ဆောင်းပါး

ရိုဟင်ဂျာကတ် အာဏာသိမ်းကောင်စီ ထုတ်ကစား

Want create site? Find Free WordPress Themes and plugins.

ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းသောကြောင့်ကြီးမားသောဆန္ဒပြပွဲများ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့်ကုလသမဂ္ဂတို့၏ ရှုတ်ချမှုကို ခံရသော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ထောက်ခံမှုရရန် ကစားစရာ ဖဲ အနည်းငယ်သာ ရှိတော့ပုံရသည်။

သို့သော် ကစားရမည့် ဖဲတချပ်ဟု အာဏာသိမ်းသူများ ထင်သောဖဲမှာ ၂၀၁၆-၁၇ ကလုံခြုံရေးတပ်ဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးများကြောင့်ထွက်ပြေးရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်နေသူများနှင့်ပြည်တွင်းတွင် ကျန်ရစ်သော ရိုဟင်ဂျာခေါ် ရခိုင်မြောက်ပိုင်းနေမွတ်ဆလင်များ၏ ဆိုးရွားသော ကံကြမ္မာဖြစ်နေကြောင်း အံ့သြဖွယ်တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသောအစိုးရကိုဖြုတ်ချပြီး မကြာမီမှာပင် စစ်အစိုးရသစ်သည် မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ် သံအမတ်မှတဆင့် ဘင်္ဂလားဒေ့ရှ်အစိုးရသို့စာတစောင်ပေးပို့ကာ စစ်အာဏာသိမ်းရခြင်း အကြောင်းရင်းကို ရှင်းပြသည်။အတိအကျဆိုရပါက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အခိုင်အမာအနိုင်ရခဲ့သော ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင်မဲလိမ်သည်ဆိုသည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များပင်ဖြစ်သည်။

ထိုစာတွင် ပါဝင်သည့်အကြောင်းအရာ အပြည့်အစုံကို လူသိရှင်ကြားထုတ်ပြန်ခြင်း မရှိသော်လည်း စစ်ကောင်စီက ထိုစာတွင်ရိုဟင်ဂျာအကျပ်အတည်းအတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းမှုတခုကိုဖေါ်ပြခဲ့ကြောင်း သိရသည်။ ထိုအကြောင်းအရာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒယ် ရာမန်က “ဒါသတင်းကောင်းပဲ၊ နိဒါန်းကောင်းပဲ” ဟု ဒါကာထရီဗျူးသတင်းစာသို့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့တွင် ပြောသွားသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းတွင်မူ ဒေသဆိုင်ရာတပ်မှူးအများအပြားသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိမွတ်ဆလင်များနေထိုင်ရာနေရာများနှင့် ရခိုင်ပြည်နယ် စစ်တွေမှပြည်တွင်းနေရပ်စွန့်ခွာရသူ မွတ်ဆလင်များထံသို့ သွားရောက်ခဲ့သည်။

ယူနိုက်တက်နယူးစ်ဘင်္ဂလားဒေ့ရှ် (UNB) ၏ ဖေဖေါ်ဝါရီလ ၅ ရက်နေ့သတင်းများအဆိုအရ ထိုတပ်မှူးများသည် မွတ်ဆလင်ရပ်မိရပ်ဖများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ၂၀၁၂ ခုနှစ်က မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာလူမှုအသိုင်းအဝန်းများအကြား ပဋိပက္ခမှ စတင်ပြီး ထောင်ချီသောပြည်တွင်းနေရပ်စွန့်ခွာရသူများ ဆင်းဆင်းရဲရဲနေထိုင်နေရသောအောင်မင်္ဂလာရပ်ကွက်မှ ဗလီတခုသို့လည်း ထိုတပ်မှူးများက အလှူငွေ ၅သိန်းနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်းလည်း ထိုသတင်းတွင်ဖေါ်ပြထားသည်။

