မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု တလကျော် ကြာလာပြီး ဆန္ဒပြသူများသည် ခိုင်ခိုင်မာမာရပ်တည်နေကြပြီး ဆန္ဒပြသမားများကဖြစ်စေ၊ စစ်တပ်ကဖြစ်စေ နောက်ဆုတ်မည်မဟုတ်ကြောင်း သုတေသီများပြောသည်။ ထိုအချက်ကြောင့် ရှည်ကြာသော ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လာပြီး မြန်မာနိုင်ငံတွင် နောက်ထပ် မရေရာမှုများဖြစ်လာမည်ကို သုတေသီများက ကြိုတင်ခန့်မှန်းနေကြသည်။ အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများသည် အခြေအနေတင်းမာမှုကို လျှော့ချရန် ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့က တွေ့ဆုံခဲ့သည်။
မြန်မာ့အရေးလေ့လာသူများ၏ အဆိုအရ အရေးကြီးသောအချက်မှာ နိုင်ငံတကာ အသိုက်အဝန်းအတွင်း ညှိနှိုင်းရန်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့က စစ်အစိုးရကို ထပ်မံဖိအားပေးရန်ဖြစ်သည်။ စစ်တပ်ကို နောက်ထပ်အရေးယူမှုများကို လာမည့်ရက်များအတွင်း ထုတ်ဖေါ်ကြေညာမည်ဖြစ်ကြောင်း ဝါရှင်တန်က ပြောကြားထားပြီး တရုတ်နိုင်ငံကမူ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများသည် တရုတ်နိုင်ငံက မြင်တွေ့လိုသော အခြေအနေများ လုံးဝမဟုတ်ကြောင်း ပြောကြားထားသည်။
စစ်တပ်က အကြမ်းဖက်မှု မြင့်မားလာခြင်းသည် ကာလတိုအတွက်သာ ဖြစ်ပုံရကြောင်းနှင့် အဓိက စိုးရိမ်စရာမှာ မြန်မာနှင့် ဒေသအတွင်း စီးပွားရေးကို ထိခိုက်စေမည့် ရေရှည်ပြည်တွင်းစစ်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Asia Centre မှ ဒေသဆိုင်ရာ ဒါရ်ိုက်တာ ဂျိမ်းစ် ဂိုမက်က ပြောသည်။
လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ၏ အတိုင်းအတာမှာ မြန်မာနိုင်ငံတွင် ယခင်စစ်အာဏာသိမ်းမှုများ သို့မဟုတ် ဆန္ဒပြပွဲများထက် မကြုံစဘူး ပြင်းထန်ကြောင်း အိန္ဒိယနိုင်ငံ ဂျင်ဒယ် နိုင်ငံတကာရေးရာကျောင်း Jindal School of International Affairs မှ တွဲဖက်ပါမောက္ခနှင့် အရှေ့တောင်အာရှလေ့လာရေး စင်တာ၏ အမှုဆောင်ဒါရိုက်တာ နဂင်ပေါင် ကစ်ငန် ပြောသည်။
“ညှိနှိုင်းဆွေးနွေးဖို့နဲ့ ပြန်သင့်မြတ်ဖို့ အနေအထားရှိပေမယ့် ဆန္ဒပြသူတွေအပေါ် သေစေနိုင်တဲ့ လက်နက်တွေကို နောက်ထပ်အသုံးပြုဖို့နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နှိမ်နင်းမှုတွေကြောင့် ပိုမိုကြီးမားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းဖြစ်လာရင် အံ့သြစရာတော့ မဟုတ်ဘူး” ဟုလည်းသူပြောသည်။
