ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် ဘန်ကောက်ကို မပြောမဆို ရောက်ရှိလာပြီး ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံသွားခြင်းဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အရှေ့တောင်အာရှက ခြောက်ခြားဖွယ် သံတမန်အခင်းအကျင်း အစပြုမှုတခုပါပဲ။
ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ အသေးစိတ် ထုတ်ပြန်ခြင်း မပြုခဲ့ပါဘူး။ စစ်ကောင်စီ ထိပ်တန်းအရာရှိတဦးရဲ့ ပထမဆုံးပြင်ပဆက်သွယ်မှုဟာ အင်မတန်ရှုပ်ထွေးနက်နဲလှပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဆိုရင် တရားဝင်တွေ့ခဲ့တယ်လို့ ပြောဖို့တောင် ဆန္ဒမရှိခဲ့ပါဘူး။
နိုင်ငံတိုင်းက လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို စိတ်ဝင်တစားရှိနေသလို တမူထူးခြားတဲ့ ဒီအကျပ်အတည်းဟာ အားလုံးအတွက် ဆူးတချောင်းလို စိန်ခေါ်မှုဖြစ်နေတယ်။
ကမ္ဘာ့စစ်ရေး၊ စီးပွားရေး အင်အားကြီးနိုင်ငံတွေကလည်း ဒီကိစ္စအပေါ်အာရုံစူးစိုက်နေကြပြီး ချက်ချင်းဆိုသလို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်။ ဂျိုးဘိုင်ဒင်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ ချက်ချင်းပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့သလို အီးယူဘက်ကလည်း ပိတ်ဆို့မှုတွေ စတင်ခဲ့တယ်။
ကြိုတင်ခန့်မှန်းလို့ ရတဲ့အတိုင်း တရုတ်ကတော့ ပျော့ပြောင်းတဲ့ ကြေညာချက်ထုတ်ပြန်ပြီး ပါဝင်ပတ်သက်နေကြတဲ့သူတွေအားလုံး သဘောထားကွဲပြားနေမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ တိုက်တွန်းခဲ့တယ်။
ထူးခြားမှုတခုကတော့ တရုတ်ရဲ့ အနေအထားပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်ကို ကန့်ကွက်မှုမရှိ သဘောတူပါဝင်ခဲ့တာပဲဖြစ်တယ်။ ဒီကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ မူလ ဒီမိုကရေစီစံနှုန်းတွေအတိုင်း ဆက်လက်ကျင့်သုံးဖို့ တောင်းဆိုထားတယ်။ ဒါကိုကြည့်ရင် တရုတ်ဟာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် စိတ်မသက်မသာ ဖြစ်နေပုံရတယ်လို့ ခန့်မှန်းရတယ်။
ဒါပေမယ့် အမေရိကန်ရော၊ တရုတ်အတွက်ပါ မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ဖြေရှင်းဖို့ ရွေးချယ်စရာ နည်းလမ်းက သိပ်များများစားစား မရှိဘူး ဖြစ်နေတယ်။
အမေရိကန်ရဲ့ ဒေသတွင်း သြဇာလွှမ်းမိုးမှုဟာ အားလျော့နေပြီး ဘက်ပေါင်းစုံ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်များနဲ့ နှိုင်းစာရင် အတော်လေး ကျဆင်းနေတာတွေ့ရတယ်။
အဲဒီအချိန်ကာလက စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့လို့ မြန်မာ့စီးပွားရေးကို အကြီးအကျယ်ချွတ်ခြုံကျစေခဲ့တာတောင် အဲဒီချိန်က မြန်မာစစ်အစိုးရကို တစုံတရာ လွှမ်းမိုးနိုင်ခဲ့တာ မရှိခဲ့ဘူး။
အခု ပိတ်ဆို့အရေးယူမှုတွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အဓိက ပစ်မှတ်ထား လုပ်ဆောင်တာ ဖြစ်ပေမယ့် နေပြည်တော်က အာဏာသိမ်းခေါင်းဆောင်တွေကို စိတ်ပြောင်းသွားဖို့ ဖြစ်နိုင်ခြေ သိပ်မရှိတာ တွေ့ရတယ်။
