မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စမ်းသပ်ကျင့်သုံးနေမှုကို ဖျက်ဆီးလိုက်ပြီး တကမ္ဘာလုံးကို တုန်လှုပ်သွားစေသူသည် နိုင်ငံပ်ိုင် ရုပ်မြင်သံကြားမှတဆင့် နှစ်ကြိမ်သာ အများပြည်သူရှေ့ထွက်လာပြီး သူ၏ လုပ်ရပ်များကို ရှင်းလင်းတင်ပြသည်။
ရုပ်မြင်သံကြားတွင် စကားပြောရန် စာတန်းထိုး စက်ရှေ့တွင် စိတ်လှုပ်ရှားစွာရပ်နေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းခြင်း၊ နိုင်ငံခေါင်းဆောင်များကို ဖမ်းဆီးခြင်း၊ မြန်နိုင်ငံ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တနိုင်ငံလုံးတွင် လူထုအလွှာပေါင်းစုံက စစ်အုပ်ချုပ်ရေးကို အကြီးအကျယ် ဆန္ဒပြနေခြင်း၊ နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှု မုန်တိုင်းထန်နေခြင်းနှင့် အရေးယူပိတ်ဆို့မှု ခြိမ်းခြောက်မှုသစ်တို့ကို သူ၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း မရှိပေ။
ထိုအစား သူသည် တပ်မတော်၏ အပ်ကြောင်းထပ်နေသည့် စည်းကမ်းရှိရေး၊ ညီညွတ်ရေးနှင့် လွန်ခဲ့သော နိုဝင်ဘာလက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲသမာမှုရှိသည်ဆိုသည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များကိုသာ ထပ်ခါတလဲလဲပြောသည်။ ဒေါသပေါက်ကွဲနေသော လူထုကို စိတ်ကျေနပ်အောင်ပြောရသည့် သူ လုပ်လေ့လုပ်ထ မရှိသော အခန်းမှ ပါဝင်ရခြင်းကြောင့် အထင်အရှား စိတ်မသက်မသာဖြစ်နေသည့်အပြင် ဗိုလ်ချုပ်မှူးကြီးသည် အာဏာသိမ်းခြင်းကြောင့် နိုင်ငံကို သူ ဆွဲချလိုက်သည့် အန္တရာယ်များလှသော အကျပ်အတည်းကိုလည်း ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေ။
ကမ္ဘာတဝန်းမှ ကျန်သူများနှင့် လွန်ခဲ့သော နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယသက်တမ်းအတွက် ပြတ်ပြတ်သားသားထောက်ခံရန် မမျှော်လင့်လောက်အောင် များပြားသော အရေအတွက်ဖြင့် မဲပေးခဲ့သော မြန်မာပြည်သူ သန်းပေါင်းများစွာ၏ အမြင်တွင် ထိုစစ်အာဏာသိမ်းမှုသည် ရွေးကောက်ပွဲတွင် အထင်အရှားရှုံးနိမ့်ကာ မျက်နှာပြောင်တိုက် အာဏာသိမ်းမှု၊ ယခုနှစ် ဇူလိုင်လတွင် အငြိမ်းစား မယူမနေရဖြစ်ပြီး ဘဝလမ်းကြောင်း လွန်စွာ မရေမရာဖြစ်သွားသော တပ်မှူးတဦး၏ အာဏာသိမ်းမှုသာ ဖြစ်သည်။
သို့သော် ဗိုလ်ချုပ်များကမူ ထိုသို့မမြင်ကြပေ။ ၎င်းတို့အဆို စည်းကမ်းပြည့်၀သော ဒီမိုကရေစီဟုခေါ်သော အရာသို့ အသွင်ကူးပြောင်းပြီးနောက် လက်နက်ကိုင်တပ်များသည် အရေးပါသော အခန်းမှ ဆက်လက်ပါဝင်နိုင်ရန် လက်ရှိဖွဲစည်းပုံကို ၎င်းတို့စိတ်ကြိုက် နှစ်ပေါင်းများစွာ ရေးဆွဲခဲ့သည်။ ထိုအစီအစဉ်သည် ၎င်းတို့မကြိုက်သောလမ်းကြောင်းသို့ ဦးတည်နေသောအခါ ကြားဝင်စွက်ဖက်ခွင့်ကိုလည်း သီးခြားယူထားကြသည်။