စစ်တပ်နှင့်ရဲ၏ဖိနှိပ်မှုကို ရင်ဆိုင်စဉ် ဆန္ဒပြသူများ၏ ရဲရင့်မှုကို လာမည့်ရက်များနှင့် ရက်သတ္တပတ်များတွင် အစစ်ဆေးခံရမည်ဖြစ်ကြောင်း ကင်ဘာရာအခြေစိုက် နိုင်ငံရေး သုတေသီ ဟန်တာ မာစတွန်ပြောသည်။
ပိုမို ကျယ်ပြန့်သည့် မြို့နယ်များနှင့် ပြည်နယ်များရှိ အုပ်ချုပ်ရေးရုံးများကဲ့သို့သော ဗျူရိုကရေစီ အာဏာပိုင်ဌာနများနှင့် ဆန္ဒပြသူများ၏ တောင်းဆိုချက်များကို ပေါင်းစည်းခြင်းသည် စစ်အစိုးရကို နိုင်ငံတဝှမ်း စုစည်း ဖိအားပေးရေး လှုပ်ရှားမှုတခု လုပ်ဆောင်နိုင်ရေး ၎င်းတို့၏ စွမ်းရည်တွင် အဓိကအချက်ဖြစ်ကြောင်း သူပြောသည်။
လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုသည် မကြာမီ ရင်းမြစ်အကန့်အသတ်များနှင့် လုံခြုံရေးတပ်များ၏ ပိုမိုပြင်းထန်သော ဖြိုခွဲမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဆိုးလ်ရှိ အောဟာ ဝိုမင်း Ewha Womans University iတက္ကသိုလ်မှ နိုင်ငံတကာလေ့လာရေး တွဲဖက် ပါမောက္ခ လိဖ်အဲရစ် အက်စ်လေပြောပြီး စင်ပြိုင်အစိုးရတရပ်ထူထောင်ခြင်းသည် သွေးထွက်သံယို ပိုမိုဖြစ်စေနိုင်ကြောင်းပြောသည်။
လွန်ခဲ့သောလက တီထွင်ဆန်းသစ်ပြီး ကျယ်ပြန့်သော ဆန္ဒပြပွဲများနှင့် ခုခံမှုများသည် မကြာမီ ပျောက်ကွယ်သွားမည့် အလားအလာ မရှိကြောင်း သီးခြားလွတ်လပ်သော သုတေသီ ဒေးဗစ်စကော့မက်သီဆန်ပြောသည်။
“ရဲနဲ့စစ်တပ်အပေါ် ဒေါသက အရမ်းကို ပြင်းထန်နေပြီ၊ ဒီမျိုးဆက်က စစ်အာဏာသိမ်းခေါင်းဆောင်တွေကို ဒါမှမဟုတ် လူ့အခွင့်အရေးချိုးဖေါက်တဲ့ လုံခြုံရေးတပ်တွေကို ဘယ်တော့မှ ခွင့်လွှတ်တော့မှာ မဟုတ်ဘူး” ဟု သူပြောသည်။
သံတမန်ရေးရာနှင့် တွေ့ဆုံဆွေးနွေးခြင်း
မြန်မာစစ်တပ်နှင့် စီးပွားရေးလုပ်မည့် အခြားနိုင်ငံများရှိနေသောကြောင့် ပိတ်ဆို့အရေးယူမှုများသက်သက်သည် ထူးခြားမည်မဟုတ်ဘဲ နိုင်ငံတကာအနေဖြင့် ညှိနှိုင်းဆောင်ရွက်သော နည်းလမ်းတခုရှိသင့်ကြောင်း ဂျင်ဒယ် နိုင်ငံတကာရေးရာကျောင်းမှ ကစ်ငန်က ပြောသည်။
အနောက်တိုင်းကြားဝင်စွက်ဖက်မှုကို မြန်မာစစ်တပ်က အပြင်းအထန် ဆန့်ကျင်သည့် သမိုင်းရှိကြောင်း မှတ်ချက်ချပြီး အရှေ့တောင်အာရှနိုင်ငံများအသင်းသည် တင်းမာမှုလျှော့ချရေးနှင့် ကွဲပြားနေသော အုပ်စုများ ပြေငြိမ်းရေးအတွက် အဓိကကျသော အခန်းမှ ပါဝင်နိုင်ကြောင်း သူပြောသည်။