မြန်မာပြည်အာဏာသိမ်းမှု ဖြစ်စဉ်ဟာ ဂျိုးဘိုင်ဒင်အစိုးရ တက်လာပြီး သိပ်မကြာခင်မှာ ပေါ်ပေါက်ခဲ့တာဖြစ်တယ်။ အမေရိကန်ဟာ အာရှ ပစိဖိတ်ဒေသမှာ ဒီမိုကရေစီတန်ဖိုးမြှင့်တင်ဖို့၊ အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အာဆီယံ နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ချည်းကပ်မှုအသစ်နဲ့ အစပျိုးနေချိန်လည်း ဖြစ်တယ်။
ဒါပေမယ့် တရုတ်လိုပဲ အာဆီယံနိုင်ငံတွေကလည်း မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေးယူ၊ ပြစ်တင်ရှုတ်ချတဲ့ နည်းလမ်းကို အခြေခံပြီး ချည်းကပ်မယ့် လက္ခဏာ မတွေ့ရဘူး။
တရုတ် ရွေးတဲ့လမ်း
တရုတ်ကတော့ အာဏာသိမ်းမှုဖြစ်စဉ်ကနေ အကျိုးအမြတ် ရရှိတဲ့သူ ဖြစ်လာမှာပါ။ တခုတည်းသော အင်အားကြီးနိုင်ငံအနေနဲ့ တရုတ်ဟာ မြန်မာပြည်ကို လက်နက်ထောက်ပံ့ခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်နေဦးမှာပဲဖြစ်တယ်။
ဒါပေမယ့် ဖုံးကွယ်ထားလို့မရတဲ့ အချက်တချက်က တရုတ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနဲ့ အလုပ်လုပ်ရတာ (ဘာမှ မသေချာ မရေရာတဲ့ စစ်အစိုးရနဲ့ အလုပ်လုပ်ရတာထက် စာရင်) ပိုပြီး သက်သောင့်သက်သာနဲ့ အဆင်ပြေချောမွေ့မှု ရှိနေတယ် ဆိုတဲ့အချက်ပါ။
NLD အစိုးရလက်ထက်မှာ တရုတ်နဲ့ ဆက်ဆံရေးဟာ ပိုပြီး နွေးထွေးမှုတွေ ရှိလာခဲ့တယ်။ စစ်အစိုးရအနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကြီးရဲ့လွှမ်းမိုးမှု၊ အထူးသဖြင့် နယ်စပ်ဒေသမှာ လက်နက်ကိုင်အဖွဲ့တွေ အပေါ် သြဇာလွှမ်းမိုးမှုတွေအပေါ် သမိုင်းစဉ်ဆက် မယုံကြည်မှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့တယ်။
အခု ဆန္ဒပြနေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေကြား ယုံကြည်နေတဲ့ အချက်တခုကတရုတ်ဟာ အာဏာသိမ်းစစ်အစိုးရကို ထောက်ခံအားပေးနေပြီး ဒီအချက်ကြောင့် ပြည်သူတွေကြားမှာ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ကြီးထွားလာနေခဲ့တယ်။
ဒါ့ကြောင့်လည်း တရုတ်အစိုးရ တာဝန်ရှိသူတွေ ကိုယ်တိုင် ရှေ့ထွက်လာပြီး ထွက်ပေါ်နေတဲ့ကောလဟလသတင်းတွေ မဟုတ်မှန်ကြောင်း၊ တရုတ်စစ်တပ်က မြန်မာပြည်အတွက် အင်တာနက် firewall တည်ဆောက်ပေးနေတယ်ဆိုတာ မမှန်ကန်ကြောင်း၊ ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ အထူးတပ်ဖွဲ့တွေ စေလွှတ်ထားတယ်ဆိုတာလည်း မဟုတ်ကြောင်း ငြင်းချက်ထုတ်ရတယ်။
အာဏာသိမ်းမှုကို အပြင်းအထန်ဆန့်ကျင်နေကြသူတွေရဲ့ ခန့်မှန်းချက်တခုက မြန်မာနိုင်ငံမှာ ရေရှည်မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး ဒီမတည်ငြိမ်မှုကြောင့် တရုတ်ရဲ့တစိပ်တပိုင်း စီးပွားရေးနဲ့ မဟာဗျူဟာအကျိုးစီးပွားကို ထိခိုက်စေလိမ့်မယ်လို့ ဆိုတာပါပဲ။ ဒီအကြောင်းတွေကြောင့် တရုတ်ဟာ မြန်မာ့အရေးကို သတိကြီးကြီးထားပြီး ကိုင်တွယ်နေရတယ်။
