ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းယူမှုကြောင့် ဖြစ်ပေါ်ခဲ့ရသော နိုင်ငံရေး မငြိမ်သက်မှုများကြားတွင် တိုင်းပြည်၏ သစ်တောကဏ္ဍက နိုင်ငံတကာအသိုင်းအဝိုင်း၌ တရားဝင်မှု ရရန် ကြိုးပမ်းနေသည်။
စစ်အာဏာသိမ်းယူမှု၏ သက်တမ်းက တနှစ်ကြာလျှင် ကုန်ဆုံးမည်ဟု ဆိုသည့်တိုင် မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များနှင့် သစ်ကုန်သည်ကြီးများအသင်း (MFPTMA) မှ ထုတ်ပြန်သော ကြေငြာချက်တခုတွင် နိုင်ငံခြားသို့ သစ်တင်ပို့ရောင်းချရန် ရှိပြီး ဥပဒေနှင့်အညီ တရားဝင်ဖြစ်ကြောင်း အံ့အားသင့်ဖွယ်ရာ ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့်အပတ်က ပေးပို့ခဲ့ပြီး ဗြိတိန် အခြေစိုက် ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) က မျှဝေခဲ့သည့် ကြေညာချက်၏ အဆိုအရ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ သစ်များ ဆက်လက်ရောင်းချရေးကို နိုင်ငံတကာက ထောက်ခံပေးရန် MFPTMA က ဆန္ဒ ရှိကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် မြန်မာနိုင်ငံမှ သစ်တောများ လျှင်လျှင်မြန်မြန် ပြုန်းတီးနေခြင်းကို ရပ်တန့်ရာတွင် ထိရောက်မှု မရှိခဲ့သည့် ဥပဒေအရ အကာအကွယ်ပေးမှုများနှင့် ပတ်သက်၍ မရေမရာ ရှင်းလင်းကိုးကားချက်များလည်း ပါဝင်သည်။
အဆိုပါ ကြေငြာချက်ကို တုန့်ပြန်သည့်အနေဖြင့် EIA က မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂ၏ သစ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းများ (EUTR) နှင့် ဥရောပသမဂ္ဂ၏ သစ်တော ဥပဒေစိုးမိုးရေး၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှု (FLEGT) ကဲ့သို့သော စံသတ်မှတ်ချက်များကို လိုက်နာနေသည် ဆိုသော အချက်ကို ပယ်ချခဲ့သည်။
“EIA က ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ သစ်တောတွေ ပရမ်းပတာ ခိုးထုတ်မှု၊ စစ်အစိုးရထိပ်ပိုင်းကနေ အစပြုတဲ့ အဆင့်မြင့် အကျင့်ပျက် ခြစားမှုများနဲ့ မြန်မာပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ အသက်မွေးဝမ်းကျောင်းမှုအတွက် မှီခို အားထားရတဲ့ သစ်တော ကြွယ်ဝသော ဒေသများမှာ ကျူးလွန်ခဲ့တဲ့ အမှုတွေကို ဖော်ထုတ်ခဲ့ပါတယ်” ဟု EIA ၏ အကြီးတန်း ပြောခွင့်ရပုဂ္ဂိုလ် Paul Newman က ပြီးခဲ့သည့်အပတ်တွင် ပြောကြားခဲ့သည်။
တပ်မတော်က ချမှတ်ခဲ့သော တနှစ်ကြာ အရေးပေါ်အခြေအနေတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အရပ်ဖက်ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ အပါအဝင် အရပ်ဖက် လူ့အဖွဲ့အစည်း ခေါင်းဆောင် အများအပြား ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ယခုလ အစောပိုင်းတွင် အင်တာနက်ပိတ်ပင်မှု တခု ကြုံတွေ့ခဲ့ရပြီး အွန်လိုင်းဆက်သွယ်ရေးများက ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့ရသည်။
မြန်မာနိုင်ငံတွင် သစ်လုပ်ငန်းလုပ်ငန်းနှင့် ဆက်စပ်နေသည့် အကျင့်ပျက်ခြစားမှုများက ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပေါ်နေခဲ့သည်။ ဗီယက်နမ်ကဲ့သို့ပင် အိမ်နီးချင်းနိုင်ငံများ၏ သစ်ခိုးယူမှုသားကောင် အဖြစ် ကျရောက်ခဲ့ရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု မတိုင်မီက အပြည်ပြည်ဆိုင်ရာနယ်ပယ်တွင် မရေမတွက်နိုင်သော အဆင်အခြင်မဲ့ တရားမဝင် အလေ့အထများကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှု အများအပြား ပြုလုပ်ခဲ့သည်။ သို့သော်လည်း ယင်းကျိုးပမ်းချက်များက ယခုအခါ ရေစုံမြောမည့် အနေအထားဟု EIA က ဆိုသည်။
