ဖေဖော်ဝါရီလ ၉ ရက် အိမ်ကနေ ထွက်ထွက်ချင်း ပထမဆုံးတွေ့ရတဲ့ ဆန္ဒပြ စစ်ကြောင်းတခုက အယောက် ၃၀ ကျော် လောက်။ သုံးယောက်တတွဲ လေးယောက်တတွဲ။ တဝက်ကျော်လောက်က အသက် ၁၄၊ ၁၅ နှစ် ပတ်ချာလည်။ ၂၀ ဝန်းကျင်လောက် ကောင်လေး နှစ်ယောက်လောက်ကလွဲရင် ရွယ်တူလေးတွေချည်းသာ။ “သပိတ် သပိတ် မှောက် မှောက်” တဲ့။ ဒါက ပထမဆုံး မြင်ကွင်း။
အနော်ရထာလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်မှာ အနက်ရောင် စပို့ရှပ်နဲ့ ကောင်မလေး တယောက် တပေ ပတ်ချာလည် စာရွက်အညိုလေး ကိုင်ထားပြီး ရပ်နေတယ်။ ဘေးမှာလည်း အဖော်အချို့နဲ့။ ဒါက ဒုတိယ မြင်ကွင်း။
လက်ထဲက စာရွက်ထဲက ညီညီညာညာ လက်ရေးက “ငါတို့ အနာဂတ် ပြန်ပေးပါ” တဲ့။ နှစ်ခါပြန်ဖတ်စရာ မလိုလောက်အောင် ရှင်းရှင်းလင်းလင်း။ သူနဲ့ မျက်နှာချင်းဆိုင်မှာ လူငယ်တစု ဆူးလေဘုရားလမ်းကို ကွေ့တက်လုလု။ သူတို့ အော်ဟစ်နေတာက “ကျနော်တို့က လူငယ်တွေပါ။ ကျနော်တို့မှာ အနာဂတ်ရှိတယ်” တဲ့။
ရန်ကုန်မြို့အနှံ့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ လူငယ်တွေ သောင်းနဲ့ချီ၊ သိန်းနဲ့ချီ ဝင်လာနေပါတယ်။ ဆန္ဒပြနေတဲ့ လူတွေ၊ လူတွေမှာ လူငယ်လေးတွေက ထပ်ပြီး တိုးသထက် တိုးပြီး အင်အားဖြည့်လာကြပါတယ်။
သူတို့ကို Generation Z လို့ ခေါ်ကြပါတယ်။ သတ်မှတ်ချက်တွေအရတော့ ၁၉၉၀ ကနေ၂၀၁၀ ကြား မွေးဖွားသူတွေလို့ ဆိုကြပါတယ်။ ၁၁ နှစ်လောက် ကလေးတွေကနေ ၃၀ ဝန်းကျင်တွေ အထိတွေပါ။
တောင်ဥက္ကလာက လာတယ်ဆိုတဲ့ ၁၆ နှစ်အရွယ် ကောင်လေးက မတရားတဲ့ လုပ်ရပ်အတွက် လမ်းပေါ် ထွက်လာတာလို့ ဆိုပါတယ်။
“တက္ကသိုလ်တောင် မတက်ရသေးဘူး။ အနာဂတ်တွေရော မျှော်လင့်ချက်တွေရော အများကြီး ရှိတယ်။ ဒါပေမယ့် အခု မရှိတော့ဘူး” လို့ ဆိုပါတယ်။
Generation Z တွေဟာ နည်းပညာနဲ့ ဖက်ပြီး မွေးလာတဲ့ ကလေးတွေပါ။ မွေးစကတည်းက အင်တာနက်နဲ့ ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်း စတာတွေနဲ့ ယဉ်ပါးပြီး မွေးလာကြသူတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၀ စုနှစ် နှစ်စုစာလောက် ခေတ် နောက်ကျခဲ့တာတောင်မှ နည်းပညာကျေးဇူးနဲ့ ကမာ္ဘတဝှမ်းကို အချိန်မရွေး ခြေဆန့်ခွင့်ရတဲ့ မျိုးဆက်လို့လည်း ပြောရနိုင် မယ်။
