ရီပတ်ဘလီကန်ပါတီကို ၄ နှစ်ကြာ ထိန်းချုပ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၀ ရက်နေ့တွင် သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်မှ ထွက်ခွာခြင်းက ပါတီ၏ အနာဂတ်ခေါင်းဆောင်မှုနှင့် ဦးတည်ချက်တို့ကို လမ်းဆုံလမ်းခွသို့ ရောက်စေခဲ့ပြီး သန်းပေါင်း ဆယ်ဂဏန်း ရှိ ထောက်ခံသူများ၏ ဆက်လက်၍ သစ္စာစောင့်သိမှု အပေါ်လည်း မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့ရသည်။
အကြမ်းဖက်သူများက ဒေါ်နယ်ထရမ့်အလံများ ဝှေ့ရမ်း၍ လွှတ်တော်အမတ်များကို လိုက်ရှာခဲ့ကြခြင်းနှင့် အတူ ဇန်နဝါရီလ ၆ ရက်နေ့ အမေရိကန်ပါလီမန် အဆောက်အအုံကို စီးနင်းဝင်ရောက်မှုအပေါ် ရီပတ်ဘလီကန် ပါတီတွင် အမြင်ကွဲပြားမှုကို ပြတ်သားစွာ ဖော်ပြခဲ့ကြသည်။ အထူးသဖြင့် ဆန္ဒပြသူများက ရီပတ်ဘလီကန်ပါတီတွင် ယုံကြည်စိတ်ချရဆုံးသော ကွန်ဆာဗေးတစ် များထဲမှ တဦး ဖြစ်သည့် ဒုတိယ သမ္မတကို ရည်ညွှန်း၍ “မိုက်ပန့်စ်ကို ကြိုးပေးကြ” ဟု ကြွေးကြော် ခဲ့ကြသည်။
“လူပြိန်းကြိုက် အစုအဖွဲ့ တခု ရှိတယ်၊ အုပ်ချုပ်နေတဲ့ အစုအဖွဲ့တခု ရှိတယ်။ အဲဒီ ၂ ဖွဲ့က ရီပတ်ဘလီကန်ပါတီကို ရှေ့ဆက် ထိန်းချုပ်နိုင်ရေးအတွက် ကြိုးစားကြလိမ့်မယ်လို့ ကျနော် ထင်ပါတယ်”
ရီပတ်ဘလီကန် ပါတီမှ မဲဆန္ဒရှင် သဘောထား စစ်တမ်းကောက်ယူသည့် အဖွဲ့အစည်းတခု ဖြစ်သော North Star Opinion Research ၏ ဥက္ကဌ Whit Ayers က “ဇန်နဝါရီလ ၆ ရက်နေ့ဟာ ထရမ့် ခေတ်လွန် ရီပတ်ဘလီကန်ပါတီရဲ့ ဝိညာဉ်အတွက် တိုက်ပွဲခေါ်သံပါပဲ” ဟု ပြောသည်။
“လူပြိန်းကြိုက် အစုအဖွဲ့ တခု ရှိတယ်၊ အုပ်ချုပ်နေတဲ့ အစုအဖွဲ့တခု ရှိတယ်။ အဲဒီ ၂ ဖွဲ့က ရီပတ်ဘလီကန်ပါတီကို ရှေ့ဆက် ထိန်းချုပ်နိုင်ရေးအတွက် ကြိုးစားကြလိမ့်မယ်လို့ ကျနော် ထင်ပါတယ်” ဟု သူက ဗွီအိုအေသို့ ပြောသည်။

ပါတီတွင်း အကွဲအပြဲက တတိယတန်း ခေါင်းဆောင် Liz Cheney အပါအဝင် ရီပတ်ဘလီကန်အမတ် ၁၀ ဦး က ဒေါ်နယ်ထရမ့်ကို ဆူပူရန် လှုံ့ဆော်မှုဖြင့် စွပ်စွဲ ပြစ်တင်ရန် ဒီမိုကရက် အောက်လွှတ်တော်အမတ်များနှင့် ပူးပေါင်းခဲ့သည့် ဇန်နဝါရီလ ၁၃ ရက် နေ့တွင် ပိုမို သိသာထင်ရှား လာခဲ့သည်။