“ကဏ္ဍအတွင်းမှာ စီမံခန့်ခွဲမှုနဲ့ နည်းပညာဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အခွင့်အရေးကောင်း တခု ရှိခဲ့ပါတယ်။ အဲဒါကို နိုင်ငံတကာအသိုင်းအဝိုင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ သစ်တောပညာရှင်တွေနဲ့ အချို့သော ပုဂ္ဂလိကကဏ္ဍများက ပံ့ပိုးပေးခဲ့ကြပါတယ်” ဟု Paul Newman က ပြောသည်။ “ အခုအခါမှာတော့ စစ်ဘက်က ဖွဲ့စည်းတဲ့ အစိုးရတခုက တိုင်းပြည်ရဲ့ ကဏ္ဍ အားလုံးကို ချုပ်ကိုင်နေပြီး စစ်အစိုးရကိုသာ အကျိုးရှိစေတာကြောင့် ဒီကိစ္စက မဖြစ်နိုင်တော့ပါဘူး။”
မြန်မာနိုင်ငံ၏ သစ်တောများသည် အလွန်လူကြိုက်များသည့် သစ်ပင်များ (ပရိဘောဂနှင့် ရွက်လှေလုပ်ငန်းများတွင် အထူး တန်ဖိုးရှိသည့် မြန်မာ့ကျွန်းသစ်များ) ရှိနေခြင်းကြောင့် အလွန်အကျွံ ခုတ်လှဲ ထုတ်ယူခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံမှ သစ်များဝယ်ယူမှု အများဆုံးမှာ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြပြီး ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ် အတွင်း မြန်မာနိုင်ငံမှ ကျွန်းသစ်နှင့်သစ်ခွဲသား ထုတ်လုပ်မှုက စုစုပေါင်း ကုဗမီတာ ၄.၀၄ သန်း (ကုဗပေ ၁၄၃ သန်း) နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၇၉ ဘီလီယံ ရှိခဲ့ကြောင်း EIA ၏ အစီရင်ခံစာ တစောင် အရ သိရသည်။
အမေရိကန် နှင့် ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံမှ ပမာဏအနည်းငယ်ကိုသာ တင်သွင်းခဲ့ကြသော်လည်း အဆိုပါ ဈေးကွက်များက ဒေါ်လာ သန်း ဆယ်ဂဏန်း များစွာ တန်နေဆဲဖြစ်သည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ သစ်ကုန်သွယ်ရေးမှာ အနည်းဆုံးဆယ်စုနှစ် ၂ ခုအတွင်း မရိုးသားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုနှင့် အခြားတရားမဝင် ပုံစံများနှင့် အတူ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အားထုတ်မှု မှန်သမျှကို အတားအဆီး ဖြစ်စေခဲ့သည်ဟု မှတ်သားခံခဲ့ရကြောင်း EIA အစီရင်ခံစာတွင် ဖော်ပြထားသည်။
မကြာသေးမီက ပေးပို့ခဲ့သည့် စာတွင် MFPTMA က ၎င်းအနေဖြင့် တရားမဝင်သစ်များကို တားဆီးရန် ရည်ရွယ်သည့် မူဝါဒ တခုဖြစ်သော ဥရောပသမဂ္ဂ သစ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းများ (EUTR) ကို လိုက်နာကြောင်း ပြောသည်။ သို့သော် EIA သစ်တောစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ခေါင်းဆောင် Faith Doherty ကမူ မြန်မာနိုင်ငံသည် EUTR ကို ဘယ်သောအခါမျှ လိုက်နာခြင်းမရှိဟု ပြောသည်။
“ အခုချိန်အထိ မြန်မာနိုင်ငံက အဲဒီ ဥပဒေတွေ လိုက်နာနိုင်ခြင်း မရှိဘူးလို့ ဥရောပသမဂ္ဂက ပြောခဲ့ပြီးပါပြီ ” ဟု Faith Doherty က အင်တာဗျူးတခုတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းဝက်ဘ်ဆိုက် Mongabay သို့ ပြောသည်။ “အခြေခံ အကြောင်းရင်းတွေထဲက တခုကတော့ ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းပဲ။ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို စောင့်ကြည့်လေ့လာဖို့ သစ်တောတွေကို သွားလို့ မရဘူး။ သူတို့ (MFPTMA) က အကွက်တွေထဲမှာ သူတို့ အမှတ်ခြစ်ပေးနိုင်တဲ့ စာရွက်စာတမ်းတွေ ပေးနိုင်တယ်။ အခု ဒီစာမှာ အားလုံးက တရားဝင် ဖြစ်ပါတယ်။ အဲဒါတွေ တရားဝင်ထောက်ခံချက် ကျနော်တို့မှာ ရှိပါတယ်လို့ ပြောနေတယ်။ ဒါပေမယ့် အတည်ပြုချက် မရှိဘူး။ လုံးလုံးလျားလျားကို ပွင့်လင်းမြင်သာမှု အားနည်းနေတယ်။”
