မြန်မာနိုင်ငံ၏ မွေးကင်းစ နည်းပညာလုပ်ငန်းမှ မြန်မာရင်းနှီးမြှုပ်နှံသူတဦးအတွက် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသ်ိမ်းမှုသည် နောက်တွင်ကျန်ခဲ့ပြီဟု သူထင်တားသည့် နိုင်ငံ၏ မှောင်မိုက်သော ဖိနှိပ်မှုကြောက်လန့်မှုအတိတ်များကို ပြန်လည်ဆောင်ယူပေးလာခဲ့သည်။
“အနိမ့်ကျဆုံး အခြေအနေတွေကို ကျနော်ဖြတ်သန်းခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုးဖြစ်တာကို မမြင်ဖူးဘူး။ စိတ်ကူးတောင် မယဉ်ဖူးဘူး” ဟု ဘန်ကောက်အခြေစိုက် ထိုရင်းနှီးမြှုပ်နှံသူကပြောသည်။
မြန်မာနိုင်ငံရှိ သူ၏ ကုမ္ပဏီကွန်ရက်ကို စစ်အစိုးရ ကိုယ်စားလှယ်များက မည်သို့ချဉ်းကပ်ပြီး အလုပ်မဆင်းသောသူများ စာရင်းတောင်းသည်ကို သူပြောပြသည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ လမ်းမများပေါ်မှ ဆန္ဒပြပွဲများတွင် ပါဝင်သော အလုပ်သမားများကို ဖေါ်ထုတ်ရန် အားထုတ်မှု၏ တစိတ်တပိုင်းဖြစ်သည်။
“အလုပ်သမားအများစုက ကိုဗစ်-၁၉ ကြောင့် အိမ်ကနေပဲ အလုပ်လုပ်နေတာလို့ပဲ ကျနော်တို့ပြန်ပြောနိုင်တယ်။ ဒါပေမယ့် စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံမှာနေနေရတယ်ဆိုတဲ့ ခံစားမှုကို ရုတ်တရက် ခံစားလိုက်ရတယ်” ဟု သူပြောသည်။
စစ်အစိုးရက ထုတ်ပြန်သည့် သွားလာမှု ကန့်သတ်ချက်သစ်များ၊ အင်တာနက်နှင့် အချက်အလက်စောင့်ကြည့်ခြင်းဆိုင်ရာ ဥပဒေကြမ်းများကလည်း နိုင်ငံမှ အဓိက စီးပွားရေးအုပ်စုများကို မကြုံစဘူး ခေတ်နောက်ပြန်ဆွဲသွားစေသည်။
ထိုဖြစ်ရပ်များသည် ဆယ်စုနှစ်တခုကြာ တိုးတက်မှုများကို ပြန်လည်ဖျက်ဆီးပစ်ရန် ခြိမ်းခြောက်နေသည်။ စစ်အုပ်ချုပ်ရေးမှ စတင်ကူးပြောင်းသည့် ၂၀၁၁ ခုနှစ်မှ စတင်ပြီး ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအောက်တွင် စီးပွားရေးလုပ်ငန်းများသည် အရှေ့တောင်အာရှမှ စီးပွားရေးကို အမီလိုက်သည့် ဇာတ်လမ်းတွင် မောင်းနှင်အားများဖြစ်လာသည်။ မြန်မာ့စီးပွားရေးသည် ဆုံးရှုံးခဲ့သည့် အချိန်များကို ပြည်လည်အစားထိုးရန် အဆင်သင့်ဖြစ်နေပုံ ရလာသည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၀ ခုနှစ်က အနည်းငယ်သာ ရှိရာမှ ၂၀၁၆ ခုနှစ်သို့ရောက်သောအခါ ဒေါ်လာ ၃၈ ဘီလျှံအထိ ရှိလာပြီး မြင့်မားသော အခြေအနေဖြစ်လာသည်။ တချိန်တည်းတွင် မိုဘိုင်းဖုန်းဝန်ဆောင်မှုနှင့် အင်တာနက်ထိုးဖေါက်မှု သုညနီးပါးမှ လူ ၅၃ သန်း၏ ၄၀ ရာခိုင်နှုန်းသို့လွှမ်းမိုးမိလာသည်။
အာဏာသိမ်းမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားအရပ်သားခေါင်းဆောင်များကို ဖမ်းဆီးမှုသည် ထိုလမ်းကြောင်းကို ခြိမ်းခြောက်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးလုပ်ငန်းများ၏ အယုံအကြည်ရှိမှုနှင့် ဒေသတွင်း စီးပွားတိုးတက်မှုဖြစ်စေသော နည်းပညာတော်လှန်ရေးတိုးချဲ့မှုအတွက် သံသယများကို ဖြစ်စေသည်။