ဒီကနေ့ အရေးအခင်းဖြစ်တာနဲ့ မိနစ်ပိုင်းအတွင်း တကမာ္ဘလုံးက အရေးအခင်းတွေကို နှိုင်းယှဉ်လေ့လာခွင့်ရတဲ့ မျိုးဆက်ပါ။
ကမာ္ဘလုံးဆိုင်ရာ ရေးရာတွေနဲ့ ပတ်သက်တဲ့ ဘာသာပြန်စာရေးဆရာ ဦးကျော်ဝင်းကတော့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဇက် မျိုးဆက်ကို ဒီလို အဓိပ္ပာယ် ဖွင့်ပါတယ်။
“ဇက် မျိုးဆက်၏ အခြားအမည်များမှာ ‘အိုင် မျိုးဆက်’၊ ‘ထောင်စုသစ်လွန် မျိုးဆက်’၊ ‘အမိမြေ မျိုးဆက်’ (Homeland Generation) စသည်တို့ဖြစ်သည်။ ၁၉၉၇ မှ၂၀၁၂/၁၅ အတွင်း မွေးဖွားလာသူများဖြစ်သည်။ ယခု လောလောဆယ် အ သက် ၆ နှစ်မှ၂၄ နှစ်အတွင်း ရှိနေသူများ ဖြစ်သည်။ ယခုချိန်အထိ အသစ်လွင်ဆုံးမျိုးဆက် ဖြစ်သည်။
ဇက် မျိုးဆက်ရှိ ပျမ်းမျှလူငယ်တိုင်းမှာ သူတို့အသက် ၁၀ နှစ်သာသာတွင် (အတိအကျဆိုလျှင် ၁၀ နှစ်နှင့် သုံးလ) မိုဘိုင်း ဖုန်းကို စတင် တွေ့ဖူးသည်။ သူတို့၏ ငယ်ဘဝများမှာ သူတို့မိဘများ၏ မိုဘိုင်းဖုန်းများ၊ တက်ဘလက်များ (Tablets)နှင့် ကစားရင်း ကုန်လွန်ခဲ့ကြသူတွေ များသည်။ ‘အဆက်အသွယ် လွန်စွာ အပြန့်ကျယ်သော ကမာ္ဘကြီး’ (Hyper connected World) တွင် ကြီးပြင်းခဲ့ကြသူများ ဖြစ်ပြီး စမတ်ဖုန်းများနှင့် ကမာ္ဘတခွင် ဖြန့်ကြန့် ဆက်သွယ်ကြသည်။ သူတို့ မိဘများ၏ ဘဏ္ဍာရေးဆိုင်ရာ ရုန်းကန်မှုများကို ကိုယ်တွေ့မြင်ခဲ့ရပြီး မိဘများဖြတ်သန်းခဲ့သော ‘ဒီမိုကရက်တိုင်ဇေးရှင်း’မှာ သူတို့၏ မသိစိတ်တွင် ကိန်းနေတတ်သည်” လို့ ရေးသားထားသည်။
ဒါကြောင့်လည်း ဒီကနေ့ရဲ့ ဆန္ဒပြမှု ပုံစံတွေဟာ ၈၈ နဲ့ အင်မတန် ကွဲပြားနေတယ်လို့ ဝါရင့် နိုင်ငံရေးသမားတွေဟာ ဆိုကြပါတယ်။
စကိတ်တွေ စီးရင်း၊ စက်ဘီးတွေ စီးရင်း ဆန္ဒပြသလို၊ ဝတ်စုံဒီဇိုင်းအမျိုးမျိုး၊ သရုပ်ဖော်တင်ဆက်မှု အမျိုးမျိုးနဲ့ စိတ်ဝင် တစားဖြစ်စရာတွေချည်းပါပဲ။
“ရည်းစားပဲ လိုချင်တယ်။ စစ်အာဏာရှင် မလိုချင်ဘူး”
“ငါတို့ရဲ့ အနာဂတ်ကို ပြန်ပေး”
“ငါတို့ အနာဂတ် ငါတို့အတွက်ပဲ”
“My ex is bad but military is worse” (ငါ့ရည်းစားဟောင်းက ဆိုးတယ်။ ဒါပေမယ့် စစ်တပ်က အဆိုးဆုံးပဲ) စသဖြင့် သရော်စာ ပိုစတာတွေဟာ တခုနဲ့ တခု မထပ်ကြပါဘူး။ မရိုးနိုင်အောင်ပါပဲ။
