ရွေးကောက်ခံအစိုးရ တဖွဲ့လုံးကို ဖမ်းဆီးကာ တပ်မတော်က အာဏာသိမ်းလိုက်တဲ့ ရက်သတ္တပတ်အတွင်းမှာပဲ တိုင်းနဲ့ ပြည်နယ်အသီးသီးက လူထုတွေရဲ့ မခံမရပ်နိုင်ဖြစ်မှု အရှိန်က ပိုမြင့်တက်လာပါတယ်။
ရန်ကုန်မြို့မှာဆိုရင် မြို့နယ်တိုင်းက လူထုတွေ လမ်းပေါ်ကို ထွက်လာပြီး စစ်အာဏာရှင် ကျဆုံးရေး တို့အရေး တို့အရေး ဆိုတဲ့ ဆန္ဒထုတ်ဖော်မှုတွေက ပိုကျယ်ပြန့်လာပါတယ်။
ပထမဦးဆုံး လမ်းမပေါ် ဆန္ဒထွက်ပြကြတဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ လူဦးရေ ရာဂဏန်းလောက်ပဲရှိပေမယ့် ဖေဖော်ဝါရီ ၇ ရက်မှာတော့ ရန်ကုန်တမြို့လုံးက လမ်းမတွေပေါ် ထွက်လာပြီး ဆန္ဒပြသူဦးရေ သိန်းကျော်အထိကို များလာခဲ့တာပါ။ ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်ဆို ရန်ကုန်မြို့လည်လမ်းမတွေပေါ် ဆန္ဒပြသူတွေ ပြည့်လျှံသွားပြီး လူ ၇ သိန်းလောက် ရှိမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

လမ်းပေါ်ထွက်လာပြီး ဆန္ဒပြသူတွေက တပ်မတော်ကို အာဏာသိမ်းတာ စွန့်လွှတ်ပေးဖို့၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံဖို့ အဓိက တောင်းဆိုကြပါတယ်။
တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းယူလိုက်ပြီးနောက် ရန်ကုန်မြို့ရဲ့ ထင်ရှားတဲ့ နေရာတွေ ဖြစ်တဲ့ လှည်းတန်းလမ်းဆုံ၊ တက္ကသိုလ် ရိပ်သာလမ်း၊ ဆူးလေမြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံရှေ့အပါအဝင် ပြည်လမ်း၊ အင်းစိန် လမ်းမတွေဟာ ရက်ပိုင်းအတွင်းမှာပဲ တိတ်ဆိတ်သွားခဲ့ပါတယ်။
တိတ်ဆိတ်သွားတဲ့ နေရာတွေမှာ ဖေဖော်ဝါရီ ၆ ရက်ကစပြီး အစားထိုး ဝင်ရောက်လာတာကတော့ မြို့နယ်၊ ရပ်ကွက် အသီးသီးကနေ ဆန္ဒပြဖို့ ထွက်လာကြတဲ့ လူအုပ်ကြီးတွေပါပဲ။

တပ်မတော်က အာဏာသိမ်းအုပ်ချုပ်တဲ့ လက်အောက်မှာ မနေလိုတာကြောင့် ဆန့်ကျင်ဖို့ လူထုဆန္ဒကိုသိဖို့ ရည်ရွယ် ချက်တွေနဲ့ လာစုဝေးပြီး အင်နဲ့အားနဲ့ ဆန္ဒပြနေကြတာပါ။
“အာဏာသိမ်းအစိုးရ.. အလိုမရှိ အလိုမရှိ” ၊ “ဖမ်းဆီးခံ ခေါင်းဆောင်များ … ချက်ချင်းလွှတ် ချက်ချင်းလွှတ်”၊ “ စစ်အာဏာရှင်စနစ် ကျဆုံးရေး … တို့အရေး တို့အရေး” ဆိုပြီး ပြိုင်တူ ကြွေးကြော်လာကြပါတယ်။
သူတို့ ကြွေးကြော်သံတွေက အရပ် ၄ မျက်နှာအနှံ့ ဖုံးလွှမ်းသွားပါတယ်။
လမ်းမပေါ်မှာ ဖြတ်မောင်းသွားတဲ့ အများပြည်သူသုံး ဘတ်စ်ကားတွေ အငှားယာဉ်တွေနဲ့ ကိုယ်ပိုင်ယာဉ်တွေ အသီးသီးက လည်း ဆန္ဒပြလူအုပ်ကြီးကို ထောက်ခံတဲ့အနေနဲ့ ကားဟွန်းတွေတီးပြီး ဆန္ဒပြရာမှာ ပါဝင်ကြောင်း အချက်ပြကြပါတယ်။