နိုင်ငံတကာအားထုတ်မှုများကို ကြိုဆိုသော်လည်း သော့ချက်မှာ ဒေသတွင်းအားထုတ်မှုများသာဖြစ်ကြောင်း အာရှဌာနမှ ဂိုမက်ပြောပြီး စစ်အာဏာသိမ်းမှုနှင့် ၎င်း၏ အကျိုးဆက်များနှင့် ပတ်သက်သော နယူးဒေလီ၏ တုံ့ပြန်မှုမှာ အသံတိတ်နေသောကြောင့် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးက ပိုမိုဖိအားပေးရမည်ဆိုသည်။
သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ကဲသို့သော နိုင်ငံများသည် လေဖြင့်ပြောနေခြင်းကို ကျော်ဖြတ်ကာ အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သူပြောပြီး အရှေ့တောင်အာရှနိုင်ငံများအသင်းက စကားသာ များနေသောကြောင့် စိတ်ပျက်စရာကောင်းကြောင်း ထိုထက်မက ပိုမိုလုပ်ဆောင်ရန်လိုကြောင်း သူပြောသည်။
အမေရိကန်နိုင်ငံ၏ နောက်ထပ်အရေးယူပိတ်ဆို့မှုများသည် အရေးပါသော်လည်း စင်္ကာပူ၊ တရုတ်နှင့် ဂျပန် ကဲ့သို့သော မြန်မာနိုင်ငံတွင် အဓိက ရင်းနှီးမြှုပ်နှံသူများနှင့် ညှိနှိုင်းခြင်းမရှိလျှင် ထိရောက်မှု အနည်းငယ်သာ ရှိမည်ဖြစ်ကြောင်း သုတေသီ မာစတွန်ပြောသည်။
ခက်ခဲသော အစိတ်အပိုင်းမှာ စစ်တပ်ကို ၎င်း၏ လမ်းကြောင်း မှားယွင်းကြောင်း ဝန်ခံစေရေးနှင့် တင်းမာမှုလျှော့ချရေးအတွက် လမ်းကြောင်းရှာရန်ဖြစ်ကြောင်း သူပြောသည်။
နိုင်ငံတကာတုံ့ပြန်မှုသည် တိုတောင်း ပြင်းထန်ပြီး တတ်နိုင်သမျှ ညီညွတ်ရန် လိုအပ်ကာ စင်္ကာပူ၊ထိုင်း၊ အိန္ဒိယ၊ ဂျပန်တို့ကဲ့သို့သော မြန်မာနိုင်ငံအပေါ် စီးပွားရေး သြဇာကြီးမားသော နိုင်ငံများသည် ဗိုလ်ချုပ်များအပေါ် မည်သည့်ဖိအားမျှ မတိုးမြှင့်ခြင်းအတွက် ခွင့်လွှတ်စရာ မရှိကြောင်း အောဟာ ဝိုမင်း တက္ကသိုလ်မှ အက်စ်လေကပြောသည်။
“မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံဘက်ကို ရောက်သွားမယ်ဆိုတဲ့ သဘောတရားက ချဲ့ကားထားတဲ့ သဘောတရားပါ” ဟု အက်စ်လေပြောပြီး မြန်မာနိုင်ငံ စီးပွားရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များအပေါ်တရုတ်က သြဇာကြီးမားလွန်းသောကြောင့် လွန်ခဲ့သော ဆယ်စုနှစ်က တရုတ်မှ လမ်းခွဲထွက်ခဲ့သည်မှာ ဗိုလ်ချုပ်များပင်ဖြစ်ကြောင်း သူထောက်ပြသည်။
လူထုက မထောက်ခံကြောင်းကို စစ်တပ်က အပြည့်အ၀ သိပြီး ပြင်းထန်သော ကြေညာချက်များနှင့် အရေးယူပိတ်ဆို့မှုများသည် စစ်တပ်အတွက် ယုံကြည်လောက်သော ခြိမ်းခြောက်မှု မဟုတ်သောကြောင့် နိုင်ငံတကာ အသိုက်အဝန်းသည် စစ်တပ်အပေါ် သြဇာအနည်းငယ်သာရှိသည်။
“အမေရိကန်ပြည်ထောင်စုက နောက်ကနေ ဦးဆောင်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်းက လုပ်မယ်ဆိုတာ အလုပ်ဖြစ်နိုင်တယ်။ အာဆီယံရဲ့ ပြေလည်ညှိနှိုင်း ရွှေပြည်အေးဝါဒ ယဉ်ကျေးမှုကို လျှော့တွက်လို့ မရဘူး။ ဒီလိုပြောလို့ အားထုတ်မှုတွေကို စွန့်လွှတ်ခိုင်းတာ မဟုတ်ဘူး။ မျှော်လင့်ချက် အရမ်းမထားဖို့သာ ပြောတာ” ဟု သူပြောသည်။
