို့ မဆူးဆူးက ရေးသားထားပါတယ်။
“တနေရာလေး သာမက တမြို့လုံး အတိုင်းအတာမှ တနိုင်ငံလုံး အတိုင်းအတာထိဆို မတွေးဝံ့အောင်ပါပဲ” လို့ သူက ရေး သားထားပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ညွှန်ကြားရေးမှူး ဒေါက်တာ အောင်မြင့်မော်က ကိုဗစ်အမှိုက်လို့ ခေါ်တဲ့ ကိုဗစ်ထိန်းချုပ် ကုသ ကာကွယ်ရေးစခန်းတွေက အမှိုက်တွေက ဒုတိယလှိုင်းအတွင်းမှာဆိုရင် တနေ့ကို တန်လေး ငါး ဆယ် အထိတောင် ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
“Second Wave မှာကျတော့ ကွာရန်တင်း စင်တာပေါင်းကလည်း ၅၀၀ လောက်ရှိလာတယ်။ Semi-Lockdown ဧရိယာ လည်း ၇၀၀ လောက် ရှိလာတယ်။ အဲဒီအချိန်မှာ COVID-19 Waste က အနည်းဆုံး တန် ၄၀ သိမ်းရပြီးတော့ အများဆုံး တန် ၆၀ ကျော် သိမ်းရတယ်” လို့ သူက ဆိုပါတယ်။
“ဖောင်ကြီးမှာ ကျတော့ First Wave တုန်းက အမှိုက် လုံးဝ မထွက်ဘူး။ Second Wave ၇ လ ၈ လ ၉ လလောက်မှာမှ ၁ ရက်ကို ၇ တန် ၈ တန်လောက်အထိ မီးရှို့ပေးရတယ်။ ၁၀ ၊ ၁၁၊ ၁၂ လပိုင်းတွေ မှာတော့ ၁ ရက်ကို ၁၂ တန်လောက် မီး ရှို့ပေးခဲ့ရတယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် Mask ဘယ်နှစ်ခုပါလဲ၊ တန်ချိန်ဘယ်လောက်လဲ စတာတွေကိုတော့ ရေတွက်ထားတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါ တယ်။
နိုင်ငံတကာမှာတော့ ဒီတခါသုံး Mask တွေကို စည်းကမ်းမဲ့ စွန့်ပစ်တာဟာ တိရစ္ဆာန်တွေကိုပါ ထိခိုက်စေတယ်ဆိုပြီး ထောက်ပြ ဝေဖန်လာကြပါတယ်။
AFP သတင်းတပုဒ်မှာ ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ရန်ကနေ လူတွေရဲ့ အသက်တွေကို ကယ်ဆယ်ခဲ့တဲ့ ဒီမျက်နှာဖုံး Mask တွေဟာ တိရစ္ဆာန်တွေကို သေဆုံးနေစေပါတယ်လို့ ဆိုပါတယ်။ လူတွေရဲ့ စည်းကမ်းမဲ့ စွန့်ပစ်လိုက်တဲ့ Mask တွေဟာ တိရစ္ဆာန်တွေရဲ့ ပုံမှန် အမူအကျင့်နဲ့ အလေ့အထကို ထိခိုက်စေပြီး တိရစ္ဆာန်တွေကို သေဆုံးစေပါတယ်လို့ ဖော်ပြ ထားပါ တယ်။
ကုန်းပေါ်မှာ စွန့်ပစ်ထားတဲ့ Mask တွေကြောင့်ပဲ ဖြစ်ဖြစ်၊ ရေထဲ မျောပါသွားတဲ့ Mask တွေကြောင့်ပဲ ဖြစ်ဖြစ် တိရစ္ဆာန်ငယ် လေးတွေကို ထိခိုက်နေစေပါတယ်။