ကုလသမဂ္ဂကတော့ မြန်မာပြည်ရဲ့ အဆင်မပြေလှတဲ့ စေ့စပ်ရေး သမိုင်းတွေကို မှတ်တမ်းတင်ထားခဲ့ပြီးပါပြီ။ ၁၉၈၈ခုနှစ် လူထုအုံကြွဆန္ဒပြမှုဖြစ်စဉ် ပြီးကတည်းက ဒီမိုကရေစီ မြှင့်တင်ရေး ဆယ်စုနှစ် ၂ ခုကြာ မအောင်မြင်ခဲ့တဲ့ အထူးသံတမန်စေလွှတ်ခဲ့မှုတွေ အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ စေလွှတ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဆက်ဆက်ဟာလည်း ရလဒ်ကောင်း မထွက်ဘဲ ပြီးဆုံးခဲ့ရတာ များခဲ့ပါပြီ။
လက်ရှိ ကုလအထူးကိုယ်စားလှယ် ဆွစ်ဇာလန်လူမျိုး ခရစ္စတင်းရှာရနာ ဘာဂနာ အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ပြည်သူတွေအကြား အန္တရာယ်ကြီးမားလှတဲ့ ထိပ်တိုက်တွေ့ဆုံနေမှုက ဆွဲထုတ်နိုင်မယ့် လမ်းစရှာဖို့ ဘယ်သူမှ မလုပ်ချင်တဲ့ တာဝန်ကို ယူထားရပါတယ်။
သူ့အနေနဲ့ အစိုးရသစ်က ကိုယ်စားလှယ်တွေနဲ့ အရေးတကြီးတွေ့ဆုံနိုင်ဖို့ ကြိုးစားနေပြီး ဒီအခြေအနေမှာ ဘယ်နေရာမှာ ထိန်းသိမ်းခံထားရမှန်း မသိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံနိုင်ဖို့ လိုအပ်နေတယ်။ ဒီလိုတွေ့ဆုံခြင်းဟာ စစ်အစိုးရကို အသိအမှတ်ပြုခြင်း မဖြစ်ဖို့ လိုတယ်။
ခရစ္စတင်း ဘာဂနာ အနေနဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ တာဝန်ပေးအပ်မှုနဲ့အတူ သွားရောက်ရမှာဖြစ်တယ်။ ဒါပေမယ့် စစ်အာဏာသိမ်းမှု လုံးဝ ကျရှုံးရမယ်လို့ ထုတ်ဖော်ပြောကြားထားခဲ့တဲ့ ဂူတာရက်စ်ကြောင့် စစ်ဗိုလ်ချုပ်တွေက သူ့အပေါ် ယုံကြည်ဖို့ ခဲယဉ်းပါလိမ့်မယ်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ သိမ်းထားတဲ့ အာဏာကို စွန့်လွှတ်ပြီး ဆွေးနွေးညှိနှိုင်းဖို့ အသင့်ရှိနေတယ်လို့ ယုံကြည်သူက အနည်းအကျဉ်းသာ ရှိပါတယ်။
သူ့လက်အောက်ငယ်သားအချို့က ဒီအာဏာသိမ်းမှုကို သဘောမတူဘဲ မြန်မာနိုင်ငံအတွက် အင်မတန်ကြီးမားလှတဲ့ ဆုံးရှုံးမှုနဲ့ကြုံတွေ့ရနိုင်တယ်ဆိုတာ သဘောပေါက်ပေမယ့် မြန်မာ့တပ်မတော်ဟာ အထက်အောက်ရာထူးတွေကြားမှာ ဘယ်သောအခါမှ အမြင်သဘောထားကွဲပြားမှုကို ပြသခွင့်မပြုခဲ့ပါဘူး။
နေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ် နေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း သူ့ဆီက အာဏာလုသွားသူနဲ့ ညှိနှိုင်းဖို့ လက်ခံမယ် မထင်ဘူး။
အင်ဒိုနီးရှားရဲ့ ခြေလှမ်း
အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ညှိနှိုင်းရေး အဆိပ်သင့်ခဲ့သူက အင်ဒိုနီးရှားပဲဖြစ်တယ်။ အင်ဒိုနီးရှားက မြန်မာ့အရေး အာဆီယံမှာ အဖြေရှာဖို့ ကနဦး ကြိုးပမ်းမှုတွေ စတင်ခဲ့တယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတခုဖြစ်ပြီး တနိုင်ငံရဲ့ပြည်တွင်းရေးကို အခြားတနိုင်ငံက ဝင်ရောက် မစွက်ဖက်ရေးမူနဲ့ ရပ်တည်နေတဲ့ အာဆီယံနိုင်ငံများအတွက် မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းဖို့ အခက်အခဲတွေ ရှိနေတယ်။