“ကျနော် မင်းအောင်လှိုင်နဲ့တွေ့တိုင်း သူက သူ့အခန်းကဏ္ဍက ဒီမိုကရေစီကို ကာကွယ်ဖို့လို့ပြောတယ်” ဟု မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုခဲ့သော ဝါရင့်သံတမန်တဦးက BBC သို့ပြောသည်။ ၎င်းသည် အမည်ကို ထုတ်ဖေါ်ပြောဆိုလိုခြင်း မရှိသေးပေ။
“သူတို့အမြင်ကတော့ဗျာ နိုင်ငံရဲ့ဒီမိုကရေစီမှာ မသမာမှုတွေရှိလို့ ဝင်ပါရတယ်ပေါ့။ ဒါကတော့ သူတို့ရဲ့ အကြောင်းပြချက်လေ။ ဖွဲ့စည်းပုံနဲ့အညီ ပြုမူခဲ့တယ်လို့ သူတို့ကိုယ်သူတို့ ထင်နေကြတာ။ ဒါကို တကမ္ဘာလုံးက နားလည်မယ်လို့လည်း သူတို့ထင်နေကြတာ။ သူတို့လုပ်ခဲ့တာဟာ အာဏာသိမ်းခဲ့တာလို့ သူတို့မထင်ကြဘူး” ဟုလည်း ထိုဝါရင့်သံတမန်က ပြောသည်။
နောက်ဆုံး စစ်အုပ်ချုပ်ရေးကာလ လက်ရွေးစဉ်ကိုယ်စားများ၏ အစည်းအဝေးတခုတွင် မူကြမ်းရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံသည် တောင်မရောက်မြောက်မရောက် ဒီမိုကရေစီကို ဖန်တီးပေးသည်။ ထိုဒီမိုကရေစီတွင် မည်သည့်အစိုးရတက်သည်ဖြစ်စေ တပ်မတော်သည် လွှတ်တော်ကိုယ်စားလှယ်နေရာ အားလုံး၏ ၄ ပုံ တပုံနှင့် သြဇာအာဏာကြီးမားသည့် ဝန်ကြီးဌာန ၃ ခုကို ရယူထားပြီး ဒေသဆိုင်ရာ အစိုးရအစိတ်အပိုင်း အများအပြားကိုလည်း ထိန်းချုပ်ထားသည်။
ထိုဖွဲ့စည်းပုံသည် မြန်မာနိုင်ငံသားမဟုတ်သော အိမ်ထောင်ဖက်ရှိသူ၊ သားသမီးရှိသူ မည်သူကိုမဆိုလည်း သမ္မတဖြစ်ခွင့် ပိတ်ပင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထိုထိပ်တန်းရာထူးယူခွင့်ပိတ်ပင်ထားသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို လိုက်ရာတွင် မည်သည့် ဥပမာမျိုးကို ယူလိုသနည်းဟု ၂၀၀၆ ခုနှစ်နှောင်းပိုင်းက ပြန်ကြားရေးဝန်ကြီးကို စာရေးသူကမေးခဲ့ဖူးသည်ကို ပြန်အမှတ်ရသည်။ ၎င်းတို့သည် အင်ဒိုနီးရှားမှ ဆူဟာတို အာဏာရှင်အစိုးရသည် အသင့်တော်ဆုံး ပုံစံဖြစ်ကြောင်း ထိုဝန်ကြီးက ရိုးသားစွာပြောသည်။
ထို့ကြောင့် ၂၀၁၀ ခုနှစ်ကုန်တွင် ဗိုလ်ချုပ်များက ၎င်းတို့၏ ဒီမိုကရေစီအဖွင့်ကို စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသောအခါ ၎င်းတို့သည် ဆက်လက်ထိန်းချုပ်ထားနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ ၎င်းတို့၏ လက်ဝေခံပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် တပ်ကိုယ်စားလှယ်များနှင့်ပေါင်းစပ်လိုက်သောအခါ NLD အနေဖြင့် တပါတီတည်း အစိုးရမဖွဲ့နိုင်ဖြစ်လောက်အောင် အခြေအနေကောင်းမည်ဟု ၎င်းတို့ထင်ခဲ့ပြီး ထိုရွေးကောက်ပွဲတွင် ရှုံးနိမ့်ရသည့် အတိုင်းအတာကို မြင်ရသောအခါ တုန်လှုပ်ခဲ့ကြသည်။