“လွန်ခဲ့တဲ့နှစ်တွေက ကျနော်တို့ လုပ်ခဲ့တဲ့ လုပ်ငန်းတွေအားလုံး အခုအချိန်မှာ အန္တရာယ်ကျရောက်သွားတာကို ကျနော်တို့ မြင်လိုက်ရပြီး ကျနော်တို့ အလုပ်ကြိုးစားခဲ့တာတွေအားလုံး အချည်းနှီးဖြစ်တော့မယ်ဆိုတဲ့ အလားအလာကို ရင်ဆိုင်နေရတယ်” ဟု မြန်မာနိုင်ငံအခြေစိုက် စီးပွားရေးအတိုင်ပင်ခံ ဦးအောင်သူရက ပြောသည်။
ရန်ကုန်တွင် နေထိုင်နေသည်မှာ ၆ နှစ်ကြာပြီဖြစ်သော ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံသူတဦးကလည်း “အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူတွေက အခြေအနေ မပြေလည်မခြင်း နောက်ထပ် တကျပ်တောင် ရင်းနှီးမြှုပ်နှံတော့မှာ မဟုတ်ဘဲ အခြေအနေ အရမ်းခက်ခဲလာရင် သူတို့ရဲ့ ဆုံးရှုံးမှုတွေကို ဖြတ်ချလိုက်နိုင်တယ်” ဟုပြောသည်။
တချိန်တည်းတွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် အမှုဆောင်များ အထူးသဖြင့် မြန်မာနိုင်ငံ၏ ယခင်က ဆိုးရွားလှသည့် အတိတ်တွင် အဆင်ပြေအောင်ဆောင်ရွက်နိုင်ခဲ့သူများက ၎င်းတို့သည် နိုင်ငံရေး ရှုခင်း အပြောင်းအလဲကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်နေသည်။ အချို့သူများသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် အကန့်အသတ်ဖြင့်သာ တိုးတက်မှုရှိသောကြောင့် စိတ်ပျက်နေကြပြီး ယခင်စစ်အစိုးရခေတ်များကထက် ပိုမိုအသိပညာရှိပြီး ဒစ်ဂျစ်တယ်နည်းဖြင့် ပိုမိုဆက်သွယ်လာသော နိုင်ငံတနိုင်ငံမှ စစ်ခေါင်းဆောင်များနှင့် အလုပ်လုပ်နိုင်မည်ဟု ယုံကြည်နေကြသည်။
စက်မှုလုပ်ငန်းအုပ်စုတခုကို စီမံဆောင်ရွက်နေသည့် ပြည်တွင်းစီးပွားရေးသမားတဦးက ” ဒီစစ်အစိုးရက စီးပွားရေးအတွက် ထင်ထားတာလောက် ဆိုးချင်မှ ဆိုးမှာပါ။ အနောက်တိုင်းရင်းနှီးမြှုပ်နှံမှုကတော့ ဆိုးရွားသွားမယ်။ စီးပွားရေးတခုလုံးအနေနဲ့တော့ ဆိုးမှာမဟုတ်ဘူး။ ဘယ်သူမှ ချက်ခြင်းကြီး ကောက်ချက်တွေဆွဲမယ်လို့ ကျနော်မထင်ဘူး” ဟုပြောသည်။
သို့တိုင် စစ်အစိုးရ ပြန်လည်တာဝန်ယူလိုက်သောကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရခြင်းမှာ ဂုဏ်သိက္ခာ ထိခိုက်နိုင်သည့် မိုင်းကွင်းအတွင်း လမ်းလျှောက်ရခြင်းပင်ဖြစ်ကြောင်း တိုကျိုအခြေစိုက် အတိုင်ပင်ခံလုပ်ငန်း SIPA Partners ၏ အကြီးအကဲနှင့် မြန်မာ့ရေးရာကျွမ်းကျင်သူ ရိုမိန်း ကေးလောက် ပြောသည်။
“ရင်းနှီးမြှုပ်နှံသူတွေဟာ အကျပ်အတည်းမှာ ပိတ်မိနေတာကို ကြုံရလိမ့်မယ်။ စစ်အစိုးရကတော့ အရင်အတိုင်း ဆက်လုပ်ကြပါဆိုတဲ့ နည်းလမ်းကိုပဲ သုံးပြီး ကုမ္ပဏီတွေအနေနဲ့ အလုပ်သမားများတွေနဲ့ ကုန်ကြမ်းပေးသွင်းသူတွေကို နိုင်ငံရေးစနစ်သစ်ကို လက်ခံဖို့ ဖိအားပေးခိုင်းမှာပဲ” ဟု သူပြောသည်။
