တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မတ်လ ၉ ရက်နေ့ နံနက်ပိုင်း၌ စစ်တပ်နှင့်ရဲက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခဲ့ပြီးနောက် ယင်းနေ့ နေ့လယ်ပိုင်းတွင် လူငယ်တချို့ကို ပြန်လွှတ်ပေးခဲ့သော် လည်း အပြင်းအထန် ရိုက်နှက်ခံရမှုများ ရှိခဲ့ကြောင်း သိရသည်။
မြိတ်မြို့၊ ၁၁ ရပ်ကွက်၊ ပြည်လမ်းတွင် နံနက် ၉ နာရီခန့်၌ သပိတ်စစ်ကြောင်း ချီတက်ရန် လူစုနေစဉ် ဖြိုခွဲခံရကြောင်း၊ နီးစပ်ရာ အိမ်များထဲသို့ ဝင်ပုန်းသူများကို အိမ်တံခါး ချိုးဖျက်ကာ ဝင်ရောက်ဖမ်းဆီးခြင်း၊ ရာဘာကျည်များဖြင့်ပစ်ခြင်းတို့ ပြုလုပ် ခဲ့ကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူတဦးက ပြောသည်။
နံနက် ၉ နာရီခွဲခန့်တွင် ဖမ်းဆီးရမိသူများကို မြိတ်မြို့လေတပ်စခန်းသို့ ခေါ်သွားပြီးနောက် မိဘများနှင့် တက္ကသိုလ် ပါချုပ်က လာထုတ်သဖြင့် တချို့မှာ ယင်းနေ့ နေ့လယ် ၁ နာရီခန့်တွင် ခံဝန်ဖြင့် ပြန်လွတ်လာကြောင်း သိရသည်။
အဆိုပါ ပြန်လွတ်လာသူများထဲမှ တဦးဖြစ်သည့် အသက် ၃၀ အရွယ် အမျိုးသားတဦးက လေတပ်စခန်းသို့ ရောက် ပြီးနောက် ဖမ်းဆီးထားသည့် ယောကျ်ားလေး ၄၅ ဦးကို အင်္ကျီများချွတ်၊ လက်နောက်ပစ်ခိုင်းပြီး တယောက်ချင်း ခေါ်ထုတ် ကာ ဓာတ်ပုံရိုက်ခြင်း၊ အင်္ကျီချွတ်ဖြင့် အားလုံးကို ဒူးထောက် တန်းစီထိုင်ခိုင်းပြီးနောက် စစ်သားများက ခါးပတ်ခေါင်း၊ ပိုက် လုံးအပျော့၊ သစ်သားချောင်းများဖြင့် အဆက်မပြတ် ရိုက်နှက်ခြင်းများ ပြုလုပ်ကြောင်း (တချို့ ချိန်းကြိုးဖြင့် ရိုက်နှက်ခံရသူ များရှိ) ပြောပြသည်။
၎င်းက “တအားရိုက်တာ။ မနားတမ်းကို ရိုက်တာ။ ၄၅ ယောက်လုံးကို ရိုက်တယ်။ အသက်မပြည့်သေးတဲ့ ၉ တန်းကလေးတွေ လည်း ရှိတယ်။ အကုန်ထိတာ တယောက်မှ မလွတ်ဘူး။ ခေါင်းလည်း လုံးဝ မော့လို့မရဘူး။ ဒူးထောက်ပြီးတော့ ခေါင်းပေါ် လက်တင်ပြီး နေရတာ” ဟု ပြောသည်။
၎င်းတို့အား စစ်သား ၁၀ ဦးခန့်က အလှည့်ကျ ဝိုင်းရိုက်ခြင်းဖြစ်ပြီး ရိုက်နှက်နေစဉ် အချိန်၌လည်း ထိုသူတို့၏ပါးစပ်မှ “မင်း တို့တွေကြောင့် ငါတို့ မနားရဘူး။ ငါတို့မှာ သားတွေမယားတွေနဲ့ ကွဲကွာပြီးတော့ ဒီမှာ လာလုပ်နေရတယ်။ မင်းတို့ အေးဆေးမနေလို့” ဟူ၍ ပြောဆိုရိုက်နှက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် “မင်းတို့အားကိုးနေတဲ့ US, UN တို့ အဲဒီနိုင်ငံတွေမှာ မင်းတို့စောက်ခွက်တွေက သူတောင်းစား အဆင့်တောင် မရှိဘူး။ သူတို့ ဝင်လာဖို့ မင်းတို့ မမျှော်လင့်နဲ့” ဟူ၍လည်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးထိုးထားသူများကို ပိုရိုက်ကြောင်း၊ ရိုက်နှက်နေစဉ် လက်သုံးချောင်း ထောင် ခိုင်းခြင်း၊ ကြွေးကြော်သံများ အော်ခိုင်းခြင်း၊ စစ်ကြောင်းတွင် ဆိုသည့် သီချင်းများအား သီဆိုခိုင်းခြင်းတို့လည်း ပြုလုပ် ခိုင်းခဲ့ကြောင်း သိရသည်။