ဗြိတိန်မှ သစ်ကုန်သည်များ အဖွဲ့ချုပ် တခုဖြစ်သော သစ်ကုန်သွယ်ရေး အသင်း (TTF) ၏ အမှုဆောင်အရာရှိချုပ် David Hopkins က EUTR အတွက် မည်သည့် ကုန်ပစ္စည်းကိုမဆို မူလရင်းမြစ်၏ တရားဝင်မှုကို သက်သေပြရန် လိုအပ်သည် ဟု ပြောသည်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ အဲဒီလို လုပ်လို့ မရဘူး” ဟု David Hopkins က အင်တာဗျူးတခုတွင် Mongabay သို့ ပြောသည်။ “တိကျမှန်ကန်တဲ့ အကဲဖြတ်မှု တခုကို လုပ်ဖို့ ဘယ်သူမှ ကြည့်လို့ မရနိုင်ဘူး။ ဒါကြောင့် ထောက်ပံ့ရေး ကွင်းဆက်ထဲကို ဝင်လာတဲ့ တရားမဝင်ပစ္စည်းတွေက အန္တရာယ်မရှိဘူးလို့ ခင်ဗျား တကယ်ကို သေချာပေါက် မပြောနိုင်ပါဘူး။”
ဥရောပ သမဂ္ဂက မြန်မာနိုင်ငံမှ သစ်များကို တားမြစ်မှု ပြုလုပ်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ TTF မှ မည်သည့် ကုန်သည်ကမျှ မြန်မာနိုင်ငံမှ သစ်တင်သွင်းခြင်းမရှိဟု David Hopkins က ထပ်ပြောသည်။ တားမြစ်မှုကို ၂၀၁၇ ခုနှစ်တွင် ရုပ်သိမ်းခဲ့သော်လည်း TTF က ၎င်း၏ မူဝါဒများကို မပြောင်းလဲခဲ့ပါ။
MFPTMA ၏ စာသည် ဘဏ္ဍာရေး အကျိုးအမြတ် အတွက်သာ ဖြစ်သည်ဟု ယုံကြည်ကြောင်း Faith Doherty က ပြောသည်။
“ကျမ မြန်မာနိုင်ငံမှာ အနှစ် ၃၀ အလုပ်လုပ်ခဲ့ပြီးပါပြီ။ ကျမအတွက် တကယ် ထိတ်လန့်စရာက အာဏာသိမ်းပြီးနောက် ၂ ရက်အကြာမှာ လူတွေကို မြန်မာကျွန်းသစ်ကို ဝယ်ဖို့ တွန်းအားပေးတဲ့ စာကို ပို့လာတာပါပဲ။ ကျမ အဲဒါကို မယုံနိုင်ဘူး။”
“(သစ်) ကုန်သွယ်မှုကနေ အမြတ်အစွန်း ရရှိနေသူတွေက မြန်မာပြည်သူတွေ မဟုတ်ပါဘူး။ တပ်မတော်နဲ့ သူ့ထဲက လူပုဂ္ဂိုလ်တွေ၊ ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ လူတွေပါ ” ဟု သူက ထပ်ပြောသည်။
EIA ၏အဆိုအရ မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ် နောက်ပိုင်း၌ သစ်တောများ၏ ၂၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ရသည်။
လက်ရှိထိန်းသိမ်းထားသည့် အရပ်သား အစိုးရနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်များ အားလွှတ်ပေးပြီး ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ထားသော အစိုးရထံသို့ အာဏာ ပြန်လည်အပ်နှင်းရန် EIA က မြန်မာ အာဏာသိမ်းခေါင်းဆောင်များကို တောင်းဆိုခဲ့သည်။ စစ်အစိုးရကို တိုက်ရိုက်ပစ်မှတ်ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများ အထူးသဖြင့် သစ်ကုန်သွယ်မှုနှင့် ပတ်သက်၍ ချမှတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့လည်း ၎င်းတို့ က တိုက်တွန်းသည်။
“အလုံးစုံ အရေးယူ ပိတ်ဆို့မှု မဟုတ်ဘဲ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့ EIA က တွန်းအားပေးနေပါတယ်” ဟု Faith Doherty က ပြောသည်။ “ပြည်တွင်းနဲ့ ပြည်ပက အရပ်ဘက် အဖွဲ့ အစည်းတွေရဲ့ နိုင်ငံတကာကို တောင်းဆိုမှုတွေနဲ့ အညီ သာမန် ပြည်သူတွေကို မထိခိုက်စေဘဲ အထက်တန်းလွှာတွေနဲ့ အာဏာသိမ်းမှုကနေ အကျိုးအမြတ် ရရှိနေတွေကို ထိမှန်စေမယ့်ဟာကို လုပ်ဖို့ ကျမတို့ တောင်းဆိုနေပါတယ်။”
(Mongabay ၏ Myanmar’s troubled forestry sector seeks global endorsement after coup ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အမေရိကန်၏ မြန်မာဆန်ရှင်အကြောင်း သိကောင်းစရာ
မြန်မာ့အထည်ချုပ်ရှေ့ရေး တိမ်မည်းများလွှမ်းလာ
လုပ်သားသန်းချီ ရှိသည့် အထည်ချုပ်ကဏ္ဍ ဆန်ရှင်ပိတ်ခံရမည်ကို စိုးရိမ်