တိုက်ပွဲက ယခုလနှောင်းပိုင်းတွင် စတင်ဖွယ်ရှိသော အမေရိကန် အထက်လွှတ်တော်၏ ကြားနာ စစ်ဆေးမှု အတွင်း အပြည့်အ၀ ဖော်ပြလာဖွယ် ရှိသည်။ ဒေါ်နယ်ထရမ့်အတွက် ဒုတိယအကြိမ် စွပ်စွဲပြစ်တင်မှုများမှ မိမိကိုယ်ကို ခုခံ ကာကွယ်ရခြင်း ဖြစ်သည်။ ပါလီမန်အဆောက်အဦး တိုက်ခိုက်မှု နောက်ပိုင်း ရီပတ်ဘလီကန် အထက်လွှတ်တော် အမတ် လက်တဆုပ်စာက သမ္မတကို ထောက်ပြ ဝေဖန်ခဲ့ကြပြီး အချို့ က သူ့ကို အမြန်ဆုံး ထွက်ခွာသွားရန် တောင်းဆိုခဲ့ကြသော်လည်း အိမ်ဖြူတော်မှ ဒေါ်နယ်ထရမ့် ထွက်ခွာသွားပြီးနောက် ကာလကြာမှ မဲပေးဆုံးဖြတ်မည့် ရီပတ်ဘလီကန်ပါတီ၏ အဆုံးအဖြတ်ပေးနိုင်သည့် ကော်မတီ အစည်းအဝေး ရလဒ်က မည်သို့ ထွက်ပေါ်လာမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ဇန်နဝါရီလ ၁၉ အထက်လွှတ်တော်အစည်းအဝေးတွင် လက်ရှိ လူများစုခေါင်းဆောင်လည်းဖြစ် ရီပတ်ဘလီကန်ပါတီ၏ ခေါင်းဆောင်တဦးလည်း ဖြစ်သူ မစ်ချ်မက်ကောနယ်က ထရန့်အား ဇန်နဝါရီ ၆ ရက် စီးနင်းမှုကို လှုံ့ဆော်ခဲ့ကြောင်း ပြောဆိုလိုက်ခြင်းက ပါတီနှင့် ထရမ့်တို့ကြား အကွဲအပြဲက ပိုနက်ရှိုင်းစေသည်။
အကွဲအပြဲက ရီပတ်ဘလီကန်များအတွက် ရွေးကောက်ပွဲထက် ကျော်လွန်သွားခဲ့သည်။ နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်ကို အမေရိကန် နိုင်ငံသား ၇၄ သန်းက မဲပေးခဲ့ကြသည်။ သက်သေအထောက်အထားများက ဆန့်ကျင်ဘက် ဖြစ်နေသည့်တိုင် သူတို့ထဲမှ အများစုက ရွေးကောက်ပွဲသည် ထရမ့်ထံမှ “ခိုးယူ” ခံလိုက်ရခြင်း ဖြစ်ပြီး ရီပတ်ဘလီကန်ပါတီက ထရမ့်၏ ကိုယ်စား တိုက်ခိုက်ပေးရန် လုံလုံလောက်လောက် ကြိုးစားပေးခဲ့ခြင်း မရှိဟု ယုံ ကြည်ကြသူများ ဖြစ်သည်။
ဒေါ်နယ်ထရမ့်ကို မဲပေးခဲ့သူ တဦး ဖြစ်သည့် မြောက်ကယ်ရိုလိုင်းနားမှ Jake Ballard က “လက်ရှိပါတီက သေဆုံးသွားပြီလို့ ကျနော် ထင်ပါတယ်” ဟု ပြောသည် “ယူတား Utah ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ် မစ်ရွန်နေ Mitt Romney လိုမျိုး ရီပတ်ဘလစ်ကန်တွေက ကျနော်တို့လို မဲဆန္ဒရှင်တွေကို ဒီမိုကရက်တွေလိုပဲ အထင်အမြင်သေးပုံ ရပါတယ်။ သူတို့တွေက သူရဲဘောကြောင်တယ်။ ကျနော်တို့ရဲ့ အကျိုးစီးပွားကို ကိုယ်စားမပြုပါဘူး။”

မစ်ရွန်နေသည် ပြီးခဲ့သည့်နှစ်က ဒေါ်နယ်ထရမ့်ကို ကနဦး စွပ်စွဲပြစ်တင်မှုတွင် ထောက်ခံမဲပေးခဲ့သည့် တဦးတည်းသော ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်ဖြစ်ခဲ့ပြီး သမ္မတကို မကြာခဏ ဝေဖန်ပြောဆိုခဲ့သူလည်း ဖြစ်သည်။