ဒါကြောင့်ပဲ ဒီလို ကပ်ဘေးကာလရဲ့ ပင်မ အကာအကွယ် ဖြစ်တဲ့ Mask ကို စွန့်လွှတ်ရမယ်လို့တော့ မဆိုလိုပါဘူး။ စနစ်တကျ စွန့်ပစ်ဖို့ ပိုပြီး လိုလာနေပြီဆိုတာကိုပဲ ထောက်ပြဝေဖန်နေကြတာ ဖြစ်ပါတယ်။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်က “လက်ရှိ အခြေအနေအတွက် Mask က မဖြစ်မနေ တပ်ရမယ့် ပစ္စည်းပဲ။ အဲဒီတော့ Mask တပ်တာကိုတော့ နံပါတ်တစ် အားပေးရမယ်။ နံပါတ်နှစ်က Mask မှတင်မဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာတော့ ဘယ်အမှိုက်မဆို အလွယ် လက်လွတ်စပယ် ပစ်နေတဲ့ ကိစ္စသည် သဘာဝ ပတ်ဝန်းကျင်ကို ထိ ခိုက်တာပေါ့” လို့ ဆိုပါတယ်။
ဒါအပြင် ဒီလို ပျက်စီးဖို့ ခက်ခဲတဲ့ ဒီပလတ်စတစ်လို စွန့်ပစ်ပစ္စည်းတွေဟာ ရေထဲရောက်ရောက်၊ မြေထဲရောက်ရောက် သဘာဝဝန်းကျင်ကို ထိခိုက်မှု ရှိနေပါတယ်လို့ သူက ဆိုပါတယ်။
ပလတ်စတစ်လျှော့ချရေးနဲ့ သဘာဝ ဝန်းကျင်ထိန်းသိမ်းရေးကို အစဉ်တစိုက် လုပ်ဆောင်နေတဲ့ သန့်မြန်မာမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်မေသက်ထွေး ကတော့ အဝတ် Mask တွေ အစားထိုး သုံးသင့်တယ်လို့ အကြံပြုပါတယ်။
“အဝတ် Mask တွေ အစားထိုးသုံးလို့ ရတယ်။ Safety ဖြစ်တဲ့ အဝတ် Mask တွေ အများကြီး Market ထဲမှာ ရှိပါတယ်။ တခါသုံး Mask တွေသည် ပလတ်စတစ် အမျိုးအစားထဲက တခုပဲ၊ အဲဒီတော့ သူသည် ပလတ်စတစ်အတိုင်းပဲ နှစ်ပေါင်း များစွာ ကြာလိမ့်မယ်။ ဆွေးမြည့်ဖို့ မလွယ်ဘူး” လို့လည်း သူက ဆိုပါတယ်။
အဝတ် Mask တွေကို အလှအပအတွက်ပဲ သုံးနေကြတာရှိပြီး ပလတ်စတစ် Mask တွေနေရာမှာ အဝတ် Mask တွေကို သုံးစွဲဖို့ရာမှာ ရောဂါကူးစက်မှု အန္တရာယ်ကို တကယ်ရော ကာကွယ်နိုင်ပါ့မလား ဆိုတာကတော့ လူတွေက စိုးရိမ်မှုတွေ ရှိနေပါသေးတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ Marie Stopes International အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က “အဝတ်မျက်နှာဖုံးကို သုံးတာကို တော်တော်လေး အားပေး လက်ခံတာတွေလည်း ရှိတယ်ပေါ့။ N 95 တို့လောက်တော့ အကာအကွယ် မလုံတာ သေချာတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်အတွက်တော့ အရမ်းကောင်းတာပေါ့” လို့ ပြောပါတယ်။