ကြားဖြတ်အစိုးရ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အစီအစဉ်များတွင် စစ်အစိုးရနှင့် စင်ပြိုင် ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းရေးလည်း ပါဝင်သည်။ လွှတ်တော်ကိုယ်စားလှယ်အများအပြားမှာ ဖမ်းဆီးခံထားရသောကြောင့် ထိုကဲ့သို့သော အားထုတ်မှုသည် နိုင်ငံတကာတုံ့ပြန်မှု အနည်းငယ်သာ ရမည်ဖြစ်ကြောင်း မက်သီဆန်ပြောသည်။
ကုလသမဂ္ဂသည် စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့သော်လည်း စစ်ခေါင်းဆောင်များနှင့် အလုပ်လုပ်မည့် သဘောရှိကြောင်း သူပြောသည်။
“ဖိနှိပ်တဲ့နိုင်ငံတွေနဲ့ ပြေလည်အောင်လုပ်ရတာ ကုလသမဂ္ဂရဲ့ သဘောသဘာဝပဲ။ ဒါဟာ အကျင့်ပျက်နေတဲ့ အဖွဲ့အစည်းပဲဖြစ်တယ်။ မြန်မာစစ်တပ်က အနောက်နိုင်ငံတွေနဲ့ ကုလသလဂ္ဂကို လှည့်စားတတ်တဲ့ သမိုင်းမှတ်တမ်းရှိတယ်။ သူတို့က အထူးသံတမန်တွေ၊ အထူးအစီရင်ခံစာ တင်သွင်းသူတွေ၊ စစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေ အားလုံးကို သိတယ်” ဟု သူပြောသည်။
နိုင်ငံအချို့ကသာ အသိအမှတ်ပြုမည်ဖြစ်သောကြောင့် စင်ပြိုင်အစိုးရဖွဲ့စည်းခြင်းသည် နိုင်ငံတကာ အသိုက်အဝန်းကို ပိုမိုသဘောထားကွဲစေမည်ဖြစ်ကြောင်း ကစ်ငန်က ပြောသည်။
ဗိုလ်ချုပ်များက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိလျှင်၊ အလျှော့ပေးခြင်း မရှိပါက စင်ပြိုင်အစိုးရရှိလျှင်ပင် စစ်တပ်ကသာ နိုင်ငံကို ထိန်းချုပ်ထားမည်ဖြစ်ကြောင်း အနည်းဆုံး မြို့ပြဒေသများကို ထိန်းချုပ်ထားမည်ဖြစ်ကြောင်း သူ မှတ်ချက်ချသည်။ စစ်အစိုးရက နိုင်ငံတကာအသိုက်အဝန်းနှင့် ပူပေါင်းဆောင်ရွက်ခြင်း၊ အလျှော့ပေးခြင်းတို့သည် ဖြစ်နိုင်ဖွယ်မရှိပေ။
ပိုမိုများပြားသော နိုင်ငံများက စစ်အာဏာသိမ်းမှုကို ရှုတ်ချရန်နှင့် မဲမသာမာမှုရှိသည်ဟု စစ်တပ်က စွပ်စွဲသည့် လွန်ခဲ့သော နှစ်က ရွေးကောက်ပွဲကို အသိအမှတ်ပြုရေး ဖိအားပေးရန် ကြားဖြတ်အစိုးရသည် နိုင်ငံတကာ အသိုက်အဝန်းနှင့် ထိတွေ့ ဆက်ဆံနိုင်ကြောင်း မာစတွန်ပြောသည်။
ဆန္ဒပြလှုပ်ရှားမှုအား နိုင်ငံတကာ ဇာတ်ခုံတွင် ၎င်းတို့အကြောင်း ပြောကြားပေးမည့်၊ ၎င်းတို့အသံများကို အများကြားရအောင် ကူညီပေးရုံသာမက ဖမ်းဆီးခံခေါင်းဆောင်များ လွတ်မြောက်ရေးကိုလည်း တောင်းဆိုမည့် ရွေးကောက်ခံ ခေါင်းဆောင်ပိုင်း လိုအပ်ကြောင်း သူပြောသည်။
သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြဿနာ၏ တစိတ်တပိုင်းဖြစ်ကြောင်း ထိုပါတီကို ထောက်ခံခြင်းသည် တပါတီအာဏာရှင်စနစ် ဖြစ်ပေါ်ရေးကို အားပေးခြင်းသာဖြစ်ကြောင်း ဂိုမက်ပြောသည်။
“လူထုထောက်ခံမှုရှိပြီး အပြတ်အသတ်နိုင်ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရိုဟင်ဂျာအပါအဝင် လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်တာ မတွေ့ရဘူး။ မြန်မာနိုင်ငံရေးမှာ လွှတ်တော်တွင်းမှာသာမက ပြင်ပမှာပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှမ်းမိုးမှုကိုလည်း အပြန်အလှန်ထိန်းကျောင်းဖို့ လိုတယ်” ဟု ဂိုမက်ပြောသည်။
၂၀၁၅ ခုနှစ်တွင် သူမ၏ ပါတီ အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က မောက်မာသည့် အာဏာရှင်ဆန်သော သဘောသဘာဝများကို ပြလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းကဲ့သို အဓိကျသည့် လူ့အခွင့်အရေး ကိစ္စများကိုပင် ရပ်တန့်စေခဲ့သည်ဟု ဆိုကြသည်။
ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ရက်စက်မှုများအတွက် ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်မှုက်ိုလည်း အပြင်းအထန်ဝေဖန်ကြသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကနဦးတွင် ထုတ်ဖေါ်ပြောဆိုခြင်း မရှိသော်လည်း နောက်ပိုင်း နိုင်ငံတကာ တရားရုံးတွင် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများသည် လူမျိုးစု သုတ်သင်ခြင်းဖြစ်ကြောင်း စွပ်စွဲခံရသောအခါ စစ်တပ်ကို ကာကွယ်ပေးသည်။
ကြားဖြတ်အစိုးရတွင် ရိုဟင်ဂျာနှင့် တိုင်းရင်းသား လူမှု အသိုင်းအဝန်းများမှ ကိုယ်စားလှယ်များ ပါဝင်သင့်ကြောင်း ဂိုမက် ပြောသည်။ “ကြားဖြတ်အစိုးရကို အသိအမှတ်မပြုမီ အားလုံးပါဝင်ရမယ်ဆိုတဲ့ စည်းကမ်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ချမှတ်ထားသင့်တယ်” ဟု သူပြောသည်။
(ဟောင်ကောင်ထုတ် သတင်းစာ South China Morning Post မှ As Myanmar’s protesters and military dig in, can Asean, the US or China help the situation? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
အရေးယူပိတ်ဆို့မှုနှင့် အထီးကျန်ခြင်းကို ခံနိုင်ကြောင်း စစ်ကောင်စီ ပြော
တွေ့ဆုံဆွေးနွေး အဖြေရှာရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို
အရေးတကာ့ အရေးအပါဆုံး လမ်းဆုံလမ်းခွ သို့မဟုတ် မြန်မာနိုင်ငံကို ပြန်လည်ပုံဖေါ်ခြင်း