လူပြိန်းကြိုက် ဂိုဏ်း
ရီပတ်ဘလစ်ကန်ပါတီ၏ ဂိုဏ်းခွဲတခုကို ဒေါ်နယ်ထရမ့်နှင့် သူ့အပေါ် မပြောင်းမလဲ သစ္စာစောင့်သိဆဲ နိုင်ငံရေးသမားများကို စွဲစွဲမြဲမြဲ ဆက်လက် ထောက်ခံသည့် Jake Ballard ကဲ့သို့သော ဧဝံဂေလိ ခရစ်ယာန်နှင့် ရှေးရိုးစွဲ မဲဆန္ဒရှင်များဖြင့် ဖွဲ့စည်းထားသည်။
ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်ရန် သမ္မတ၏ တောင်းဆိုမှုကို တုံ့ပြန်ခဲ့ကြသော “မျိုးချစ်” ထောင်ပေါင်းများစွာကို ကြည့်ရင်း ဂုဏ်ယူမိသည်ဟု Jake Ballard က ဆိုသည်။ ပါလီမန်အဆောက်အအုံ၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်းအတွက် နောင်တရကြောင်း ပြောသော်လည်း သူက ထရမ့်ကို အပြစ်မတင်ခဲ့ပါ။ နိုင်ငံရေး အကြမ်းဖက်မှုကို သမ္မတက သဘောမတူခဲ့ဟု မှတ်ချက်ပြုသည်။
ရွေးကောက်ပွဲ ရလဒ်များကို ဆန္ဒပြရန်နှင့် ပါလီမန် အဆောက်အဦးသို့ ချီတက်ရန် သူ၏ ထောက်ခံသူများကို တိုက်တွန်းသော မိန့်ခွန်းတခုကို ပြောကြားခဲ့သည့် ဇန်နဝါရီလ ၆ ရက် နောက်ပိုင်းတွင် ထရမ့်အပေါ် လူထု၏ သဘောကျ လက်ခံမှုနှုန်း ကျဆင်းသွားသည်ကို စစ်တမ်းများက ဖော်ပြနေသည်။
“သူက ကျနော်တို့ ကြားမှာ တသမတ်တည်း ရှိတဲ့ တဦးတည်းသောသူပါ” ဟု Jake Ballard ကဆိုသည်။ “သူက ဒီနွေမှာ ဖြစ်ခဲ့တဲ့ Black Lives Matter လက်ဝဲအကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အခု သူက လက်ယာအကြမ်းဖက်မှုကိုလည်း ရှုတ်ချနေပါတယ်”
ရွေးကောက်ပွဲ ရလဒ်များကို ဆန္ဒပြရန်နှင့် ပါလီမန် အဆောက်အဦးသို့ ချီတက်ရန် သူ၏ ထောက်ခံသူများကို တိုက်တွန်းသော မိန့်ခွန်းတခုကို ပြောကြားခဲ့သည့် ဇန်နဝါရီလ ၆ ရက် နောက်ပိုင်းတွင် ထရမ့်အပေါ် လူထု၏ သဘောကျ လက်ခံမှုနှုန်း ကျဆင်းသွားသည်ကို စစ်တမ်းများက ဖော်ပြနေသည်။
သို့သော်လည်း Fivethirtyeight.com က စုစည်းခဲ့သည့် စစ်တမ်းများ၏ ပျမ်းမျှတွက်ချက်မှု တခုတွင် ရဲအရာရှိတဦး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့သည့် ပါလီမန်အဆောက်အဦး တိုက်ခိုက်မှုအပြီး သီတင်းတပတ်အကြာတွင် ထရမ့်ကို ရာထူးမှ ဖယ်ရှားရေးကို ထောက်ခံသည့် ရီပတ်ဘလစ်ကန်များက ၆ ဦးတွင် ၁ ထက် နည်းကြောင်း ဖော်ပြနေသည်။

တက္ကဆက် ပြည်နယ်မှ ထရမ့်ထောက်ခံသူတဦး ဖြစ်သော Marie Garza က အကယ်၍ ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် ပြန်လည် ပါဝင် ယှဉ်ပြိုင်ပါက မဲပေးဖွယ်ရှိကြောင်း ပြောသည်။