အချို့နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများမှာ ယခင်အတိုင်း ဆက်လက်လုပ်ကိုင်ပါက ပေးဆပ်ရမည့် တန်ဖိုးမှာ အလွန်မြင့်မားကြောင်းကို ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပ်ိုင်လီမိတက်နှင့် ဖက်စပ်လုပ်ငန်းမှ နောက်ဆုတ်တော့မည်ဖြစ်ကြောင်း ဂျပန် အဖျော်ယမကာလုပ်ငန်း Kirin Holdings က ကြေညာသည်။ မြန်မာ့တပ်မတော်နှင့်ပတ်သက်နေသည့် မြန်မာမှ အကြီးမားဆုံး စီးကရက်လုပ်ငန်း Virginia Tobacco ဖက်စပ်လုပ်ငန်းမှ ဆုတ်ခွာမည်ဖြစ်ကြောင်း စင်္ကာပူလုပ်ငန်းရှင်ကြီး လင်းကာလင်းက ကြေညာသည်။ ထိုင်းနိုင်ငံအခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်း Amata က ရန်ကုန်တွင်တည်ဆောက်နေသည့် စက်မှုဇုန်စီမံကိန်းကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာသည်။
စစ်တပ်နှင့် ဖက်စပ်လုပ်ငန်းများတွင် ပါဝင်ခြင်းမရှိသော အခြားလုပ်ငန်းများလည်း ထိုအတိုင်းလိုက်လံ လုပ်ဆောင်နိုင်ပြီး ဂျပန်ကုမ္ပဏီများသည် အထူးစောင့်ကြည့်ခံလာရသည်။ ဆူဇူကီး မော်တာနှင့် တိုရိုတာ တို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားပြီး ရန်ကုန်ရှိ ဂျပန်ကုန်သည်ကြီးများ အသင်းတွင် အသင်းဝင် ၄၀၀ ကျော်ရှိနေသည်။
” ကုမ္ပဏီတခုစီက ဆက်လုပ်မလား စွန့်လွှတ်မလား ဆုံးဖြတ်ရလိမ့်မယ်။ လွယ်တော့မလွယ်ဘူး။ ယုံကြည်လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ကျင်းပမလား မကျင်းပဘူးလားဆိုတာက အရေးမကြီးဘူး။ ဂျပန် လုပ်ငန်းတွေက အဲဒီအချိန်အထိ စောင့်နိုင်မလား မစောင့်နိုင်ဘူးလားဆိုတာ မသေချာဘူး။ သွေးထွက်သံယိုမှုတွေဖြစ်လာရင်တော့ နောက်ထပ်ရင်းနှီးမြှုပ်နှံတာမျိုးကို ရှောင်ရတော့မှာပဲ” ဟု ရန်ကုန်အခြေစိုက် ဂျပန်လုပ်ငန်းအမှုဆောင်တဦးက ပြောသည်။
ထို့အပြင် ပိုမိုတင်းကျပ်သည့် အရေးယူပိတ်ဆို့မှု ခြိမ်းခြောက်မှုလည်း ရှိနေသည်။ အမေရိကန် ပြည်ထောင်စုသည် စစ်အစိုးရ၏ အဓိကအဖွဲ့ဝင်များကို အရေးယူပြီး သတိပေးလိုက်ကာ သမ္မတဂျိုးဘိုင်ဒင်က အုပ်ချုပ်ရေးအမိန့်တစောင်တွင် ထိုအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းပြီး တပ်ပိုင်လုပ်ငန်း ၃ ခုကို အရေးယူလိုက်သည်။
“ဘိုင်ဒင်အစိုးရက ဘယ်သူတွေက အဓိက ကျူးလွန်တာလည်းဆိုတာကို ဖေါ်ထုတ်ဖို့ အာရုံစိုက်ပြီး သတိထားတွက်ချက်တဲ့ နည်းလမ်းကို သုံးနေတယ်” ဟု တိုကျိုအခြေစိုက် Freshfields Bruckhaus Derringer ဥပဒေ အတိုင်ပင်ခံလုပ်ငန်းမှ အာရှ အရေးယူပိတ်ဆို့မှုဆိုင်ရာ အကြီးအကဲ အလက်ဇန္ဒာ ဒီမီထရန်ကိုက ဆိုသည်။
