စစ်တပ်ရဲ့ အာဏာသိမ်းမှုကို တနိုင်ငံလုံးက လူထုတွေ အုံကြွတော်လှန်ကြရင်း အကြမ်းဖက် ဖြိုခွင်းခံရတာတွေကြောင့် သွေးထွက်သံယို များလာပေမယ့် အသေအပျောက် မရှိဘဲ ရက်ပေါင်း၂၀ ကျော်တိုင် ကြံ့ကြံ့ခံ တော်လှန်နေခဲ့တဲ့ ကချင်မြေ ဟာ ဒီမနက်မှာတော့ သွေးစွန်းခဲ့ပြီ ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့မှာ နေ့စဉ် လမ်းပေါ်ထွက်ပြီး ပုံမှန် ဆန္ဒပြနေတဲ့ လူထုကို ဒီကနေ့ မနက်ပိုင်းတည်းက မထွက်နိုင်အောင် မစုစည်းနိုင်အောင် စစ်တပ်နဲ့ ရဲတပ်ဖွ့ဲက ပိတ်ဆို့တာတွေ လုပ်ခဲ့ပါတယ်။
စစ်အာဏာရှင် စနစ် ဖြုတ်ချရေး ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့ လူထုက ပိတ်ဆို့မှုတွေကြားကနေ ဖောက်ထွက်ပြီး လမ်းပေါ်ကို ရအောင် ထွက်လာခဲ့ကြတာပါ။
“စစ်အာဏာရှင် စနစ် ပျက်သုဉ်းရေး ဒို့အရေး ဒို့အရေး” ၊ “ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး ဒို့အရေး ဒို့အရေး” ဆိုပြီး ကြွေးကြော် တောင်းဆိုနေတဲ့ လူထုကို နေ့လယ် ၁၂ နာရီဝန်းကျင်မှာတော့ မျက်ရည်ယိုဗုံးတွေ အသံဗုံးတွေနဲ့ စတင် ပစ်ခတ်ပါတော့တယ်။
ဆန္ဒပြလူထု လက်ထဲမှာတော့ အနာဂတ်အတွက် စစ်အာဏာရှင်ကို အသက်ပေးပြီး ဆန့်ကျင်ပြမယ့် စိတ်ဓာတ်ခွန်အားက လွဲရင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ပြန်ခုခံဖို့ ဘာလက်နက်မှ မရှိကြပါဘူး။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လူထုနဲ့ မျက်နှာချင်းဆိုင် နေရာယူပြီးတော့ ပစ်ခတ်ဖြိုခွင်းတဲ့အပြင် ဘေးပတ်ဝန်းကျင်က အထပ်မြင့် တိုက်တွေပေါ်မှာလည်း စနိုက်ပါ သမားအချို့က နေရာယူထားကြပါတယ်။
၁၂ နာရီခွဲခန့်မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်မှုကြောင့် လူထုဘက်က စုစုပေါင်း ၇ ဦး ကျည်ထိမှန် ဒဏ်ရာရပြီး အဲဒီအထဲက အမျိုးသား၂ ခေါင်းမှာ ကျည်ဆန်ထိမှန်ပြီး ဦးခေါင်းပွင့်ထွက်ကာ နေရာမှာတင် ဆုံးပါးသွားကြ တာပါ။
အမျိုးသမီး တဦးဆိုရင်လည်း ကျည်ထိဒဏ်ရာကြောင့် ညာဘက်တံတောင်ဆစ်အောက်က လက်တခုလုံး ပဲ့ထွက်သွားတဲ့ အပြင် အခြားအမျိုးသား ၄ ဦးမှာလည်း ဝမ်းဗိုက်၊ ကျောကုန်းတို့မှာ ကျည်ထိမှန်သွားပါတယ်။
ပစ်ခတ်ခံရတဲ့ လမ်းမတလျှောက် သွေးကွက်ကြီးတွေ သွေးစတွေ စွန်းထင်းနေခဲ့သလို ဆန္ဒပြလူအုပ်ကလည်း ကျည်ထိ လူနာတွေကို ဝိုင်းဝန်း သယ်ယူကြရင်း ဒေါသသံတွေ ငိုသံတွေ နာနာကျည်းကျည်း ပြောဆိုသံတွေနဲ့ ပွက်လောရိုက်သွား ပါတော့တယ်။
အဲဒီလို သွေးစွန်းတဲ့ အဖြစ်အပျက်တွေ အားလုံးက မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်က သာသနာမြေဖြစ်တဲ့ ကက်သလစ် ဘုရားကျောင်းဝင်း ရှေ့လမ်းမပေါ်မှာ ဖြစ်ပျက်သွားခဲ့တာပါ။
မပစ်ခတ်ခင် နာရီပိုင်းအလိုမှာ ကက်သလစ်အသင်းတော်က ဘုန်းတော်ကြီးတွေ သီလရှင်တွေက လူထုရှေ့က ထွက်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို မေတ္တာရပ်ခံတာ လူထုကို မဖြိုခွင်းဖို့ ဒူးထောက် တောင်းပန်တွေ လုပ်ခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
ဆန္ဒပြပွဲအတွင်းမှာ ရှိနေခဲ့တဲ့ ကိုကျော်ကျော်အောင်က “ကျနော်တို့မှာ ဘာလက်နက်မှ မပါဘူး။ ဒါပေမယ့် ကျနော်တို့ မကြောက်လို့ သူတို့ပစ်လည်း ထွက်မပြေးဘဲ ဆက် ဆန္ဒပြတယ်။ ဒါကို လူအုပ်ထဲ သေအောင် တမင်ပစ်တာ။ ဆုံးသွားတဲ့ နှစ်ဦးဆိုရင် ခေါင်းတွေကို တည်ပစ်ခံရတာ၊ ဒါ စနိုက်ပါ သမားလက်ချက်လို့ပဲ ကျနော်တို့ ထင်တယ်။ ဒီမနက် ဖြစ်သွားတာ အားလုံး ကျနော်တို့က မမေ့ဘူး။ သူတို့ကို ဆက်ဆန့်ကျင်မှာ” လို့ ပြောပါတယ်။
ဆန္ဒပြလူထုတွေက ကျည်ထိ ဒဏ်ရာရသူတွေရဲ့ အသက်ကို ကယ်ဖို့ ဆေးရုံကို အရေးပေါ်ပို့ဆောင် အသက်လုနေကြတဲ့ အချိန်မှာပဲ၊ ပစ်ခတ်မှုတွေ ဖြစ်ခဲ့လို့ လူသူရှင်းသွားတဲ့ လမ်းမမှာတော့ ရဲတပ်ဖွဲ့က ရေပိုက်တွေနဲ့ ထိုးချပြီး သူတို့ ပစ်ခတ်လို့ သွေးမြေကျခဲ့တဲ့ သွေးကွက်တွေကို ဖျောက်ဖျက်နေပါတော့တယ်။
မြစ်ကြီးနားမြို့ လူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပထမဆုံး အသက်ပေးသွားရသူ နှစ်ဦးကတော့ ဦးကိုကိုလေး (ခ) ဦးချိုတားနဲ့ ကိုဇင်မင်းထက်တို့ ဖြစ်ပါတယ်။
ဦးချိုတားက အသက် ၆၀ ကျော် အစ္စလာမ်ဘာသာဝင် အမျိုးသားတဦးဖြစ်ပြီး ကိုဇင်မင်းထက် ကတော့ အသက် ၂၃ အရွယ် လူငယ်တဦးပါ။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဆုံးပါးသွားသူ နှစ်ဦးလုံးကိုတော့ ဒီကနေ့ နေ့လယ်ပိုင်းမှာပဲ မိသားစု ဝင်တွေနဲ့ ဒေသခံတွေ စုပေါင်းပြီး သဂြိုဟ်လိုက်ကြပြီ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၅ ရက်မြောက်နေ့တွင် ရန်ကုန်လူထုက စတင် ချီတက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး နောက်တရက်မှာ ကချင်ပြည်နယ် မြစ်ကြီးနားဒေသခံများကလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၈ ရက်မှာတော့ ကဏ္ဍပေါင်းစုံမှာ အလုပ်လုပ်နေကြတဲ့ ဒေသခံလူမျိုးပေါင်းစုံက လမ်းပေါ် ထွက်ဆန္ဒပြခဲ့ကြပါ တယ်။
ဒီလိုနဲ့ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့မှာ မြစ်ကြီးနားမြို့ ဘူးဂါး ရေအားလျှပ်စစ်စက်ရုံဝင်းအတွင်း တပ်စွဲဖို့ ကြိုးစားတဲ့ စစ်တပ်ကို လူထုက ကန့်ကွက်မှုများ ပြုလုပ်ရာမှာ ရေကားများဖြင့် ပက်၍ လည်းကောင်၊ အသံဗုံး၊ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများ၊ ရာဘာ ကျည်များဖြင့်လည်း ပစ်ခတ် ဖြိုခွင်းခဲ့တဲ့အတွက် သတင်းသမားများလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
နောက်ပိုင်းဆန္ဒပြပွဲများကို မျက်ရည်ယိုဗုံးတွေ လေးခွတွေနဲ့ ပစ်ခတ်ဖြိုခွင်းတာ ရိုက်နှက် ဖမ်းဆီးတာတွေ ခြိမ်းခြောက် မှုတွေ ရှိပေနေမယ့် မြစ်ကြီးနားလူထုကတော့ လုံးဝ လက်မလျှော့ဘဲ ဆက်တိုက် ဆန္ဒပြနေတာ ဖြစ်ပါတယ်။
ဒီအတွက် တဖက်မှာလည်း လူထုကို သွေးထွက်သံယို မဖြစ်ဖို့ ရပ်မိရပ်ဖ အဖွဲ့အစည်းဖြစ်တဲ့ ငြိမ်းချမ်းရေး အကျိုးတော် ဆောင် အဖွဲ့ (PCG) က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ညှိနှိုင်းပြီး ရိုက်နှက်ဖမ်းဆီးခံရတဲ့ လူထုကို လွတ်မြောက်အောင် ကြိုးစားပေးနေတာတွေ ရှိပါတယ်။
ရက်ပေါင်း၂၀ အတွင်း မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တွေမှာ ဖမ်းဆီးခံရသူ ဦးရေ ၁၀၀ ခန့်ရှိခဲ့ပြီး PCG က ရဲစခန်းတွေမှာ လိုက်လံ ညှိနှိုင်း ထုတ်ပေးလို့ ၉၀ ကျော် ပြန်လွတ်မြောက်ထားပြီး ဖြစ်ပါတယ်။
ဒီကနေ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့တော့ PCG မှ ဦးလမိုင်ဂွမ်ဂျာက “ကျနော်တို့လည်း ကြားမှာ ညှိနှိုင်းပေးတယ်။ နှစ် ဖက်လုံးက တင်းမာမှု ဖြစ်လာတော့ ထိန်းလို့ မနိုင်တော့ဘူး ဖြစ်သွားတာပေါ့။ သူတို့က လမ်းမှာ ဆန္ဒထုတ်ဖော်တာကို လုံးဝ မလုပ်ဖို့ တားဆီးမယ်၊ ဖြိုခွဲမယ် ဆိုတဲ့ သဘောတော့ ရှိပါတယ်” လို့ ပြောပါတယ်။
လူထုက ဒီမိုကရေစီစံနှုန်းအရ မကြိုက်နှစ်သက်တဲ့ စစ်အာဏာရှင်ကို ဆန္ဒဖော်ထုတ်တာကို ခွင့်မပြုဘဲ လမ်းတွေမှာ လိုက်လံ ပိတ်ပင်တာ တားဆီးတာတွေကြောင့် နှစ်ဖက်တင်းမာမှုတွေ ဖြစ်ရတာလို့လည်း ဦးလမိုင်ဂွမ်ဂျာက ဆိုပါတယ်။
နောက်ရက်တွေမှာလည်း လူထုက လမ်းပေါ်ကိုထွက်၊ စုဝေး ဆန္ဒပြရင် ထပ်ပစ်ခတ်မယ့် အခြေအနေတွေ မြင်နေရတယ် လို့လည်း ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ အခြေစိုက်လှုပ်ရှားတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) က လွန်ခဲ့တဲ့ ရက်ပေါင်း၂၀ ကျော်ကလည်း လူထုက ဆူလာရင် ကျည်အစစ်နဲ့ ပစ်ခတ်မယ်လို့ PCG ကို ခြိမ်းခြောက်စကား ပြောပါသေးတယ်။
PCG ဟာ ရပ်မိရပ်ဖ အဖွဲ့အစည်းတခု ဖြစ်သလို တပ်မတော်နဲ့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ကြား ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ၁၀ နှစ်တာ ကာလမှာလည်း ကြားကနေ ဝင်ရောက် ညှိနှိုင်းပေးတာတွေ လုပ်ခဲ့တဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး
KIA က မပခ ကို ပြောဆိုလိုတာ ရှိရင်လည်း PCG က တဆင့် စကားပါးလေ့လည်း ရှိပါတယ်။
ဖေဖော်ဝါရီအတွင်းကလည်း စစ်တပ်အနေနဲ့ ဆန္ဒပြလူထုကို သွေးထွက်သံယိုဖြစ်အောင် မလုပ်ဖို့ KIA က ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)မှ တဆင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြောဆိုခဲ့ပါတယ်။
ဒီပြောဆိုချက်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်က လူထုနောက်မှာ KIA ပါလာရင် KIA ကိုလည်း တိုက်ခိုက်မယ်လို့ ပြောတဲ့အပြင် လူထုကိုလည်း ဒီ ထက် ဆူလာရင် ကျည်အစစ်နဲ့ ပစ်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်း မြစ်ကြီးနားက အဖြစ်အပျက်နဲ့ ပတ်သက်လို့တော့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “တပ်မတော်က ဆက်ပြီး ဒါမျိုးတွေ မလုပ်တာ အကောင်းဆုံး ဖြစ်မယ်လို့ ပြောလိုပါတယ်။ တကယ်လို့များ ဆက်ဖြစ်နေပြီး စစ်ရေးကလည်း ပိုကြီးလာရင် ပြည်သူလူထုအတွက်လည်း၊ တနိုင်ငံလုံးအတွက်လည်း ဘာမှ အကျိုးမရှိ ပါဘူးလို့ ပြောလိုပါတယ်။ ဖြစ်လာတဲ့ ပြဿနာတွေ အဖြစ်အပျက်တွေ အားလုံးက တပ်မတော်မှာပဲ တာဝန်ရှိလာမှာ ဖြစ်ပါ တယ်” လို့ ပြောပါတယ်။
KIA နဲ့ တပ်မတော်ကြားမှာလည်း စစ်ရေးအခြေအနေက တည်ငြိမ်လွန်းနေတာတော့ မဟုတ်ပါဘူး။
တပ်မတော် အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ KIA ကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေပါ တယ်။
ကချင်ပြည်နယ်တွင်းမှာ စစ်တပ်က လူထုအပေါ် အကြမ်းဖက်မှုတွေ ဆက်တိုက် ပြုလုပ်လာရင်တော့ KIA နဲ့ တပ်မတော် ကြား ငြိမ်းချမ်းရေး ဆွေးနွေးနေမှု ယုံကြည်မှုက ပျက်စီးသွားနိုင်တယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
KIA အနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုတာ မရှိသလို လူထုဘက်ကပဲ ရပ်တည်မှာ ဖြစ် တာကြောင့် လူထုကို အကြမ်းဖက်တာတွေ မလုပ်ဖို့ တပ်မတော်ကို ပြောလိုတယ်လို့လည်း သူက ဆိုပါတယ်။
ဆက်လက်ပြီး ဗိုလ်မှူးကြီး နော်ဘူက “ပြည်သူလူထုကို ဆိုးဆိုးဝါးဝါး လုပ်လာရင်တော့ ကျနော်တို့ ကြည့်ပြီး နေနိုင်မှာ မဟုတ်ဘူး” လို့လည်း ပြောပါတယ်။
ဒီအတောအတွင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ ဆာဆာနဲ့ လည်း KIA ကြားမှာလည်း အလွတ်သဘောတွေ့ဆုံ ဆွေးနွေးတာတွေ ရှိပါတယ်။
ဗိုလ်မှူးကြီးနော်ဘူက “ တရားဝင်တွေ့ဆုံ ဆွေးနွေးတာတော့မရှိပါဘူး။ သက်ဆိုင်ရာ အလွတ်သဘော တွေ့ဆုံတာတော့ ရှိနိုင်ပါတယ်။ ကျနော်တော့ မပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ အဆက်အသွယ် ရှိလာနိုင်တယ်လို့ ကျနော်ပြောလိုပါတယ်။ အစည်းအဝေးလုပ်တာ ထုတ်ပြန် ကြေငြာချက် လုပ်တာတွေ တရားဝင် တွေ့ဆုံတာတို့ကတော့ မရှိပါဘူး” လို့ ဆိုပါတယ်။
ဒေါက်တာဆာဆာနဲ့ ကချင်လူထု၊ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေကြားမှာလည်း အီးမေးလ်နဲ့ ဆွေးနွေးပြီး အနာဂတ်မှာ ကချင်ပြည်နယ်နဲ့ ပတ်သက်ရင် ကျင့်သုံးသွားရမယ့် အခြေခံမူတွေကို နှစ်ဖက် သဘောတူထားကြပါတယ်။
အဲ့ဒါတွေကတော့ စစ်အာဏာရှင်ကို ဖြုတ်ချရေး အောင်မြင်ပြီးသည်နှင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး၊ စစ်အာဏာရှင်နှင့် ပူးပေါင်းခဲ့သူများကို နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ်ရေး၊ ပင်လုံကတိကဝတ် အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ သစ်တခု ရေးဆွဲပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့် ကိုက်ညီတဲ့ ရွေးကောက်ပွဲ စနစ်ကို အကောင်အထည်ဖော်ဖို့ စတဲ့ အချက် ၃၇ ချက် ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကချင်ပြည်နယ်ထဲက မြို့နယ်များဖြစ်တဲ့ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် စတဲ့ မြို့နယ်အများစုမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး၊ ကချင်လူထု အနေနဲ့တော့ ဘယ်လို အခြေအနေမျိုးပါပဲ ဖြစ်ပါစေ စစ်အာဏာရှင်ကို ဆက်လက်တိုက်ပွဲ ဝင်နေမှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
You may also like these stories:
ဖျာပုံမြို့ထိုင်သပိတ် စစ်တပ်နှင့်ရဲ ပစ်ခတ်ဖြိုခွဲရာ ၁ ဦး သေ၊ ၄ ဦး ဒဏ်ရာရ
မြန်မာနဲ့ စစ်ရေးပူးဆောင်ရွက်မှု သြစတြေးလျ ရပ်ဆိုင်း
မြန်မာစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှု မည်သို့ ကျဆုံးသွားနိုင်သနည်း
ဒေါက်တာ ဆာဆာနဲ့ KNU ဘာတွေဆွေးနွေးခဲ့ကြလဲ