၎င်းက “သူတို့ကို စစ်ခွေးခေါ်ရကောင်းလား။ စစ်ခွေးဆိုတာ ကိုက်တတ်တယ်။ အခု မင်းတို့ကို ကိုက်နေတာ စစ်ခွေးတွေ ဆိုပြီး အဲဒီလို ရိုက်တာ။ သူတို့ အထက်အရာရှိက လာအော်နေတာတော့ ကြားတယ်။ ခေါင်းကို လုံးဝ မရိုက်နဲ့။ ခေါင်းကို လုံးဝ မထိစေနဲ့တဲ့” ဟု ပြန်လည် ပြောပြသည်။
နံနက် ၉ နာရီခွဲလောက်မှစကာ နေ့လယ် ၁ နာရီလောက်ထိ မနားတမ်း ရိုက်နှက်နေခြင်း ဖြစ်ကာ အဆိုပါ ၃ နာရီကျော် အချိန်သည် ၎င်းတို့အတွက် ငရဲဖြစ်ကြောင်း၊ “အိမ်က လာမထုတ်လို့ နောက်ထပ် ၁ နာရီလောက်ဆိုရင် သေသွားနိုင်လို့ ကိုယ့်ဘာသာ သရဏဂုံတောင် တင်ထားလိုက်ပြီ” ဟု ၎င်းက ဆိုသည်။
ကျောတပြင်လုံး ရရှိထားသည့် ဒဏ်ရာများက အထိပင် မခံနိုင်ကြောင်း၊ ရင်အုံနှင့် လည်ပင်းတွင်လည်း ထိထားကြောင်း၊ ခါးပတ်ခေါင်းဖြင့် ရိုက်ထားသဖြင့် ဒဏ်ရာတချို့မှာ အသားများကွဲနေသည့်အတွက် မေးခိုင်ကာကွယ်ဆေး ထိုးထား ရကြောင်း ၎င်းက ပြောပြသည်။
၎င်းတို့အား ပြန်လွှတ်ပေးသည့်အခါ “ဒီတခါ လုပ်တယ်။ နောက်တခါလုပ်လို့ ထပ်မိရင် အလောင်းပြန်ရမယ်” ဟုလည်း ခြိမ်းခြောက် ပြောဆိုလိုက်ကြောင်း သိရသည်။
သို့သော်လည်း ၎င်းအနေဖြင့် လောလောဆယ် ဒဏ်ရာ သက်သာစေရန်သာ နားမည်ဖြစ်သော်လည်း တတ်နိုင်သမျှ အွန် လိုင်းပေါ်မှတဆင့် ဝိုင်းကူပေးမည်ဖြစ်ကြောင်း၊ ဒဏ်ရာသက်သာသွားပါက ဆက်လုပ်မည် ဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက “ဒီလိုပဲ အားတင်းပြီးတော့ ဒီမိုကရေစီ ပြန်ရအောင် ယူမှရမယ်။ သူတို့လက်ထဲ ပါသွားလို့ မရဘူး။ ပါသွားရင်တော့ လုံးဝ မတွေးဝံ့စရာပါ။ တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားပြီး လုပ်ရမယ်” ဟုလည်း အခိုင်အမာ ဆိုသည်။
ဆက်လက်၍ ၎င်းက “အခုနောက်ထပ် ထွက်နေတဲ့ စစ်ကြောင်းတွေ ကျောင်းသားတွေအားလုံး လုံးဝ အမိမခံဖို့၊ သူတို့နဲ့ လုံးဝ မျက်နှာချင်းဆိုင် မနေဖို့။ လုံးဝ အမိခံလို့ မဖြစ်ဘူး။ သူတို့က လူစိတ်ပျောက်နေတာ။ ရိုက်တာမှ အသေရိုက်တာ” ဟုလည်း သတိပေး ပြောဆိုသည်။
စစ်သားနှင့် ရဲများက အကြမ်းဖက် ဖြိုခွင်းပြီး လိုက်လံဖမ်းဆီးစဉ် အိမ်တအိမ်ထဲသို့ ပြေးဝင်ပုန်းခဲ့ပြီး ရာဘာကျည်ဖြင့် အနီးကပ်ပစ်ခံရသူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦးကလည်း ၎င်းကြုံတွေ့ခဲ့ရသည်များကို ပြန်လည် ပြောပြသည်။