“ရုံးမတက်နဲ့ ရုန်းထွက်” ဆိုတဲ့ စကားဟာလည်း အင်မတန် ရေပန်းစားလှပါတယ်။
ဒါကတော့ အစိုးရဌာနဆိုင်ရာတွေက ဝန်ထမ်းတွေကို ရုံးမတက်ဖို့အတွက် တိုက်တွန်းနှိုးဆော်တဲ့ စာသားပါပဲ။
ဒဂုံဆိပ်ကမ်းမြို့နယ်ကနေ ဆူးလေကို ဆန္ဒပြဖို့ ရောက်နေတဲ့ ၂၅ နှစ်အရွယ် အမျိုးသမီးငယ်ကတော့ အမေစု (နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်) လွတ်မြောက်ဖို့နဲ့ သူ့ အနာဂတ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှု အပေါ် မူတည်တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ခံစားချက်ကို သူထုတ်ဖော် ပြေနေချိန်မှာပဲ မဟာဗန္ဓုလလမ်း၊ ဧရာဝတီဘဏ်ရှေ့က ရဲတွေ ပိတ်ဆို့ထားတဲ့နေရာမှာ လူငယ်တွေဟာ အဆိုတော် မွန်းအောင်ရဲ့ “အရေးကြီးပြီ” သီချင်းကို တကျော့ပြီးတကျော့ ဟစ်ကြွေးသီဆိုနေကြပါတယ်။
အဆိုတော် မွန်းအောင်ရဲ့ “အရေးကြီးပြီ” သီချင်းနဲ့ နိုင်မြန်မာ ရေးသားခဲ့တဲ့ “ကမာ္ဘမကြေဘူး” သီချင်းဟာ ဒီတခေါက် လူထုဆန္ဒပြပွဲကြီးရဲ့ အဓိက သီချင်းတွေပါပဲ။
ရန်ကုန်မြို့က လူငယ်တွေဟာ ထိပ်တိုက်မတွေ့ဘဲ ဉာဏ်နဲ့ပဲ တိုက်နေကြတယ်လို့ အရေးအခင်း အဆက်ဆက် ကြုံခဲ့တဲ့သူ သက်ကြီးပိုင်းတွေက ဆိုကြပါတယ်။
အသက် ၇၀ အရွယ် အငြိမ်းစား ဆရာမကြီးတဦးကလည်း ဆန္ဒပြသူလူငယ်တွေကို “အသက်အသေမခံနဲ့ ခုလို ဉာဏ်နဲ့ အနိုင်ယူပါ” လို့ တိုက်တွန်းပါတယ်။
လူငယ်တွေရဲ့ ဦးဆောင်ဆန္ဒပြမှုတွေကို ထောက်ခံကြသူများ ဝန်းရံကြသူများကလည်း ပြည့်နေပါတယ်။ ဆန္ဒပြကြတဲ့ နေရာအနှံ့မှာ စားသောက်စရာတွေ၊ သောက်ရေ၊ အချိုရည်တွေ ပေးဝေကြရင်း ကူကြသူတွေကလည်း အပြည့်ပါ။
ဆန္ဒပြသရုပ်ဖော်တွေကတော့ သံစုံတီးဝိုင်းတွေ၊ ဘင်ခရာတွေနဲ့ ချီတက်တာမျိုးတွေကို မြင်တွေ့ရသလို လမ်းမပေါ်မှာ ပျော်ပျော်ပါးပါး ခေါက်ဆွဲပြုတ်စားတဲ့ ပုံစံ၊ စခန်းချတဲ့ပုံစံ မရိုးရအောင်ကို မြင်ရပါတယ်။
အာဏာရှင်ကို အကြမ်းမဖက်ဆန့်ကျင်ကြောင်း ခေတ်မှီနည်းမျိုးစုံနဲ့ ဖော်ကျူးနေပါတယ်။
The military is harassing Myanmar citizen, the president and people’s leader Aung San Suu Kyi