ဘိုင်ဒင်၏ အမိန့်တွင် အခြားအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို အရေးယူရန် လုပ်ပိုင်ခွင့်ကျယ်ကျယ်ပြန့်ပြန့်ပေးထားကြောင်း ဒီမီထရန်ကိုပြောသည်။ “ပြည်တွင်းအခြေအနေက ဆက်လက်ဆိုးရွားလာမယ်ဆိုရင် နောက်ထပ်အရေးယူပိတ်စို့မှုတွေကို တွေ့ရဦးမှာပဲ” ဟု သူပြောသည်။
အဓိကကျသော စစ်ခေါင်းဆောင်များကို အရေးယူရန် အမေရိကန် ပြည်ထောင်စုက လုပ်ဆောင်ပြီးနောက် တောင်ကိုရီးယား သံမဏိလုပ်ငန်း Posco International ၊ အထည်ချုပ်လုပ်ငန်း Pan-Pacific Group နှင့် အိမ်ခြံမြေလုပ်ငန်း Inno Group အပါအဝင် မြန်မာ့စီးပွားရေး ဦးပိုင်၏ အခြားသော စီးပွားဖက်များအပေါ် ဖိအားများ ပိုမိုကျရောက်လာနိုင်သည်။
မြန်မာနိုင်ငံမှ ကုမ္ပဏီများ ထွက်ခွာမှုသည် အရေးယူပိတ်ဆို့မှုကို ကြောက်လန့်မှုနည်းသည့် အထူးသဖြင့် တရုတ်မှ ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။
“လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အနောက်တိုင်းက ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ဝင်ရောက်လာမယ်လို့ ထင်ခဲ့တာ။ တကယ်တန်းကျတော့ ဖြစ်မလာဘူး။ အခု အာဏာသိမ်းမှုကြောင့် အနောက်နိုင်ငံကလူတွေ ထွက်သွားမယ်။ တရုတ်နဲ့တခြားနိုင်ငံတွေက ဒါကို အခွင့်ကောင်းယူကြလိမ့်မယ်” ဟု ရန်ကုန်အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။
ထိုသို့သောအမြင်သည် မှန်ကန်ကြောင်း၊ သို့သော် အကျိုးဆက်များ ရှိမည်ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် CSIS မှ အရှေ့တောင်အာရှ အစီအစဉ် ဝါရင့်သုတေသီ မာရေးဟိုင်းဘတ်ပြောသည်။ “အခုအချိန်မှာ တရုတ်၊ ဂျပန်၊ အခြားနိုင်ငံတွေနဲ့ ရုရှားအပါအဝင် မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ချင်တဲ့နိုင်ငံတွေ ပိုများလာတယ်။ ဒဏ်ခတ်အရေးယူမှုတွေကြောင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတွေနဲ့ထိတွေ့မှု နည်းသွားပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ထိခိုက်ပြီး လူ့အဖွဲ့အစည်း အပြည့်အဝတိုးတက်မှုကို ထိန်းချုပ်ရာရောက်မယ်” ဟုလည်း သူပြောသည်။
ရပ်ဝန်းနှင့် လမ်းအစီအစဉ် BRI အောက်မှ နှောင့်နှေးနေသော စီမံကိန်းအများအပြားအတွက် ကတိကဝတ်များနှင့် အပြီးအပြတ် သဘောတူညီမှုများ ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံမှ ထင်ရှားသော အိမ်ခြံမြေ တည်ဆောက်ရေးလုပ်ငန်းမှ အမှုဆောင်တဦးက ပြောသည်။ ” အဲဒါမြန်မာနိုင်ငံအတွက် ကောင်းနိုင်တယ်။ BRI ကနေ နိုင်ငံအတွက် အကျိုးရှိနိုင်မယ့် အခွင့်အလမ်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြုန်းတီးခဲ့တယ်” ဟုလည်း သူပြောသည်။