လွန်ခဲ့သော ၅ နှစ်အတွင်း NLD ၏ တခါတရံ စိတ်ပျက်စရာ အုပ်ချုပ်ရေးကြောင့် ၎င်းတို့သည် ပိုမိုကောင်းမွန်သော ရလဒ်ကို ၂၀၂၀ ရွေးကောက်ပွဲတွင် မျှော်လင့်ခဲ့သော်လည်း ၎င်းတို့ အနိုင်ရသော လွှတ်တော်ကိုယ်စားလှယ်နေရာများ ပိုမိုလျှော့ကျသွားပြီး ၇ ရာခိုင်နှုန်းပင် မပြည့်ကြောင်း တွေ့ခဲ့သည်။ သူ့မဟာမိတ်ပါတီ၏ ဆိုးရွားလှသော စွမ်းဆောင်ရည်ကို ဖြေရှင်းရန်ဖြစ်နိုင်သည့် တခုတည်းသောနည်းလမ်းမှာ မဲမသမာမှု အကြီးအကျယ်ရှိသည်ဆိုသည့် စွပ်စွဲချက်သာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အမှန်တကယ် ယုံကြည်နေနိုင်သည်။
ယခုအခါ လက်နက်ကိုင်တပ်များက ၎င်းတို့၏ ဒီမိုကရေစီကို ကာကွယ်ရန်ဟု အကြောင်းပြကာ အာဏာသိမ်းလိုက်သောအခါ မည်သို့ရှေ့ဆက်စခန်းသွားကြမည်နည်း။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အမျိုးသားခုခံရေး လှုပ်ရှားမှုဖြစ်သွားသောကိစ္စကို ကိုင်တွယ်ရေးသည် ၎င်းတို့၏ လတ်တလော စိန်ခေါ်မှုဖြစ်သည်။ မြန်မာနိုင်ငံမှ လူတိုင်း၏ စိတ်တွင်ရှိနေသောမေးခွန်းမှာ စစ်အစိုးရသည် ယခင်လုပ်နေကျအတိုင်း ဆန္ဒပြသူအများအပြားကို သတ်ဖြတ်ပြီး ဖြေရှင်းနိုင် မဖြေရှင်းနိုင်ဆိုသော ကိစ္စဖြစ်သည်။
သို့သော် စစ်အစိုးရအနေဖြင့် နိုင်ငံရေးအရ တရားဝင်မှုရှိအောင် ပြန်လုပ်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် NLD က လူထုထောက်ခံမှု အမြဲတမ်းရနေသည့် ပြဿနာကိုဖြေရှင်းရန် ၎င်းတို့သည် တနှစ်တာ အရေးပေါ်အခြေအနေ ကြေညာသော်လည်း သက်တမ်းတိုးနိုင်သည်။
ထိုင်းပုံစံလိုက်မလား
ဗမာဗိုလ်ချုပ်များ နမူနာယူရန် ကစားနည်း စာအုပ်တအုပ် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ရှိနေကြောင်းထင်ရှားသည်။
ထိုင်းတွင် ၂၀၁၄ ခုနှစ် အာဏာသိမ်းသူများသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကျင်းပသည့် ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရနေသော လူထုထောက်ခံမှုများသော ပါတီဖြစ်သည့် သက်ဆင်ရှင်နာဝပ်ထရာနှင့် သူ၏ညီမ ယင်လတ်တို့ ဦးဆောင်သည် ဖွေ့ထိုင်းပါတီအား မည်သို့ဟန့်တားရပ်တန့်ပစ်ရမည်နှင့် ပတ်သက်ပြီး စမ်းတဝါးဝါးဖြစ်နေသည်။
ရွေးကောက်ခံအစိုးရ၏ အာဏာချိန်ခွင်လျှာကို ညှိမည့် ကိုယ်စားလှယ် ၂၅၀ ကို ခန့်အပ်ထားသည့် အထက်လွတ်တော် ပါဝင်သော ဖွဲ့စည်းပုံကို ရေးဆွဲခြင်းအပြင် ဖွေ့ထိုင်းပါတီမှ အနိုင်ရ ကိုယ်စားလှယ် လျှော့နည်းစေရေးအတွက် ထိုင်းစစ်အစိုးရသည် ရွေးကောက်ပွဲစနစ်ကိုလည်း ဂရုတစိုက်ပြန်လည်ပြင်ဆင်သည်။ မြန်မာ စစ်အစိုးရသည် ထိုသို့လုပ်ဖွယ်ရှိသည်။ လူထုထောက်ခံမှု ကျယ်ပြန့်ခြင်းကြောင့် NLD သည် ယခုမဲများသူ အနိုင်ရသည့်စနစ်တွင် ရသည့်မဲအရေအတွက်ထက် အချိုးအစားအားဖြင့် လွန်စွာမြင့်မားသည့် ကိုယ်စားလှယ်နေရာများကို နောက်ထပ်ရွေးကောက်ပွဲတွင်လည်း အနိုင်ရနိုင်သည်။