တပ်မှူးများသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ထိစပ်နေသည့်ရခိုင်ပြည်နယ်မှ မောင်တောသို့လည်း ထိုအတိုင်းသွားရောက်ခဲ့ပြီး ၂၀၁၇ခုနှစ်က ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့အလုံးအရင်းဖြင့်ထွက်ပြေးရသည်မှာ စစ်တပ်ကြောင့်မဟုတ်ဘဲဒေါ်အောင်ဆန်းစုကြည်ကြောင့်ဖြစ်ကြောင်းပြောသည်ဟု သတင်းများက ဆိုသည်။

ထိုစကားများကို ရိုဟင်ဂျာများက အလေးအနက် ထား မထားကို မသိရသေးပေ။ သို့သော်အခြားသတင်းများအားလုံးအရ တပ်မတော်သည် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန ၃ ခုကို ထိန်းချုပ်ထားသောကြောင့် ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးများသည် ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ်အခြားမည်သည့် အရပ်သားခေါင်းဆောင်မျှ သြဇာသက်ရောက်နိုင်ခြင်း မရှိသောကိစ္စဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်န်ိုင်ငံ ကော့ဗဇားရှိ လူပြည့်ကျပ်နေသာ ဒုက္ခသည်စခန်းများမှရိုဟင်ဂျာများသည် ဒေါ်အောင်ဆန်းစုကြည် အာဏာသိမ်းခံရသည့် သတင်းကြောင့်ပျော်ကြသည်ဟု UNB သတင်းက ဖေါ်ပြသည်။အခြားဘင်္ဂလားဒေ့ရှ်မီဒီယာများတွင်လည်း အလားတူသတင်းများကို ဖေါ်ပြကြသည်။

သို့သော် မေးစရာမေးခွန်းမှာ ဆက်လက်ကျန်ရှိနေဆဲဖြစ်သည်။ တပ်မတော်သည်ထိုသို့လုပ်ဆောင်လိုက်သောကြောင့် စစ်တွေရှိပြည်တွင်းနေရပ်စွန့်ခွာစခန်းမှ ရိုဟင်ဂျာများ သွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့ပေးပြီး ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များကိုအပြသဘော ပြန်လည်ခေါ်ယူမည်လားဆိုသော မေးခွန်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက လူ ၈ သိန်း ၄ သောင်းပါသော စာရင်းတခုကိုမြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားစိစစ်နိုင်ရန် ပေးပို့ထားသော်လည်း ၅ရာခိုင်နှုန်း သို့မဟုတ် ၄ သောင်း ၂ ထောင်ကို မြန်မာနိုင်ငံကအတည်ပြုထားသော်လည်း လုံခြုံရေးဆိုင်ရာ ပူပန်မှုများကြောင့် မည်သူ့ကိုမျှပြန်လည်ပို့ဆောင်နိုင်ခြင်း မရှိသေးပေ။

ငယ်ရွယ်ပြီး စိတ်မတည်ငြိမ်သေးသော ဒုက္ခသည်များအကြား အစွန်းရောက်ဝါဒလက်ခံလာခြင်းနှင့် ၎င်းတို့အကြားမှ ရာဇဝတ်လုပ်ငန်းများကိုစိတ်ပူသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကော့ဗဇားမှ လူကျပ်နေသည့်ဒုက္ခသည်စခန်းများမှ ဒုက္ခသည် ၅၃၀၀ ကို ဘာဆန်ချားကျွန်းသို့ပိုဆောင်ပြီးဖြစ်သည်။ ထိုကျွန်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း တည်ရှိပြီးခေတ်မီအဆောက်အအုံသစ်များ တည်ဆောက်ထားသောကြောင့် ထိုသူများသည်ထိုကျွန်းတွင် အနာဂတ်ကာလတခုအထိ နေရမည့် သဘောဖြစ်နေသည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်၏ စကားကို ယုံကြည်ရပါကထိုစခခန်းများမှ ရိုဟင်ဂျာများသည်လည်း ရခိုင်ပြည်နယ်မှသတင်းကြောင့်ပျော်ရွှင်ကြသည်ဟု ဆိုသည်။

