အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ တောင်ပြို၊ ကမ်းပြို အနိုင်ရရှိပြီးတဲ့နောက် ဒေသခံ တိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှု ပါဝင်မယ့် “အမျိုးသား ညီညွတ်ရေး အစိုးရ” တရပ် ဖွဲ့စည်းဖို့ အနိုင်ရ တိုင်းရင်းသား နိုင်ငံရေးပါတီတွေရဲ့ သဘောထားကို လိုက်လံစုစည်းနေပါတယ်။
NLD ပါတီက ဒီလိုလိုက်လံ ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားပါတီအသီးသီးက ပြည်ထောင်စုနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေမှာ တာဝန်ယူနိုင်ကြောင်း တင်ပြခဲ့ကြပေမယ့် “ဝ” အမျိုးသားပါတီ (WNP) ကတော့ အခြား ပါတီတွေနဲ့ ကွဲပြားတဲ့ အကြောင်းအရာ တခုကို ဆွေးနွေးခဲ့ပါတယ်။
အဲဒါကတော့ “ဝ” လူမျိုးတွေအတွက် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းကို “ပြည်နယ်” အဆင့် တိုးမြှင့်ပေးဖို့ပဲ ဖြစ်ပါတယ်။
NLD ပါတီ က အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းဖို့ တိုင်းရင်းသားပါတီတွေရဲ့ သဘောထားတွေကို ရယူနိုင်ဖို့အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနဲ့ မြစ်ကြီးနားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန် တို့ကို တာဝန်ပေးထားတာပါ။
သူတို့ ၃ ဦးရဲ့ တောင်ကြီး ခရီးစဉ်အတွင်း နိုင်ငံရေးပါတီ ၇ ပါတီနဲ့ တွေ့ဆုံခဲ့ရာမှာ WNP တပါတီတည်းက NLD ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးခရီးမှာ သူတို့ကို ပြည်နယ်အဆင့် တိုးမြှင့် သတ်မှတ်ပေးဖို့ကို ဦးတည် ပြောဆိုခဲ့တာပါ။
“ဝ” အမျိုးသားပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဆမ်ဆောင်ကားက “NLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တဲ့အခါမှာ ယခင်က ရှိပြီးဖြစ်တဲ့ ဝ ပြည်နယ်ကို ပြည်ထောင်စုရဲ့ပြည်နယ်တခုအနေနဲ့ ပြန်လည်ပြီးတော့ သတ် မှတ်ပေးဖို့ တောင်းဆိုထားတယ်” လို့ ပြောပါတယ်။
အခုလို “ဝ” ဒေသကို ပြည်နယ်အဆင့် တိုးမြှင့်ပေးဖို့ တောင်းဆိုမှုက WNP ပါတီတခုတည်းက မဟုတ်ဘဲ တရုတ်-မြန်မာ နယ်စပ်မှာ အခြေစိုက်ထားတဲ့ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ/ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) ဆိုရင် ပြည်နယ် ရရှိရေး ပြောဆိုနေတာ ဆယ်စုနှစ် ချီလာခဲ့ပြီ ဖြစ်ပါတယ်။
ပြည်နယ် တောင်းဆိုမှု အစ
“ဝ” သမိုင်းကြောင်း တလျှောက် နောက်ကြောင်း ပြန်ကြည့်မယ်ဆိုရင် UWSA က ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ထံက ခွဲထွက်ပြီး စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်တွေ ချုပ်ဆိုပြီးချိန်က စလို့ “ဝ” လူမျိုးတွေကို သီးခြား ပြည်နယ်တခု ပေးဖို့ ဆွေးနွေးလာခဲ့တာပါ။
၁၉၈၉ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှာ UWSA ထိပ်သီး ခေါင်းဆောင် ဦးကျောက်ညီလိုင်နဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၊ အတွင်းရေးမှူး (၁) ဗိုလ်မှူး ချုပ် ခင်ညွှန့်တို့ တွေ့ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးစဉ်ကလည်း ပြည်နယ် သတ်မှတ်ပေးဖို့ ဦးကျောက်ညီလိုင်က တောင်းဆိုပါတယ်။