ထိုင်းစစ်အစိုးရသည် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကိုလည်း ခန့်အပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးအဖွဲဝင်များအပေါ်တွင်လည်း သြဇာအကြီးအကျယ် လွှမ်းမိုးသည်။ ထို မဏ္ဍိုင်အဖွဲ့အစည်းများသည် ရွေးကောက်ပွဲစည်းမျဉ်းများကို စစ်တပ်လက်ဝေခံပါတီအကြိုက်ဖွင့်ဆိုရာတွင် အရေးပါသော အခန်းမှပါဝင်ပြီး ထိုတရားရုံး၏ ဆုံးဖြတ်ချက်များသည် နိုင်ငံရေးတွင် စစ်တပ်ပါဝင်သည့် အခန်းကဏ္ဍကို ဆန့်ကျင်သည့် ပါတီများကို မည်သည့်အခါမျှ မျက်နှာသာမပေးပေ။
မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ရွေးကောက်ခံ သမ္မတ ဦးဝင်းမြင့်ကို ရယ်စရာကောင်းလောက်အောင် ကလေးဆန်သည့် ရာဇဝတ်မှု စွဲချက်များဖြင့် စွဲဆိုထားပြီးဖြစ်သည်။ နိုင်ငံတဝှမ်းရှိ NLD ရုံးများနှင့် ရွေးကောက်ပွဲကော်မရှင် ရုံးများကို ညဖက်တွင် မကြာခဏ ဝင်ရောက်စီးနင်းနေခြင်းသည် NLD နှင့်ပတ်သက်ပြီး ပိုမိုလက်ခံနိုင်သော ရွေးကောက်ပွဲလိမ်လည်မှု စွပ်စွဲရာတွင် အထောက်အကူပြုရန်ဖြစ်နိုင်ပြီး အနာဂတ်ရွေးကောက်ပွဲများတွင် NLD နှင့်ထိပ်တန်းခေါင်းဆောင်များ အရည့်အချင်းမပြည့်မီအောင် လုပ်ရန် ရည်ရွယ်ချက်ဖြင့် ထိုသို့လုပ်ဆောင်ခြင်းဖြစ်မည်။
သို့သော် ထိုင်းနိုင်ငံတွင် သက်ဆင်ရှင်နာဝပ်ထရာကို အမှန်တကယ် မုန်းသော လူအများအပြားလည်း ရှိပြီး နိုင်ငံသည် အမှန်တကယ် သွေးကွဲနေသော နိုင်ငံဖြစ်သည်။ စစ်ဘက်ယိမ်းသော အာဏာရ PPRP ပါတီသည် ကိုယ်စားလှယ်နေရာ နည်းသော်လည်း အခြားမည်သည့် ရွေးကောက်ပွဲမဆိုထက် အမှန်တကယ် မဲပိုရကာ ရွေးကောက်ပွဲကော်မရှင်၏ အကူအညီဖြင့် အာဏာရညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့သည်။
အမေရိကန်နှင့် အခြားနိုင်ငံများ သြဇာလွှမ်းမိုးနိုင်ခြင်း မရှိ
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနှင့်ပတ်သက်သော လူထုဒေါသ ထူးခြားစွာမြင့်မားခြင်းကြောင့် လွပ်လပ်မှု တစုံတရာပါသော မည်သည့်ရွေးကောက်ပွဲမဆိုတွင် USDP ဖြစ်စေ စစ်တပ်ကျောထောက်နောက်ခံပြု မည်သည့် ပါတီဖြစ်စေ လွန်ခဲ့သော နိုဝင်ဘာလက ရွေးကောက်ပွဲထက် အခြေအနေများစွာ ပိုမိုဆိုးရွားနိုင်သည်။
မကြာမီ အနာဂတ်တွင် လုပ်ဇာတ်လုပ်ပြီး ရွေးကောက်ပွဲ ကျင်းပကာ စစ်တပ်ပါတီ အနိုင်ရအောင်လုပ်ရန် လိုအပ်သော ရွေးကောက်ပွဲ လိမ်လည်မှုနှင့် ဖိနှိပ်မှု အတိုင်းအတာသည် ထိုလုပ်ရပ်ဖြင့်ပေါ်ပေါက်လာသော မည်သည့်အစိုးရမဆို တရားဝင်မှု မဆိုသလောက်သာ ရစေမည့် အန္တရာယ်ရှိသည်။ ဗ်ိုလ်ချုပ်များအနေဖြင့် ယခု အသက် ၇၅ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို အသက်အရွယ်အရနှင့် နိုင်ငံရေးအာဏာမှ ဖယ်ထုတ်ခြင်းဖြင့် ဇာတ်ဝင်ခန်းမှ ဖယ်ရှားပစ်ရန် မျှော်လင့်နေပုံရသည်။