“ဒေါ်နယ်ထရမ့်နဲ့ အတူရပ်တည်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် တိုက်ခိုက်ခဲ့ကြတဲ့ ရီပတ်ဘလစ်ကန်တွေက သူ့ကြောင့် ရတဲ့ အကျိုးအမြတ်ကို ခံစားပြီး အခုကျမှ သူ့ကို စွန့်ခွာသွားကြသူတွေနဲ့ ကွဲပြားပါတယ်။ ခေတ်သစ် ရီပတ်ဘလစ်ကန်/ ကွန်ဆာဗေးတစ် ပါတီအသစ်တခုက ပေါ်ပေါက်လာနေပါတယ်။ အဲဒီအတွက် ကျမ စိတ်လှုပ်ရှားမိပါတယ်” ဟု Marie Garza က ဆက်ပြောသည်။
အုပ်ချုပ်ရေး ဂိုဏ်း
ရီပတ်ဘလစ်ကန် အများအပြားက ထရမ့်နောက်တွင် ဆက်လက်ရပ်တည်ပြီး သူ့ကို ပါတီ ရှေ့ဆက်ရေး သဘာဝ ကျသည့် ခေါင်းဆောင်အဖြစ် မြင်ကြသော်လည်း အခြားသူများကမူ စာမျက်နှာသစ် ဖွင့်လှစ်ရန် အသင့်ဖြစ်နေကြပြီး ထရမ့်၏ ဆက်လက် ထင်ပေါ်ကျော်ကြားနေမှုက ပါတီပျက်စီးမှု၏ မျက်နှာစာအဖြစ် ယုံကြည်ကြသည်။
“တကယ်လို့ ဆန္ဒပြချင်တယ်ဆိုရင်၊ ပြပါ။ ဒါပေမယ့် ကွန်ဂရက်ထဲကို ချိုးဖောက် ဝင်ရောက်ခြင်းက လက်ခံနိုင်စရာ မရှိပါဘူး။ ကမာ္ဘ့အလယ်မှာ အမေရိကန်နိုင်ငံက လှောင်ပြောင်သရော်စရာ တခု ဖြစ်ခဲ့ရတယ်။”
ဖလော်ရီဒါတွင် နေထိုင်သည့် စစ်ပြန်တဦးဖြစ်သော Harvey Wasserman က “ပြီးခဲ့တဲ့အပတ်က ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ရတာ ကျနော် အလွန်ရှက်မိပါတယ်” ဟု VOA သို့ ပြောသည်။
“တကယ်လို့ ဆန္ဒပြချင်တယ်ဆိုရင်၊ ပြပါ။ ဒါပေမယ့် ကွန်ဂရက်ထဲကို ချိုးဖောက် ဝင်ရောက်ခြင်းက လက်ခံနိုင်စရာ မရှိပါဘူး။ ကမာ္ဘ့အလယ်မှာ အမေရိကန်နိုင်ငံက လှောင်ပြောင်သရော်စရာ တခု ဖြစ်ခဲ့ရတယ်။”
Harvey Wasserman က ၂၀၁၆ နှင့် ၂၀၂၀ ခုနှစ်တို့တွင် ထရမ့်ကို မဲပေးခဲ့သူ ဖြစ်သည်။ သို့သော်လည်း ယခုအခါ အိမ်ဖြူတော်မှ ထွက်ခွာချိန်၌ ဒေါ်နယ်ထရမ့် နိုင်ငံရေးနှင့် ဝေးဝေးနေလိမ့်မည်ဟု သူ မျှော်လင့်ထားသည်။
“သူက Mar-a-Lago ကို သွားပြီး အထဲမှာ တံခါးပိတ်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Harvey Wasserman က ဒေါ်နယ်ထရမ့်၏ ဖလော်ရီဒါမှ အပန်းဖြေစခန်းကို ရည်ညွှန်း၍ ပြောသည်။ “သူက ရီပတ်ဘလီကန်ပါတီကို အရှက်ရစေခဲ့တယ်။ အဲဒီမှာ ပဲနေ၊ ပြန်ထွက်မလာနဲ့ ။”
ပါတီလမ်းကြောင်း
ဒေါ်နယ်ထရမ့်သည် မြင်ကွင်းထဲမှနေ၍ မှေးမှိန်ပျောက်ကွယ်သွားလိမ့်မည် ဆိုသည်ကို အမေရိကန်တက္ကသိုလ် နိုင်ငံရေးသမိုင်း ပညာရှင် Allan Lichtman က သံသယရှိ နေသည်။