(စစ်တပ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတနဲ့ မြန်မာပြည်သူတွေကို အနိုင်ကျင့်နေတယ်) လို့ အဓိပ္ပာယ်ရတဲ့ စာသားကို ပိတ်ဖြူမှာ ရေးပြီး ကိုင်ဆောင်ထားတဲ့ အနက်ရောင် အင်္ကျီ ဝတ်ဆင်ထားတဲ့ လူငယ်တဦးဟာ ခန္ဓာကိုယ်ကို တပတ်ပြီး တပတ် လှည့်ရင် စာသားတွေကို လူတွေမြင်အောင် မမောတမ်း ထောင်ပြနေပါတယ်။
သူ့နှုတ်ဖျားကလည်း “အရေးတော်ပုံ အောင်ရမည်”၊ “သပိတ်၊ သပိတ် မှောက်မှောက်” စသဖြင့် လူထုရဲ့ ကြွေးကြော်သံ တွေကို အမှီလိုက် ရွတ်ဆိုနေပါတယ်။
ရန်ကုန်မြို့ရဲ့ နေရာတကာမှာ မြင်တွေ့ရတဲ့ ဒီလိုပုံရိပ်တွေက လူငယ်တွေဟာ စစ်အာဏာရှင်ကို သူတို့ရဲ့ အနာဂတ် အတွက် ဆန့်ကျင်ဆန္ဒပြနေကြတယ် ဆိုတာ သိသာလှပါတယ်။
ဒါပေမယ့်လည်း ဒီနေ့မှာ လူငယ်တွေအတွက် ကြေကွဲဝမ်းနည်းစရာ သတင်း တပုဒ်လည်း ထွက်ပေါ်လာတယ်။
ရန်ကုန်မြို့က လူငယ်တွေ ဆန္ဒပြနေတဲ့ အချိန်နဲ့ တပြိုင်တည်းမှာပဲ နေပြည်တော်က ၁၉ နှစ်အရွယ် မြသွဲ့သွဲ့ခိုင်ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့နေရာမှာ ဦးခေါင်းကို ရဲအရာရှိတဦးက သေနတ်နဲ့ ချိန်ရွယ် ပစ်ခတ်ခံခဲ့ရပါတယ်။
ယခုအချိန်အထိ ဆေးရုံမှာ စိုးရိမ်ရအနေအထား ဒဏ်ရာပြင်းထန်စွာနဲ့ လဲလျောင်းနေရဆဲပါ။
“Don’t mess our future” (ငါတို့ အနာဂတ်ကို လာမရှုပ်နဲ့) ဆိုတဲ့စာသားကို ဆော့ပင်နဲ့ ရေးထားတဲ့ ဗီနိုင်းစာရွက်ကို ကိုင်ဆောင်ထားတဲ့ ၁၈ နှစ်အရွယ် ကောင်မလေးရဲ့ မျက်နှာဟာ ခက်ထန် တင်းမာနေပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်ထိတော့ ရန်ကုန်မြို့မှာ ကြွေးကြော်သံတွေဟာ တမြို့လုံး ပျံ့နှံ့နေပါတော့တယ်။ ပိတ်ဆို့ တားဆီးမယ့်သူတွေဟာ ဘယ်ဆီကို တားရမယ်မှန်း မသိအောင် တမြို့လုံးအနှံ့ကို Generation Z တွေရဲ့ သပိတ် စစ်ကြောင်းတွေဟာ ရွေ့လျား ပြန့်ကျဲနေပါတော့တယ်။
“ကျနော်တို့က လူငယ်တွေပါ။ ကျနော်တို့မှာ အနာဂတ် ရှိတယ်” ဆိုတဲ့ ကြွေးကြော်သံတွေဟာ တမြို့လုံး ဖုံးလွှမ်းနေပါတော့တယ်။
You may also like these stories:
ပုဒ်မ ၁၄၄ ကြား နိုင်ငံအနှံ့ ဆန္ဒထွက်ပြကြ
စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့များ ရှုတ်ချခံရ
မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုအပေါ် UN အထူးကိုယ်စားလှယ် မေးခွန်းထုတ်