လွန်ခဲ့သောဆယ်စုနှစ်အတွင်း ကြီးမားသော တိုးတက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ထိုသို့လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံအတွက် ဆိုးရွားလှသော အလားအလာဖြစ်သည်။
“ယုံတောင် မယုံနိုင်ဘူးဗျာ။ လက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့ကိုယ်သူတို့ ပါတီစုံ ဒီမိုကရေစီအတွက် လုပ်နေတယ်လို့ ထင်နေကြတာ” ဟု အထက်ပါ ဝါရင့်သံတမန်ကပြောသည်။ “သူတို့ ဒီလိုလုပ်ရပ်မျိုးကိုလုပ်ရင် တကမ္ဘာလုံးက သူတို့ကို နားလည်နိုင်မှာမဟုတ်ဘူးဆိုတာ သူတို့ကို ပြောမှဖြစ်မယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရရှိခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးတွေ ရမှာ မဟုတ်ဘူး။ ဒါကို နားလည်မှု လွဲမှားခြင်း မဖြစ်စေဘဲ လက်နက်ကိုင်တပ်တွေကို ပြောရမယ်” ဟုလည်း သူဆက်ပြောသည်။
မြန်မာ့တပ်မတော်နှင့် ၎င်း၏ကျယ်ပြန့်သော အကျိုးစီးပွားများကို ပစ်မှတ်ထားသော အရေးယူမှုများကို ဝါရှင်တန်ရှိ ဂျိုးဘိုင်ဒင် အစိုးရက ကြေညာထားပြီးဖြစ်သော်လည်း ၎င်းတို့သည် စစ်တပ်အပေါ်သြဇာ သက်ရောက်မှု အကန့်အသတ်ဖြင့်သာ ရှိသည်။
“ကျနော်တို့မှာ ဖိအားပေးဖို့သြဇာ အပြည့်အဝမရှိဘူး” ဟု မြန်မာနိုင်ငံ နိုင်ငံရေးတံခါးဖွင့်ပြီး ပထမဆုံး အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ဒဲရက် မစ်ချယ်ပြောသည်။ “အဓိက ကျတာက ကျနော်တို့ရဲ့ မဟာမိတ်တွေပဲ။ ကျနော်တို့ မဟာမိတ်အချို့ ဖြစ်တဲ့ ဂျပန်၊ အိန္ဒိယနဲ့ တောင်ကိုရီးယားတို့က မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြားလုပ်ထားတော့ ဒါကလည်း ခက်ခဲနေတယ်။ သူတို့တွေက မြန်မာနိုင်ငံမှာ တရုတ်သြဇာကြီးထွားမှာကိုလည်း စိုးရိမ်နေကြတယ်။ကျနော်တို့မဟာမိတ်တွေအနေနဲ့ စစ်မှန်ပြီး စဉ်ဆက်မပြတ်တဲ့ ဖိအားပေးပြီး အခုဖြစ်နေတာတွေကို လက်မခံဖို့ ကျနော်တို့ နည်းလမ်းရှာရမယ်” ဟုလည်း သူပြောသည်။
“ဒါပေမယ့် ကျနော်တို့က အရင်ခေတ်ကလို အရေးယူမှု ပုံစံဟောင်းကို ပြန်သွားမှာ မဟုတ်ဘူး။ အရေးယူပိတ်ဆို့မှုတွေက စစ်တပ်က အရမ်းလိုချင်နေတဲ့ ငွေကြေး၊ လက်နက်နဲ့ ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်အောင် အရမ်းကို ဂရုတစိုက် လုပ်ဆောင်မှာဖြစ်တယ်။ သူတို့ အကြောက်ဆုံးအရာက တရုတ်လို အိမ်နီးချင်းနိုင်ငံကြီးတွေကို အလွန်အကျွံ မှီခိုနေရတာပဲ။ ဒီတော့ မင်းတို့ရဲ့ ဆက်ဆံရေးတွေကို ချိန်ခွင်လျှာ ညှိချင်ရင် ဒီတိုင်းတော့မရဘူး၊ တန်ဖိုးတခုပေးဆပ်ရမယ် ဆိုတာကို ကျနော်တို့က ဖေါ်ပြရမယ်။ စစ်တပ်က ဒါကို နားလည်ရမယ်” ဟုလည်း သူပြောသည်။
