ဆောင်းပါး

မြန်မာ့အာဏာသိမ်းပွဲ ဂျိုးဘိုင်ဒင် ဘာလုပ်လို့ရသလဲ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ပထမဆုံးနိုင်ငံတကာ အကျပ်အတည်းတခုကို ရင်ဆိုင်ရပြီး အရေးယူပိတ်ဆို့မှုသစ်များ ချမှတ်ခြင်း၊ အကူအညီဖြတ်တောက်ခြင်းနှင့် စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့ ကုမ္ပဏီများအား ပစ်မှတ်ထားကာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်တည့်မတ်လာရေးအတွက် ဖိအားပေးရန် လုပ်ဆောင်နိုင်သည်။

မြန်မာအပေါ် အမေရိကန်အစိုးရက မည်သို့တုံ့ပြန်မည်ဆိုသည်မှာ ဘိုင်ဒင်၏ အမေရိကန် နိုင်ငံခြားရေးမူဝါဒတွင် လူ့အခွင့်အရေး ပြန်လည်အလေးထားရေးနှင့် မဟာမိတ်များနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကတိနှစ်ခုအကြား အစောဆုံးစမ်းသပ်မှုဖြစ်သည်။

ဘိုင်ဒင်က တနင်္လာနေ့တွင် ဒီမိုကရေစီအတွက် ရပ်တည်မည်ဟု ကတိပြုပြီး လွန်ခဲ့သောဆယ်စုနှစ်တခုက တပ်မတော်ခေါင်းဆောင်များက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ကာ နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ပေးသောကြောင့် ယခင်သမ္မတ အိုဘားမားက ဖြည်းဖြည်းချင်း ရုပ်သိမ်းပေးခဲ့သော အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရန် ခြိမ်းခြောက်သည်။

“အဲဒီတိုးတက်မှုကို နောက်ကြောင်းပြန်လိုက်တော့ ကျနော်တို့ အရေးယူပိတ်ဆို့မှု ဥပဒေတွေနဲ့ အခွင့်အာဏာတွေကို ချက်ခြင်း ပြန်လည်သုံးသပ်ဖို့လိုပြီး သင့်တော်တဲ့ အရေးယူဆောင်ရွက်မှု လုပ်ဖို့လိုတယ်” ဟု ဘိုင်ဒင်က ကြေညာချက်တစောင်တွင် ပြောသည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့က ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်များအား ၎င်းတို့၏ နေအိမ်များမှ မောင်းထုတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေပြီးနောက် ထရမ့်အစိုးရသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်မှ ဗိုလ်ချုပ် ၄ ဦးကို ထိုကဲ့သို့ အရေးယူထားသည်။

မြန်မာနိုင်ငံမှ အဖြစ်အပျက်များနှင့် ပတ်သက်ပြီး အရေးပေါ် အုပ်ချုပ်ရေးအမိန့်ချကာ မြန်မာနိုင်ငံကို ဘိုင်ဒင်က ပြန်လည်အရေးယူနိုင်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာန အရေးယူပိတ်ဆို့မှု ဆိုင်ရာအကြံပေးအရာရှိဟောင်း ပီတာကူးစစ်က ပြောသည်။

ထိုသို့လုပ်ဆောင်ခြင်းကြောင်း အမေရိကန်အစိုးရသည် မြန်မာပြည်မှ အာဏာသိမ်းမှုကို မည်သို့ရှုမြင်မည်နှင့် မည်သို့မြင်လိုသည်၊ မည်သို့ဖိအားပေးမည်ကို သိစေမည်ဖြစ်ကြောင်း သူပြောသည်။ နိုင်ငံတကာအရေးပေါ်စီးပွားရေးအခွင့်အာဏာ ဥပဒေ(IEEPA) အရ ဘိုင်ဒင်တွင် ထိုသို့သောအုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ရန် ကျယ်ပြန့်သော အခွင့်အာဏာရှိကြောင်း သူပြောသည်။

ထိုသို့ ပိတ်ဆို့အရေးယူရေးနည်းလမ်းကို မြန်မာနှင့် စီးပွားရေးအရ ဆက်လက် ဆက်ဆံလိုသော စီးပွားရေးလုပ်ငန်းအချို့က ဆန့်ကျင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမှ အမေရိကန်စီးပွားရေးများကို ထောက်ခံသူတဦးပြောသည်။ ထိုသူက လုံခြုံရေးအခြေအနေအရ အမည်ကို ထုတ်ဖေါ်ပြောဆိုခြင်းမပြုပေ။

ပြည်တွင်းကုမ္ပဏီကြီးများနှင့် အဆက်အသွယ်ရှိသော်လည်း ပြည်ပတွင် ဘဏ္ဍာရေး အရေးယူမှုများကြောင့် ထိခိုက်မည့် စီးပွားရေး မရှိသလောက်ဖြစ်သော နေပြည်တော် အစိုးရသစ် ခေါင်းဆောင်များကို အမေရိကန်၏ ဖိအားက အကန့်အသတ်ရှိကြောင်း အမေရိကန်အရာရှိဟောင်းများနှင့် ကျွမ်းကျင်သူများပြောသည်။