ဦးကျောက်ညီလိုင်နဲ့ ဗိုလ်မှူးချုပ် ခင်ညွှန့်ကြား ဆွေးနွေးချက် အသေးစိတ်ကို UWSA ခေါင်းဆောင်တွေ ဦးစီး ထုတ်ဝေ ထားတဲ့ ဝ သမိုင်းမှတ်တမ်း စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။
ထိုစဉ်က ဗိုလ်မှူးချုပ် ခင်ညွှန့်က ဝ ပြည်နယ် တောင်းဆိုတာကို အသိအမှတ်ပြုပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စစ် အစိုးရမှာ ပြည်နယ်သတ်မှတ်ပေးပိုင်ခွင့် မရှိတာကြောင့် နောင်ရွေးကောက်ပွဲကတဆင့် တက်လာမယ့် အစိုးရ လက်ထဲကို ဦးကျောက်ညီလိုင်နဲ့ ဆွေးနွေးထားတာတွေကို လွှဲပေးမယ်လို့ ပြန်လည် ဖြေဆိုကြောင်း မှတ်တမ်းထဲမှာ တွေ့ရပါတယ်။
UWSA တပ်ဖွဲ့တွေ လှုပ်ရှားပြီး ဝ တောင်တန်းဒေသ တကြောဖြစ်တဲ့၊ မြန်မာ- တရုတ်နယ်စပ်၊ ရှမ်းပြည်နယ် အရှေ့မြောက် ဒေသက မိုင်းမော၊ ပန်ဆန်း (ပန်ခမ်း)၊ ပန်ဝိုင်၊ နားဖန်းမြို့နယ်တွေကိုတော့ UWSA အုပ်ချုပ်ခွင့်ရတဲ့ အထူးဒေသ (၂) နယ် မြေအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် တခုကို အတည်ပြု ပြဋ္ဌာန်း လိုက်ပါတယ်။
စစ်အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဆိုပေမယ့် ဝ ကိုတော့ ပြည်နယ် သတ်မှတ်ပေးခဲ့ခြင်း မရှိပါဘူး။
ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရဲ့လက်အောက်က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း တခုအဖြစ်ပဲ သတ်မှတ်ပေးခဲ့ပါတယ်။
ဝ နယ်မြေများ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၂) နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ပုံ၊ ပုဒ်မ ၅၆၊ အပိုဒ်ခွဲ (စ) အရ ရှမ်းပြည်နယ် မြောက်ပိုင်းက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်း မြို့နယ် ၆ ခုကို ခရိုင်၂ ခရိုင်ဖွဲ့ပြီး ဝ ကိုယ်ပိုင် အုပ် ချုပ်ခွင့်ရတိုင်းအဖြစ် အသိအမှတ်ပြုကြောင်း ပြဋ္ဌာန်းထားပါတယ်။
ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းထဲမှာ ပါဝင်တဲ့ နယ်မြေအားလုံးကို အစိုးရက အားလုံး အုပ်ချုပ်ခွင့် မရပါဘူး။
မိုင်းမော၊ ပန်ဆန်း၊ ပန်ဝိုင်နဲ့ နားဖန်းမြို့နယ် ၄ ခုဟာ UWSA ရဲ့ လက်အောက်ထဲမှာ ထိန်းချုပ်ထားတာပါ။
ကျန် မြို့နယ်၂ ခုဖြစ်တဲ့ ဟိုပန်နဲ့ မက်မန်းမြို့နယ်တွေက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဒေသ ဦးစီးအဖွဲ့က အုပ်ချုပ်တဲ့ မြို့နယ်တွေ ဆိုပေမယ့် ဟိုပန်နဲ့ မက်မန်းရဲ့နယ်မြေဒေသ အစိတ်အပိုင်းအချို့ဟာလည်း UWSA ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေတာပါ။
UWSA အုပ်ချုပ်တဲ့ နယ်မြေထဲကို အစိုးရ အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေ ဝင်ရောက်ခွင့်နဲ့ အာဏာ သက်ရောက်မှုမရှိဘဲ အစိုးရနယ်မြေနဲ့ UWSA ထိန်းချုပ်တဲ့ နယ်မြေအစပ်မှာ နှစ်ဖက်နယ်စပ်လို လုံခြုံရေးတပ်တွေ ဂိတ်စခန်းတွေ အခိုင်အမာ စည်းချထားပါတယ်။
အထက်မှာပြောခဲ့တဲ့ နယ်မြေတွေကတော့ အစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ဥပဒေနဲ့ တရားဝင် သတ်မှတ်ပေး ထားတဲ့ နယ်မြေတွေပါ။
ဝ ခေါင်းဆောင်တွေ တောင်းဆိုနေတဲ့ ဝ ပြည်နယ်ကတော့ အဲဒီနယ်မြေတွေတင် မကပါဘူး။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သတ်မှတ်ခံထားရတဲ့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအပြင် ရှမ်းပြည်နယ် တောင်ပိုင်းမှာ UWSA ထိန်းချုပ်ထားတဲ့ မိုင်းဆတ် ခရိုင်ထဲက ပုံပါကျင်၊ နားကောင်းမူ၊ ဟွေ့အော် ဒေသတွေကိုပါ စုပေါင်းပြီး ပြည်နယ် အဖြစ် သတ်မှတ်ပေးစေချင်တာ ဖြစ်ပါတယ်။
အများစုကတော့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိတာကြောင့် ဝ မြောက်ပိုင်းဒေသလို့ ခေါ်ဝေါ်သလို ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ UWSA ထိန်းချုပ်ရာ နယ်မြေကိုတော့ ဝ တောင်ပိုင်းဒေသလို့ ခေါ်ဆိုကြပါ တယ်။
ဝ ခေါင်းဆောင်တွေက စစ်အစိုးရ လက်ထက်မှာ မအောင်မြင်ခဲ့တဲ့ ပြည်နယ် တောင်းဆိုမှုကို သမ္မတ ဦးသိန်းစိန် လက် ထက်၂၀၁၅ ခုနှစ်မှာ လူသိရှင်ကြား တောင်းဆိုမှုတွေ စတင် ပြုလုပ်လာခဲ့ပါတယ်။
၎င်းတို့ရဲ့ မြို့တော်ပန်ဆန်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၂၀ နီးပါးလောက်က ထိပ်သီးခေါင်းဆောင်တွေကို ဖိတ်ခေါ်အစည်းအဝေးပြုလုပ်ရင်း ဝ ပြည်နယ် တောင်းဆိုရာမှာ ထောက်ခံ ပေးကြဖို့အတွက် UWSP/UWSA ရဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်က စည်းရုံးပြောဆိုခဲ့ပါတယ်။
အစိုးရက ဦးဆောင်ကျင်းပတဲ့ ငြိမ်းချမ်းရေး ညီလာခံတွေမှာလည်း ပြည်နယ်တောင်းဆိုတဲ့ စာတမ်းတွေကို တင်သွင်းလာ ပါတယ်။
၂၀၁၉ ခုနှစ် ဧပြီမှာတော့ ဝ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နှစ် ၃၀ ပြည့် အခမ်းအနားကို ပြည်တွင်းပြည်ပက နိုင်ငံရေး အင်အားစုတွေ သတင်းမီဒီယာတွေရှေ့မှာ အကြီးအကျယ် ကျင်းပခဲ့ပြီး ဦးပေါက်ယူချန်က ဝ ကို ပြည်နယ်အဆင့် တိုးပေး ဖို့ ထပ်မံ တောင်းဆိုခဲ့ပြန်ပါသေးတယ်။
အဲဒီအခမ်းအနား မကျင်းပခင်က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ဖိတ်ကြားခဲ့ပေမယ့် ဝ က ပြည်နယ်တခု အသွင်သဏ္ဍာန်နဲ့ ဖိတ်ကြားပြောဆိုတာ စစ်ရေးပြ အခမ်းအနားမှာ လက်နက်ခဲယမ်းနဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းအချို့ပိုင်ဆိုင်ထားတာ တွေကို ထုတ်ပြမယ့် အစီအစဉ်တွေကြောင့် နိုင်ငံတော်အကြီးအကဲတွေက တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
ဝ ခေါင်းဆောင်တွေရဲ့မျှော်မှန်းချက်
ဝ ခေါင်းဆောင်များက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ လက်အောက်မှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့်နဲ့တင် မတင်း တိမ်နိုင်ပါဘူး။ ရှမ်းပြည် လက်အောက်ခံ မဟုတ်ဘဲ ဗဟိုအစိုးရနဲ့ တိုက်ရိုက် ဆက်ဆံခွင့်ရမယ့် ဝ ပြည်နယ်တခု ထူထောင်နိုင်ဖို့က ဝ ခေါင်းဆောင်တွေရဲ့ အိပ်မက်တခုလည်း ဖြစ်ပါတယ်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ တဦးဖြစ်တဲ့ ဦးမောင်မောင်စိုးက ဝ ခေါင်းဆောင်များ အနေနဲ့ ဗဟိုအစိုးရနဲ့ ညှိနှိုင်းဖို့ ပထမဦးစားပေး အချက်က ပြည်နယ်ရရှိရေးပဲ ဖြစ်တယ်လို့ ပြောပါတယ်။
ပြည်နယ် ရရှိရေးမှာ ဝ ခေါင်းဆောင်တွေက ပြည်နယ် တောင်းဆိုရေး တခုတည်းကိုသာ ဗဟိုအစိုးရနဲ့ ညှိနှိုင်းရမှာ မဟုတ် ဘဲ ပြည်နယ် သတ်မှတ်ပေးမယ်ဆိုရင် UWSA ကို စီမံခန့်ခွဲမှု အာဏာဘယ်လောက် အတိုင်းအတာအထိပေးမယ် ဆို တာနဲ့ UWSA တပ်ကိုလည်း နိုင်ငံရဲ့ တရားဝင်တပ် တခုဖြစ်ဖို့ ညှိနှိုင်းရမှာတွေ ရှိတယ်လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။
“သူတို့က ဖက်ဒရယ်ထက် မြင့်တဲ့ ကွန်ဖက်ဒရေးရှင်း ပုံစံ ဖြစ်နေတယ်။ ဒီတော့ ဘောင်ဝင်အောင် ဘယ်လို ညှိကြမလဲ ဆို တဲ့ ပြဿနာ၊ နိုင်ငံရေးအရ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့ ပြဿနာပါ။ နိုင်ငံရေးအရ မဖြေရှင်းဘဲ ဒီအတိုင်း ပဲ ထားရင်လည်း အချိန်ကြာလေ ဖြေရှင်းရ ခက်လေပဲ ဖြစ်မယ်” လို့လည်း ဦးမောင်မောင်စိုးက ပြောပါတယ်။
ဝ အရေးကိစ္စက အစိုးရ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ညီလာခံတွေမှာ လူအများကြား ဆွေးနွေးရင် ပိုရှုပ်ထွေးနိုင်တယ် လို့ ဦးမောင်မောင်စိုးက ရှုမြင်ပြီး ဝ ခေါင်းဆောင်တွေနဲ့ ဗဟိုအစိုးရကြား သီးခြားညှိနှိုင်းသင့်တယ်လို့ သူက သုံးသပ်ပါ တယ်။
ဝ ခေါင်းဆောင်တွေက အစိုးရနဲ့ ညှိနှိုင်းနေရတဲ့ သူတို့ရဲ့ အိပ်မက်နဲ့ မျှော်မှန်းချက်တွေကို အသေးစိတ် ရေးဆွဲထားတဲ့ အရေးကြီး စာတမ်းတစောင်ကို ၂၀၁၆ ခုနှစ်တုန်းက လူသိရှင်ကြား ထုတ်ဖော်ခဲ့ဖူးပါတယ်။
အဲဒီစာတမ်းထဲမှာဆိုရင် ပြည်နယ်တွေကို ဗဟိုအစိုးရရဲ့ စွက်ဖက်မှုမပါဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုက်ရိုက် ကူးလူး ဆက်ဆံပိုင်ခွင့် အာဏာ ပေးဖို့၊ ကမ္ဘာ့နိုင်ငံ အနှံ့အပြားက ဝင်ရောက်လာသူတွေရဲ့ လူဝင်မှုကြီးကြပ်ရေးကိုလည်း ပြည်နယ် အစိုးရက စီရင်ပိုင်ခွင့်ပေးဖို့ စတဲ့ ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်အာဏာများစွာ ခွဲဝေပေးဖို့ ပြောထားတဲ့အပြင် ပြည်နယ် အစိုးရထံမှာ ပြည်ထောင်စု တပ်မတော်ရဲ့တိုက်ရိုက် ညွှန်ကြား အုပ်ချုပ်ပိုင်ခွင့် မရှိတဲ့ တိုင်းရင်းသား တပ်မတော်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ တပ်မတော်တရပ် သီးခြားထားဖို့ အရေးတွေလည်း ပါဝင်ပါတယ်။
“ဝ” ခေါင်းဆောင်များ အနေနဲ့ ပြည်နယ်ရရင် အနာဂတ်မှာ နိုင်ငံတကာနဲ့ တိုက်ရိုက် ကူးလူးဆက်ဆံဖို့၊ ပြည်နယ်နဲ့ နိုင်ငံ တကာကြား တိုက်ရိုက် ဆက်ဆံခွင့်ရဖို့ မျှော်မှန်းထားသလို ဒေသတွင်း စီးပွားရေးလုပ်ငန်းနဲ့ ခရီးသွားလာရေး လုပ်ငန်း တွေကို တိုးချဲ့ဖို့ကိုလည်း မျှော်မှန်းချက်တွေ ရှိပါတယ်။
လက်ရှိမှာတော့ “ဝ” ဒေသဟာ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ အုပ်ချုပ်တဲ့ ဒေသအဖြစ်သာ တည်ရှိနေတာကြောင့် “ဝ” ရဲ့ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ စီးပွားရေး စတဲ့ လူမှုဘဝနေထိုင်ရေး၊ ဝင်ငွေ ရရှိရေး အားလုံးတို့ဟာ အိမ်နီးချင်း တရုတ် နိုင်ငံ အပေါ်မှာ မှီတည်ထားရတာ ဖြစ်ပါတယ်။
ဒေသတွင်း ထွက်ရှိတဲ့ ရာဘာ၊ ခဲမဖြူ၊ သံသတ္တု၊ လက်ဖက် စတာတွေကို တရုတ်နိုင်ငံကို တင်ပို့တဲ့အပြင် တရုတ်နိုင်ငံက စီးပွားရေး သမားတွေနဲ့ အကျိုးတူ ပူးပေါင်းပြီး ဝ ဒေသထဲ ကာစီနိုရုံနဲ့ လောင်းကစားဝိုင်း၊ အပျော်မယ်ရုံနဲ့ ဟိုတယ် လုပ်ငန်းတွေကနေလည်း ဝင်ငွေ ရှာဖွေနေတာပါ။
ဝ ဒေသဟာ ပြည်ထောင်စုရဲ့နယ်မြေ အစိတ်အပိုင်းဖြစ်ပေမယ့် အစိုးရအာဏာ သက်ရောက်ခြင်း မရှိတာကြောင့် နိုင်ငံ တကာက လာရောက်တဲ့ ခရီးသွားတွေ စီးပွားရေး လုပ်ငန်းရှင်တွေက ဝ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ဆက်ဆံနိုင်ခြင်း မရှိသလို ဝ ဒေသဟာလည်း တားမြစ် ဧရိယာအဖြစ် အစိုးရက သတ်မှတ်ထားတာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ဘိန်းရာဇာ၊ မူးယစ်ရာဇာအဖြစ် နိုင်ငံတကာမှာ ရာဇဝတ်မှတ်တမ်း ရှိခဲ့တဲ့ ဝ ခေါင်း ဆောင်ရဲ့ဒေသက စီးပွားရေးလုပ်ငန်း၊ ဝင်ငွေအများစုနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်က တရုတ်ကိုပဲ မှီတည် ထားရတာ ဖြစ်ပါတယ်။
မည်သို့ဆိုစေ ဝ ဒေသကတော့ အစိုးရ၊ တပ်မတော်တို့ရဲ့စွက်ဖက်မှု မရှိ၊ ဝ ခေါင်းဆောင်တွေပဲ တိုက်ရိုက်အုပ်ချုပ်၊ ဝတပ် ကပဲ ဒေသကို အပြည့်အဝ လုံခြုံရေးယူပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ ရရှိနေတဲ့ အခြေအနေပါ။
ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အရံအတားများ
ဝ အနေနဲ့ ပြည်နယ် မျှော်မှန်းချက်ကိုရရှိဖို့ နိုင်ငံတော် အကြီးအကဲတွေဆီမှာ တိုက်ရိုက်တောင်းခံတာ၊ ညှိနှိုင်းတာတွေ အကြိမ်ကြိမ် ပြုလုပ်နေပေမယ့် တကယ်တမ်းတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ထဲက နယ်နိမိတ်တချို့ကို ခွဲ ထုတ်လိုက်ပြီး ပြည်နယ် အသစ်တခုကို တည်ထောင်ပေးဖို့ ဆိုတာက နိုင်ငံတော်အကြီးအကဲတွေနဲ့ တိုက်ရိုက်ညှိနှိုင်းပြီး ရ ယူနိုင်လောက်အောင် မရိုးရှင်းလှပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခန်း(၂)၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ၊ ပုဒ်မ ၅၃ ပါ အပိုဒ်ခွဲများအရ ပြည်နယ် တနယ်ရဲ့နယ်နိမိတ်ကို ပြင်ဆင်ဖို့ အကြောင်းရှိလာရင် အဲဒီ နယ်နိမိတ်ထဲက အကျုံးဝင်တဲ့ မြို့နယ်တွေမှာ နေထိုင်သူ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတို့ရဲ့ ဆန္ဒသဘောထားကို ပထမဆုံး ကောက်ယူရမှာ ဖြစ်ပါတယ်။
မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်က ပြည်နယ် တနယ်ရဲ့ နယ်နိမိတ်ပြင်ဆင်ဖို့ကို ထောက်ခံခြင်း မပြုရင် နယ်နိမိတ်ပြင်ဆင် သတ်မှတ်တာတွေ လုံးဝ မပြုရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။
အကယ်၍ ဒေသခံ မဲပေးပိုင်ခွင့်ရှိသူ အားလုံးထဲကမှ ၅၀ ရာနှုန်းကျော်ရဲ့ ထောက်ခံမဲတွေ ရရှိခဲ့တယ်ဆိုရင် ဒုတိယ အဆင့် အနေနဲ့ သက်ဆိုင်ရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ဆန္ဒကို ထပ်မံ ရယူရမှာပါ။
သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့လေးပုံသုံးပုံနဲ့ အထက်က ထောက်ခံ ဆန္ဒမဲပေးတယ်ဆိုရင် တော့ ပြည်ထောင်စု လွှတ်တော်ရဲ့သဘောတူညီချက်ရယူပြီး ပြည်နယ် နယ်နိမိတ်ကို ပြင်ဆင်ပေးဖို့ နိုင်ငံတော် သမ္မတထံ ကို တင်ပြကာ ခွင့်ပြုချက်ယူရမှာ ဖြစ်ပါတယ်။
ဒီ့ပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အခွင့်အရေး ထပ်မံပေးထားတဲ့ တချက်ကတော့ သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်က ကိုယ်စားလှယ်တွေထံမှာ ထောက်ခံဆန္ဒမဲ မရခဲ့ရင်တောင် ပြည်ထောင်စု လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ထပ်မံ ရယူနိုင် တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ဦးရေရဲ့ လေးပုံသုံးပုံနဲ့ အထက်က နယ်နိမိတ် ပြင်ဆင်သင့်တယ်လို့ ထောက်ခံရင်လည်း နိုင်ငံတော် သမ္မတက ပြည်နယ် နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရမယ်လို့ ပြဋ္ဌာန်း ထားပါတယ်။