အစိုးရသစ်သည် ဖြုတ်ချခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရထက် စီးပွားရေးလုပ်ငန်းများနှင့် ပိုမိုအဆင်ပြေမည်ဟု ယုံကြည်သူအချို့လည်း ရှိသည်။ “တခါတခါကျတော့ ထိပ်ဆုံးမှာ ဘယ်သူရှိလဲဆိုတာပဲ အရေးကြီးတာ” ဟု Nikkei Asia ကတွေ့ဆုံခဲ့သော ရန်ကုန်အခြေစိုက် လုပ်ငန်းအမှုဆောင် ၈ ဦးအနက် တဦးကပြောသည်။ စီးပွားရေးသည် စစ်အစိုးရအောက်တွင် ပိုမိုကောင်းမွန်နိုင်ကြောင်းလည်း ထိုသူကပြောသည်။
“အနည်းဆုံးတော့ဗျာ စစ်တပ်က ဆုံးဖြတ်ချက်တွေ မြန်မြန်ချပြီး မြန်မြန်လုပ်နိုင်တယ်” ဟု မြန်မာန်ိုင်ငံမှ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ အဆင့်မြင့်ပုဂ္ဂိုလ်တဦးကပြောသည်။
အာဏာသိမ်းမှုဖြစ်ပြီးနောက် ၎င်းတို့အဖွဲ့အစည်းအနေဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကြေညာချက်တစောင် ထုတ်သင့် မထုတ်သင့်ကို အဖွဲ့ဝင်များအား မေးမြန်းသောအခါ ၃၀ ရာခိုင်နှုန်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် သဘောတူပြီး ၇၀ ရာခိုင်နှုန်းက ကန့်ကွက်ကြသည်။ ကုန်သည် စက်မှုအသင်း အမှုဆောင်များသည် စစ်အစိုးရ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်လည်း တွေ့ဆုံခဲ့ပြီး ကောင်စီက စီးပွားရေးလုပ်ငန်းများကို ဦးစားပေးမည်ဖြစ်ကြောင်း အာမခံလိုက်သည်။
အစိုးရအဖွဲ့တွင် အစောပိုင်း ခန့်အပ်မှုများသည် ကောင်းမွန်သော လက္ခဏာများ ပြသနေသည်။ “ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတွေမှာ ရာထူးခန့်အပ်မှုတွေက ရင်းနှီးမြှုပ်နှံသူတွေ အယုံအကြည် ကင်းမဲ့မှုတွေကို သက်သာစေတယ်။ ဦးအောင်နိုင်ဦးလို လူကို ရွေးလိုက်တာမျိုးပေါ့” ဟု မြန်မာသုတေသီ ဦးအောင်ဇင်ဖြိုးသိန်းက ပြောသည်။ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးအောင်နိုင်ဦးသည် ပညာတတ်ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းများက မြင်ကြသည်။
သို့သော် နိုင်ငံရေးအရ သိက္ခာကျဆင်းသွားသောကြောင့် လက်တဆုပ်စာသော အဓိကကျသည့် ရာထူးခန့်အပ်မှုများဖြင့် အစိုးရအပေါ် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုကို အရောင်တင်ပေးနိုင်မည် မဟုတ်ကြောင်း အချို့က ပြောသည်။ “ဒီကိစ္စက ခန့်အပ်တဲ့ လူနဲ့မပတ်သက်ဘူး၊ စနစ်နဲ့ပတ်သက်နေတာ” ဟု ပြည်တွင်း လုပ်ငန်းရှင်တဦးပြောသည်။
စီးပွားရေးလုပ်ငန်းများ၏ အခြားအဓိကကျသည့် စိုးရိမ်ပူပန်မှုမှာ အင်တာနက်နှင့် နည်းပညာကဏ္ဍအပေါ် အစိုးရက ကိုင်တွယ်ပုံဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်အစိုးရသည် ဖေ့ဘွတ်ကဲ့သို့သော လူမှုကွန်ရက် ပလက်ဖေါင်းများကို ပိတ်ဆို့ကာ မိုဘိုင်းဖုန်းကွန်ရက်ကို ဖြတ်တောက်သောကြောင့် စီးပွားရေးလုပ်ငန်းများ ပြတ်တောက်ကုန်ပြီး အွန်လိုင်းပလက်ဖေါင်းကို အားကိုးနေရသော လုပ်ငန်းများအတွက် အမှောင်ခေတ် ကျရောက်သွားသည်။