“ကိုယ့်ဟာကိုယ် သေချာဆေးကြော လျှော်ဖွတ်ပြီး သုံးတာ ဖြစ်တဲ့အတွက် ရောဂါပိုး ကာကွယ်နိုင်စွမ်းဘက်က နည်းနည်း လျော့တာပေါ့။ နည်းနည်းလေးတော့ လျော့သွားမယ် သိပ်အများကြီး မဟုတ်ဘူး။ N 95 တို့ ဘာတို့ကိုတော့ မမီဘူး။ သို့ သော် ပုံမှန် နိစ္စဓူဝ တွေ့ဆုံကြုံကြိုက် အရမ်းကြီး ပိတ်လှောင်တဲ့ အခန်း မဟုတ်တဲ့ အနေအထားမျိုးမှာ ဆိုရင် လုံလောက် တဲ့ အနေအထားမျိုး ရှိပါတယ်” လို့ သူက ဆိုပါတယ်။
အဝတ် Mask တွေကို သုံးစွဲမယ် ဆိုရင်တော့ အိမ်ပြန်ရောက်လို့ ချွတ်တဲ့အခါ၊ လျှော်ဖွတ်တဲ့အခါမှ သတိထားဖို့ လိုမယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။ လျှော်ဖွတ်ရင် ရေနွေးနဲ့ သေချာစိမ်ပြီး လျှော်ဖွတ်တာမျိုးကို ပြုလုပ်ဖို့လည်း အကြံပြုထားကြပါတယ်။
သေချာတာက မြန်မာနိုင်ငံ အပါအဝင် တကမ္ဘာလုံးဟာ Mask တွေကို ယနေ့လူနေမှုဘဝရဲ့ ကျန်းမာရေးလိုအပ်ချက် အဖြစ် တပ်နေရဦးမှာ ဖြစ်တာကြောင့် သန်းနဲ့ချီတဲ့ Mask တွေဟာ စွန့်ပစ်ပစ္စည်း ဖြစ်နေဦးမှာပါပဲ။
Mask တွေတင် မကပါဘူး။ Mask ကို စနစ်တကျ စွန့်ပစ်ဖို့ ရည်ရွယ်ပြီး ထုတ်ပိုးလိုက်တဲ့ ကျွတ်ကွျွတ်အိတ်၊ ပလပ်စတစ် အိတ်တွေ အပြင် တခါသုံး လက်အိတ်တွေဟာလည်း တိုးပွားလာတဲ့ ပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေပါပဲ။
ဒါတွေကို ကမ္ဘာ့မြေထု၊ ရေထုထဲကို လက်လွတ်စပယ် လွှင့်ပစ်တာမျိုး မလုပ်ဘဲ တတ်နိုင်သမျှ စည်းကမ်းတကျ စွန့်ပစ်မယ် ဆိုရင် အနည်းဆုံးတော့ တိရစ္ဆာန်တွေရဲ့ သဘာဝ ဂေဟစနစ်ကို ထိခိုက်တာမျိုးကိုတော့ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း Mask ကို အသုံးပြုနေတဲ့ လူတိုင်းအနေနဲ့ သဘာဝ ပတ်ဝန်းကျင်အရေးအတွက် တွေးပြီး တတ်နိုင်သမျှ စည်းကမ်းတကျ စွန့်ပစ်ပေးဖို့ ပညာရှင်တွေက တိုက်တွန်း နေကြပါတယ်။
ဒေါက်တာ မြင့်ဇော်က “တနိုင်ငံလုံး အနေနဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် သတိထားမှုကတော့ လိုအပ်တာပေါ့။ နိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံသားတွေ စည်းကမ်းတကျလေး ဖြစ်အောင် ပြုမူကြတာ။ ဘေးပတ်ဝန်းကျင် အထိအခိုက် နည်း အောင်တော့ နိုင်ငံတိုင်း ကြိုးစားရတာပေါ့။ ကျနော်တို့ နိုင်ငံမှာတော့ ပိုပြီး ကြိုးစားအားထုတ်ရပါမယ်” လို့ ဆိုပါတယ်။
ဒေါက်တာ အောင်မြင့်မော် ကလည်း “Mask ကို လူတိုင်းသုံးတဲ့ အတွက်ကြောင့်မို့လို့ တယောက်ချင်းစီက စနစ်တကျ စွန့်ပစ်ပေးဖို့ လိုပါတယ်” လို့ တိုက်တွန်းပါတယ်။
You may also like these stories: