ဆောင်းပါး

အာဏာသိမ်းမိသူတဦး၏ နိုင်ငံရေး သံဝေဂတရား

Want create site? Find Free WordPress Themes and plugins.

“အာဏာသိမ်း”ခြင်းဆိုသည့် စကားရပ်သည် နှစ်ပေါင်းများစွာ တိမ်ငုတ်နေရာမှ ယခုအခါ တဖန်ပြန်လည်၍ ရုတ်တရက်ပေါ်လာပြန်သည်။

ပြီးခဲ့သည့် ဗုဒဟူးနေ့က တပ်မတော်သတင်းစာရှင်းလင်းပွဲမှ အစပြု ထိုစကားရပ် ပြန်ပေါ်လာခြင်းဖြစ်ပြီး၊ ထိုပြောဆိုမှုက ပြည်သူများအကြား ဒွိဟသံသယစိတ်များ ဝင်ခဲ့ကြသလို၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင်လည်း အခြေခံဥပဒေနှင့် ပတ်သက်၍ “ဥပဒေဆိုတာ လေးစားလိုက်နာရမှာ ဖြစ်ပြီး မလိုက်နာဘူးဆိုရင် ဖျက်ပစ်မယ်” ဆိုသည့် ပြောဆိုမှုကြောင့် စိုးရိမ်မှု ပိုလာကြသည်။

ထို့အပြင် နေပြည်တော်တွင် တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးနှစ်ဦးနှင့် အစိုးရဘက်မှ တာဝန်ရှိသူ နှစ်ဦးတို့ လက်ရှိဖြစ်ပေါ်နေသည့် တင်းမာမှု အပေါ် ဆွေးနွေးရာ အဖြေမထွက်ခဲ့သလို ရန်ကုန်မြို့ကြီးတွင် တပ်မတော်၏ သံချပ်ကာ ကားများ လှုပ်ရှားမှုကြောင့် စိုးရိမ်စိတ်ကို မီးလောင်ရာ လေပင့်ဖြစ်ခဲ့သဖြင့် သို့လော သို့လောစိတ်များ ရှိနေကြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့ခြင်းများကို နောက်ကြောင်းပြန်ကြည့်ပါက ၁၉၆၂ တော်လှန်ရေးကောင်စီ အာဏာသိမ်းခြင်းနှင့် ၁၉၈၈ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အဖွဲ့ အာဏာသိမ်းခြင်းဟူ၍ တရားဝင် နှစ်ကြိမ်ဖြစ်ဟု ဆိုသော်လည်း ၁၉၅၈ နိုင်ငံရေး အကျပ်အတည်းကြောင့် တပ်မတော်အား အာဏာလွှဲပေးခဲ့ခြင်းကို ထည့်သွင်းတွက်ချက်ပါက ၃ ကြိမ်ဟု ဆိုနိုင်၏။

၁၉၆၂ ခု မတ်လ ၂ ရက် နေ့ အာဏာသိမ်းပြီးနောက် တပ်မတော်လှုပ်ရှားမှုကို မြင်တွေ့ရစဉ်

၁၉၆၂ ခု မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်ကာ အာဏာသိမ်းခဲ့စဉ်က ဒု ဗိုလ်မှူးကြီး ထွန်းတင်၊ ဒုဗိုလ်မှူးကြီး စိန်လွင်၊ ဒုဗိုလ်မှူးကြီး လှဖုန်းတို့ ဦးဆောင်သည့် တပ်ရင်း သုံးရင်းကို မတ်လ ၁ ရက်နေ့ ည ၁၂ နာရီတွင် တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းမှု စတင်သည်နှင့် တပြိုင်နက် ရန်ကုန်မြို့ရှိ အချက်အချာကျသော ပါလီမန် အဆောက်အအုံ၊ ရဲမင်းကြီးရုံး၊ မင်္ဂလာဒုံ လေယာဉ်ကွင်းမှ ဆက်သွယ်ရေးစခန်း၊ အသံလွှင့်ရုံ၊ စစ်ရဲတပ်၊ ပြည်ထောင်စု ဘဏ် စသည့် အရေးကြီး နေရာများကို ထိန်းသိမ်းခဲ့သည်။

အာဏာသိမ်းရာတွင် ထိန်းသိမ်းရမည့် တိုင်းပြည်ခေါင်းဆောင်များကို လောက်ကောင်၊ စားဖား၊ ဆိတ်လစေ့၊ မျောက်လောင်း၊ ဖာခေါင်း၊ ဖာသည်၊ ဂျပိုး စသည့် နာမည်ဝှက်များပေးကာ လှုပ်ရှားခဲ့သည်။

ပြည်ထောင်စု လမ်းသွယ်ရှိ ဝန်ကြီးချုပ် ဦးနုနေအိမ်၊ ကုက္ကိုင်းလမ်းနှင့် ဂွတ္တလစ်လမ်းဒေါင့်ရှိ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက်နေအိမ်၊ လက်ရှိသမ္မတ မန်းဝင်းမောင်နေအိမ်၊ တရားသူကြီးချုပ် ဦးမြင့်သိန်း နေအိမ်၊ ဝန်ကြီး အများစု နေထိုင်သည့် ဝင်ဒါမီယာ၊ ရှမ်းဂေဟာ၊ ရွှေတောင်ကြားလမ်း စသည့် နေရာများကိုလည်း ဝိုင်းရံကာ ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရာတွင် သမ္မတ မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနု၊ ဝန်ကြီး ဒေါက်တာအေးမောင်၊ ဝန်ကြီး ဦးရာရှစ်၊ သခင်တင်၊ သခင်တင်မောင်၊ ဦးသွင်၊ ဦးဘစော၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မန်းဘဆိုင်၊ လူမျိုးစု လွှတ်တော်ဥက္ကဋ္ဌ စဝ်ခွန်ကြည်၊ တို့အပြင် ရှမ်းစော်ဘွားများဖြစ်သည့် စဝ်ရွှေသိုက်၊ စဝ်ခွန်ချို၊ စဝ်ဝဏ္ဏအပါအဝင် စော်ဘွားများနှင့် ရှမ်းပြည်နယ် အမတ်များ ပါဝင်သည်။

၁၉၈၈ ရန်ကုန်တွင် လူထုဆန္ဒပြပွဲကို တပ်က ဖြိုခွဲစဉ်

နောက်ပိုင်းတွင် မန်းဘဆိုင်၊ ဒေါက်တာ စောလှထွန်း(ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၏ ဖခင်)၊ ဦးဇာရဲလျန်၊ ဦးဘမြိုင်၊ စဝ်မန်ဖတို့ကို မှားယွင်းဖမ်းဆီးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင်တွေ့ဆုံကာ ပြန်လည်လွှတ် ပေးခဲ့သည်။

သမ္မတဟောင်း စဝ်ရွှေသိုက် နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးရာ ပစ်ခတ်မှု ဖြစ်ပွားပြီး စဝ်ရွှေသိုက်၏ သားငယ် စဝ်မီမီသိုက် သေဆုံးခဲ့ရသဖြင့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းက စာနာထောက်ထားကြောင်း သဝဏ်လွှာပို့ခဲ့သည်။

ထိုစဉ်က ကာကွယ်ရေး ဦးစီးချုပ်၏ အာဏာသိမ်း ကြေညာချက်မှာ “ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူ စောင့်ရှောက် လိုက်ပြီဖြစ်ကြောင်း အစီရင်ခံပါသည်” ဟူ၍ ဖြစ်သည်။

ထို့အပြင် တိုင်းသူပြည်သား ရဟန်းရှင်လူများ ကြောင့်ကြ စိုးရိမ်မှု ပူပန်ခြင်း မဖြစ်ဖို့လည်း ကြေညာချက်တွင် မေတ္တာရပ်ခံခဲ့သည်။

ထို့နောက် တပ်မတော် အရာရှိကြီး ၁၇ ဦးနှင့် တော်လှန်ရေး ကောင်စီကို ဖွဲ့ကာ တိုင်းပြည်ကို ဆိုရှယ်လစ် စနစ်ဖြင့် အုပ်ချုပ်ရန် လုပ်ဆောင်ခဲ့သည်။

၁၉၈၈ ရန်ကုန်မြို့တနေရာတွင် တပ်နှင့် ဆန္ဒပြကျောင်းသားများ ထိပ်တိုက်တွေ့ဆုံစဉ်

ဗိုလ်ချုပ်ကြီး နေဝင်းသည် တော်လှန်ရေးကောင်စီ မူဝါဒနှင့် ပတ်သက်၍ ဆွေးနွေးစဉ်က “ဆိုရှယ်လစ်စနစ်ကို လုပ်ကြည့်ရင်း တိုင်းပြည်အတွက် မကောင်းပါက အချင်းချင်း ပြန်တိုင်ပင်ကာ ပြင်သင့်ပါက ပြင်ကြမည်”ဟု မရောမရာ ပြောဆိုခဲ့သလို နောက်ပိုင်းတွင်လည်း တိုင်းပြည်အာဏာနှင့် ပတ်သက်၍ သူ့အနေဖြင့် ကျားမြီးဆွဲထားသလို ခံစားလာရကြောင်း ငြီးတွားမှုများ ရှိခဲ့သည်။

ထိုသို့ တပါတီစနစ်ဖြင့် ၂၆ နှစ်တိုင် စီမံခန့်ခွဲ အုပ်ချုပ်ခဲ့ရာ ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွမှု ဖြစ်ပြီး မြန်မာဆိုရှယ်လစ်လမ်းစဉ် အစိုးရလည်း ပြုတ်ကျကာ ဒုတိယအကြိမ် အာဏာသိမ်းမှု ဖြစ်ခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ခဲ့သည့် ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်သည့် တပ်မတော်၏ ဒုတိယ အကြိမ် အာဏာသိမ်းမှုမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းနှင့် ဆက်စပ်နေပြီး သူ၏ ခွင့်ပြုချက်အရ အာဏာသိမ်း ခဲ့ခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်မှူးချုပ်ခင်ညွှန့်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ

ဤသည်က ထူးခြားချက်ဟု ဆိုရမည်ဖြစ်ပြီး အစိုးရနှင့် တပ်မတော်အကြား နိုင်ငံရေး ထိပ်တိုက်တွေ့မှုကြောင့် အာဏာသိမ်းခြင်း မဟုတ်ပေ။

ဒုတိယအကြိမ် စစ်အာဏာသိမ်းခြင်းတွင် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ အဖွဲ့တဖွဲ့လုံး ဖမ်းဆီးထိန်းသိမ်း ခံရခြင်း မရှိသော်လည်း ဆန္ဒပြ ပြည်သူများနှင့် တပ်မတော်အကြား ထိပ်တိုက်ရင်ဆိုင်ခဲ့မှုကြောင့် သေဆုံးဒဏ်ရာရ သွေးမြေကျမှုများ ဖြစ်ပွားခဲ့သလို ကျောင်းသားအများစုမှ လက်နက်ကိုင် တော်လှန်ရန် ထိုင်း- မြန်မာနယ်စပ်သို့ သွားရောက်ခဲ့ကြသည်။

တပ်မတော်အစိုးရနှင့် အတိုက်အခံများ၊ ကျောင်းသားများအကြား နိုင်ငံရေး တင်းမာမှုများ ဖြစ်လာသည့် အတွက် ဥပဒေ အမိန့်အာဏာ အမျိုးမျိုး ထုတ်ကာ ဖိနိုပ်ချုပ်ချယ်ခဲ့သဖြင့် နိုင်ငံရေးသမားများနှင့် ကျောင်းသား အများအပြား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရကာ မိသားစုများ၏ ဘဝလုံခြုံရေးများ ပျက်ပြားခဲ့ရသည်။

၁၉၈၈ ရန်ကုန်မြို့တွင် ဆန္ဒပြကျောင်းသားတဦး ဒဏ်ရာရလာစဉ်

အလားတူ ပြည်ပနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှုများကြောင့် တိုင်းပြည်စီးပွားရေးမှာ ထိခိုက်ခဲ့ရပြီး အထူးသဖြင့် လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစားမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးပိုင်းတွင် နလံမထူနိုင်အောင် ရှိခဲ့သည်။

အဓမ္မ မြေသိမ်းယာသိမ်းမှုများကြောင့် လူငယ်လူရွယ် အများအပြား အလုပ်လက်မဲ့ဖြစ်ကာ ပြည်ပသို့ ထွက်ခွာမှု များပြားခဲ့ပြီး အာဏာရှိသူများနှင့် ပေါင်းကာ လုပ်ကိုင်စားသောက်သည့် လူတန်းစားတရပ် ထွက်ပေါ်လာကာ အကျင့်စာရိတ္တ ပျက်ပြားမှုများ များပြားခဲ့သည်။

၂၂ နှစ်ကြာ တိုင်းပြည်ကို အာဏာသိမ်း အုပ်ချုပ်ခဲ့သည့် အကျိုးဆက်က ယနေ့တိုင် ခံစားနေရဆဲဟု ဆိုရမည်ဖြစ်ပြီး အတိတ်က အာဏာရှင် စနစ်၏ ဖိနိုပ်မှုများကြောင့် တပ်မတော်နှင့် ပြည်သူအကြား ဆက်ဆံရေးမှာ အေးစက်ခဲ့သည်။

၁၉၈၈ စစ်အာဏာသိမ်းအပြီး ဆန္ဒပြကျောင်းသားများ အပစ်ခံရအပြီး

နှစ်ပေါင်း ၄၈ နှစ်တိုင် စစ်တပ်အစိုးရများ လက်အောက်တွင် နေခဲ့ရသည့်အတွက် အာဏာသိမ်း ဆိုသည့် စကားအပေါ် စိတ်ဒဏ်ရာရခဲ့သူများကို ယနေ့တိုင် တွေ့နေရသည်။

၁၉၈၈ ခု အာဏာသိမ်းရာ၌ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဝင် (၂) အဖြစ် ပါဝင်ခဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံရေး၊ စီးပွားရေး စသည့် အကျပ်အတည်းများကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ အတည်ပြုကာ ၂၀၁၀ တွင် ရွေးကောက်ပွဲ စတင်ပြုလုပ်ပေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် အာဏာသိမ်းရာတွင် ပါဝင်ခဲ့သဖြင့် မည်သို့ နိုင်ငံရေးသံဝေဂရကြောင်း နှုတ်ဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ထုတ်ဖော်ပြောသည်ကို မတွေ့ရသေးသော်လည်း တိုင်းပြည်တွင် အာဏာသိမ်း အလေ့အထကို မျိုးစေ့ချခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းကမူ ၁၉၆၂ အာဏာသိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်သူ့ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးတင်အောင်ဟိန်း၊ အညမည ဦးချစ်လှိုင်(စာရေးဆရာ ကိုကိုမောင်ကြီး)တို့ကို ဤ သို့ ထုတ်ဖော်ပြောကြားခဲ့သည်။

၁၉၈၈ စစ်အာဏာသိမ်းအပြီး ဆန္ဒပြသူများ ပစ်ခတ်ခံရချိန်

“ကိုယ့်လူတွေနဲ့ ကြုံတုန်း ပြောလိုက်ရဦးမယ်၊ ကိုယ့်အနေနဲ့ ဒီသံသရာတရားတွေ၊ သင်္ခါရ တရားတွေ၊ အနိစ္စ အနတ္တ တရားတွေကို ဒီနေ့ သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ်ဆိုရင် ၁၉၆၂ ခုနှစ် မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး” ဟူသတည်း။

ထိုစကား၏ အတိမ်အနက် အလေးအပေါ့ကို ကာယကံရှင် ကိုယ်တိုင်မှတပါး အခြားသူ မသိနိုင်။ ထိုသို့သော နှောင်းမှရရှိသည့် နိုင်ငံရေး သံဝေဂမျိုး မရရှိအောင် အားလုံးအနေဖြင့် ၄၈ နှစ်ကြာ ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် အခြေအနေဆိုးများကို သင်ခန်းစာယူသင့်သည်ဟု ထင်မြင်မိပါသည်။

You may also like these stories:

နိုင်ငံရေး အကျပ်အတည်း ကျော်ဖို့ အစိုးရနှင့် တပ်မတော် ဆွေးနွေးပေမယ့် အဖြေမထွက်

အာဏာသိမ်း ဆိုသည့်စကားရပ်အပေါ် ဘယ်လိုတုန့်ပြန်ကြသလဲ

ရွေးကောက်ပွဲတွင် စစ်ဘက်က စွက်ဖက်မှုကို ခြေရာခံခြင်း

တပ်မတော်နှင့် UEC အငြင်းပွားနေမှု ဘယ်လို ဖြေရှင်းသင့်လဲ

Did you find apk for android? You can find new Free Android Games and apps.
Loading