“ထရမ့်က ထောင်ထဲမှာ မရှိဘူးဆိုရင် အဲဒါက မဖြစ်နိုင်တဲ့အချက် မဟုတ်ဘူး။ နောက်ပြီး သူက ငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေး နေတော့မယ်လို့ ကျနော် စိတ်ကူးကြည့်လို့ မရပါဘူး” ဟု သူက ပြောသည်။
“ဂျော်ဂျီယာ ပြိုင်ပွဲမှာ သူ့ရဲ့ အဓိက အခန်းကဏ္ဍကို ကျနော်တို့တွေ့မြင်ခဲ့ရပြီးပါပြီ။ သူ့မှာက ကြီးမားတဲ့ နောက်လိုက်နောက်ပါ အင်အားထု ရှိတယ်။ သူတို့ကို ပါတီအနေနဲ့ ဆုံးရှုံးမခံနိုင်ဘူး။ ဒါပေမယ့် ဆက်ထိန်းထားဖို့လည်း မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကို ခယနေခြင်းက တသီးပုဂ္ဂလတွေနဲ့ မျှတတဲ့ အမြင်ရှိတဲ့ ရီပတ်ဘလစ်ကန်တွေနဲ့ အလှမ်းကွာသွားနိုင်လို့ပါ။”
ရီပတ်ဘလစ်ကန်ဘက်သို့ ယိမ်းသည့် ဂျော်ဂျီယာပြည်နယ်တွင် ဆီးနိတ်လွှတ်တော်အမတ် ၂ နေရာကို ဒီမိုကရက်များက လောလောလတ်လတ် အနိုင်ရခဲ့သည့် သက်သေရှိနေသောကြောင့် ရီပတ်ဘလစ်ကန် ပါတီအတွက် ထိုအချက်က ဒုက္ခဖြစ်စေလိမ့်မည်ဟု Allan Lichtman က ယုံကြည်သည်။
“ဂျော်ဂျီယာ ပြိုင်ပွဲမှာ သူ့ရဲ့ အဓိက အခန်းကဏ္ဍကို ကျနော်တို့တွေ့မြင်ခဲ့ရပြီးပါပြီ။ သူ့မှာက ကြီးမားတဲ့ နောက်လိုက်နောက်ပါ အင်အားထု ရှိတယ်။ သူတို့ကို ပါတီအနေနဲ့ ဆုံးရှုံးမခံနိုင်ဘူး။ ဒါပေမယ့် ဆက်ထိန်းထားဖို့လည်း မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ကို ခယနေခြင်းက တသီးပုဂ္ဂလတွေနဲ့ မျှတတဲ့ အမြင်ရှိတဲ့ ရီပတ်ဘလစ်ကန်တွေနဲ့ အလှမ်းကွာသွားနိုင်လို့ပါ။”
ဂျော်ဂျီယာ တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် Charles Bullock က ပါတီတွင် ထရမ့်၏ အနာဂတ် အခန်းကဏ္ဍက မည်သို့ပင်ရှိစေ၊ တိုင်းပြည်၏ သဘောထားက မည်သို့ပင်ဖြစ်စေ၊ ပျက်စီးမှု အချို့က ဖြစ်ခဲ့ပြီး ဖြစ်သည်ဟု ပြောသည်။
“ပိုမို အလယ်အလတ်ကျတဲ့ ပြည်နယ်တွေနဲ့ ခရိုင်တွေမှာ ရီပတ်ဘလစ်ကန်တွေ ယှဉ်ပြိုင်ဖို့အတွက် အလွန်ခက်ခဲအောင် ထရမ့်က လုပ်ခဲ့ပြီးပြီလို့ ကျနော် ထင်ပါတယ်” ဟု Charles Bullock က VOA သို့ပြောသည်။

အကယ်၍ သူတို့က ထရမ့်ကို စွန့်ခွာမည်ဆိုလျှင်ပင် သူတို့အနေဖြင့် ပါတီတွင်းမှ ထရမ့်ကို လိုလားသော အစုအဖွဲ့၏ စိန်ခေါ်မှုကို ရင်ဆိုင်ရမည် ဖြစ်ပြီး ၎င်းတို့ကို ကျော်လွှားရန် ခက်ခဲလိမ့်မည်ဟု သူက ပြောသည်။ သို့သော်လည်း ဒေါ်နယ်ထရမ့်၏ မဟာမိတ်အဖြစ် ရှုမြင်ခံရခြင်းကလည်း အထွေထွေရွေးကောက်ပွဲတွင် ပေးဆပ်ရနိုင်ပါသည်။