ပုဒ်မ ၅၅ မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း တခုခုရဲ့ အမည်ကို ပြောင်းလဲမယ်ဆိုရင် ပြည်နယ်ဝန်ကြီး ချုပ်က သမ္မတထံ ထောက်ခံ တင်ပြပေးရမှာ ဖြစ်သလို တင်ပြစာကို သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။
လက်ရှိ ဖွဲ့စည်းပုံအရ ပြည်နယ် ရပိုင်ခွင့်ကို ဆောင်ရွက်မယ်ဆိုရင်တော့ ရှမ်းပြည်နယ် နယ်နိမိတ်ကို ပြင်ဆင်ပြီး ပြည်နယ် သစ်တခု ရဖို့ဆိုတာ လွယ်ကူလှတဲ့ လမ်းမဟုတ်ပါဘူး။ ဝ ခေါင်းဆောင်တွေ အနေနဲ့လည်း သဘောပေါက်ပုံ ရပါတယ်။ သူတို့က လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်ကနေ ပြည်နယ်သစ် သတ်မှတ်ပေးဖို့ကို တောင်းဆိုနေတာ မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရာမှာ ဝ ကို ပြည်နယ်ပေးဖို့ ထည့်သွင်း စဉ်းစားပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဝ ရဲ့ တောင်းဆိုချက် အသေးစိတ် ရေးသားထားတဲ့ စာတမ်းထဲမှာဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသစ်ရေးဆွဲဖို့ ဒါမှ မဟုတ် ပြင်ဆင်ရေးဆွဲဖို့ဆိုတဲ့ တောင်းဆိုချက်တွေလည်း ပါဝင်ပါတယ်။ တောင်ကြီးမြို့မှာ NLD ကိုယ်စားလှယ်တွေကို ပြည်နယ်အရေး တောင်းဆိုခဲ့တဲ့ ဝ အမျိုးသား ပါတီဟာလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရင်း ပြည်နယ်အဆင့် တိုးပေးဖို့ ပြောဆိုခဲ့တာပါ။
ဝ ဒေသက တရုတ်နဲ့ပဲ အဓိက ဆက်ဆံရေးပြုလုပ်နေတာကြောင့် ဒေသတွင်းမှာ မြန်မာစာ၊ မြန်မာစကားထက် တရုတ်စာ၊ တရုတ်စကားက ပိုပြီး အသုံးဝင်သလို ဝ ဒေသ အာဏာပိုင်တွေရဲ့ ရုံးသုံးစာ၊ ဘုံသုံးစကားကလည်း တရုတ်စကား ပါပဲ။ ဝ စာပေနဲ့ ဝ စကားကိုလည်း အသုံးပြုကြပေမယ့် တရုတ်စာ၊ တရုတ်စကားကတော့ ပိုပြီး အသုံးပြုတာကို တွေ့ရပါတယ်။
ဝ ဒေသက အာဏာပိုင်တွေဟာ သူတို့ ဒေသတွင်း ရှာဖွေလို့ရတဲ့ ငွေနဲ့ ဒေသတွင်း ဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး တွေကို တိုးတက်အောင် လုပ်ထားတာကြောင့် UWSA ထိန်းချုပ်ရာ မြို့တွေက အစိုးရ ထိန်းချုပ်ရာ နယ်မြို့ငယ်လေးတွေ ထက်တော့ ဖွံ့ဖြိုးနေတာပါ။
သို့ပေမယ့် ပြည်မနဲ့ အစိုးရထိန်းချုပ်ရာ နယ်မြေမှာ နေထိုင်ကြသူတွေ အတွက်ကတော့ ဝ ဒေသဟာ ဝင်လို့ မလွယ်ကူတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။ ဝ ဒေသတွင်း လည်ပတ်စရာ လက်ဖက်ခင်းတွေ ကာစီနိုရုံတွေ ပျော်စံရာ ဟိုတယ်တွေဟာ တရုတ်နိုင်ငံသားတွေပဲ အလာများတဲ့ နေရာတွေပါ။
ဝ ဒေသက မဟုတ်တဲ့ မြန်မာနိုင်ငံသားတွေကတော့ ဝ ဒေသတွင်း ဝင်ရောက်နေထိုင်တာ၊ စီးပွားရေးလုပ်ကိုင်တာ ရှိပေ မယ့် လူနည်းစုသာ ဖြစ်ပါတယ်။
အစိုးရသစ်အတွက် စောင့်ကြိုနေတဲ့ ပြဿနာ