ဆန္ဒပြလူအုပ်ကြီးက လက်သုံးချောင်းကို ခပ်မြင့်မြင့်မြှောက်ထောင်ပြပြီး အာဏာရှင် အလိုမရှိ… အလိုမရှိ ကြွေးကြော်တဲ့ အပြင် ယာဉ်အသီးသီးပေါ်က ယာဉ်မောင်းနဲ့ ယာဉ်ပေါ်မှာ လိုက်ပါလာသူတွေကလည်း လက်သုံးချောင်း ပြန်ထောင်ပြပြီး နှုတ်ဆက် အချက်ပြနေကြပါတယ်။
လက်သုံးချောင်း ထောင်ပြတဲ့ သင်္ကေတက “Scout Sign” လို့ ခေါ်ပြီး အဓိပ္ပာယ်ကတော့ တိုင်းပြည်ကို အနာဂတ်မှာ ငြိမ်းချမ်းပြီး စည်းလုံးညီညွတ်တဲ့ တိုင်းပြည်၊ ယုံကြည်စိတ်ချရတဲ့ လူ့အဖွဲ့အစည်း၊ သာယာဝ ပြောတဲ့ တိုင်းပြည်တခု ထူထောင် နိုင်ဖို့နဲ့ တိုင်းပြည်အနာဂတ်ကို ဒီမိုကရေစီစနစ် မရောက်အောင် အဟန့်အတား လုပ်တဲ့ စစ်အာဏာရှင်ကို ဆန့်ကျင် ကြောင်း ပြသတဲ့ သင်္ကေတတခုပါ။
၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ တပ်က အာဏာသိမ်းတော့ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆန္ဒပြကြရာမှာ လူထုက Scout Sign ကို အသုံးပြုခဲ့ကြပြီး လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာပါ အသုံးပြုလာတာ ဖြစ်ပါတယ်။
လမ်းပေါ်ထွက် ဆန္ဒပြပွဲ စခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က ဧရာဝတီသတင်းထောက်တွေ ကိုယ်တိုင် ဆန္ဒပြသူတွေကြားသွားပြီး မေးမြန်း သတင်းရယူခဲ့ပါတယ်။ အဲဒီမြင်ကွင်းကို ဖော်ပြလိုက်ပါတယ်။
လှည်းတန်းလမ်းဆုံနဲ့ မလှမ်းမကမ်း ရန်ကုန်တက္ကသိုလ် ဝင်ပေါက်ရှေ့ မှာ ရဲအင်အား ၁၀၀ ကျော်က တားဆီးလိုက်ပြီး ဘယ်ရီဂိတ်တွေ ချပစ်လိုက်ပါတယ်။
ရှေ့ကို ဆက်တိုးမလာဖို့ ပြောရင်း လူထုက ဇွတ်တိုးလာရင် ဖြိုခွင်းဖို့ ရေနဲ့ပက်ပြီး လူစုခွဲဖို့ ရေကားကလည်း အသင့် အနေ အထားနဲ့ ချိန်ထားပါတယ်။
ဆန္ဒပြသူတွေကတော့ ရဲတပ်ဖွဲ့တွေ စစ်အာဏာရှင် ခိုင်းတာကို မလိုက်နာဘဲ ပြည်သူတွေဘက်က ရပ်တည်ပေးဖို့ ပြောဆို စည်းရုံးနေကြပါတယ်။
“ပြည်သူ့ရဲ… ပြည်သူ့ရဲ” လို့လည်း ကြွေးကြော်ရင်း လူထုဘက်က ရပ်တည်ဖို့ ပြောဆိုနေကြပြန်ပါတယ်။
ရဲတပ်ဖွဲ့တွေနဲ့ ဆန္ဒပြလူအုပ်ကြီးကြား ၁၀ မိနစ်လောက် ရင်ဆိုင်နေရာမှာ တပ်မတော်က အရာရှိတဦး ရောက်လာတာကြောင့် ဆန္ဒပြသူတွေလည်း နောက်ပြန်ဆုတ်ပြီး လှည်းတန်းလမ်းဆုံမှာပဲ ဆက်ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြသူတွေနဲ့ မလှမ်းမကမ်းမှာ ရဲတပ်ဖွဲ့တွေပဲ ရှိတာ မဟုတ်ဘဲ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာ လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင်ထားတဲ့ တပ်မတော်၊ တပ်ဖွဲ့ဝင်တွေ ရှိနေတာကြောင့် ဆန္ဒပြသူတွေက ရှောင်ရှားတဲ့ သဘောလည်း ဖြစ်ပါတယ်။