ရန်ကုန်အခြေစိုက် သုတေသီများ၏ အဆိုအရ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများကမြန်မာနိုင်ငံတွင် အများစုက ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် လာရောက်သူများဟုသတ်မှတ်ထားသည့် လူမှုအသိုင်းအဝန်းတခုကို ပြန်လည်လက်ခံရန် စစ်ကောင်စီကအကြံပြုသည်ကို ဆန့်ကျင်ပါက ၎င်းတို့ကို လူမျိုးရေးခွဲခြားသော ဝါဒီများ၊အစ္စလာမ် မုန်းတီးသူများအဖြစ် တံဆိပ်ကပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်အာဏာသ်ိမ်းမှုကို ဆန့်ကျင်သည့် ဒီမိုကရေစီ လိုလားသောဆန္ဒပြသမားများထံမှ ထိုသို့သော စိတ်ခံစားမှုများကို ဖေါ်ပြမည်ဆိုလျှင်အနောက်နိုင်ငံများက မည်သို့တုံ့ပြန်မည်နည်း။ ထိုကစားပွဲတွင်တရုတ်နိုင်ငံသည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်လာမည်နည်း။

ဒေါ်အောင်ဆန်းစုကြည်အား ဖြုတ်ချလိုက်ခြင်းကို ရိုဟင်ဂျာ ဒုက္ခသည်များကဝမ်းမြောက်ကောင်း ဝမ်းမြောက်နိုင်သော်လည်း လူမှုကွန်ရက်တွင် တင်သောပုံများအရ ပြည်တွင်းနေ ရိုဟင်ဂျာများက လက်ချောင်းသုံးချောင်း ထောင်ကာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသည်။ ထိုသို့ လက်ချောင်းသုံးချောင်းဖြင့်အလေးပြုသည့် သင်္ကေတကို ဒေသတွင်းတွင် ထိုင်းဆန္ဒပြသူများကစတင်အသုံးပြုခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံတဝှမ်းလုံးတွင်တွေ့နေရခြင်းဖြစ်သည်။

တရုတ်န်ိုင်ငံ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီးပြောရလျှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုက္ခသည် ပြဿနဖြေရှင်းရေးအတွက် ဘေ့ဂျင်းထံမှအကူအညီရရန် မျှော်လင့်နေသည်။ ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးမိုမန်က သတင်းထောက်များကို“ကျနော်တို့က တရုတ်နိုင်ငံကို ယုံကြည်တယ်။ သူတို့က ဦးဆောင်ဖို့လာပြီးတိုးတက်မှုအချို့လည်း ရထားပြီးပြီ” ဟု ပြောကြားခဲ့သည်။

မည်သို့သော တိုးတက်မှုကို သူရည်ညွှန်းသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ကဏ္ဍအသီးသီးတွင် ကောက်ချက်မချနိုင်သော ဆွေးနွေးပွဲများသာဖြစ်ပေါ်ခဲ့သည်။ ဘေ့ဂျင်းက ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် စီစဉ်ပြီး မြန်မာ၊ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်ကိုယ်စားလှယ်များ တက်ရောက်မည့်ဗီဒီယိုအစည်းအဝေးတခုမှာလည်း မြန်မာစစ်အာဏာသိမ်းသူများကအင်တာနက်ဖြတ်တောက်ထားသောကြောင့် ပျက်သွားခဲ့သည်။