အကယ်၍ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ရှမ်းပြည်နယ်ထဲက ဖယ်ထုတ်ပြီး သီးခြား ပြည်နယ်သစ်တခုအဖြစ် ထူထောင် ခွင့် ရဖို့ဆိုရင် ဝ ခေါင်းဆောင်တွေနဲ့ ဝ လူမျိုးတွေရဲ့ စိတ်ဆန္ဒအပြင် လက်ရှိ ရှမ်းပြည်နယ်ထဲမှာ အတူယှဉ်တွဲနေထိုင် နေ ကြတဲ့ ရှမ်း၊ တအန်း၊ ပအို့ဝ် စတဲ့ ခေါင်းဆောင်တွေနဲ့ ဒေသခံတွေရဲ့ သဘောထားကလည်း အရေးပါနေပါတယ်။
အနာဂတ်မှာ ဘယ်လို အတူယှဉ်တွဲနေထိုင်မလဲ ဒါမှမဟုတ် ရှမ်းပြည်နယ်ရဲ့ နယ်နိမိတ်ကို ဖဲ့ထုတ်ပြီး ပြည်နယ် အသစ် တွေကို တည်ထောင်မလားဆိုတာကတော့ ရှမ်းပြည်နယ်အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသား လူမျိုးအလိုက် ခေါင်း ဆောင်တွေ အားလုံးက ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။
ဝ လိုမျိုးပဲ ရှမ်းပြည်နယ်တွင်းမှာ စုစည်းနေထိုင်တဲ့ တအန်း(ပလောင်)၊ ပအို့ဝ် လူမျိုးတွေဟာဆိုရင်လည်း ရှမ်းပြည်နယ် နယ်နိမိတ်ကို အသစ်ပြန်ဆွဲပြီး သူတို့အတွက် သီးခြားပြည်နယ်တွေ သတ်မှတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။
ရှမ်းခေါင်းဆောင်တွေထဲမှာ ရှမ်းပြည်နယ်ကို မခွဲခြမ်းဘဲ အနာဂတ်မှာ လူမျိုးအားလုံးရဲ့ အမျိုးသားရေး လက္ခဏာပါတဲ့ အမည်တခု ပြောင်းလဲတာမျိုး ဆွေးနွေးဖို့ လုပ်သင့်ကြောင်း ပြောဆိုကြသူတွေလည်း ရှိပါတယ်။
ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေကြားမှာ အာဏာခွဲဝေမှုှ မညီမျှတာ၊ ပြည်နယ်သူ/သား၊ တိုင်းရင်းသားလူမျိုးတွေ တန်းတူညီ မျှခြင်း မရှိတာတွေကို ညှိနှိုင်းနေရချိန်မှာ ဝ ဟာ ကိုယ့်အာဏာ ကိုယ်ကိုင်စွဲပြီး သူ့ဒေသကို အပြည့်အဝ အုပ်ချုပ်ပိုင်ခွင့် ရှိနေတာကြောင့် ဝ အရေးကိစ္စကို ဦးစားပေးရင်လည်း အခြားလူမျိုးတွေအပေါ် အစိုးရက မညီမမျှ ပိုမိုပြုလုပ်သလို ဖြစ်မယ်လို့ ရှုမြင်ကြသူတွေလည်း ရှိပါတယ်။
ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ရဲ့ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက RCSS အနေနဲ့ ပြည်နယ်တခုလုံးကို ကိုယ်စားမပြုတာကြောင့် ရှမ်းပြည်နယ် ကိုယ်စားပြုအနေနဲ့ မပြောလိုတဲ့အပြင် ဝ အနေနဲ့ ပြည်နယ်တောင်းတဲ့ ကိစ္စမှာ မှတ်ချက်ပြုလိုခြင်း မရှိဘူးလို့ ပြောပါတယ်။
ဒုဗိုလ်မှူးကြီး စိုင်းအုဏ်ခေးက “နံပါတ် ၁ က ရှမ်းပြည်ထဲမှာ ရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့ဆန္ဒကို ခံယူရမှာပါ။ နံပါတ်၂ က ပြည်ထောင်စု အစိုးရရဲ့ လွှတ်တော်မှာ ဆွေးနွေးညှိနှိုင်းသဘောထားတွေ ယူကြရမှာပါ။ ရှမ်းပါတီ၊ ရှမ်းအဖွဲ့အစည်းတွေ ကျန်တဲ့တိုင်းရင်းသားတွေကတော့ ကန့်ကွက် ဟန့်တားမယ့် ဆန္ဒ မရှိပါဘူး” လို့လည်း ပြောပါတယ်။
ရှမ်းပြည်နယ်တွင်းက အင်အားကြီး နိုင်ငံရေးပါတီ တခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်ကတော့ ပြည်နယ်ဆိုတဲ့ အမည်နာမ ရထားပေမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်း တူညီမျှရေးမှာ ဝ လောက် အခွင့်အရေး မရတဲ့ တိုင်းရင်းသားတွေ အရေးကလည်း တဖက်မှာ ရှိနေတယ်လို့ ပြောပါတယ်။
ဦးစိုင်းလိတ်က “တကယ်လို့ ဝ က တောင်းနေတဲ့ အတိုင်း ပြည်နယ်ပေးလိုက်တယ်ဆိုရင် အရင်ကတည်းက ပြည်နယ် ဆိုတဲ့ နာမ ဝိသေသနတွေ ရှိထားပြီးသားက ဝ လိုမျိုး ကိုယ်ပိုင်ခံစားခွင့်တွေ မရှိဘူး။ အဲဒီလိုဆိုရင် အစိုးရအနေနဲ့လည်း တော်တော် စဉ်းစားရ ကျပ်မှာပဲ။ ဘယ်ဥစ္စာကို အရင် ဖြေရှင်းမလဲဆိုတာ အစိုးရရဲ့ စဉ်းစားချက်ပေါ်မှာ မူတည်ပါလိမ့်မယ်” လို့ ပြောပါတယ်။