နေ့လယ် ရောက်ချိန်မှာတော့ နေအပူရှိန်က ပြင်းလာပါတယ်။ ချွေးတဒီးဒီး ကျလောက်အောင် ပူလာပေမယ့် လမ်းမပေါ်မှာ ဆန္ဒပြကြွေးကြော်လာတဲ့ လူအုပ်ကြီးက လက်မလျှော့ပါဘဲ ဆက်လက်ဆန္ဒပြနေကြတဲ့ အပြင် ထပ်ပြီး ပူးပေါင်းလာသူတွေ ရှိတာကြောင့် လူအုပ်က တစထက်တစ ပိုကြီးလာပါတယ်။
ဆန္ဒပြ လူအုပ်ကြီးထဲမှာ လူငယ်၊ လူလတ်နဲ့ လူကြီးပိုင်းတွေ ပါဝင်ကြပြီး အများစုက နိုင်ငံရေးသမားတွေ တတ်ကြွ လှုပ်ရှား သူတွေ မဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သာမန်လူထုတွေပဲ ဖြစ်ပါတယ်။
သူတို့တွေကို ဘာကြောင့် ဆန္ဒလာပြရသလဲလို့ ဧရာဝတီက မေးမြန်းကြည့်ရာမှာ “တပ်မတော်ရဲ့ မတရား လုပ်ရပ်ကို မခံနိုင်လို့” ၊ “စစ်အာဏာရှင်လက်အောက်မှာ မနေချင်လို့”၊ “အမေစုကို ဖမ်းထားလို့” ဆိုပြီး တုံ့ပြန်ပြောဆိုကြပါတယ်။
အသက် ၂၀ ဝန်းကျင် မအိန္ဒြေက “သမိုင်းတွေကနေ စစ်အာဏာရှင်က ဘယ်လောက် ဆိုးကျိုးပေးတယ် ဆိုတာ ကျမတို့ လူကြီးတွေဆီကနေ လက်ဆင့်ကမ်း သိခဲ့ရတယ်။ လက်တွေ့မှာလည်း ကျမတို့ ကြုံနေရတယ်။ ဒါမျိုးကို အနာဂတ်မှာ ထပ်ဖြစ်ခွင့် မပေးနိုင်ဘူး။ ဒါကြောင့် ကျမ ဒီမှာ လာပါဝင်တာ” လို့ ပြောပါတယ်။
ဧရာဝတီက ဆန္ဒပြသူတွေထဲက အသက် ၅၀ နဲ့ ၇၀ အတွင်း လူကြီးပိုင်းတွေနဲ့ အမေးအဖြေ ပြုလုပ်ရာမှာတော့ သူတို့က စစ်အာဏာရှင်လက်အောက်မှာ နေထိုင်ခဲ့ရတဲ့ ခါးသီးတဲ့နေ့တွေကို မျိုးဆက်သစ်တွေ မကြုံစေချင်လို့ ဆန္ဒလာပြပြီး ဆန့် ကျင်နေတာလို့ ဖြေဆိုကြပါတယ်။
လှည်းတန်းလမ်းဆုံက ဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ အသက် ၇၀ အရွယ်၊ ဒေါ်မြမြက “စစ်တပ်က မတရားလုပ်တာ၊ လူထုကို စော်ကားတာကို မခံနိုင်လို့ ဒီကိုလာတာ။ ကျမတို့ ၈၈ ကို ကြုံဖူးတာပဲ သူတို့က လူထုကို ပစ်သတ်တာ။ ဒါပေမယ့် ကျမအခု အသက် ၇၀ ရှိပြီ၊ ပစ်သတ်လည်း အသေခံမယ်၊ အနာဂတ်အတွက် ဆိုပြီး ကျမရော ကျမ အမျိုးသားရော ဒီကို ရောက်လာတာ” ဆိုပြီး ပြောပါတယ်။
ဒေါ်မြမြက “ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေး” ဆိုတဲ့ စာသားပါ အကျီကိုလည်း သူ့အမျိုးသားနဲ့ ဆင်တူ ဝတ်ဆင်ထားတာ တွေ့ရပါတယ်။
အင်းစိန်မြို့နယ်ကနေ လှည်းတန်းလမ်းဆုံ ဆန္ဒပြပွဲကို လာပူးပေါင်းတဲ့ ဒေါ်သန်းမြအောင်ကတော့ သူဒီကို ရောက်လာတာ နိုင်ငံရေးကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။