ဒါပေမယ့် မြန်မာပြည်မှာ နောက်ထပ် ထိပ်တိုက်တွေ့မှုများနဲ့ သွေးထွက်သံယိုမှုများ ရှိလာခဲ့ရင်တော့ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာမယ့် အာဆီယံရဲ့ တည်ငြိမ်မှုနဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာရင် ဝင်ရောက်ဖြေရှင်းရမယ့်တာဝန် ရှိလာပြီ။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်း ရှည်လျားစွာ ထိစပ်နေတဲ့ ထိုင်းနိုင်ငံဖြစ်တယ်။
ထိုင်းအာဏာပိုင်တွေဟာ နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာနိုင်ဖွယ်ရှိတဲ့ လူအမြောက်အမြားအတွက် အသင့်ပြင်ဆင်နေမှုတွေ ရှိနေပါပြီ။
အာဆီယံဟာ မြန်မာ့အရေးကို တသံတည်း ထွက်ကြမှာတော့ မဟုတ်ဘူး။ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်တို့ဟာ မြန်မာအာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဘာမှ မဝေဖန်ဘဲ နေခဲ့ကြပြီး ဒါဟာ သူ့နိုင်ငံရဲ့ပြည်တွင်းရေးသာဖြစ်တယ်လို့ ဆိုတယ်။
မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ စင်္ကာပူကတော့ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ကန်ကွက်ခဲ့တာတွေ့ရတယ်။ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ပြီး ဆန္ဒပြသူတွေကို အသက်အန္တရာယ်ရှိတဲ့ လက်နက်နဲ့ နှိမ်နင်းခဲ့မှုဟာ ခွင့်မလွှတ်နိုင်စရာဖြစ်တယ်လို့ ဝေဖန်ခဲ့တယ်။
မြန်မာပြည်က အကျပ်အတည်းကို လမ်းကြောင်းရှာဖို့ ကြိုးစားတာက အင်ဒိုနီးရှားပါ။ အင်ဒိုနီးရှားဟာ အာဆီယံမှာ အကြီးဆုံးနိုင်ငံဖြစ်ပြီး ၁၉၈ဝပြည့်လွန်နှစ်များက ကမ္ဘောဒီးယားမှာ ဖြစ်ပွားခဲ့တဲ့ အကျပ်အတည်းကို ဦးဆောင်ဖြေရှင်းခဲ့တဲ့ သမိုင်းအစဉ်အလာရှိဖူးတယ်။
လုပ်သက် ခြောက်နှစ်ကျော် ရှိပြီဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး မာဆူဒီဟာ ဒေသတွင်းမှာတော့ အတွေ့အကြုံအရင့်ဆုံးထဲက တဦးဖြစ်ပြီး လွန်ခဲ့တဲ့လေးနှစ်က ရိုဟင်ဂျာ အရေးဖြေရှင်းရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်တယ်။
အင်ဒိုနီးရှားဟာ မြန်မာနဲ့ ဝေးကွာပြီး နယ်မြေချင်းထိစပ်မှု မရှိသလို အကျိုးစီးပွားဆက်စပ်မှုလည်း သိပ်မရှိဘူး။ ဒါပေမယ့် အင်ဒိုနီးရှားဟာ မြန်မာလိုပဲ လူမျိုးစုအများအပြားနေထိုင်ပြီး ကိုလိုနီခေတ်နှောင်းပိုင်း နိုင်ငံတည်ဆောက်ရေးမှာ လက်နက်ကိုင်တပ်ဖွဲ့က အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ ဒါကို မြန်မာစစ်ဗိုလ်ချုပ်များက အတုယူစရာ မော်ဒယ်တခုအဖြစ် ရှုမြင်လေ့ရှိတယ်။
ဒါပေမယ့်လည်း မစ္စ မာဆူဒီ မြန်မာအရေး အာဆီယံအထူး အစည်းအဝေးတခု ကျင်းပဖို့ ဖြစ်နိုင်ခြေ လမ်းကြောင်းရှာတဲ့အခါ အဖွဲ့ဝင်တချို့နဲ့ ဆွေးနွေးခဲ့တဲ့ အသေးစိတ်အချက်တချို့ ပေါက်ကြားသွားခဲ့တယ်။ အထူးသဖြင့် စစ်အစိုးရက တနှစ်အတွင်း ကျင်းပပေးမယ့် ရွေးကောက်ပွဲသစ် ကတိတည်စေဖို့ နဲ့ အောင်ဆန်းစုကြည်အပါအဝင် NLD နိုင်ငံရေးသမားတွေကို လွှတ်ပေးပြီး ပါဝင်စေဖို့ အချက်ဖြစ်တယ်။
ဒီအချက်ဟာ စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေကို ဒေါသပေါက်ကွဲစေခဲ့တယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ဒီရလဒ်ကို အသိအမှတ်ပြုရမယ်။ ဒီရလဒ်ကို အသိအမှတ်မပြုဘဲ ရွေးကောက်ပွဲအသစ် ကျင်းပခြင်းဟာ စစ်အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ရွေးကောက်ပွဲရလဒ်ပြောင်းပြန်လှန်ပစ်တာကို ထောက်ခံအားပေးရာကျတယ်လို့ ဆိုတယ်။