ယခင်က အရေးယူပိတ်ဆို့မှုများ၏ အကျိုးသက်ရောက်မှုနှင့်ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်နေရဆဲဖြစ်သည်။ ထိုအရေးယူမှုများသည် တပ်မတော်ခေါင်းဆောင်များကို မထိသလောက်ဖြစ်နေပြီး ဆင်းရဲသော ပြည်သူများသာ ခံစားရသည်ဟု အချို့ကဆိုသည်။

“အရေးယူပိတ်ဆို့မှုတွေ ထပ်လုပ်လို့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟု အိုဘားမားအစိုရ အရှေ့အာရှဆိုင်ရာ အမေရိကန် သံတမန် ဒန်နီရယ် ရပ်ဆယ်က ပြောဆိုကြောင်း ရိုက်တာသတင်းတပုဒ်က ဖော်ပြသည်။

“အကျပ်အတည်းကို ဖြေလျှော့ဖို့ နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ်အုပ်ချုပ်ရေးနဲ့ ပြုပြင်ပြောင်းလဲမှု ပြန်ဖြစ်ဖို့ နှစ်နိုင်ငံခြင်းသာမက မိတ်ဖက်နိုင်ငံတွေနဲ့ပါ ရေရှည်တည်တံ့ကျွမ်းကျင်တဲ့ သံတမန်ရေး လိုအပ်တယ်” ဟု သူပြောသည်။

သို့သော် တပ်ပိုင် ကုမ္ပဏီများကို ပစ်မှတ်ထားရန် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့အပါဝင် လူ့အခွင့်အရေးအဖွဲ့များက ဘိုင်ဒင်ကို တောင်းဆိုကြသည်။

တပ်မတော်၏ အဓိက လုပ်ငန်းစုကြီးနှစ်ခုဖြစ်သော မြန်မာ့စီးပွားရး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့သည် ဘဏ်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ဆက်သွယ်ရေးနှင့် အထည်ချုပ်အပါအဝင် ကျယ်ပြန့်သော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံထားကြသည်။

ရခိုင်မြောက်ပိုင်းအရေးနှင့် ပတ်သက်ပြီး ထိုကုမ္ပဏီများကို မက်ဂ်နစ်စကီးအက်ဥပဒေအရ အရေးယူရန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိများ ပြင်ဆင်ထားသော်လည်း အရေးမယူရသေးကြောင်း ဒေါ်နယ်ထရမ့်လက်ထက် မြန်မာနိုင်ငံရေးရာ မူဝါဒချမှတ်ရာတွင် နက်နက်ရှိုင်းရှိုင်းပါဝင်သည့် ကယ်လီ ကျူရီပြောသည်။

ဘိုင်ဒင်အတွက် အခြားရွေးစရာများတွင် မက်ဂ်နစ်စကီးအက်ဥပဒေအရ ပစ်မှတ်ထားသူများ၏ အမေရိကမှ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းခြင်းနှင့် အမေရိကန် ကုမ္ပဏီများ ၎င်းတို့နှင့် စီးပွားရေးလုပ်ခွင့် ပိတ်ပင်ခြင်းစသည့် နောက်ထပ်အရေးယူမှုများ ချမှတ်ခြင်းပါဝင်သည်။

၂၀၀၈ ခုနှစ်ကချမှတ်ပြီး အိုဘားမားက ၂၀၁၆ ခုနှစ်တွင် တစိတ်တပိုင်း ရုတ်သိမ်းခဲ့သော မြန်မာစစ်အစိုးရဟောင်းကို ပစ်မှတ်ထားသည့် JADE ဥပဒေအရ အရေးယူမှုများကို ဘိုင်ဒင်အနေဖြင့် ပြန်လည်အသက်သွင်းနိုင်သည်။

ဘိုင်ဒင်အစိုးရအနေဖြင့် မြန်မာအရာရှိများနှင့် ၎င်းတို့၏ မိသားစုများ ခရီးသွားလာခြင်းကိုလည်း ပိတ်ပင်နိုင်သည်။

အမေရိကန် ဥပဒေအရ စစ်အာဏာသိမ်းမှုဖြစ်သည်နှင့် အမေရိကန်ဘဏ္ဍာရေး အကူအညီဖြတ်တောက်ရမည်ဖြစ်သည်။ ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံသို့ အမေရိကန်အကူအညီ ဒေါ်လာ ၆၀၆.၅ သန်းရှိပြီး ကျန်းမာရေးအစီအစဉ်များနှင့် သဘာ၀ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက်လည်း ပါဝင်သည်။

ကိုးကား။ ။ Reuters

You may also like these stories:

နိုင်ငံတကာက မြန်မာစစ်တပ်ကို ဖိအားပေးသင့်ဟု အမေရိကန်သမ္မတ ပြော

အရပ်သားခေါင်းဆောင်များကို ချက်ချင်းလွှတ်ရန် ဩစတြေးလျနှင့် အမေရိကန် တိုက်တွန်း

အရေးပေါ်ကာလပြီးပါက ရွေးကောက်ပွဲ ပြန်ကျင်းပ၍ အာဏာပြန်လွှဲပေးမည် ဟုဆို

တပ်ချုပ် အာဏာသိမ်းခြင်း အခြေခံဥပဒေ ချိုးဖောက်ဟု NLD ထုတ်ပြန်

Did you find apk for android? You can find new Free Android Games and apps.
Loading