သူက နိုင်ငံရေးကို လုံးဝ နားမလည်သူပါ လို့ပြောတဲ့ အပြင် တပ်မတော်က မဲလိမ်တယ်လို့ အစိုးရအပေါ် စွပ်စွဲတာတွေကိုလည်း သူ ဂဃနဏ မသိဘူးလို့ ပြောပါတယ်။

သို့ပေမယ့် သူက “ကျမတို့က တောက တောင်သူမျိုးရိုးပါ။ ကျမတို့ မိဘတွေ လက်ထက် စစ်တပ်ဆိုတာ အရမ်း ကြောက်ရတာ၊ လုပ်အားပေးခိုင်းရင် လုပ်ပေးရတယ်။ သူတို့ကို ကြောက်လို့ ပြေးရတယ်၊ ရှောင်ရတယ်၊ လိုတာမရရင် နေပူလှမ်းလည်း ခံရတယ်။ အရမ်းစိတ်နာဖို့ ကြောက်ဖို့ ကောင်းတယ်” လို့ ပြောပါတယ်။
ဒေါ်သန်းမြအောင်က ပြောဆိုရင်း မျက်ရည်တွေ ဆို့လာပါတယ်။
“ကျမ ကိုယ်တိုင်လည်း ပြန်မကြုံချင်ဘူး။ ကျမ ကလေးတွေကိုလည်း အဲဒီလို မကြုံစေချင်ဘူး။ ဒါကြောင့် တတ်နိုင်တဲ့ နေရာ က လာပါဝင်နေတာ” လို့ ပြောပြီး စစ်အာဏာရှင် အလိုမရှိ အလိုမရှိ ဆိုပြီး ဒေါ်သန်းမြအောင် ဆက်အော်နေပါတယ်။
ဒါ့အပြင် ဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ အင်ဂျင်နီယာ ဦးကျော်ဇင်ကလည်း ဒီမိုကရေစီနိုင်ငံအဖြစ် သွားနေချိန်မှာ နိုင်ငံက စစ်အာဏာရှင်လက်အောက်ကို ပြန်ရောက်သွားတာကြောင့် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် နေတာလို့ ပြောပါတယ်။
ဦးကျော်ဇင်က “ကျနော်တို့ နိုင်ငံက ဖြည်းဖြည်းချင်း ပြောင်းလဲလာနေကာမှ မတရားခံ လုပ်ခံရတာဗျ၊ ငြိမ်မခံနိုင်ဘူး။ ကျနော်တို့ ပြည်သူစစ်စစ်၊ ဒါမျိုး လက်မခံဘူး”လို့ ပြောပါတယ်။
မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ လမ်းမပေါ်မှာ နေပူမှန်းမသိ၊ နေ့လယ်စာ စားရကောင်းမှန်း မသိအောင် ဆန္ဒပြ နေကြတဲ့ သူတွေကို ဝန်းရံပြီး ရေဘူးတွေ ပေါင်မုန့်တွေ လာဝေပေးသူတွေ ရှိသလို လူငယ်တစု ကလည်း ရေဘူးခွံတွေ မုန့်ခွံတွေကို အမှိုက်အိတ်နဲ့ လိုက်သိမ်းဆည်းပြီး ဆန္ဒပြ ဧရိယာမှာ အမှိုက်တွေ မကျန်ခဲ့အောင် စနစ်တကျ လုပ်ဆောင်နေ ကြတာကို တွေ့ရပါတယ်။
အာဏာသိမ်းတာကို ဆန့်ကျင်နေတာက လမ်းပေါ်ထွက် ဆန္ဒပြနေတဲ့ သူတွေချည်း မဟုတ်ပါဘူး။

တပ်မတော်က အာဏာသိမ်းပြီး ရက်သတ္တပတ်အတွင်းမှာ လူထုတွေက ဆန့်ကျင်တဲ့ အနေနဲ့ ညတိုင်း ၈ နာရီအတိမှာ အိမ်ကရှိတဲ့ အိုးခွက်တွေ သံပုံးတွေကို တီးပြီး စစ်အာဏာရှင် နှင်ထုတ်တဲ့ပွဲ ပြုလုပ်သလို လမ်းပေါ်ထွက် ဆန္ဒပြသူတွေက လည်း အာဏာသိမ်းတာကို စွန့်လွှတ်လိုက်ဖို့ အရပ်သား အစိုးရအဖွဲ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာပါ။
ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးက ရာနဲ့ချီတဲ့ အစိုးရဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေကလည်း အာဏာရှင် အစိုးရအောက်မှာ အလုပ်မလုပ်နိုင်ကြောင်း ဆန့်ကျင်တဲ့အနေနဲ့ အလုပ်မဆင်းကာ ဆန့်ကျင်ရေး ကမ်ပိန်းတခုဖြစ်တဲ့ “Civil Disobedience Movement” ကိုလည်း လုပ်ဆောင်နေကြပါတယ်။
တပ်မတော်က အာဏာသိမ်းပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီး ဖွဲ့စည်း ထားတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကတော့ သူတို့ကို ဆန့်ကျင်နေတဲ့ လူထုတွေကို လျစ်လျူရှုထားဆဲ ဖြစ်ပါ တယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတုန်းက မဲအပြတ်အသတ် ရှုံးနိမ့်ထားတဲ့ ပါတီတွေ ကိုယ်စားလှယ်တွေကို ခေါ်ယူပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှာ တာဝန်ပေးသလို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားတဲ့ တိုင်းရင်းသားပါတီ အချို့က ထိပ်ပိုင်း ခေါင်းဆောင်တွေကိုလည်း တာဝန်ပေးခဲ့ပါတယ်။
တဖက်မှာတော့ လူထုတွေ ဆန္ဒပြနေချိန် ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်၊ နေ့လယ်အထိ အဆက်အသွယ် ပြတ်တောက်အောင် အင်တာနက်လိုင်းတွေကို ပိတ်ထားသလို လွတ်လပ်တဲ့ သတင်းဌာနတွေကလွှင့်တဲ့ ရေဒီယိုလိုင်းတွေကလည်း သတင်း နားထောင်လို့ မရအောင် ပြတ်တောက်နေခဲ့ပါတယ်။
တပ်မတော်က ထိန်းချုပ်ထားတဲ့ မြဝတီ၊ မြန်မာ့အသံတို့က သတင်းတွေကို ရုပ်မြင်သံကြားကတဆင့် ကြေညာပေးနေပေမယ့် တပ်မတော်၊ တပ်ဖွဲ့ဝင်တွေ အလှူပြုတာ ဘုရားရင်ပြင်တွေပေါ်မှာ သန့်ရှင်းရေး လုပ်တာစတဲ့ ဝါဒဖြန့် သတင်းတွေ ကိုပဲ အများစု ထုတ်လွှင့်နေတာပါ။
ယနေ့ ဖေဖော်ဝါရီ ၈ ရက်မှာဆိုရင် ဆန္ဒပြသူတွေထဲမှာ အစိုးရဝန်ထမ်းတွေလည်း ရုံးမတက်ကြဘဲ ဆန္ဒပြရာမှာ ပါဝင်လာ ကြတာ တွေ့ရပါတယ်။ ဒီနေ့ဟာ ဆန္ဒပြတဲ့နေ့ ၃ ရက်မြောက်နေ့လည်း ဖြစ်သလို မြန်မာနိုင်ငံမှာ ရှိတဲ့ မြို့အသီးသီးက အင်တိုက်အားတိုက် ပါဝင်ဆန္ဒပြနေကြတာပါ။ ဆန္ဒပြပွဲတွေမှာ လူအင်အားလည်း တောင့်တင်းလာသလို လုံခြုံရေးချထားမှု လည်း ပိုများလာတာကို တွေ့မြင်ရပါတယ်။
You may also like these stories:
တပ်မတော်မှ ဖမ်းထားသူများ သတင်းအစအန ပျောက်နေ၍ မိသားစုပူပန်
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု အရှိန်မြင့်လာ
လုပ်သားသန်းချီ ရှိသည့် အထည်ချုပ်ကဏ္ဍ ဆန်ရှင်ပိတ်ခံရမည်ကို စိုးရိမ်