၎င်း၏ ပြောဆိုချက်အရ ပုန်းနေသည့် နေအိမ်ကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သော စစ်သားနှင့် မျက်နှာချင်းဆိုင် တွေ့ ၍ ခေါင်းငုံ့လိုက်သည့်အချိန် ရော်ဘာကျည်ဖြင့် ၂ ချက် ပစ်လိုက်ရာ ၎င်း၏ ဂုတ်တွင် လက်သုံးဆစ်ခန့် နက်သည့် အပေါက် များ ပေါက်သွားကြောင်း၊ မိန်းကလေးတဦး၏ မျက်နှာကို ခြေဖြင့်ပိတ်ကန်သလို ယောကျ်ားလေးများကိုလည်း ရိုက် နှက်ကြောင်း၊ မိန်းကလေးတဦးကိုဆိုလျှင် သေနတ်ဒင်ဖြင့် ထုလိုက်သဖြင့် ခေါင်းကွဲပြီး ချုပ်လိုက်ရကြောင်း သိရသည်။
၎င်းကို ဒဏ်ရာများသဖြင့် စစ်ဆေးရုံပို့ကာ ၂ နာရီခန့် သွေးတိတ်အောင် ပြုလုပ်ပြီးနောက် ဒဏ်ရာကို ချုပ်လိုက်ကြောင်း၊ ထို့နောက် လေတပ်ထဲသို့ ပြန်ခေါ်လာပြီး အခန်းတခုထဲတွင် ထိုင်ခိုင်းခဲ့ကြောင်း၊ ထိုသို့ ရှိနေစဉ် အဖမ်းခံရ သည့် ယောကျ်ားလေးများအား အခန်းပိတ်ပြီး ရိုက်နှက်နေသံကို ကြားနေရကြောင်း ၎င်းက ပြောပြသည်။
“အင်္ကျီချွတ်ပြီး ပုံစံခွက်နဲ့ ထိုင်ခိုင်းပြီး အသားကုန်ရိုက်တာ။ ကန်လည်းကန်၊ သေနတ်တွေနဲ့လည်း ရိုက်။ ထတောင် မထနိုင် ကြဘူး။ အကုန်ထွက်လာတဲ့ သူငယ်ချင်းတွေလည်း တယောက်မှ အဆင်မပြေဘူး။ ထောင်ကျတဲ့ တယောက်က မျက် လုံးတောင် ဖွင့်လို့မရဘူးတဲ့” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “မိန်းကလေးတွေကိုတော့ မရိုက်ဘူး။ ပက်ပက်စက်စက် ဆဲတယ်။ ခြိမ်းခြောက်တယ်။ နင်တို့ ကို ရောင်းစားလိုက်လို့ ရတယ်တို့၊ တခုခု လုပ်ပစ်လိုက်လို့ ရတယ်တို့” ဟု ပြန်လည် ပြောပြသည်။
သူက “သူတို့က အဓိက ပြည်သူတွေ မထွက်ရဲအောင် ဘာမှမလုပ်ရဲအောင် အချုပ်ထဲခေါ်ပြီး ပြန်မလွှတ်ပေးတော့ ဘူး။ အဖမ်းမခံစေချင်ဘူး။ အဖမ်းခံရရင် အရိုက်ခံရတယ်။ လုပ်ချင်တိုင်းလုပ်လို့ရတယ်။ ရိုက်ပီးရင် သူတို့က သာယာနေကြ တာ မျက်နှာထားက။ ဆန္ဒပြပြီး သူတို့လာပြီဆို ပြေးတော့ပဲ။ လုံးဝ အဖမ်းမခံနဲ့ အမိမခံနဲ့” ဟုလည်း သတိပေးသည်။
ယင်းနေ့တွင် ဖမ်းဆီးခံရသူပေါင်း ၇၀ ခန့် ရှိပြီး ပြန်လွတ်လာသူများ ရှိသော်လည်း အသက် ၂၀ ကျော်ဝန်းကျင် အရွယ် ယောကျ်ားလေး ၂၀ ဦးနှင့် မိန်းကလေး ၆ ဦးကို ချက်ချင်း ထောင်ဒဏ် ၁ လ အမိန့်ချလိုက်ပြီး တခါတည်း အချုပ် ကားဖြင့် ထောင်ထဲပို့လိုက်ကြောင်း၊ ၎င်းတို့အား မည်သည့်ပုဒ်မဖြင့် ပြစ်ဒဏ် ချမှတ်လိုက်သည်ကိုမူ မသိရကြောင်း ဒေသခံတချို့က ပြောသည်။
You may also like these stories:
မြစ်ကြီးနားတွင် ဒိုင်းကာလုပ်ပေးသည်ဟု ဆိုကာ ၈ ဦး ဖမ်းထား
မီဒီယာများအား ဖမ်းဆီးခြင်းအပေါ် အနုပညာရှင်အချို့ ကန့်ကွက် ရှုတ်ချ
ဖမ်းခံရသည့် ပဲခူး NLD ပါတီဝင် ကိုဂျမားနှင့် မိသားစုဝင်များ အဆက်အသွယ်မရ