စစ်အစိုးရသည် မသင့်တော်ဟုထင်သော အကြောင်းအရာများကို ထိန်းချုပ်ရန် ဒေတာအချက်အလက်အသုံးပြုမှုနှင့် အွန်လိုင်းအကြောင်းအရာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို သိမ်းကျုံးထိန်းချုပ်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်းကိုလည်း ထုတ်ပြန်သည်။
ထိုဥပဒေ ပြဋ္ဌာန်ချက်များသည် ဒစ်ဂျစ်တယ် စီးပွားရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ထီထွင်ဆန်းသစ်မှုကို ထိခိုက်စေမည်ဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပြည်ပကုန်သည်ကြီးများအသင်းတို့သာမက ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းများက လူသိရှင်ကြား သတိပေးသည်။
လိုင်စင်ရဆက်သွယ်ရေး ကုမ္ပဏီ ၄ ခုအနက်တခုဖြစ်သော နော်ဝေးမှ Telenor က အရေးပေါ်အခြေအနေအတွင်း ထိုသို့သော ဥပဒေမျိုးပြဋ္ဌာန်းခြင်းနှင့် ယာယီအစိုးရကို ထိုမျှကျယ်ပြန့်သည့် အာဏာများပေးသည်မှာ မသင့်တော်ကြောင်း ပြောသည်။
စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအတွက် ထိုဥပဒေသည် နိုင်ငံတွင်ရေပန်းစားနေသည့် Wave Money ဦးဆောင်သော ဒစ်ဂျစ်တယ် ငွေပေးချေမှုနှင့် အီးကောမာ့စ်ကို ဖြတ်တောက်ရန်ခြိမ်းခြောက်လိုက်သည်။ Wave Money သည် နိုင်ငံတွင် အအောင်မြင်ဆုံး ဘဏ္ဍာရေး ဝန်ဆောင်မှုပေးလုပ်ငန်းဖြစ်ပြီး ၎င်းကို မြန်မာအခြေစိုက် စင်္ကာပူ စတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings နှင့် Ant Financial Services Group တို့က ပိုင်ဆိုင်သည်။ Yoma သည် အာဏာသိမ်းမှုအပြီးတွင် ဝန်ဆောင်မှုများ ပြန်လည်ပေးအပ်သော်လည်း စီပွားရေးလုပ်ငန်းအပေါ် စိတ်ခံစားမှုများ ပြောင်းလဲသွားနိုင်ကြောင်း သတိပေးထားသည်။
“ကမ္ဘာတဝှမ်း ကူးစက်ရောဂါအတွင်း ငွေစက္ကူကို အဓိကသုံးနေတဲ့ မြန်မာ့စီးပွားရေးမှာ ကြီးမားတဲ့ ဒစ်ဂျစ်တယ်တွန်းအားတွေဖြစ်လာပြီး ဝန်ဆောင်မှုတွေ ရောင်းဝယ်မှုတွေ အွန်လ်ိုင်းကို ပြောင်းလာကြတယ်။ စစ်အစိုးရက မိုဘိုင်းဖုန်းကွန်ရက်ပိတ်ပြီး ဖေ့ဘွတ်ကို ပိတ်လိုက်တော့ မြန်မာနိုင်ငံရဲ့ ထွန်းသစ်စ ဒစ်ဂျစ်တယ် စီးပွားရေးဟာ ချောက်ထဲကျသွားတယ်” ဟု ဝန်ဆောင်မှုလုပ်ငန်းတခုပိုင်ရှင် လုပ်ငန်းရှင် အမျိုးသမီးတဦးက ပြောသည်။ ” ဒေါ်အောင်ဆန်းစုကြည်အစိုးရက ဒစ်ဂျစ်တယ် စီးပွားရေးကို အရမ်းအားပေးတယ်။ အခုအစိုးရသစ်ဆိုတော့ သူတို့ရဲ့ အင်တာနက်ထိန်းချုပ်လိုခြင်းဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ယုံကြည်မှုကို ထိခိုက်စေမလား မထိခိုက်စေဘူးလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး” ဟုလည်း သူပြောသည်။
သတင်းနည်းပညာနှင့် ဆက်သွယ်ရေး ကဏ္ဍမှ ကုမ္ပဏီများအပါအဝင် ကုမ္ပဏီအများအပြားသည် ထိုဥပဒေကြမ်းကြောင့် စိုးရိမ်နေကြောင်း တာဝန်သိသော စီးပွားရေးလုပ်ငန်းများဌာန ဒါရိုက်တာ ဗစ်ကီ ဘိုးမင်း ပြောသည်။