ဒါကြောင့် မစ္စ မာဆူဒီရဲ့ စီစဉ်ထားတဲ့ နေပြည်တော်ခရီးဟာ ရုတ်တရက် ဖျက်သိမ်းလိုက်ရတယ်။
ရှုပ်ရှုပ်ထွေးထွေး သံတမန်ရေး ကစားပွဲ
အားနည်းချက်တွေထဲက အာဆီယံဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်သွယ်ညှိနှိုင်းဖို့ ဖွင့်ပေးထားတဲ့ တခုတည်းသော တံခါးပေါက်အဖြစ် ဆက်လက်ရှိနေခြင်းပါ။
ကမ္ဘာကြီးက ပေးချင်တဲ့သတင်းစကားတွေ စစ်ဗိုလ်ချုပ်တွေဆီရောက်အောင်နဲ့ သူတို့ဆီက ဒီအကျပ်အတည်းကို ဘယ်လိုဖြေရှင်းမယ်ဆိုတာ နားထောင်ဖို့ အကောင်းဆုံးနေရာဟာ အာဆီယံပါပဲ။
အနောက်နိုင်ငံများက ချမှတ်တဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ဒီအဆင့်မှာ စစ်ဗိုလ်ချုပ်တွေကို တုန်လှုပ်စေဦးမှာ မဟုတ်ဘူး။ ဖိနှိပ်ခြင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းက တပ်မတော်ကို ရှောင်လွဲစေဖို့ ဆိုရင် သူတို့ကို ဖယ်ရှားရေးနည်းလမ်းမှာ ပညာသားပါဖို့ လိုအပ်တယ်။
မြန်မာအိမ်နီးချင်း အာဆီယံနိုင်ငံတွေရဲ့ စေ့စပ်ရေးအစီအစဉ်တွေနဲ့ကတော့ နိုင်ငံခြားသားကြောက်ရောဂါ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ဘယ်လိုမှ ဖျောင်းဖျရနိုင်မယ်မထင်ဘူး။ ဒါပေမယ့် အနောက်အုပ်စုနဲ့အတူ စနစ်တကျ ပူးပေါင်းဖိအားပေးမယ်ဆိုရင်တော့ ရလဒ်ကောင်း ထွက်နိုင်တယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နီးကပ်တဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိပြီး ထိုင်းအစိုးရကို ကြီးစိုးထားတဲ့ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ ဒီနေရာမှာ ဖြစ်နိုင်တဲ့ လမ်းဖွင့်ပေးမှုတွေအတွက် အခွင့်အလမ်းရှိနေမှာပါ။
တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကလည်း အင်မတန်အရေးကြီးတဲ့ အနေအထားမှာ ရှိပါတယ်။
နောက်ဆုတ်ပြီး နေမလား။ စစ်တပ်က ဆန္ဒပြလှုပ်ရှားမှုတွေကို ချေမှုန်းပြီးတဲ့အထိ ထိုင်စောင့်ပြီး ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်းတွေကို ပြန်စမလား။ ဒါမှမဟုတ် ညှိနှိုင်းဆွေးနွေးရေး ထွက်ပေါက် ရှာဖွေဖို့ အတူလက်တွဲကြမလား။
တရုတ်ကတော့ ခုလို ခိုးကြောင်ခိုးဝှက် ရှုပ်ထွေးလှတဲ့ သံတမန်ကစားပွဲမှာ လက်ရှောင်နေတုန်းပါ။
(ဘီဘီစီ အရှေ့တောင်အာရှ သတင်းထောက် ဂျိုနသန်ဟက် ရဲ့ သုံးသပ်ချက် Can Asia help Myanmar find a way out of coup crisis? ကို သတင်းစာဆရာ ချစ်ဝင်းမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။)
You may also like these stories:
ဆန္ဒပြသူ ၁၅ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရ
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က စစ်အာဏာသိမ်းမှု ကျဆုံးရမည်ဟု ပြော
တရုတ်ကြောင့် မြန်မာ့အာဏာသိမ်းမှု အိန္ဒိယ သတိထား တုံ့ပြန်
မြန်မာ့အရေး အာဆီယံနှင့် ဆွေးနွေးရန် အမေရိကန် စီစဉ်နေ