အစ္စလာမ်မစ်ဆန်သည်ဟု ဆိုနိုင်သည့် မည်သည့်လုပ်ရပ်ကိုမဆို သံသယရှိတတ်သောဘေ့ဂျင်းက မြန်မာရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ ARSA နှင့် မဆက်ဆံရန်၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ တဆင့်သတိပေးထားသည်။ ဝတပ်ဖွဲ့သည် တရုတ်လုံခြုံရေးဌာနများနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် မြန်မာအခြေစိုက်တိုင်းရင်းသားလက်နက်ကိုင်ဖြစ်သည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ARSA ကမီးကျိုးမောင်းပျက်လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မှလုံခြုံရေးစခန်းများကို တိုက်ခိုက်သောကြောင့် မြန်မာ့တပ်မတော်ကထိုဒေသတွင် ကြီးမားသော နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတခုပြုလုပ်ခဲ့သည်။ထိုအချိန်မှစတင်ပြီး တရုတ်နိုင်ငံက ARSA သည် ဇင်ကျန်းပြည်နယ်မှအစ္စလမ်မစ် စစ်သွေးကြွဆိုသူများနှင့် အဆက်အသွယ်ရှိကြောင်းပြောကြားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝန်းသည်သဘောထားကွဲလွဲနေပုံရသည်။ အာရှနှင့် ကမ္ဘာတဝှမ်းတွင် ဒီမိုကရေစီရေးကိုအားပေးရန် ကတိပေးထားသော ဝါရှင်တန်မှ ဂျိုးဘိုင်ဒင်အစိုးရသစ်သည်စစ်အာဏာသိမ်းသူများက ဒုက္ခသည်အကျပ်အတည်းဖြေရှင်းရန် ကတိပေးသောကြောင့်စစ်အာဏာသိမ်းမှုအပေါ် အမြင်ပြောင်းလဲသွားရန် လွန်စွာမဖြစ်နိုင်ပေ။ထိုဒုက္ခသည် အကျပ်အတည်းသည် အရှေ့တောင်အာရှတွင် ဗီယက်နမ်စစ်ပွဲနောက်ပိုင်းအကြီးမားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းဖြစ်သည်။

ဝါရှင်တန်သည် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုပြန်လည်ချမှတ်ရန်လုပ်ဆောင်နေပြီဖြစ်ကာ အဖွဲ့ဝင် ၁၅ ဦးပါသော ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ကြေညာချက်တစောင်ထုတ်ပြန်ကာ ဖမ်းဆီးထားသူအားလုံးလွှတ်ပေးရေး၊လူ့အခွင့်အရေးအခြေခံလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးမှုကိုလေးစားလိုက်နာရန် တိုက်တွန်းသည်။

သို့သော် မြန်မာစစ်အစိုးရသည် ကြီးမားသော လူထုဆန္ဒပြပွဲများကိုပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ဖြတ်သန်းကာ နေပြည်တော်တွင် အာဏာကိုဆက်လက်သိမ်းပ်ိုက်ထားနိုင်လျှင် မြန်မာအပေါ်တရုတ်သြဇာလွှမ်းမိုးမှုတားဆီးလိုသော အနောက်တိုင်းအင်အားကြီးနိုင်ငံများနှင့် ဂျပန်တို့သည်ရပ်တည်ချက်ကို ပျော့ပျောင်းအောင် လုပ်ပြီး စစ်အစိုးရနှင့်ထိတွေ့ဆက်ဆံမည်မှာ မဖြစ်နိုင်သည်မဟုတ်ပေ။

သို့သော် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံခြင်းသည် အာဏာသိမ်းမှုမတိုင်မီက ဒေါ်အောင်ဆန်းစုကြည် လက်အောက်တွင် ပေါ်ပေါက်ခဲ့သည့်နှိုင်းယှဉ်ချက်အားဖြင့် ပွင့်လင်းလွတ်လပ်သော ဒီမိုကရေစီတစိတ်တပိုင်းစနစ်ကို ပြန်လည်ထိန်းသိမ်းနိုင်မည် မဟုတ်ကြောင်း သမိုင်းကပြသနေသည်။စစ်အစိုးရ၏ ပြန်လက်ခံမည်ဟု ပြောနေစေကာမူ ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာတသန်းခန့်သည်လည်း မြန်မာနိုင်ငံသို့ ပြန်လာရန်မှာလည်း အလားတူဖြစ်နိုင်ခြင်း မရှိပေ။

(Asia Times ပါ Myanmar military implausibly plays the Rohingya cardကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာ့စစ်အာဏာသိမ်းမှု ညွှန်ကြားသူများအပေါ် ဘိုင်ဒင် အရေးယူပိတ်ဆို့

NLD ရုံးချုပ်ကို ဥပဒေမဲ့ စီးနင်းရှာဖွေသူများကို အမှုဖွင့်

မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုအပေါ် UN အထူးကိုယ်စားလှယ် မေးခွန်းထုတ်

Did you find apk for android? You can find new Free Android Games and apps.
Loading