ထရမ့်သစ္စာခံ Jake Ballard ၏ ရပ်တည်ချက်က ရီပတ်ဘလစ်ကန်များ အနေဖြင့် သူတို့၏ ပါတီကို အတူတကွ ထိန်းထားနိုင်ရေး အတွက် စိန်ခေါ်မှုကို ဖော်ပြနေသည်။
“တကယ်လို့ ရီပတ်ဘလစ်ကန်ပါတီကို မစ်ရွန်နေ၊ (ကွယ်လွန်သူ အရီဇိုးနားပြည်နယ် အထက်လွှတ်တော်အမတ်ဟောင်း) ဂျွန်မက်ကိန်းနဲ့ (ကန်တက်ကီ အထက်လွှတ်တော်အမတ်) မစ်မတ်ကောနဲလ်တို့လိုမျိုး ကျပ်မပြည့်တဲ့ အမည်ခံ ရီပတ်ဘလစ်ကန် RINO တွေက ဆက်လက် အုပ်ချုပ်နေမယ်ဆိုရင် ကျနော် အဲဒီရွေးကောက်ပွဲတွေကို လက်ရှောင်လိုက်ပြီး ဒေသတွင်း ရွေးကောက်ပွဲတွေမှာ အာရုံ စိုက်တော့မယ်” ဟု Jake Ballard ကပြောသည်။ RINO ဆိုသည်မှာ ဒီမိုကရက် များနှင့် ပတ်သက်၍ အလွန်ပျော့ပျောင်းသည်ဟု ထင်မြင်သူများကို တိုက်ခိုက်သည့် စကားလုံး ဖြစ်သည်။
ထရမ့်ကို ထောက်ခံသူ မဲဆန္ဒရှင် တဦးဖြစ်သည့် ဖလော်ရီဒါ အလယ်ပိုင်းမှ Jillian Dani က သူ့အနေဖြင့် ရီပတ်ဘလစ်ကန်များကြားမှ စစ်ပွဲအတွက် စိတ်အားထက်သန်ခြင်း မရှိကြောင်း ပြောသည်။ ရွေးချယ်တင်မြှောက်ခံထားရသည့် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရ သက်တမ်း ပထမ ၂ နှစ်အတွင်း ဒီမိုကရက် ထိန်းချုပ်ထားသည့် ကွန်ဂရက်နှင့် အိမ်ဖြူတော်တို့ ညီညွတ်မှုက ရီပတ်ဘလစ်ကန် ပါတီပြန်လည်ပေါင်းစည်းရေးကို အထောက်အကူ ပေးလိမ့်မည်ဟု သူက ယုံကြည်သည်။
“တိုင်းပြည်ကို ဒီမိုကရက်တွေ မဖျက်ဆီးနိုင်အောင် ကာကွယ်စောင့်ရှောက်ဖို့ ကိုပဲ ကျမ အာရုံစိုက်တယ်” ဟု သူမက ရှင်းပြသည်။ “သူတို့ လုပ်နိုင်မှာကို ကျမ စိုးရိမ်တယ်။ ကွန်ဂရက်ကို ထိန်းချုပ်မှု ပြန်ရယူဖို့ ကျမတို့ အတူတကွ လုပ်ဖို့ လိုအပ်တယ်လို့ ကျမ တကယ်ကို ထင်ပါတယ်။ ကျမ ဆိုလိုတာက မဲပေးခြင်းအားဖြင့်ပေါ့။”
(VOA မှ Matt Haines ၏ Trump Voters Divided on Future of Republican Party ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဘိုင်ဒင်ကျမ်းသစ္စာ မကျိန်ဆိုမီ ဝါရှင်တန်မှ ထရမ့် ထွက်ခွာလို ဟုဆို
အိမ်ဖြူတော်မှ ထွက်လာမည့် ဒေါ်နယ်ထရမ့်ကို အမှုများက စောင့်ကြိုနေ
အမေရိကန် ခေါင်းပြန်ထောင်ရမယ့် မနက်ဖြန်
ထရမ့်ကို ထပ်မံစွဲချက်တင်ခြင်းနှင့် ရှေ့အလားအလာ