“ဝ လူမျိုးမှ မဟုတ်ဘူး။ ဘယ်လူမျိုးမဆို တန်းတူရည်တူ ဆက်ဆံပြီး တန်းတူရည်တူ ဆွေးနွေး နိုင်တဲ့ အခင်းအကျင်းကို ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကွက်ကြား တွေ့ဆုံဆွေးနွေး၊ နည်းနည်း အတောင်းကြမ်းတဲ့ သူကိုပေးလိုက်၊ မတောင်းတတ်တဲ့လူကျ နို့မတိုက်ဘဲနေလိုက်ဆိုရင် ကျနော်တို့ ပြည်ထောင်စု ဝါး အစည်း ပြေသွားလိမ့်မယ် ထင်တယ်”
ရှမ်းပြည်နယ်ရဲ့ နယ်နိမိတ်ထဲကနေ ခွဲထွက်ပြီး ပြည်နယ်သစ် ထူထောင်ချင်နေတဲ့ ဝ ရဲ့ တောင်းဆိုချက်အပေါ် လက်ခံခြင်း ရှိ မရှိ သဘောထားကိုတော့ ဦးစိုင်းလိတ်က တစုံတရာ မှတ်ချက်မပြုပါဘူး။
ဗဟိုအစိုးရအနေနဲ့ အနာဂတ် ပြည်ထောင်စုအရေးအတွက် ဆွေးနွေးရာတွင် ဆွေးနွေးမှုပုံစံတခုကို အတည်ပြု ချမှတ်ပြီး ထိုပုံစံအတိုင်း လူမျိုးအားလုံးနှင့် ဆွေးနွေးစေလိုတဲ့အပြင် နိုင်ငံရေး ဆွေးနွေးမှုတွေ ပြုလုပ်ရာမှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့ လိုတယ်လို့ ပြောပါတယ်။
ပွင့်လင်းမြင်သာမှ လူထုကလည်း တဖက်က တောင်းဆိုချက် များနေသလား၊ တဖက်က သိပ်တင်းကြပ်နေသလား ဆို တာတွေကို မြင်ရမှာ ဖြစ်တယ်လို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။
ဆက်ပြီး ဦးစိုင်းလိတ်က “ဝ လူမျိုးမှ မဟုတ်ဘူး။ ဘယ်လူမျိုးမဆို တန်းတူရည်တူ ဆက်ဆံပြီး တန်းတူရည်တူ ဆွေးနွေး နိုင်တဲ့ အခင်းအကျင်းကို ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကွက်ကြား တွေ့ဆုံဆွေးနွေး၊ နည်းနည်း အတောင်းကြမ်းတဲ့ သူကိုပေးလိုက်၊ မတောင်းတတ်တဲ့လူကျ နို့မတိုက်ဘဲနေလိုက်ဆိုရင် ကျနော်တို့ ပြည်ထောင်စု ဝါး အစည်း ပြေသွားလိမ့်မယ် ထင်တယ်” လို့လည်း သုံးသပ်ပါတယ်။
ဝ ရဲ့ ပြည်နယ် တောင်းဆိုတဲ့အရေးက အနာဂတ်မှာ ဆွေးနွေးကြရမယ့် အကြောင်းအရာတခု အဖြစ် ရှိနေပါတယ်။
ပြည်ထောင်စုအတွင်း အနာဂတ်မှာ ဆွေးနွေးရမယ့်ကိစ္စ ဆိုပေမယ့် UWSA ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လွန်ဆန် ပြီး ၎င်းတို့ ဒေသကို ဝ ပြည်နယ်လို့ ၎င်းတို့ဘာသာ သတ်မှတ်ထားပါတယ်။
ဝ ဒေသတွင်း ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဒေသတွင်း ဥပဒေစိုးမိုးရေးအတွက် ဖွဲ့စည်းထားတဲ့ အာဏာပိုင် အဖွဲ့တွေကိုလည်း ဝ ပြည်နယ် အစိုးရအဖွဲ့၊ ဝ ပြည်နယ် ရဲတပ်ဖွဲ့၊ ဝ ပြည်နယ် တရားစီရင်ရေးအဖွဲ့ စသဖြင့် ဒေသတွင်းသုံး ဆိုင်းဘုတ်တွေနဲ့ ရုံးစာတွေမှာပါ အသုံးပြုနေတာပါ။
ဗဟိုအစိုးရနဲ့ တပ်မတော်က တရားဝင် အသိအမှတ် မပြုသလို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း တရားဝင် ပြဋ္ဌာန်း အတည်ပြုထားတာ မဟုတ်တာကြောင့် ဝ ဒေသရဲ့ပြဿနာကတော့ လာမယ့် အစိုးရသစ် လက်ထက်မှာ စတင် ကိုင်တွယ်မယ် ဆိုရင်တောင် ဖြေရှင်းရခက်တဲ့ ပုစ္ဆာတပုဒ် ဖြစ်မှာ အသေအချာပါပဲ။
You may also like these stories:
ဝတောင်တန်းပေါ် UWSA အင်အားပြနေသည်
‘ဝ’ ဒေသကို ပြည်နယ် အဆင့် သတ်မှတ်ပေးရန် WNP တောင်းဆို
ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်တွင် နေရာပေးရန် PNO နှင့် TNP တို့တောင်းဆို