” ကြားဖြတ်ဖို့ ထောက်လှမ်းရေးလုပ်ဖို့ နဲ့ အွန်လ်ိုင်းဝန်ဆောင်မှုတွေပိတ်ဖို့ အကြောင်းပြချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ပေးထားတာနဲ့ သတင်မှားဆိုတဲ့ စကားကို ဖွင့်ဆိုခြင်းမရှိဘဲ သုံးတာကို သူတို့ သဘောမကျဘူး။ ဒီစကားက စစ်တပ်မကြိုက်တာ အကုန်လို့ အဓိပ္ပါယ်ရပြီး ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ရည်ညွှန်းကိုးကာထားတာ တခုမှမပါဘူး” ဟု ဘိုးမင်းက Nikkei သို့ပြောသည်။
အနောက်န်ိုင်ငံများက အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်သည်ဖြစ်စေ မချမှတ်သည်ဖြစ်စေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နောက်ကြောင်းပြန်ခြင်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ကုမ္ပဏီများ၏ ဆုံးဖြတ်ချက်ကို အကြီးအကျယ်ထိခိုက်စေကြောင်း Nikkei နှင့်တွေ့ဆုံခဲ့သူ အမှုဆောင်အများစုက ယုံကြည်ကြသည်။
“ကျနော်တို့က ရင်းနှီးမြှုပ်နှံမှုတွေ ဆိုင်းငံ့ထားတယ်။ တကျပ်မှ ထပ်မထည့်ဘူး” ဟု ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံသူတဦးပြောသည်။
မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများသည် အနောက်တိုင်း စီးပွားရေးလုပ်ငန်းများနှင့် ဆက်ဆံရန် ယခင်ကဖြစ်နိုင်သော်လည်း လွန်စွာရှုပ်ထွေးကြောင်း မြန်မာနိုင်ငံတွင်နေထိုင်သည်မှာ ၂၇ နှစ်ရှိပြီဖြစ်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတိုင်ပင်ခံ လတ် ဒီ ဝိတ်ချ်ပြောသည်။
“အရာရာက ပိုရှုပ်ထွေးသွားပြီး အချိန်ပိုကုန်ပြီး ပိုမိုကုန်ကျတော့မယ်။ ဒီလိုပုံစံနဲ့စီးပွားရေးလုပ်ဖို့ဆိုတာ အခုထိခိုက်မှုကို ရေရှည်အကျိုးအမြတ် ရှိ မရှိနဲ့ ချိန်ဆဖို့ပဲ ရှိတယ်” ဟု သူပြောသည်။
သို့သော်ပြဿနာမှာ ချိန်ဆနိုင်ခြင်းပင် ရှိနေသေးသလားဟူ၍ ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်တခုက မြန်မာက ကမ္ဘာကို တံခါးဖွင့်လိုက်သောကြောင့် ဖြစ်ပေါ်လာသော မျှော်မှန်းချက်များသည် မိုးထိအောင်မြင့်မားကြောင်း သူပြောသည်။ ” ဒီနေ့သုံးသပ်ချက်တွေက တယူမသန်ဘဲ အများကြီး ပို လက်တွေ့ကျတယ်။ အခုအချိန်ကစပြီး ပထမတန်းစား ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ဆိုကာ မဖြစ်နိုင်တော့တာ မဟုတ်ရင်တောင်မှ အရမ်းကို ခက်ခဲသွားတော့မယ်” ဟုလည်း သူပြောသည်။
(Nikkei Asia ပါ Myanmar’s coup creates a minefield for business ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက အသံထွက်ဖို့ လိုနေပြီ
CDM ကြောင့် စက်သုံးဆီ တင်သွင်းမှု ရပ်ဆိုင်းသွား
ဒေါ်အောင်ဆန်းစုကြည် အစိုးရသက်တမ်းအတွင်း တရုတ်အကြွေး ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့