သူတို့က ထိုအချက်ကို နားလည်နိုင်ပါမည်လား။ မြန်မာ့စီးပွားရေးသည် ကိုဗစ်-၁၉ ကြောင့် အကြီးအကျယ် အထိနာနေပြီးဖြစ်ကာ ၂၀၁၇ ခုနှစ်တွင် တပ်မတော်က ရိုဟင်ဂျာများကို လူမျိုးစုသန့်စင်သောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နောက်ဆုတ်သွားခဲ့သည်။ အရေးယူပိတ်ဆို့မှုများသည် အကန့်အသတ်ဖြင့်သာ သက်ရောက်မှု ရှိနိုင်သော်လည်း ထိုမျှ လူထုထောက်ခံမှုကင်းမဲ့သည့် စစ်အစိုးရအောက်တွင် လုပ်ကိုင်ရသောကြောင့် ဂုဏ်သိက္ခာကျဆင်းမှုကို ရှောင်ရှားလိုသော ပြည်ပကုမ္ပဏီများသည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာနိုင်သည်။
ဆန့်ကျင်သောအဖွဲ့အစည်းများကို ပိတ်ဆို့ရန် အင်တာနက် ပိတ်ပင်ရန် ကြိုးစားခြင်းသည် အထူးသဖြင့် ဖေ့ဘွတ်ကို ကျယ်ပြန့်စွာသုံးပြီး ပစ္စည်းရောင်းနေရသည့် စီးပွားရေးလုပ်ငန်းငယ်များကို အကြီးအကျယ် ထိခိုက်စေနိုင်ကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းများက သတိပေးနေသည်။ ပြင်းထန်လှသော စီးပွားရေးအကျပ်အတည်းကြောင့် ဗိုလ်ချုပ်များအနေဖြင့် ပြန်လည်စဉ်းစားရန် ဖြစ်စေနိုင်သည်။
သို့သော် လွန်ခဲ့သော ၁၀ နှစ်က အသွင်ကူးပြောင်းမှုကာလကိုဖြစ်စေသော အာဏာခွဲဝေမှု အစီအစဉ်အား ဖျက်ဆီးလိုက်ပြီး ဖြစ်သောကြောင့် ဗိုလ်ချုပ်များအနေဖြင့် ဆန္ဒရှိလျှင်ပင် အာဏာသိမ်းမှုမှ မည်သို့နောက်ပြန်လှည့်မည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်တော့ပေ။ နေအိမ်အကျယ်ချုပ်ဘဝက ဗိုလ်ချုပ်များကို နှစ်ပေါင်း ၂၀ ကြာ ဆန့်ကျင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် .ယခုအခါ ထိုပုံစံမျိုးဖြင့်ပင် သူမကိုဖြုတ်ချလိုက်သော ဗိုလ်ချုပ်များကို အလျှော့ပေးရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလျှင်လည်း စစ်အာဏာသိမ်းမှုအပေါ်လူထုဆန့်ကျင်မှု ပိုမိုများပြားစေရန် စိတ်ခွန်အားကို ဖြစ်စေမည်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွတ်တွန်းမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စစ်အုပ်ချုပ်ရေး မှားယွင်းမှု ကြေကွဲစရာဇာတ်လမ်းတွင် သူ၏ ဆိုးရွားလှသော အခန်းကို ဖြည့်စွက်လိုက်တော့မည်ဖြစ်သည်။
( Jonathan Head သည် BBC သတင်းဌာန၏ အရှေ့တောင်အာရှရေးရာ သတင်းထောက်ဖြစ်ပြီး ၎င်းရေးသားထားသော Myanmar coup: What will the military do now? ကို ဘာသာပြန်ဆိုဖော်ပြသည်။)
You may also like these stories:
အမေရိကန်၏ မြန်မာဆန်ရှင်အကြောင်း သိကောင်းစရာ
ရိုဟင်ဂျာကတ် အာဏာသိမ်းကောင်စီ ထုတ်ကစား
မြန်မာ့ဒီမိုကရေစီ နောက်ကြောင်းပြန်ရန် မလွယ်ကူ